← Chapters

ယွမ်ဖုန်းမြို့။

Vol. 15 Ch. 202

ယွမ်ဖုန်းမြို့။

Vol. 15 Ch. 202

ဝမ်ဖုန်းတို့သည် တောင်ကြားကို ဖြတ်သန်းသွားစဉ်တွင် ကုချိုးတို့အား ချဉ်းကပ်၍ ထျန်းလန်ဒေသအကြောင်းကို လေ့လာစူးစမ်းခဲ့ကြသည်။

ကုချိုးနှင့် ကုကန်းချိုးတို့သည့် အနည်းငယ်စိတ်မမှန်ကြသော်ငြား ထျန်းလန်ဒေသအလယ်ပိုင်းမှ ထျန်းလန်ဒေသနယ်စပ်အထိ လှည့်လှည်သွားလာခဲ့ကြသူများ ဖြစ်လေရာ ဝမ်ဖုန်းနှင့်အခြားသူများနှင့် နှိုင်းစာလျှင် အတွေ့အကြုံ ပိုမိုများပြား၏။ အသေးစိတ်ကို မသိလျှင်သော်မှ ယေဘုယျအခြေအနေကိုမူ နားလည်ပေလိမ့်မည်။

ထျန်းလန်ဒေသကို မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းဟူ၍ ခွဲခြားထားသည်။ ၎င်းတို့တွင် ထျန်းလန်ဒေသ၏ သုံးပုံနှစ်ပုံကို နေရာယူထားသည့် အလယ်ပိုင်းဒေသသည် အကျယ်ပြန့်ဆုံးဖြစ်၏။ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသနှစ်ခုပေါင်းလျှင်မူ ထျန်းလန်ဒေသတစ်ခုလုံး၏ သုံးပုံတစ်ပုံသာ ရှိ၏။

သို့သော်ငြား မြောက်ပိုင်းနှင့် တောင်ပိုင်း‌ဒေသနှစ်ခုလုံးသည် ရှေးဟောင်းကမ္ဘာထက် အဆပေါင်းရာချီ ကြီးမားကျယ်ပြန့်ပြီး မရေမတွက်နိုင်အောင်သော စွမ်းအားမြင့်ပုဂ္ဂိုလ်များစွာလည်း ရှိသည်။

ထျန်းလန်ဒေသ၏မြောက်ပိုင်း၌ ဂိုဏ်းကြီးခုနစ်ဂိုဏ်းတည်ရှိပြီး အခြားသော မရေမတွက်နိုင်သည့် ဂိုဏ်းငယ်လေးများနှင့် အလယ်အလတ်သော အင်အားစုများလည်း ရှိသည်။

၎င်းတို့တွင် ကျီးရွှယ့်ချန်သည် ထျန်းလန်မြောက်ပိုင်းဒေသတွင် နံပါတ်တစ်ဖြစ်ပြီး ယဲ့ရှန်းစံအိမ်မှ နံပါတ်နှစ်၊ တောက်ပနေမင်းဂိုဏ်းမှ နံပါတ်သုံး၊ ချင်းယွင်ဓားဂိုဏ်းမှ နံပါတ်လေး၊ တန်းမိုရှန့်ကျုံဂိုဏ်းမှ နံပါတ်ငါး၊ တစ္ဆေဝိဉာဉ်နတ်ဆိုးဂိုဏ်းမှ နံပါတ်ခြောက်နှင့် ယွမ်မင်ဓားဂိုဏ်းတို့မှ နံပါတ်ခုနစ်အဖြစ် ဂိုဏ်းကြီးခုနစ်ဂိုဏ်းဟူ၍ ရပ်တည်နေကြသည်။

ထိုစကားကိုကြားခဲ့သည်နှင့် ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ ဂုဏ်သရေတင့်တယ်သည့်အသွင်သို့ ပြောင်းလဲသွားလေသည်။ ကောင်းပေစွ။ ထျန်းလန်မြောက်ပိုင်းဒေသတွင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းသာရှိ၏။ ဝမ်ဖုန်းမှာ ထိုဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ တစ်ဝက်ကျော်ခန့်ကို ပစ်မှားခဲ့ပြီးလေပြီ။

ကံကောင်းထောက်မစွာဖြင့် တုကူချိုးပိုင်နှင့် ကျန်းစန်ဖုန်းတို့ကို ဆင့်ခေါ်ခဲ့၍ တော်သေးပေသည်။ သို့မဟုတ်ပါက ဝမ်ဖုန်းမှာ ထျန်းလန်ဒေသတွင် လက်မအနည်းငယ်သော်မျှ မလှုပ်ရှားနိုင်ဘဲ ရှိပေရော့မည်။

ဂိုဏ်းအဆင့်သတ်မှတ်ချက်သည် ထျန်းလန်ဒေသတစ်ခုလုံးရှိ အင်အားအကြီးမားဆုံးသောဂိုဏ်းများကို မှတ်တမ်းတင်သည့် စာရင်းဖြစ်သည်။ စာရင်းဝင်နိုင်သည့် အင်အားစုများမှာ ရှည်လျားသည့်သမိုင်းကြောင်းနှင့် ဆန်းကြယ်သောမျိုးရိုးအမွေဆက်ခံမှုတို့ဖြင့် အင်အားကြီးမားသည့်အင်အားစုများ ဖြစ်ကြသည်။

ထျန်းလန်မြောက်ပိုင်းဒေသ၏ ဂိုဏ်းအဆင့်သတ်မှတ်ချက်စာရင်းမှာမူ ထျန်းလန်ဒေသတစ်ခုလုံး၏ ဂိုဏ်းအဆင့်သတ်မှတ်ချက်စာရင်း၏ အခွဲသတ်မှတ်ချက်စာရင်းသာဖြစ်၏။

“သွားရမယ့်လမ်းက အရှည်ကြီးကျန်နေသေးတယ်”

ဝမ်ဖုန်း ခေါင်းခါရမ်း၍ သက်ပြင်းဖွဖွချလိုက်၏။

ထိုအခိုက်အတန့်တွင် ဝမ်ဖုန်းတို့မှာ ရုတ်ချည်း ခံစားချက်များ တက်ကြွလာရ၏။ သူတို့၏ရှေ့တူရူတွင် အနှိုင်းမဲ့ကြီးမားကျယ်ပြန့်စွာသော လွင်ပြင်ကြီးကို မြင်တွေ့နေရပေသည်။

ထျန်းလန်‌မြောက်ပိုင်းဒေသ၏ နယ်စပ်သို့ရောက်ရှိခဲ့လေပြီ။

တစ်ပြိုင်နက်တည်း၌ပင် ဝမ်ဖုန်းတို့သည် ထျန်းလန်မြောက်ပိုင်းဒေသသို့ ခြေချလိုက်သည်နှင့် သူတို့၏ပတ်ဝန်းကျင်ရှိ အလွန်အံ့အားသင့်ဖွယ်‌ေသာ ချီစွမ်းအင်စုစည်းတည်ရှိမှုကို ခံစားလိုက်ရသည်။ အသက်နှစ်ကြိမ်မျှ ရှူသွင်းလိုက်ခြင်းဖြင့်ပင် သူ၏ခန္ဓာကိုယ်တွင်းချီစွမ်းအင်များကို အဆပေါင်းများစွာ တိုးပွားစေခဲ့၏။

ထို့အပြင် ထျန်းလန်မြောက်ပိုင်းဒေသ၏ တာ့အိုကျင့်ကြံမှုသည် ရှေးဟောင်းကမ္ဘာနှင့် နှိုင်းယှဉ်ရန်ဝေးကွာလွန်းလှ၏။ သူတို့ ရှေးဟောင်းကမ္ဘာတွင် သိမြင်နားလည်ခဲ့သည့် တာ့အိုသည် တာ့အိုအပိုင်းအစတစ်ခုသာဖြစ်ပြီး ဤထျန်းလန်ဒေသ၏တာ့အိုသည်တော့ အစစ်အမှန်တာ့အိုဖြစ်သည်။

ရှပ်. ရှပ်!

ထိုအခိုက်တွင် ဝမ်ဖုန်းတို့၏ရှေ့ လေဟာပြင်မှ ပုံရိပ်သုံးခု ပေါ်ထွက်လာခဲ့သည်။ ထိုသုံးဦးသည် ဝမ်ဖုန်းကို အရိုအသေပြု၏။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

ထိုသုံးဦးမှာ တုကူကျန်း၊ ကျန်းစန်ဖုန်းနှင့် တုကူချိုးပိုင်တို့ ဖြစ်သည်။

“ရပါတယ်”

ဝမ်ဖုန်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်၍ လက်ကိုဆန့်ထုတ် ထူမတ်ပေးလိုက်၏။

“သွားစို့ ယွမ်ဖုန်းမြို့ကိုသွားကြမယ်”

ကျန်းစန်ဖုန်းတို့သုံးဦး ရောက်ရှိလာခြင်းသည် ဝမ်ဖုန်းကို ချက်ချင်း ယုံကြည်ချက်ရှိသွားစေခဲ့ကာ လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

ယွမ်ဖုန်းမြို့သည် ဤမြေပြန့်လွင်ပြင်နှင့် အနီးဆုံးမြို့ဖြစ်သည်။ ထို့ပြင် ယွမ်ဖုန်းမြို့သည် ယွမ်မင်ဓားဂိုဏ်း၏ စီရင်ပိုင်ခွင့်လက်အောက်ခံဖြစ်သော မြို့ဖြစ်သည်။

ဝမ်ဖုန်းတို့အုပ်စုသည် ယွမ်ဖုန်းမြို့ရှိရာအရပ်သို့ ရုတ်ချည်း ဦးတည်သွားတော့သည်။ ဝမ်ဖုန်းအား အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ ဤထျန်းလန်ဒေသအတွင်း၌ သူ၏ဆန်းကြယ်ကပ်ဘေးအဆင့်ဖြင့် လေဟာပြင်အား ကွဲကြေစေခြင်းငှာ မတတ်နိုင်ဘဲ ပျံသန်းရုံသာ တတ်နိုင်သည့်အချက်ဖြစ်သည်။ ထို့ပြင် အရှိန်နှုန်းမှာလည်း ရှေးဟောင်းကမ္ဘာထက် များစွာနှေးကွေး‌လွန်းလှသည်။

လွင်ပြင်တစ်လျှောက်တွင် မိစ္ဆာအချို့ စုဝေးနေကြခြင်းရှိသော်ငြား ကျန်းစန်ဖုန်းနှင့် အခြားသူများ၏အရှိန်အဝါမှ ဟန့်တားပေးထားပေသည်။ ဝမ်ဖုန်းတို့အုပ်စုအား ဟန့်တားနှောင့်ယှက်ဝံ့သော မိစ္ဆာတစ်ကောင်တစ်လေပင် မရှိချေ။

နာရီဝက်ခန့်ကြာပြီးနောက်တွင် ဝမ်ဖုန်းတို့သည် အဝေးမှ ရှေးဟောင်းမြို့ကြီးကို မြင်တွေ့ရလေပြီ။ ယွမ်ဖုန်းမြို့သည် ဝမ်ဖုန်း စိတ်ကူးထားခဲ့သည်ကဲ့သို့ မကြီးမားသည့်အပြင် ရှေးဟောင်းနယ်မြေ၏ မြို့တော်ကြီးသုံးခုထက်ပင် သေးငယ်လေသည်။

သို့သော် မြို့တံတိုင်းထက်တွင် စွဲထင်ကျန်ရစ်နေသည့် အငွေ့အသက် အရိပ်အယောင်များသည်တော့ ရှေးဟောင်းကမ္ဘာ၏ မြို့တော်ကြီးသုံးမြို့မှ နှိုင်းယှဉ်နိုင်ရန်အတွက်မူ ဝေးကွာလွန်းလှသည်။ ၎င်းအရိပ်အယောင်များမှာ မရေမတွက်နိုင်သည့် ဆီးနှင်းမိုးလေဒဏ်တို့ကို ဖြတ်ကျော်ပြီးမှသာ စွဲထင်ကျန်ရစ်နိုင်သည့် အရိပ်အယောင်များ ဖြစ်ကြ၏။

မြို့တံခါးသည် မကြီးမားသော်ငြား ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသည့် စစ်သည်အမြောက်အများ စောင့်ကြပ်နေပေသည်။ ထိုဒါဇင်ကျော်သော ချပ်ဝတ်စစ်သည်များသည် ဆန်းကြယ်နတ္ထိအဆင့်နှင့်အထက်တွင် ရှိနေကြသောကြောင့် ဝမ်ဖုန်းမှာ အံ့အားသင့်သွားရသည်။ ခေါင်းဆောင်ဖြစ်ဟန်ရသူတို့မှာ ပို၍အင်အားကြီးမား၏။ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့် ဖြစ်ကြလေသည်။

၎င်းသည် ရှေးဟောင်းကမ္ဘာ၏ မည်သည့်အရပ်တွင်ဖြစ်စေ ရပ်တည်ရန်လုံလောက်၏။ ထျန်းလန်‌ဒေသတွင်တော့ မြို့တံခါးစောင့်သာ ဖြစ်လေသည်။ ထျန်းလန်ဒေသ၏အင်အားသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။

“ရပ်စမ်း! မြို့ထဲဝင်ဖို့အတွက် အဆင့်နိမ့်စွမ်းအင်ကျောက်တုံး၅ခု ပေးရမယ်”

ဝမ်ဖုန်းတို့အုပ်စုမှ ယွမ်ဖုန်းမြို့ထဲသို့ ခြေလှမ်းသည်နှင့်တစ်ပြိုင်နက် မြို့တံခါးစောင့်များ၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။ ထို့နောက် ဝမ်ဖုန်းတို့အုပ်စု၏နားထဲတွင် သိပ်သည်းသည့်အသံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“မင်းကိုပေးမယ်!”

ကနဦး၌ ဝမ်ဖုန်းသည် အဘယ်သို့ပြုမူရမည်ကို ရုန်းကန်နေရသေးသည်။ ဝမ်ဖုန်း၌ စွမ်းအင်ကျောက်တုံး မရှိပေ။ သို့သော် မမျှော်လင့်စွာဖြင့် သူ၏ဘေးရှိ ကုချိုးသည် တုံ့ဆိုင်းမှုမရှိ အဆင့်နိမ့်စွမ်းအင်ကျောက်တုံး၅ခုကို ပစ်ပေးလိုက်လေသည်။

ဝမ်ဖုန်း ကုချိုးအား အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိ၏။ ပိုက်ဆံကို သူ၏ဘဝကြီးအလား စွဲလမ်းနေသည့်ကုချိုးသည် ထိုမျှ သဘောထားကြီးပါ၏လော?

“ဂိုဏ်းချုပ် ငါ့ဆီမှာ စွမ်းအင်ကျောက်တုံး၁၀ခု အကြွေးတင်သွားပြီ။ ငါတို့ညီအစ်ကိုက ဂိုဏ်းချုပ်နောက်ကိုလိုက်ခဲ့ပြီမှန်ပေမယ့် တွက်ချက်တာကိုတော့ ရှင်းရှင်းလင်းလင်းလုပ်ရမယ်လေ”

ကုချိုးသည် ဝမ်ဖုန်း၏အကြည့်ကို သတိထားမိသောကြောင့် တည်ကြည်လေးနက်စွာဖြင့် ပြောလေသည်။

ဝမ်ဖုန်းလည်း ခါးသီးစွာပြုံးရယ်၍ ခေါင်းညိတ်လိုက်ရသည်။ ဒီညီအစ်ကိုနှစ်ယောက်ကို တုံးတယ်လို့ ဘယ်သူပြောတာလဲဟေ?

မြို့ထဲသို့ဝင်ရောက်ခဲ့ရာ ဆူညံသံများကို ကြားနေရသည်။ လမ်းမကြီး၏ ဘေးနှစ်ဖက်လုံးတွင် ကျင့်ကြံမှုအ‌ထောက်အပံ့ပစ္စည်းများကို ရောင်းချနေသည့် ဈေးသည်တန်းများရှိ၏။ ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့် အခြားသူများကိုခေါ်ဆောင်၍ တည်းခိုခန်းတစ်ခုရှာဖွေကာ အထဲသို့ဝင်သွားခဲ့သည်။ ဝမ်ဖုန်း၏အစီအစဉ်မှာ ဦးစွာ ယွမ်ဖုန်းမြို့တွင် အခြေချပြီးနောက် ရှန်ရှန့်ကျုံဂိုဏ်းကို ဖြေးဖြေးချင်း တိုးတက်စေရန်ဖြစ်သည်။

“ဂိုဏ်းပေါင်းစုံညီလာခံက နောက်လမှာ စတင်မယ်လို့ကြားတယ်”

“ဟုတ်တယ်။ ဂိုဏ်းပေါင်းစုံညီလာခံကျင်းပတဲ့ နှစ်‌တစ်ထောင်တိုင်းဟာ ငါတို့မြောက်ပိုင်းဒေသမှာတော့ ကြီးကျယ်ခမ်းနားတဲ့ပွဲတော်ကြီးပဲ။ ဒီတစ်ကြိမ် ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ အဆင့်သတ်မှတ်ချက်က ဘယ်အဆင့်တွေဖြစ်မလဲ မသိဘူး”

“မမျှော်လင့်ဘဲအောင်မြင်တဲ့သူလည်း ရှိလာနိုင်တယ်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းအပြင် ဒီနှစ်တွေအတွင်းမှာ အင်အားစုတွေအများကြီးက မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာကြတယ်။ ပြီးတော့လည်း ဂိုဏ်းကြီးခုနစ်ဂိုဏ်းနဲ့ ယှဉ်ပြိုင်နိုင်ခြေ ခပ်ရေးရေးလေးရှိနေတယ်”

တည်းခိုခန်း၌ ကျင့်ကြံသူများစွာတို့သည် အချငိးချင်း စကားပြောနေကြသည်။ သို့သော် တဖြေးဖြေးနှင့် သူတို့၏အသံများသည် တိုးဖျော့လာခဲ့ကြပြီး နောက်ဆုံး၌ ရပ်တန့်တိတ်ဆိတ်သွားတော့သည်။

၎င်းမှာ ဝမ်ဖုန်းတို့အုပ်စု တည်းခိုခန်းအတွင်းသို့ ခြေချလိုက်ချိန်တွင်ဖြစ်၏။

“လှလိုက်တဲ့အမျိုးသမီး!”

ဝမ်ဖုန်းတို့အုပ်စုရှိ ယောင်ယွဲ့၊ တုံ့ဖန်းပုပိုင်နှင့် ဧကရီယင်တို့ကို မြင်တွေ့ကြသောအခါ တည်းခိုခန်းအတွင်းရှိ ကျင့်ကြံသူများမှာ မထိန်းချုပ်နိုင်စွာ ရေရွတ်မိကြလေသည်။ မျက်လုံးများမှာ ပူပြင်းသည့်အလင်းတို့ တောက်ပကုန်ကြလျက် မရိုးဖြောင့်သောအတွေးတို့ကို ရုတ်ချည်း တွေးမိကြလေသည်။

ဤယွမ်ဖုန်းမြို့သည် ထျန်းလန်မြောက်ပိုင်းဒေသ၏ အစွန်ဆုံးသောမြို့ဖြစ်ပြီး ထျန်းလန်မြောက်ပိုင်းဒေသ၏ မောက်မာထောင်လွှားသည့်အမျိုးသမီးများသည် ပုံမှန်အားဖြင့် ဤအစွန်အဖျားရှိ ယွမ်ဖုန်းမြို့သို့ လာရောက်ကြမည်မဟုတ်ချေ။

ထို့ကြောင့် တည်းခိုခန်းအတွင်းရှိ ကျင့်ကြံသူများသည် တုံ့ဖန်းပုပိုင်နှင့်အခြားသူများကဲ့သို့သောအဆင့်ဖြင့် အမျိုးသမီးများကို သူတို့၏သက်တမ်းတစ်လျှောက်လုံး၌ မြင်တွေ့ဖူးကြမည် မဟုတ်ပေ။

ပျိုနီပန်းပွင့်လေးများသည် သေဆုံးခဲ့လျှင် တစ္ဆေသရဲအဖြစ်သော်မှ စိတ်ကူးယဉ်ဆန်သေး၏ဟူသော အဆိုအတိုင်းပင်! ကျင့်ကြံသူအချို့မှာ မထီလေးစားဖြင့် ချဉ်းကပ်လာရန် ဟန်ပြင်နေကြသည်။

ရှပ်! ရှပ်!(ခြေနင်းသံ)

ထိုအခိုက်တွင် ခြေသံနှစ်ခုသည် အောက်ထပ်သို့ ဦးတည်လာခဲ့ရာ ကျင့်ကြံသူများအား သူတို့၏အတွေးတို့ကို ယာယီဖိနှိပ်ထား၍ ခြေသံလာရာသို့ အာရုံစူးစိုက်သွားစေခဲ့သည်။

ဒုတိယထပ်သို့ဦးတည်သည့် လှေကားထိပ်မှ ပုံရိပ်နှစ်ခု ဖြေးညင်းစွာ ဆင်းလျှောက်လာ၏။ တစ်ယောက်မှာ အချိတ်ပိုးထည်ဝတ်စုံဖြင့် လူငယ်လေးတစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်မှာ စူးရှသည့်မျက်လုံးအစုံဖြင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်သည်။

All Chapters