← Chapters

ရှင်းဖုန်းသားရဲ။

Vol. 15 Ch. 206

ရှင်းဖုန်းသားရဲ။

Vol. 15 Ch. 206

ဝမ်ဖုန်းတို့အုပ်စု ထွက်ခွာသွားကြပြီးနောက်တွင် ယွမ်ဖုန်းမြို့၏ကျင့်ကြံသူများသည် ထောင့်များမှ ပြန်ထွက်လာခဲ့ကြပြီး မြို့တစ်ဝက်ခန့်လောက် အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့သည့် ယွမ်ဖုန်းမြို့ကြီးကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်နေခဲ့ကြသည်။

“ငါတို့တော့ အဆုံးသတ်ပြီပဲ။ ယွမ်မင်ဓားဂိုဏ်း အထက်စီးဆန်တတ်ပုံနဲ့ဆို ငါတို့တွေလည်း ယွမ်ဖုန်းမြို့သခင်စံအိမ်တော်မှာ မြှုပ်နှံခံလိုက်ရမှာ စိုးရတယ်”

“တရားမမျှတမှုမှာ ဦးဆောင်သူရှိပြီး ကြွေးမြီမှာ ပိုင်ရှင်ရှိစမြဲတဲ့။ လက်တုံ့ပြန်ချင်ရင် သတ်တဲ့လူဆီပဲ သွားရ‌မှာပေါ့! ယွမ်မင်ဓားဂိုဏ်းက ငါတို့တစ်မြို့လုံးကို သတ်ရဲဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား”

ယွမ်ဖုန်းမြို့၏ကျင့်ကြံသူများသည် အချင်းချင်း စကားပြောဆိုနေကြလျက် သူတို့၏အသံများမှာ အနာဂတ်အတွက် မရေရာခြင်းများ ထင်ဟပ်နေပေသည်။ ယွမ်မင်ဓားဂိုဏ်းသည် ဤနယ်မြေဒေသတွင် အင်အားကြီးမားလွန်း၏။ မိမိတို့မှ မြို့သခင်စံအိမ်တော်ကို မထိခဲ့လျှင်သော်မှ ပါဝင်ငြိစွန်းရမည်ကို ကြောက်ရွံ့ရသေးသည်။

…..

ဝမ်ဖုန်းတို့အုပ်စု ယွမ်ဖုန်းမြို့မှ ထွက်ခွာခဲ့သည်နှင့်တစ်ပြိုင်နက် လေဟာပြင်မှ ပုံရိပ်တစ်ခုထွက်ပေါ်လာကာ ဝမ်ဖုန်းတို့သို့ ဦးတည်လာခဲ့သည်။

ထိုလူမှာ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီး၊ မေးစေ့မှာ မုတ်ဆိတ်မွေးများအပြည့်ဖြင့် ကြွက်သားများမှာ စတီးကဲ့သို့ ကျစ်လစ်ဖုဖောင်းနေပေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လူအား အထင်မြင်မသေးရဲ ဖြစ်စေနိုင်၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စူးဝင်ပျံ့နှံ့နေသည့် မောက်မာထောင်လွှားမှုနှင့် အထက်စီးဆန်မှုတို့အပြင် လောကကြီးအား စက်ဆုပ်အထင်သေးသော ထိုလူ၏အကြည့်တို့ကြောင့် ကျန်းစန်ဖုန်းနှင့် အခြားသူများမှာ တောင့်တင်းသွားရ၏။

“ယန်ကွမ်းထူ ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”

ခဏအကြာတွင်မှ ကျန်းစန်ဖုန်းနှင့် အခြားသူများမှာ စိတ်ပြေလျော့သွားရသည်။ အကြောင်းမှာ သူတို့အား အားကျမှုနှင့် တောင့်တင်းစေနိုင်သော ထိုပုံရိပ်သည် ဝမ်ဖုန်းအား ဂါရဝပြုလာခဲ့သောကြောင့် ဖြစ်၏။ သူ၏အသံမှာ ခေါင်းလောင်းသံကြီးအလား မြည်ဟီးသွားခဲ့သည်။

“အရမ်းယဉ်ကျေးဖို့မလိုပါဘူး”

ဝမ်ဖုန်း လက်ကိုဆန့်ထုတ်၍ ယန်ကွမ်းထူအား ပြုံးရွှင်စွာကြည့်နေခဲ့သည်။

ဆိုရိုးစကားရှိ၏: ကြီးကျယ်ခမ်းနားသည့် သူရဲကောင်းများသာလျှင် အလွန်ဝမ်းနည်းဖွယ်သော ကံကြမ္မာရှိသည်ဟူ၍!

သို့ဖြစ်ရာ ယန်ကွမ်းထူသည် ထိုအဆိုကို အ‌ဓိပ္ပာယ်ဖော်ဆောင်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ယန်ကွမ်းထူသည် သူ၏ဘဝသက်တမ်းတစ်လျှောက်လုံး၌ လူသတ်မှုများစွာ ကျူးလွန်ခဲ့သည်။ သို့သော် ကလေးငယ်လေး၏နှလုံးသားကိုမူ မဆုံးရှုံးခဲ့ချေ။ ယန်ကွမ်းထူသည် ရူးသွပ်လျှင်သော်မှ ချစ်စဖွယ်ရူးသွပ်၍ ဆွဲဆောင်မှုရှိစွာ ရူးသွပ်၏။ သူ၏အလွန်ဝမ်းနည်းဖွယ်သောဘဝမှာ သူ၏သားဖြစ်သူကြောင့် ဖြစ်တည်ခဲ့ရခြင်း ဖြစ်ခဲ့သည်။

“သွားစို့.. ယွမ်မင်ဓားဂိုဏ်းရဲ့ အောက်ခြေအထိ သွားစုံစမ်းကြမယ်”

ယန်ကွမ်းထူမှ နေရာယူပြီးသောအခါ ဝမ်ဖုန်း လက်ကိုဝှေ့ယမ်း၍ ပြောခဲ့သည်။

လူအုပ်စုတစ်စုသည် ယွမ်မင်ဓားဂိုဏ်းသို့ တစ်ဟုန်တိုး ဦးတည်သွားကြလေသည်။ ယွမ်ဖုန်းမြို့မှ ထွက်ခွာပြီးနောက်တွင် ထျန်းလန်မြောက်ပိုင်းဒေသ၏ ကျော်ကြားသော ဝမ့်ကျန်းတောင်တန်းရှိသည်။

ဝမ့်ကျန်းတောင်တန်းဟု ခေါ်ရခြင်းမှာ ထိုတောင်တန်းရှိတောင်များသည် ပေ‌တစ်သောင်းမြင့်မားသောကြောင့် ဖြစ်သည်။ ထိုတောင်တန်းသို့ဝင်ရောက်သူများမှာ ပုရွက်ဆိတ်အလား သေးငယ်သွားရပေသည်။

ဤဝမ့်ကျန်းတောင်တန်းသည် ထျန်းလန်မြောက်ပိုင်းဒေသ၏ အရှေ့မှအနောက်အထိ ‌နယ်မြေဒေသတစ်ခုလုံးသို့ ဖြန့်ကျက်တည်ရှိနေခြင်းဖြစ်ရာ ထျန်းလန်မြောက်ပိုင်းဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းအား ဖြတ်သန်းတည်ရှိလုနီးပါးပင်။

ဝမ့်ကျန်းတောင်တန်းသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်းကြား ဆက်ဆံရေးကို ငြိမ်းအေးစေရုံမျှမက ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးကိုလည်း ဖြစ်မြောက်အောင်မြင်စေ၏။ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ ရှေးဟောင်းကမ္ဘာ၏ သဘာဝရတနာသည် ရှင်းယောင်တောင်တန်းဖြစ်ပါလျှင် ဤထျန်းလန်မြောက်ပိုင်းဒေသ၏ သဘာဝရတနာသည် ဝမ့်ကျန်း‌တောင်တန်း ဖြစ်ပေလိမ့်မည်။

ထိုတောင်တန်းနှစ်ခုလုံး၌ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ မရေမတွက်နိုင်သော ရတနာများစွာတည်ရှိနေပါသော်ငြား အင်အားကြီးမားသည့် မကောင်းဆိုးဝါးမိစ္ဆာများလည်း ရှိသည်။ နှစ်တိုင်းလိုလိုပင် ဝမ့်ကျန်းတောင်တန်းအတွင်း၌ သေဆုံးသွားရသည့် ကျင့်ကြံသူများရှိသည်။ အလွန်တရာ အန္တရာယ်များလှသည်ဖြစ်သော်ငြား ဝမ့်ကျန်းတောင်တန်းအတွင်းသို့ ဝင်ရောက်လိုသူများ မရေမတွက်နိုင်အောင် ရှိနေဆဲဖြစ်၏။

အရေးအကြီးဆုံးသောအချက်မှာ ဝမ့်ကျန်းတောင်တန်းအတွင်း၌ ရှေးဟောင်းအမွေအနှစ်များစွာ ကျန်ရှိနေသည်ကြောင့် စွမ်းအားမြင့်ပုဂ္ဂိုလ်များကို ရတနာများရှာဖွေရန်အတွက် ဝင်ရောက်စေရန် ဆွဲဆောင်နေသည့်အချက်ဖြစ်သည်။

သို့သော် ဝမ်ဖုန်းတို့အား အနည်းငယ် ထူးဆန်းသည်ဟု ခံစား‌မိစေသည်မှာ သူတို့ဝင်ရောက်ခဲ့ချိန်တွင် ဤတောင်တန်းကြီး၌ မကောင်းဆိုးဝါးမိစ္ဆာ မဆိုထားနှင့် ငှက်တစ်ကောင်ပင် မရှိနေပေ။

သုသာန်တစပြင်အလား တိတ်ဆိတ်‌နေ၏!

ဝမ်ဖုန်း မျက်လုံးအကြည့်ဖြင့် အားလုံးကို သတိထားရန် အချက်ပြလိုက်သည်။ ဤဝမ့်ကျန်းတောင်တန်းကြီးတွင် တာ့အိုဘုရင်အဆင့် ကြောက်မက်ဖွယ်မိစ္ဆာများရှိသည်ဟု ပြောကြ၏။ မိမိမှာ စွမ်းအားကြီးမားလျှင်သော်မှ ဂရုစိုက်ရပေမည်။

ဝမ်ဖုန်းတို့သည် ရှေ့သို့ ဖြေးဖြေးချင်း လျှောက်ခဲ့ကြသည်။ သူတို့သည် သူတို့၏ကျင့်ကြံမှုစွမ်းအင်များကို အမြင့်ဆုံးသို့ တူညီစွာပြင်ဆင်ထားကြ၏။ ဝမ်ဖုန်းသည်လည်း သူတို့အားလုံး၏အရှိန်အဝါကို ဖုံးကွယ်ရန် စနစ်၏စွမ်းအားကို အသုံးပြုခဲ့သည်။

အချိန်မည်မျှကြာ လျှောက်ခဲ့ပြီးသည်မသိပေ.. ဝမ်ဖုန်းတို့အုပ်စုနှင့် မနီးမဝေးတွင် ရေကန်ကြီးတစ်ကန်ကို မြင်တွေ့လိုက်ရသည်။ ရေကန်ထဲရှိ အ‌ခြေအနေကိုမြင်တွေ့လိုက်ရသည်တွင် ဝမ်ဖုန်းတို့သည် သစ်ပင်ကြီးတစ်ပင်အောက်သို့ အလျင်အမြန် ‌ပြေးပုန်းလိုက်ကြကာ အသက်ရှူအောင့်ထားလိုက်ကြ၏။

ထိုရေကန်ကြီးထဲတွင် ရက်စက်ကြောက်မက်ဖွယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် မိစ္ဆာတစ်ကောင်ရှိနေခဲ့သည်။

အပြာရောင်မျက်နှာနှင့် အစွယ်ကြီးများ၊ မျက်လုံးထောင်ချီနှင့် လက်ရှစ်ချောင်း၊ ခန္ဓာကိုယ်အောက်ပိုင်းသည် ဓားတစ်လက်ဖြစ်ပြီး ခြေထောက်များသည် ‌ဦးခေါင်းထက်တွင် တွဲချိတ်နေကာ မျက်နှာသည် အစာအိမ်တွင် တွဲချိတ်နေ၏။

၎င်းမှာ ဒဏ္ဍာရီလာ ရှင်းဖုန်းသားရဲကြီး ဖြစ်သည်!

ဝမ်ဖုန်းမှာ အံ့အားသင့်မှုကြောင့် မျက်လုံးများ လက်သွားလျက် စိတ်တွင်းမှာလည်း တုန်ရီသွားရသည်။ ထိုကဲ့သို့သောမိစ္ဆာမျိုးသည် ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ စွမ်းအင်အချို့မှ ပုလဲအမြုတေလား စုဝေးဖြစ်တည်လာခြင်း ဖြစ်ပေသည်။

၎င်းမိစ္ဆာတွင်တည်ရှိနေသည့်စွမ်းအားနှင့် တာ့အို၏ဆန်းကြယ်မှုမှာ ကျင့်ကြံသူများအား ကျင့်ကြံမှုကြံ့ကြာနေသောအဆင့်ကို အလွယ်တကူ ထိုးဖောက်ကျော်ဖြတ်စေနိုင်၏။

ဝမ်ဖုန်း ဂရုတစိုက် ခံစားကြည့်၏။ ရှင်းဖုန်းသားရဲကြီးသည် တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ ထိုမိစ္ဆာကို ခေါင်းဖြတ်လိုက်ပါလျှင် ၎င်း၏ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်ပုလဲအမြု‌တေသည် တာ့အိုနက်နဲမှုအထွတ်အထိပ်ကျင့်ကြံသူတစ်ဦးကို တာ့အိုဘုရင်အဆင့်သို့ ထိုးဖောက်ကျော်ဖြတ်စေနိုင်ပေသည်။

သူတို့လာခဲ့သည့် လမ်းတစ်လျှောက်တွင် အခြားမိစ္ဆာ‌တစ်ကောင်မျှ မတွေ့ခဲ့ရသည်မှာ အံ့ဩဖွယ်မရှိ‌ပါတော့ချေ။ ဤမျှကြောက်မက်ဖွယ်မိစ္ဆာကြီး ရှိနေသည်ဖြစ်ရာ အခြားမိစ္ဆာများမှာ ဤနယ်မြေသို့ ခြေချဝံ့မည်မဟုတ်ချေ။

“စနစ် ကျန်းစန်ဖုန်းနဲ့အခြားသူတွေ ကျင့်ကြံမှုတက်သွားကြပြီလား? စနစ်ရဲ့ကန့်သတ်ထားတာ ရှိဦးမှာလား”

ဝမ်ဖုန်း၏မျက်လုံးများမှာ အလင်းတစ်စဖြတ်ပြေးသွားလျက် စိတ်ထဲမှမေးလိုက်သည်။

“ဒင်! ဆင့်ခေါ်ထားတဲ့ဇာတ်ကောင်တွေ ကျင့်ကြံမှုထိုးဖောက်ကျော်ဖြတ်ပြီးတဲ့အခါ မည်မျှမြင့်မားသည့် ကျင့်ကြံမှုဖြစ်စေ ကန့်သတ်မှုမရှိပါဘူး”

အေးစက်သည့်အသံကြောင့် ဝမ်ဖုန်းမှာ နှလုံးအိမ်ခုန်လှုပ်သွားရသည်။ ရှင်းဖုန်းသားရဲမိစ္ဆာ၏ ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်ပုလဲအမြုတေသည် အနည်းဆုံးတော့ ကျန်းစန်ဖုန်းနှင့်လေးဦးကို တစ်ပြိုင်နက်တည်း ကျင့်ကြံမှုထိုးဖောက်ကျော်ဖြတ်စေနိုင်ပေလိမ့်မည်။ သို့ဖြစ်ပါလျှင် ဝမ်ဖုန်းမှာ ကောင်းကင်ဘုံကိုပင် ကြောက်ရွံ့ရန် မလိုအပ်နိုင်တော့။ ထျန်းလန်မြောက်ပိုင်းဒေသ၏ ထိပ်တန်းစွမ်းအားမြင့်ပုဂ္ဂိုလ်များကိုလည်း ကြောက်ရွံ့ရန် မလိုအပ်နိုင်တော့ပေ။

“ဂိုဏ်းချုပ် တစ်ယောက်ယောက်ရှိနေတယ်”

ဝမ်ဖုန်းမှ ကျန်းစန်ဖုန်းနှင့်လေးဦးကို ရှင်းဖုန်းသားရဲအား ချောင်းမြောင်းတိုက်ခိုက်ရန် ခိုင်းစေတော့မည်တွင် ရှန်းဝမ်စန်း၏အသံကို စိတ်တွင်းမှ ကြားလိုက်ရ၏။

ဝမ်ဖုန်းမှာ ရုတ်တရက် သံသယအချို့ ဖြစ်တည်လာရလျက် ရှန်းဝမ်စန်းအား ချက်ချင်းကြည့်လိုက်သည်။ တစ်စုံတစ်ယောက် အမှန်တကယ်ရှိနေပါလျှင် ကျန်းစန်ဖုန်းတို့မှ သေချာပေါက် ပြောလိမ့်မည်ပင်။ သို့သော် ယခု၌ ကျန်းစန်ဖုန်းတို့သည် တစ်ယောက်ယောက်ရှိနေသည်ကို မခံစားမိပါဘဲ ရှန်းဝမ်စန်းမှ ခံစားမိနေခဲ့သည်။

“ဂိုဏ်းချုပ် အဲဒီ့လူက ငါ့ရဲ့ကျင့်ကြံရေးလမ်းစဉ်နဲ့အတူတူပဲ။ သူလည်း ချမ်းသာခြင်းနိယာမကို သုံးတယ်။ ဒါပေမဲ့ ငါ့ရဲ့ချမ်းသာခြင်းနိယာမနဲ့ တစ်ထပ်တည်းတူတဲ့နိယာမ မဟုတ်ဘူး။ ငါသူ အသက်ရှူတာကို အာရုံခံလို့ရနေတယ်။ အကယ်၍ ဂိုဏ်းချုပ် ငါ့ရဲ့အသက်ရှူတာကို ဖုံးကွယ်ပေးမထားရင် သူလည်း ငါ့ရဲ့အသက်ရှူသံကို အာရုံခံမိလိမ့်မယ်”

ဝမ်ဖုန်းမှ ရှုပ်ထွေးနေစဉ်တွင် ရှန်းဝမ်စန်း၏အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း မျက်လုံးများမှေးကျဉ်းသွား၏။ ရှန်းဝမ်စန်းသည် ဤသို့သောအရာဖြင့် သူ့အား နောက်ပြောင်လိမ့်မည်မဟုတ်သည်ကို ဝမ်ဖုန်း ယုံကြည်၏။

ကနဦး၌ ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းတို့အား ရှင်းဖုန်းသားရဲကို သတ်ဖြတ်၍ ၎င်း၏ဝိဉာဉ်ပုလဲအမြုတေကို ရယူစေလိုခဲ့သည်။ သို့သော် ထိုရှင်းပြရန်ခက်ခဲသော လျှို့ဝှက်ဆန်းကြယ်သည့်လူ၏ ထွက်ပေါ်လာမှုသည် ဝမ်ဖုန်းအား ကနဦးအကြံအစည်ကို ပြန်လည်ရုတ်သိမ်းစေခဲ့သည်။

ရှင်းဖုန်းသားရဲ၏နယ်မြေသို့ လာရောက်ဝံ့သည့် ထိုလူသည် ကျင့်ကြံမှုအားနည်းလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်ရာ အရင်ဆုံး တစ်ချက်ကြည့်ကြည့်ပေမည်။

ထိုသို့အတွေးတွင် ကျန်းစန်ဖုန်းနှင့် တုကူကျန်းတို့ကို ဝမ်ဖုန်း မျက်လုံးတစ်ဖက်မှိတ်၍ အချက်ပြလိုက်သည်။ ကျန်းစန်ဖုန်းနှင့် တုကူကျန်းတို့သည် ခေါင်းညိတ်၍ ကုချိုးနှင့်ကုကန်းချိုးတို့ အနီးသို့သွားလိုက်ကာ ထိုနှစ်ယောက်၏ပခုံးထက်သို့ လက်တင်လိုက်သည်။ ဤညီအစ်ကိုနှစ်ဦးမှ မည်သူ့ကို ပြစ်မှားစော်ကားသည်ဖြစ်စေ ကျန်းစန်ဖုန်းတို့နှစ်ဦးမှ သူတို့အား ဖိနှိပ်လိုက်မည်ဖြစ်သည်။

ကုချိုးနှင့် ကုကန်းချိုးတို့သည် ကျန်းစန်ဖုန်းနှင့် တုကူကျန်းတို့အား သံသယမျက်လုံးများဖြင့် ကြည့်လာလေသည်။

ငါတို့က ဒီလောက်ထိ ရင်းနှီးလို့လားဟေ? မင်းတို့ ဘယ်သူ့ကို ပခုံးဖက်နေတယ်ထင်နေတာလဲကွ?

သို့သော် ကျန်းစန်ဖုန်းတို့နှစ်ဦးသည် ကုချိုးနှင့် ကုကန်းချိုးတို့ကို ဂရုထားမနေပါချေ။ သူတိူ့နှစ်ဦးသည် အသီးသီးခေါင်းမော့နေကြ၍ မျက်လုံးများမှာ တောက်ပနေ၏။ သေချာပေါက်ပင် ထိုအခိုက်အတန့်၌ လျို့ဝှက်ဆန်းကြယ်လူ၏ ရောက်ရှိလာခြင်းနှင့်အတူ ရေကန်ကြီးထဲရှိ ရှင်းဖုန်းသားရဲကြီးကိုလည်း သူတို့အားလုံး အာရုံခံမိလိုက်ကြသည်။ ရှင်းဖုန်းသားရဲ၏ ကြီးမားသောမျက်လုံးကြီးများ၌ ရက်စက်ကြမ်းကြုတ်မှုများ တစ်ဖျတ်ဖျတ်လက်နေကာ သူတို့ရှိရာသို့ ကြည့်လာခဲ့လေသည်။

All Chapters