ချမ်းသာကြွယ်ဝမှုအား စွန့်ကြဲသည့်သခင်လေး။
Vol. 15 Ch. 207
အားလုံး၏စောင့်ကြည့်နေသည့် အကြည့်များအောက်တွင် ကောင်းကင်ထက်မှ အမိုးဖွင့်ဝေါယာဉ်တစ်စင်း ကျဆင်းလာခဲ့၏။ ဝေါယာဉ်ထက်ရှိအခြေအနေကို မြင်တွေ့လိုက်ရသည်တွင် ဝမ်ဖုန်း အံ့အားသင့်သွားရသည်။
ဝမ်ဖုန်းသည် ဣန္ဒြေပျက်ပြားခြင်းများစွာကို မြင်တွေ့ဖူးပါ၏။ သို့သော် ဤသို့သော ဣန္ဒြေပျက်ပြားခြင်းကိုမူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ဝေါယာဉ်ထက်တွင် ပုံရိပ်ပေါင်းများစွာရှိနေ၏။ အလယ်တွင်ထိုင်နေသူမှာ နှင်းမှုန်များထက်ပင် ဖြူစွတ်သည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောခန့်ညားသည့်လူငယ်တစ်ဦးဖြစ်သည်။ ထိုလူငယ်လေးမှာ စင်ကြယ်စွာရှင်းသန့်လွန်းလှ၏။ သူ၏စင်ကြယ်ချောမောသည့် မျက်နှာအင်္ဂါရပ်တို့မှာ မြူနှင်းတစ်လွှာဖြင့် ဖုံးအုပ်ခံထားရသည့်အလားဖြင့် နှုတ်ခမ်းထောင့်စွန်းကို ခပ်ဖျော့ဖျော့တွန့်ကွေးထားသည့် အပြုံးသည် ထောင်ချီသော အမျိုးသမီးငယ်လေးများကို ညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိပေသည်။
ဝမ်ဖုန်းသည်ပင် ဤလူငယ်လေးမှာ ရုပ်ရည်သွင်ပြင်အားဖြင့် မိမိထက် အနည်းငယ်ပို၍ သာလွန်သည်ကို အသိအမှတ်ပြုရလေသည်။
ဝေါယာဉ်ပေါ်၌ ထိုလူငယ်လေးအပြင် အမျိုးသမီးလေးဦး ရှိသေး၏။ တစ်ဦးမှာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနည်းငယ်ရှုပ်နေသော ဆံပင်များကို ရင်ဘတ်ထက်တွင် ချထားသည်။ သူမ၏မျက်နှာမှာ နှစ်လိုဖွယ်ဆွဲဆောင်မှုရှိ၍ အပြုံးတစ်ချက်နှင့် မျက်မှောင်လေးတစ်ချက် ကျုံ့လိုက်ခြင်းသည်ပင် ထောင်ချီသော ယောက်ျားသားတို့ကို ရူးသွပ်သွားနိုင်စွမ်း၏။ သို့သော် ထိုလှပတင့်တယ်သော အမျိုးသမီးလေးသည် ဝေါယာဉ်ထက်၌ လူငယ်လေး၏လက်မောင်းများထဲတွင် လဲလျောင်းနေကာ သူမ၏လက်သွယ်သွယ်လေးများသည်တော့ လူငယ်လေးအား သစ်သီးများ ခွံ့ကျွေးနေခဲ့သည်။
ထို့ပြင် လူငယ်လေး၏ လက်ဝဲလက်မောင်း၌ အစိမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် တစ်နှာတံလှလှလေးဖြင့် ချစ်စဖွယ်အမျိုးသမီးလေးတစ်ဦး ရှိနေသေးသည်။ သူမသည် မထင်မရှား နှုတ်ခမ်းပါးလေးဖြင့် ရှက်ရွံ့ဟန်သော မျက်လုံးအစုံကို ပိုင်ဆိုင်ထား၏။
ထိုလူငယ်၏ နောက်ဘက်တွင်လည်း အမျိုးသမီးနှစ်ဦးရှိနေသေးသည်။ တစ်ဦးမှာ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျန်တစ်ဦးမှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဆီးနှင်းကဲ့သို့သော လှပသည့်မျက်လုံးအစုံတို့ဖြင့် ဓားတစ်လက်စီကို ကိုင်ဆောင်ထားကြလျက် လူငယ်၏နောက်တွင် လှပဝင့်ထည်စွာ ရပ်နေကြပေသည်။
ဤမျှအန္တရာယ်များလှသော ဝမ့်ကျန်းတောင်တန်းကြီးထဲ၌ပင် ဤလူငယ်သည် မောက်မာထောင်လွှားဆဲဖြစ်လေရာ ဝမ်ဖုန်းသည်လည်း မထိန်းချုပ်နိုင်စွာ အနည်းငယ် လေးစားမိသွားရ၏။ ဤလူငယ်သည် သူ၏ကိုယ်ပိုင်အင်အားဖြင့် ယုံကြည်ချက်ပြည့်ဝနေခြင်းပေလော သို့တည်းမဟုတ် ကောင်းကင်ဘုံကိုပင် မကြောက်မရွံ့သော ရဲစွမ်းသတ္တိရှိနခြင်းပေလော?
ဝမ်ဖုန်းမှာ စိတ်မချနိုင်စွာ ကုချိုးနှင့် ကုကန်းချိုးတို့အား လှည့်ကြည့်ရသေးသည်။ ထို့နောက်မှ စိတ်သက်သာရာရသွားရ၏။ ကံကောင်းထောက်မစွာဖြင့် မိမိမှာ အမြော်အမြင်ရှိစွာဖြင့် ကျန်းစန်ဖုန်းနှင့် တုကူကျန်းတို့အား ထိုညီအစ်ကိုနှစ်ဦးကို ဖိနှိပ်ထားရန် ခိုင်းစေခဲ့၍တော်သေးသည်။ ယခုတောင်မှ ထိုညီအစ်ကိုနှစ်ဦး၏မျက်လုံးများမှာ အလွန်တောက်ပနေသည် မဟုတ်ပါလော။
ကျန်းစန်ဖုန်းနှင့် တုကူကျန်းတို့မှ ဖိနှိပ်ထိန်းပေးထား၍မဟုတ်ပါလျှင် ထိုလူငယ်ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်
ထိုအရူးညီအစ်ကိုနှစ်ဦးမှ ချက်ချင်းခုန်ပေါက်လုယက်ကြမည်မှာ သံသယံဝင်ရန်ပင် မလိုပါချေ။
ထိုလူငယ်နှင့်အမျိုးသမီးလေးဦး၏ ကျင့်ကြံမှုကို ဝမ်ဖုန်း မသိနိုင်ပေ။ သို့သော် ဝမ်ဖုန်းမှာ စနစ်ရှိနေသောကြောင့် ပြဿနာမရှိချေ။
“စနစ် အဲဒီ့လူငယ်နဲ့အမျိုးသမီးလေးယောက်ရဲ့ မူလဇာစ်မြစ်ကို စစ်ဆေးပေးပါ”
ဝမ်ဖုန်း၏မျက်လုံးများမှာ ဉာဏ်ရည်ထက်မြက်ဟန်ဖြင့် တောက်ပသွားလျက် ပြောလိုက်သည်။ ဤမှထောင်လွှားနေနိုင်ရန်အထိ ထိုလူငယ်လေးမှာ မည်မျှအင်အားကြီးမားသည်ကို ဝမ်ဖုန်း သိချင်စိတ်ပြင်းပြနေခဲ့၏။
“ဒင်! စုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်တစ်သိန်းကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”
“ဒင်! လူငယ်၏အမည်မှာ ယဲ့ရှီးပိုင်ဖြစ်ပါတယ်။ ထျန်းလန်မြောက်ပိုင်းဒေသ၏ သခင်လေး၆ပါးအနက် ပထမသခင်လေးဖြစ်ပြီး ကျင့်ကြံဆင့်မှာ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့် ဖြစ်ပါတယ်။ တာ့အိုလမ်းစဉ်ဖြစ်ပေမယ့် မတူညီတဲ့လမ်းစဉ်ဖြစ်ပြီး ချမ်းသာခြင်းလမ်းစဥ်ကို ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဥ်အဖြစ် ပြောင်းလဲကျင့်ကြံခဲ့တယ်”
“အဲဒီ့အချိန်မှစပြီး သူ့ရဲ့ကျင့်ကြံဆင့်ဟာ တဖြေးဖြေး တိုးတက်လာခဲ့ပြီးတော့ ၁၀နှစ်အတွင်းမှာပဲ တာ့အိုနက်နဲမှုအဆင့်မှ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်အထိ ထိုးဖောက်ရောက်ရှိနိုင်ခဲ့ပြီး ထျန်းလန်မြောက်ပိုင်းဒေသရဲ့ သခင်လေး၆ပါးထဲမှာ နံပါတ်တစ်အဆင့်နဲ့ ပထမသခင်လေးအဖြစ် ကျော်ကြားခဲ့တယ်။ ထျန်းလန်အလယ်ပိုင်းဒေသရဲ့ အင်အားစုေတွတောင်မှ ယဲ့ရှီးပိုင်ကို သံလွင်ခက်တွေနဲ့ ဂုဏ်ပြုခဲ့ကြတယ်”
“သူ့ရဲ့မြင့်မားတဲ့ကျင့်ကြံဆင့်နဲ့ ထူးကဲသာလွန်တဲ့ပါရမီကြောင့် ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းတောင်မှ သူ့ကို အလွယ်တကူ စော်ကားပြုမူခြင်း မပြုရဲပါဘူး”
“အမျိုးသမီးလေးဦးကတော့ သူ့ရဲ့ကျင့်ကြံမှု၁၀နှစ်အတွင်းမှာ ခန့်အပ်ခဲ့တဲ့ အစေခံတွေပါ။ သူ့ရဲ့လက်ထဲက နှစ်ယောက်ကတော့ တာ့အိုနန်းတော်အထွတ်အထိပ်အဆင့်ဖြစ်ပါတယ်။ နောက်ဘက်က နှစ်ယောက်ကတော့ တာ့အိုဘိုးဘေးအစောပိုင်းအဆင့် ဖြစ်ပါတယ်”
“အမျိုးသမီးလေးဦးအနေနဲ့ အဲဒီ့လိုအောင်မြင်မှုမျိုးကို ရယူနိုင်ခဲ့တာဟာ သူတို့ရဲ့ပင်ကိုအထုံပါရမီ အားကောင်းတာကြောင့်သာမက ယဲ့ရှီးပိုင်ရဲ့ အပြည့်အဝ ကူညီပေးမှုကြောင့်လည်း ပါဝင်ပါတယ်။ ယဲ့ရှီးပိုင်က သူရရှိခဲ့တဲ့ ချမ်းသာခြင်းလမ်းစဉ်ရဲ့ အမွေဆက်ခံမှုကိုပါ လက်ဆင့်ကမ်းပေးခဲ့တယ်”
စိတ်ထဲမှထွက်ပေါ်လာသော အေးစက်သည့်အသံသည် ဝမ်ဖုန်းကို တစ်ကိုယ်လုံး တုန်ရီသွားစေလျက် မျက်နှာအမူအရာမှာလည်း အံ့ဩမှုတို့ ထင်ဟပ်သွားရသည်။
ယဲ့ရှီးပိုင်ကို ကြည့်ရသည်မှာ အများဆုံးမှ အသက်၃၀ဝန်းကျင် ဖြစ်နိုင်ပေသည်။ သို့သော်ငြား တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ ထိုမျှသောကျင့်ကြံမှုဖြစ်ရာ ထျန်းလန်အလယ်ပိုင်းဒေသ၏ ထိပ်တန်းမျိုးဆက်များသည်လည်း ယဲ့ရှီးပိုင်ထက် မသာလွန်နိုင်လောက်ပေ။
ဝမ်ဖုန်းအား ပို၍အံ့အားသင့်စေသည်မှာ ဤလူသည် ကျင့်ကြံမှုလမ်းစဉ်ကို ဆက်ခံပြီးနောက်တွင် ထိုလမ်းစဉ်အား သူနှင့်သင့်တော်သည့်လမ်းစဉ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထိုအထုံပါရမီသည် အမှန်တကယ် အားကောင်းလွန်းလှပေသည်။
အခြားသူများမှာ ထိုသို့သော လမ်းစဉ်ဆက်ခံမှုကို ရရှိခဲ့ပါလျှင် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်းသာ လိုက်နာကျင့်ကြံကြလိမ့်မည်ဖြစ်သည်။ အဘယ်သို့များ ကျင့်ကြံမှုလမ်းစဉ်အား မိမိနှင့်သင့်တော်သည့်လမ်းအဖြစ်သို့ ပြောင်းလဲရန် စဉ်းစားမိကြပါမည်နည်း။
“ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်ဆိုတာ ဘာလဲ”
အချိန်ခဏမျှ အံ့ဩနေခဲ့အပြီးတွင် ဝမ်ဖုန်းမှ သံသယဖြင့်မေးလိုက်၏။
“ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်ဟာ ချမ်းသာကြွယ်မှုကို စွန့်ကြဲရုံသာမကဘဲ ယဲ့ရှီးပိုင်စွန့်ကြဲပေးတဲ့ ချမ်းသာကြွယ်ဝမှု စွန့်ကြဲခံရသူတွေဟာ အထုံပါရမီအားမနည်းလှတဲ့ မျိုးဆက်သစ်တွေပါ။ ချမ်းသာကြွယ်ဝမှုစွ့န်ကြဲခြင်းခံရတဲ့ လူငယ်တွေအားလုံးဟာ ယဲ့ရှီးပိုင်ရဲ့ ကျင့်ကြံမှုမျိုးစေ့ဖြစ်လာရပါတယ်။ ချမ်းသာကြွယ်ဝမှုကို အသုံးပြုလိုက်တဲ့အချိန် ယဲ့ရှီးပိုင်ရဲ့မောက်မာထောင်လွှားမှုဟာ သူ့ရဲ့အင်အားကို ပြန်လည်ကောင်းမွန်အောင်ပြုလုပ်တဲ့ အချိန်ပါပဲ”
“ယဲ့ရှီးပိုင်က ချမ်းသာကြွယ်ဝမှုကို ဆုံးရှုံးရတယ်။ ဒါပေမဲ့ အဲဒါအတွက် အဲဒီ့လူတွေရဲ့ ကျင့်ကြံမှုအခြေခံနဲ့ ကံကောင်းမှုတွေကို ပြန်လည်ရရှိတယ်”
“အဲဒါကြောင့် ယဲ့ရှီးပိုင်ဟာ ၁၀နှစ်အတွင်းမှာပဲ တာ့အိုနက်နဲမှုအဆင့်ကနေ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာ သူစုဆောင်းလာခဲ့တဲ့ ကံကောင်းမှုတွေကလည်း သူ့ရဲ့ကိုယ်ပိုင်ကံကောင်းမှုကို ကြောက်ခမန်းလိလိ တိုးပွားစေခဲ့တယ်။ ချမ်းသာကြွယ်ဝမှုကို စွန့်ကြဲလိုက်တာဟာလည်း လျင်မြန်သလို အဖိုးတန်ရတနာကို ပြန်လည်ရယူတာလည်း လျင်မြန်တယ်”
“ဒီလောကရဲ့လူအားလုံးက ယဲ့ရှီးပိုင်ရဲ့ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်ကို ချမ်းသာကြွယ်မှုစွန့်ကြဲရုံပဲလို့ ထင်ကြတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်ရဲ့ တကယ့်အနှစ်သာရအမှန်ကိုတော့ ဘယ်သူမှ မသိကြဘူး”
အဓိပ္ပာယ်မရှိလိုက်တာ!
ထိုအခိုက်အတန့်တွင် ဝမ်ဖုန်း၏စိတ်ထဲ၌ ထိုစကားလုံးများသာ ပေါ်ထွက်လာခဲ့၏။ ထောင်ချီသောကျင့်ကြံသူတို့ကို ကျင့်ကြံမှုမျိုးစေ့အဖြစ် အသုံးချ၍ မိမိ၏တာ့အိုကျင့်ကြံမှုကို တိုးမြှင့်ခြင်း?!!
သေချာပေါက်ကို ဤလောက၏သူရဲကောင်းများကို လျှော့တွက်ရန်မသင့်ချေ။ ယဲ့ရှီးပိုင်၏ပါရမီကြောင့် အံ့အားသင့်နေရင်းမှ ဝမ်ဖုန်း၏မျက်လုံးများမှာ အလင်းတစ်စဖြတ်ပြေးသွား၏။ ဤယဲ့ရှီးပိုင်အား ရှန်ရှန့်ကျုံဂိုဏ်းသို့ ခေါ်ယူနိုင်ပါလျှင် သေချာပေါက် အကျိုးအမြတ်ကြီး ရရှိခြင်းဖြစ်၏။ တစ်ယောက်ခေါ်ယူခြင်းဖြင့် လေးယောက်ထပ်တိုးရရှိပေမည်။
စနစ်၏ပြောကြားချက်အရ ယဲ့ရှီးပိုင်မှာ မည်သည့်အင်အားစုနှင့်မျှ လက်တွဲခြင်းမရှိသည်ကို ဝမ်ဖုန်း သိထားပါ၏။ သို့မဟုတ်ပါက ထျန်လန်းအလယ်ပိုင်းဒေသ၏ အင်အားစုများမှ ယဲ့ရှီးပိုင်အတွက် သံလွင်ခက်များဖြင့် ဂုဏ်ပြုခဲ့လိမ့်မည်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ဝမ်ဖုန်းမှ ဤသို့တွေးတောနေသော်ငြား ယဲ့ရှီးပိုင်ကို ရှန်ရှန့်ကျုံဂိုဏ်းသို့ ခေါ်ယူရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်းကိုလည်း သိနေခဲ့ပါ၏။ ပထမအချက်အနေဖြင့် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ဤထျန်းလန်ဒေသ၌ ဩဇာသက်ရောက်မှု အလျဉ်းမရှိချေ။ ထို့ပြင် ယဲ့ရှီးပိုင်၏အင်အားသည် ကျန်းစန်ဖုန်းတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် လုံလောက်၏။
ကျင့်ကြံမှုအခြခံအရသော်မှ လက်ရှိရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားအကြီးမားဆုံးသူ၏ ကျင့်ကြံမှုအေခြခံသည်ပင် အခြားသူများထက် မြင့်မားနေခြင်းမျိုး မဟုတ်နေပေ။ သို့ဖြစ်ရာ အဘယ်ကြောင့်များ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်လိမ့်ပါမည်နည်း။
အတိတ်ကာလများတွင် ဝမ်ဖုန်းမှ ဂိုဏ်းသားများခေါ်ယူရာ၌ အကျိုးဖြစ်ထွန်းမှု အမြဲရှိခဲ့သည်။ မိမိမှ သဘောတွေ့ပါလျှင် လက်ဖျောက်တစ်ချက်ဖြင့်ပင် ခေါ်ယူနိုင်ခဲ့သည်။ သို့သော် လက်ရှိတွင်တော့ ဝမ်ဖုန်းမှာ ဖိအားများနေရပေသည်။
သို့သော် ဝမ်ဖုန်းသည် ဖိအားများသည်နှင့်အမျှ ပို၍စိတ်လှုပ်ရှားမိပါ၏။ ယဲ့ရှီးပိုင်၏ပါရမီသည် မိမိ၏အားထုတ်မှုနှင့် ထိုက်တန်သည်။
ယဲ့ရှီးပိုင်၏ပါရမီအရ ယဲ့ရှီးပိုင်ကို ရန်သူမဖြစ်စေရန် မိတ်ဖွဲ့ခြင်း သို့မဟုတ် ချက်ချင်းသတ်လိုက်ခြင်းဖြင့်သာ နောက်ပိုင်းပြဿနာများကို ရှင်းလင်းပြီး ဖြစ်ချေရော့မည်။ သို့မဟုတ်ပါက ယဲ့ရှီးပိုင်မှ ချမ်းသာကြွယ်ဝမှုများ စွန့်ကြဲလိုက်ပါလျှင် သူ၏ရန်သူအားလုံးမှာ အိပ်မက်ဆိုးကြီးအတွင်းသို့ ကျရောက်သွားရပေလိမ့်မည်။
လက်ရှိအခြေအနေဖြင့် ရှင်းဖုန်းသားရဲကြီးအား အနိုင်ရရန်အတွက်မူ ဝမ်ဖုန်း သေချာမှုရှိ၏။ ထို့နောက် ယဲ့ရှီးပိုင်နှင့် တိုက်ခိုက်ရပေမည်။ ဝမ်ဖုန်း ယဲ့ရှီးပိုင်ကို မသတ်လိုပါ။ မိမိ၏ဘက်တော်သားအဖြစ်သာ ပြောင်းလဲလိုသည်။
သေချာပေါက်ပင် ၎င်းမှာ နောက်ဆုံးသောရွေးချယ်မှု ဖြစ်ခဲ့ပါလျှင်မူ ရန်သူသည် ရန်သူသာ ဖြစ်နိုင်ပါ၏။ ဝမ်ဖုန်း ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပါချေ။ ယဲ့ရှီးပိုင်၏ကျင့်ကြံမှုသည် သူဆင့်ခေါ်ထားခဲ့သည့်ပုဂ္ဂိုလ်နှင့် ယှဉ်နိုင်ပါလိမ့်မည်လော။
ဒီဂိုဏ်းချုပ်၏ ရွှေလက်ချောင်းသည် အတုအယောင် ဖြစ်နိုင်ပါမည်လော? ဝမ်ဖုန်း၌ ရွှေလက်ချောင်းရှိနေသ၍ ဤလောက၏ မည်သည့်ပါရမီရှင်ဖြစ်စေ သူ့အား ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ! ??