← Chapters

နတ္ထိတောင်ကြားမှသစ်ခွပန်း။

Vol. 15 Ch. 208

နတ္ထိတောင်ကြားမှသစ်ခွပန်း။

Vol. 15 Ch. 208

“လူသားတွေ ငါဘုရင်ရဲ့နယ်မြေထဲကို ကျူးကျော်ဝံ့သလား”

ရောထွေးနေသောမိုးခြုန်းသံကဲ့သို့ အသံကြီးသည် ဝန်းကျင်တစ်ခွင်၌ လွှမ်းခြုံမြည်ဟီးသွား၏။ ရှင်းဖုန်းသားရဲကြီး၏ နီရဲသောမျက်လုံးကြီးများသည် ယဲ့ရှီးပိုင်အား စူးရဲစွာကြည့်နေခဲ့သည်။ ကြီးမားလှသည့် ဧရာမခန္ဓာကိုယ်ကြီးထက်တွင် ကြမ်းကြုတ်ခက်ထန်သော အရှိန်အဝါများမှာ ပို၍ပို၍တိုးပွားလာနေပေသည်။

ဤလောက၏အခြေအနေသည် ရုတ်ချည်းပြောင်းလဲသွား၏။ ကောင်းကင်ကြီးမှာ ရုတ်ချည်း မှုန်မှိုင်းလာခဲ့သည်။ သာမန်မျက်လုံးဖြင့် မမြင်နိုင်သော ဖိအားကြီးသည် ပတ်ဝန်းကျင်ရှိ မြင့်မားသောသစ်ပင်ကြီးများကို သိသိသာသာ လှုပ်ယိမ်းတုန်ခါစေ၍ သစ်ရွက်စိမ်းများ ကြွေကျကုန်ကြ၏။

ပုံမှန်အားဖြင့် ဤနယ်မြေအတွင်းသို့ လူသားများ ကျူးကျော်လာခဲ့ပါလျှင် ရှင်းဖုန်းသားရဲကြီးသည် ထိုလူသားအား ဝါးမြိုဖျက်ဆီးပစ်ပြီး ဖြစ်ပေရော့မည်။ သို့သော် ယဲ့ရှီးပိုင်ထံမှ အားကောင်းသည့်ခြိမ်းခြောက်မှုတစ်မျိုးကို ခံစားမိလေရာ အလျင်စလို မလှုပ်ရှားဝံ့ချေ။

“ခစ်ခစ်.. ကျွန်မတို့ရဲ့သခင်လေးက ရှင့်ရဲ့ခန္ဓာကိုယ်ထဲက ဝိဉာဉ်ပုလဲအမြုတေကို သုံးချင်လို့လေ”

အစိမ်းရောင်ဝတ်စုံဖြင့်မိန်းကလေးမှ ပါးစပ်ကိုဖုံးအုပ်လျက် တခစ်ခစ်ရယ်မော၏။ ကျီစယ်ဟန်သောမျက်လုံးအစုံမှလည်း မျက်လုံးတစ်ဖက်မှိတ်ပြလျက် ရှင်းဖုန်းသားရဲကြီးအား အလျဉ်းဂရုမထားချေ။

“ဂါးးး သေချင်နေတာပဲ!”

အစိမ်းရောင်ဝတ်စုံဖြင့်မိန်းကလေး၏ စကားများသည် ရှင်းဖုန်းသားရဲကြီးအား ဒေါသထွက်သွားစေခဲ့ကာ ဟိန်းဟောက်လေသည်။ ရှင်းဖုန်းသားရဲ၏ ဟိန်းဟောက်သံကြီးသည် အရပ်လေးမျက်နှာကို တုန်ခါသွားစေခဲ့သည်။ သားရဲကြီး၏ခန္ဓာကိုယ်အောက်ပိုင်းမှ ဓားတစ်ချောင်းထွက်လာခဲ့၍ ပစ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ဓားရောင်ခြည်သည် ချက်ချင်းပင် ယဲ့ရှီးပိုင်တို့ထံသို့ ဦးတည်‌ေနခဲ့သည်။ ဓားသွားသည် ‌တောက်ပနေလျက် ထိုဓားရောင်ခြည်သည် လေဟာပြင်၌ ကြီးမားသည့်တွင်းပေါက်ကြီးနှစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

ရှင်းဖုန်းသားရဲကြီးသည် ယဲ့ရှီးပိုင်ကို အမှန်တကယ် ကြောက်ရွံ့ပါ၏။ သို့သော် ဝိဉာဉ်ပုလဲအမြုတေသည် သူကာကွယ်တားမြစ်ပစ္စည်းဖြစ်ပြီး သူ၏အသက်စွမ်းအင်ရင်းမြစ်လည်း ဖြစ်သည်။ သို့ဖြစ်ရာ ဝိဉာဉ်ပုလဲအမြုတေအား ရယူရန်ကြိုးပမ်းသူတိုင်း သေဆုံးရပေမည်။

“သခင်လေး ဒီအစေအပါးက ကြောက်ပါတယ်လို့”

ရက်စက်ကြမ်းကြုတ်သည့် ဓားချက်ဦးတည်လာနေသည်ကို မြင်သောအခါ အစိမ်းရောင်ဝတ်စုံဖြင့်မိန်းကလေးသည် ယဲ့ရှီးပိုင်၏လက်မောင်းထဲသို့ ပို၍တိုးဝင်လျက် နူးညံ့သိမ်မွေ့စွာပြော၏။

ယဲ့ရှီးပိုင်၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ရယ်သွမ်းသွေးဟန် တွန့်ကွေးတက်သွားလျက် အစိမ်းရောင်ဝတ်စုံဖြင့်မိန်းကလေး၏ လှပသောနောက်ကျောလေးကို ညင်သာစွာပုတ်ပေးလေသည်။ ဦးတည်လာသည့်ဓားသွားမှာ ထက်ရှကြမ်းတမ်းသော်ငြား ယဲ့ရှီးပိုင်သည် တည်ငြိမ်အေးဆေးနေဆဲပင်။ စိတ်အေးသက်သာစွာဖြင့် ဝေါယာဉ်ထက်တွင် ပျင်းရိလေးပင်စွာ လဲလျောင်းနေရင်းဖြင့် နူးညံ့စွာပြော၏။

“ယွဲ့ဝူ၊ ရွှယ်ဖေး မင်းတို့နှစ်ယောက်ရဲ့ ပေါင်းစည်းတိုက်ခိုက်စွမ်းရည် ဘယ်လိုအခြေအနေရှိလဲဆိုတာ ငါ့ကိုပြစမ်းပါဦး”

“ဟုတ်ကဲ့”

ယဲ့ရှီးပိုင်၏စကားအဆုံးတွင် သူ့နောက်တွင်ရပ်နေခဲ့သည့် လှ‌ပသောအေးစက်သည့်အမျိုးသမီးနှစ်ဦးသည် အတူတကွ တုံ့ပြန်လာခဲ့ကြသည်။ ထို့နောက်တွင် သူတို့၏ခန္ဓာကိုယ်များသည် ဝေါယာဉ်‌၏ရှေ့မှောက်တွင် အလင်းတံလျှပ်အလား ရုတ်တရက်ထွက်ပေါ်လာကြ၏။ သူတို့၏မျက်လုံးလှလှလေးများ၌ အရေးမထားဟန်တို့ ထင်ဟပ်နေကြပြီး တစ်ဟုန်တိုးဦးတည်လာနေသည့် ဓားရောင်ခြည်ကို စူးရဲစွာစိုက်ကြည့်နေကြသည်။

အမျိုးသမီးနှစ်ဦးသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီးနောက် လက်သွယ်သွယ်တို့အား တစ်ချက်ပုတ်ဟန်ပြုလိုက်ရာ လက်ထဲ၌ ဓားရှည်များထွက်ပေါ်လာကြသည်။ ယွဲ့ဝူ၏ဓားရှည်သည် အဖြူရောင်ဓားရောင်ခြည် တောက်ပနေ၏။ ရွှယ်ဖေး၏ဓားရှည်သည် အေးစက်သောအရှိန်အဝါဖြင့် အပြာရောင်ဓားရောင်ခြည်များ တောက်ပနေခဲ့သည်။

ပုံမှန်အခြေအနေအားဖြင့် တာ့အိုဘိုးဘေးအစောပိုင်းအဆင့်မှ တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့်သားရဲအား ရင်ဆိုင်တိုက်ခိုက်ခြင်းသည် သေရန်တောင်းဆိုနေခြင်းသာဖြစ်၏။

သို့သော်ငြား လက်ရှိအခြေအနေတွင် ယွဲ့ဝူနှင့် ရွှယ်ဖေးတို့၏ အသက်ရှူခြင်းသည် ရှင်းဖုန်းသားရဲထက် အနည်းငယ်မျှ သာလွန်နေခဲ့သည်။

“နတ္ထိတောင်ကြားမှသစ်ခွပန်း!”

အမျိုးသမီးလေးနှစ်ဦးသည် နူးညံ့စွာလှောင်ရယ်လိုက်ပြီးနာက် သူတို့၏ခန္ဓာကိုယ်မှ ဓားအရှိန်အဝါများသည် ရုတ်ချည်း အတူတကွပေါင်းစည်းသွားကြကာ ထိုအမျိုး‌သမီးလေးနှစ်ဦးသည် လေဟာပြင်ထက်တွင် ဓားသိုင်းအကကို ကခုန်နေခဲ့သည်။

သူတို့၏အကနှင့်အတူ လေထုလွှာပါးမှ ဓားသွားပန်းလေးများ ထွက်ပေါ်လာခဲ့သည်။ လေဟာပြင်၌ ဓားသွားပန်းများပြည့်နှက်သွားသောအခါ သူတို့၏ဝန်းကျင်ရှိလေဟာပြင်မှာ စုတ်ပြဲကွဲအက်လာခဲ့သည်။

ထို့နောက် ချက်ချင်းပင် ထိုဓားသွားပန်းများသည် အင်အားတစ်ခု၏ဆွဲငင်ခြင်းကို ခံလိုက်ရသည့်အလား ဖူးပွင့်စပန်းလေးအဖြစ် ‌တဖြေးဖြေးပေါင်းစည်းလာနေခဲ့သည်။ သို့သော် ထိုပန်းပွင့်လေးများမှ အချိန်နှင့်အမျှ ထုတ်လွှတ်နေသည့် ထက်ရှသည့်ဓားအရှိန်အဝါသည် ကြည့်ရှုသူများကို အထင်မြင်မသေးရဲ ဖြစ်စေပေသည်။

တစ်ပြိုင်နက်တည်းပင် ဓားနှစ်လက်၏စွမ်းအင်သည်လည်း ထုတ်လွှတ်လာခဲ့ရာ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများကြောင့် လေဟာပြင်၏တွန့်လိမ်ပုံပျက်သွားမှုကို သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နိုင်ပေသည်။

“ပွင့်စေ!”

ရှင်းဖုန်းသားရဲ၏ဓားချက်မှ အမျိုးသမီးနှစ်ဦးကို ခုတ်ပိုင်းမိလုနီးတွင် ကလူကျီစယ်ဟန် အသံပြုလိုက်ကြကာ သူတို့၏ဓားနှစ်လက်ကို အတူတကွ ညွှန်လိုက်ကြသည်။ ပွင့်ဖူးစပန်းသည်လည်း ရုတ်ချည်း အပြည့်အဝ ပွင့်လန်းသွားတော့သည်။

ပန်းပွင့်လန်း‌သွားချိန်တွင် ရှင်းဖုန်းသားရဲ၏ဓားချက်သည်လည်း လေဟာပြင်အလယ်တွင် ပွင့်လန်းနေသည့်ပန်းပွင့်နှင့်အတူ မတိုးသာမဆုတ်သာအခြေအနေဖြင့် ထိခတ်တွန်းတိုက်နေခဲ့သည်။

ဘုန်း!

အချိန်ခဏမျှ မတိုးမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပြီးနောက် နားကွဲလုမတတ်ပေါက်ကွဲသံကြီးသည် လောကတစ်ခွင် ဖုံးလွှမ်းသွား၏။ သာမန်မျက်လုံးဖြင့်မမြင်နနိုင်သော စွမ်းအင်လှိုင်းလုံးများ အရပ်မျက်နှာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

ယွဲ့ဝူ၊ ရွှယ်ဖေးတို့နှစ်ဦးသည် အားဖြင့် ဝေါယာဉ်အနီးသို့ နောက်ပြန်တွန်းခံလိုက်ရကာ သူတို့၏နှုတ်ခမ်းထောင့်များ၌ သွေးစီးကြောင်းတစ်ခု ဖြစ်တည်သွားရသည်။ ဓားရှည်ကိုကိုင်ဆွဲသည့် ကျောက်စိမ်းဖြူလက်သွယ်သွယ်တို့မှာ အနည်းငယ်တုန်ရီနေကြလျက် မျက်နှာလှလှလေးများမှာ ဖြူဖျော့သွားကြလေသည်။

သူတို့နှစ်ဦးသည် ခုန်းကုရုန်လန် ပေါင်းစည်းတိုက်ခိုက်စွမ်းရည်ကို ပြီးပြည့်စုံသည်အထိ လေ့ကျင့်ထားခဲ့ကြပြီး ကျင့်ကြံဆင့်မှာလည်း တာ့အိုဘိုးဘေးအစောပိုင်းအဆင့်သို့ ရောက်ရှိကြပြီးဖြစ်သော်ငြား ရှင်းဖုန်းသားရဲကဲ့သို့သော သားရဲကြီးဖြင့် ရင်ဆိုင်တိုက်ခိုက်ရာတွင်မူ သူတို့၏စွမ်းရည်မှာ အနည်းငယ် မလုံလောက်နိုင်ချေ။ ရှင်းဖုန်းသားရဲ၏ တိုက်ခိုက်မှုကို ခုခံဟန့်တားနိုင်ခဲ့ခြင်းသည်ပင် တော်လွန်းနေပြီဖြစ်သည်။

သာမန်တာ့အိုဘိုးဘေးအဆင့်ကျင့်ကြံသူများမှာ ရှင်းဖုန်းသားရဲ၏ဓားချက်ကို ခုခံဟန့်တားနိုင်မည် မဟုတ်ပေ။

သားရဲမိစ္ဆာဟူသောဖြစ်တည်မှုသည် အဆင့်တူညီသော လူသားဖြစ်လျှင်သော်မှ သားရဲမိစ္ဆာမှ အနည်းငယ် သာလွန်တတ်မြဲဖြစ်သည်။ ရှင်းဖုန်းသားရဲကဲ့သို့ ထူးကဲသာလွန်သည့်အထုံပါရမီဖြင့် ရက်စက်ကြမ်းကြုတ်သည့်သားရဲဟူသည် တွေးတောမှန်းဆရန်ပင် မလိုအပ်ချေ။

သစ်ပင်ကြီး၏နောက်တွင် ပုန်းကွယ်နေသည့်ဝမ်ဖုန်းမှာ ထိုမြင်ကွင်းကြောင့် မျက်လုံး၌ အလင်းတစ်စဖြတ်ပြေးသွားကာ အနည်းငယ်တွေးဆနေခဲ့သည်။

မိမိတို့ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း ပေါင်းစည်းတိုက်ခိုက်စွမ်းရည်ကို ဖန်တီးခြင်းဖြင့် ဂိုဏ်းတပည့်များကို ဂိုဏ်းအကြီးအကဲများနှင့် လေ့ကျင့်စေသင့်သည်လော? ဤပေါင်းစည်းတိုက်ခိုက်စွမ်းရည်ကို ကောင်းစွာ‌လုပ်ဆောင်နိုင်ပါလျှင် ၎င်း၏စွမ်းအားသည် ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်မှာ မလွဲမသွေပင်!

ဆင့်ခေါ်ထားသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်များအားလုံးကို တူညီသည့် ပေါင်းစည်းတိုက်ခိုက်စွမ်းရည်အား လေ့ကျင့်စေပြီး ပူးပေါင်းတိုက်ခိုက်စေလိုက်ပါလျှင် နတ်ဘုရားမှ တားဆီးလျှင် နတ်ဘုရားကို သုတ်သင်ရှင်းလင်း၍ ဗုဒ္ဓမှ တားဆီးပါလျှင် ဗုဒ္ဓအား သုတ်သင်ပစ်လိမ့်မည်ကို စိုးရွံ့ရပေသည်။

တွေးတောလေလေ ပို၍စိတ်လှုပ်ရှားလေလေ ဖြစ်လာရရာ ဝမ်ဖုန်း စိတ်ထဲမှ မေးလိုက်သည်။

“စနစ် ဆင့်ခေါ်ထားတဲ့ဇာတ်ကောင်တွေအတွက် သင့်တော်မယ့် ပေါင်းစည်းစွမ်းရည်တွေ ရယူဖို့နည်းလမ်းရှိလား”

ဝမ်ဖုန်းသည် ထူးကဲသည့်အရည်အချင်း အသီးသီးဖြင့် ဇာတ်ကောင်များကို ဆင့်ခေါ်ထားခဲ့သည်။ လောကတစ်ခွင်၌ သူတို့အားလုံးသည် ကြီးမြတ်သောပါရမီရှင်များ ဖြစ်ကြ၏။ သို့ဖြစ်ရာ သူတို့အတွက် ပေါင်းစည်းတိုက်ခိုက်စွမ်းရည်အား လေ့ကျင့်ရန်မှာ လွယ်ကူသည့်အရာ မဟုတ်နိုင်ချေ။

ထို့ပြင် ဇာတ်ကောင်တစ်ဦးချင်းစီ၌ မတူညီသော ကျင့်ကြံမှုလမ်းစဉ်များ ရှိကြသည်ဖြစ်ရာ သူတို့နှင့်သင့်တော်မည့် ‌ပေါင်းစည်းတိုက်ခိုက်ခြင်းလမ်းစဥ်ကို ရှာဖွေရန်မှာ မလွယ်ကူပေ။

“ဒင်! စနစ်အား အဆင့်၇သို့မြှင့်တင်လိုက်ပါလျှင် စနစ်ဈေးတန်း ပွင့်သွားမှာဖြစ်ပါတယ်။ စနစ်ဈေးတန်းပွင့်သွားတဲ့အခါ ပေါင်းစည်းတိုက်ခိုက်ခြင်းစွမ်းရည်တွေကို လဲလှယ်နိုင်ပါပြီ”

“စနစ်ဈေးတန်း?”

ဝမ်ဖုန်း၏မျက်လုံးများ၌ သံသယများ ထင်ဟပ်သွား၏။

“ဒင်! စနစ်ဈေးတန်းမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ၊ ဆန်းကြယ်ပညာရပ်တွေ၊ ဆန်းကြယ်စွမ်းရည်တွေအပြင် ရုပ်ခန္ဓာ၊သွေးမျိုးဆက်အထိ အများအပြားရှိပါတယ်။ လဲလှယ်ရန် ဂိုဏ်းအမှတ်အလုံအလောက်ရှိသ၍ မည်သည့်အရာကိုမဆို လဲလှယ်ယူနိုင်ပါတယ်”

အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း အံ့အားသင့်သွား၏။ ဝမ်ဖုန်းမှ ရှန်ရှန့်ကျုံဂိုဏ်းကို စတင်ဖန်တီးခဲ့ချိန်၌ အမှန်တရားသဖွယ် သူကြွားဝါပြောဆိုခဲ့သည်များမှာ နောက်ဆုံးတွင်တော့ အမှန်တကယ် ဖြစ်လာတော့မည် မဟုတ်ပါလော။

ကနဦး၌ ဝမ်ဖုန်းသည် ရုပ်ခန္ဓာ၊သွေးမျိုးဆက်ကို ရယူလိုပါလျှင် ဆင့်ခေါ်ခဲ့ပြီးသောဇာတ်ကောင်၏ ရုပ်ခန္ဓာနှင့် သွေးမျိုးဆက်ကိုရရှိရန် ထီလက်မှတ်ကိုသာ မှီခိုနိုင်မည်ဟု တွေးထင်ထားခဲ့ခြင်းဖြစ်သည်။ ဝမ်ဖုန်းသည် ထီလက်မှတ်သုံးစွဲချိန်တွင် ဇာတ်ကောင်၏ ရုပ်ခန္ဓာ၊သွေးမျိုးဆက်ကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့သောကြောင့် မိမိမှာ ကံဆိုးလွန်းသည်ဟု တွေးခဲ့ဖူးလေသည်။ သို့သော် မမျှော်လင့်စွာဖြင့် ၎င်းသည် ဂိုဏ်းအမှတ်ဖြင့် လဲလှယ်ရယူနိုင်ပေသည်။

ဝမ်ဖုန်း၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်လာခဲ့သည်။ ဝမ်ဖုန်း အင်အားကြီးမားသည်နှင့်အမျှ စနစ်သည်လည်း လုပ်ငန်းဆောင်တာများကို ပို၍ပို၍ဖွင့်လှစ်ပေး၏။ သို့ဖြစ်ရာ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ပို၍ပို၍ အင်အားကြီးမားလာမည်ဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ တိုးတက်မှုကို မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအားလုံး၌ အထူးရုပ်ခန္ဓာများ ပိုင်ဆိုင်ထားကြပါလျှင် ဤလောကရှိ မည်သူကများ သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို ယှဉ်ပြိုင်ဝံ့ပါလိမ့်မည်နည်း။

“အင်း မင်းတို့ရဲ့ ပေါင်းစည်းတိုက်ခိုက်စွမ်းရည်က ရှင်းဖုန်းသားရဲကို မယှဉ်နိုင်ပေမယ့် သာမန်တာ့အိုဘိုးဘေးအဆင့် ကျင့်ကြံသူတွေကိုတော့ အေးအေးဆေးဆေး ရင်ဆိုင်တိုက်ခိုက်နိုင်တယ်။ ငါသခင်လေး စိတ်‌‌ကျေနပ်တယ်။ မင်းတို့အရင် နောက်ဆုတ်လိုက်.. ဒီသခင်လေးကို လက်လွှဲပေးလိုက်တော့”

ဝမ်ဖုန်းမှ တွေးတောကြံဆနေစဉ်တွင် နူးညံ့သိမ်မွေ့သည့်အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။ ဝမ်ဖုန်းမှာ အသံကြောင့် အသိစိတ်ပြန်ဝင်သွား၍ ခေါင်းမော့ကြည့်လိုက်သည်။

နောက်ဆုံး‌တွင်တော့ ယဲ့ရှီးပိုင်သည် ဝေါယာဉ်ထက်မှ ထလာခဲ့လေပြီ။ ယဲ့ရှီးပိုင်သည် လေဟာပြင်ထက်တွင် ရပ်နေလျက် တည်ငြိမ်သည့်မျက်နှာဖြင့် ရှင်းဖုန်းသားရဲကြီးအား ငုံ့ကြည့်နေခဲ့သည်။

All Chapters