← Chapters

ကောင်းကင်ဘုံ၏ချမ်းသာကြွယ်ဝမှုကိုစုစည်း၊ နဂါးဝိဉာဉ်ကိုစွန့်ကြဲ။

Vol. 15 Ch. 209

ကောင်းကင်ဘုံ၏ချမ်းသာကြွယ်ဝမှုကိုစုစည်း၊ နဂါးဝိဉာဉ်ကိုစွန့်ကြဲ။

Vol. 15 Ch. 209

ဝမ်ဖုန်း၏အကြည့်များသည် ယဲ့ရှီးပိုင်နှင့် ရှင်းဖုန်းသားရဲထံသို့ အလုံးစုံ အာရုံစူးစိုက်ထားလျက်ရှိသည်။ ဝမ်ဖုန်းသည် ယဲ့ရှီးပိုင်၏အင်အားကို မြင်တွေ့ချင်ပါ၏။

သို့သော် ယဲ့ရှီးပိုင်သည် မည်မျှအင်အားကြီးမားသည်ဖြစ်စေ နောက်ဆုံးသော အောင်နိုင်သူမှာ မိမိသာ ဖြစ်ရပေမည်။

“လူသား အခုချက်ချင်း ထွက်သွားလိုက်တော့။ ခုနက မိန်းကလေးတွေရဲ့အပြစ်ကို ငါဘုရင် လျစ်လျူရှုပေးမယ်”

ရှင်းဖုန်းသားရဲ၏ နီရဲသည့်မျက်လုံးကြီးများသည် ယဲ့ရှီးပိုင်အား စူးရဲစွာစိုက်ကြည့်လျက် ပြော၏။

ရှင်းဖုန်းသားရဲသည် ကျင့်ကြံမှုမြင့်မားသော်ငြား သူ၏ထူးကဲသည့်သားရဲရုပ်ခန္ဓာကြောင့် လူသားအသွင်သို့ ‌မပြောင်းလဲနိုင်ပေ။ သို့သော် သင့်တော်သည့် ဉာဏ်ပညာကို ပိုင်‌ဆိုင်ထား၏။

ထိုလူငယ်သည် သူ့အား ခြိမ်းခြောက်မှုတစ်မျိုး ခံစားမိစေကာ ပေါင်းစည်းတိုက်ခိုက်စွမ်းရည်ဖြင့် လူသားနှစ်ယောက်လည်း ရှိနေသေး၏။ အခြေအနေမှာ သူ့အတွက် အလွန်အကျိုးနည်းပေသည်။

လူသားများကဲ့သို့ပင် မိစ္ဆာများသည်လည်း အကျိုးအမြတ်ကို မည်သို့ရှာဖွေရမည်၊ ဆိုးကျိုးများကို မည်သို့ရှောင်တိမ်းရမည်ကို အလိုအလျောက် သိရှိထားကြပါ၏။ ရှင်းဖုန်းသားရဲကြီးသည် မောက်မာထောင်လွှားသော်ငြား ကပ်ဘေးနှင့်ကြုံတွေ့ရချိန်တွင် ရူးမိုက်တုံးအစွာ ပြေးဝင်ရင်ဆိုင်လိမ့်မည် မဟုတ်ချေ။

‘မိန်းကလေးလား? ဘယ်သူက မိန်းကလေးလဲ?’

ရှင်းဖုန်းသားရဲ၏စကားကို ကြားသောအခါ အစိမ်းရောင်ဝတ်စုံဖြင့်အမျိုးသမီးသည် စိတ်မကျေနပ်စွာဖြင့် နှုတ်ခမ်းစူတော့သည်။ ‘ကျင့်ကြံမှုအားနည်းတာကြောင့် မဟုတ်ရင် ဒီအမျိုးသမီးအိုကြီးက နင်လိုရုပ်ဆိုးတဲ့မိစ္ဆာကောင်ကို အပိုင်းပိုင်းလုပ်ပစ်တယ်!!’

ယဲ့ရှီးပိုင် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ထို့နောက် စကားမဆိုလာချေ။ လက်တွေ့လှုပ်ရှားမှုဖြင့်သာ သူ၏ရွေးချယ်မှုကို သက်သေပြ၏။ ယဲ့ရှီးပိုင်သည် သူ၏ဖြူ‌ေဖွးသွယ်လျသောလက်ကို ဆန့်ထုတ်၍ ခပ်သာသာဆွဲကိုင်ဟန်ပြုလိုက်ရာ ရွှေရောင်တောက်ပနေသည့်ဓားရှည်တစ်လက် သူ၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုရွှေရောင်ဓားရှည်မှာ ကမ္ဗည်းစာများသိပ်သည်းစွာ ရေးထိုးထားပြီး ဓားရိုးထက်တွင် ရုပ်လုံးကြွစွာသော နဂါးပုံသဏ္ဍာန်သည်လည်း ထင်ရှားနေခဲ့သည်။ ၎င်းမှာ နဂါးကိုင်စွဲသည့်ဓားရှည်ဖြစ်ပြီး သူ့အား ပြိုင်ဘက်ကင်းစွမ်းအားကို ရရှိစေခဲ့သည့် ချမ်းသာခြင်းလမ်းစဉ်ကို ရရှိခဲ့ရာ ရှေးဟောင်းတားမြစ်နယ်မြေမှ ရရှိခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်အတန့်၏ ယဲ့ရှီးပိုင်မှာ ပြိုင်ဘက်ကင်းဓားနတ်ဘုရားတစ်ပါးအလား ခန္ဓာကိုယ်တစ်ခုလုံးမှာ ထက်ရှသည့် ဓားသွားများဖြင့် ပြည့်နှက်နေပေသည်။ တစ်ပြိုင်နက်တည်းပင် ယဲ့ရှီးပိုင်၏နောက်ဘက်၌ ရွှေရောင်အလင်းတန်းများ တောက်ပနေသည့် ကြေးဝါပြား၆ခု ထွက်ပေါ်လာခဲ့သည်။

ထိုကြေးဝါပြား၆ခု ပေါ်ထွက်လာမှုသည် ယဲ့ရှီးပိုင်၏အရှိန်အဝါကို သက်ရောက်မှုမရှိသည့်အပြင် လျှို့ဝှက်ဆန်းကြယ်မှုတစ်မျိုးကိုပါ ဖြစ်တည်သွားစေခဲ့သည်။

“ဓားကိုထုတ်ယူ၊ ချမ်းသာကြွယ်ဝမှုကိုစွန့်ကြဲ၊ ဝိဉာဉ်ကျိုးပျက်!”

ယဲ့ရှီးပိုင်မှ မျက်လုံးကို အနည်းငယ်မှေးကျဉ်း၍ နူးညံ့စွာရေရွတ်၏။ ဓားရှည်ကို ထက်ရှစွာလွှဲရမ်းလိုက်ခြင်းနှင့်အတူ ဓားရောင်ခြည်သည်လည်း ရုတ်ချည်းထွက်ပေါ်လာ၏။ ဓားရောင်ခြည်၏အနီးတွင် ကြေးဝါပြားများ ဖြန့်ကျက်တည်ရှိနေသည်။

ထိုကြေးဝါပြားများသည် ဓားရောင်ခြည်ကို ဖြည့်စွက်ပေးနေသည်မှာ ‌၎င်းကြေးဝါပြားများသည် ဓားရောင်ခြည်အထက်ရှိ ဓားစွမ်းအင်များအလား ထင်မှတ်ရပေသည်။

ဓားရောင်ခြည်ကို ပစ်လွှတ်လိုက်သည်တွင် ကောင်းကင်ဘုံနှင့်ပထဝီမြေကြီးမှာ တုန်ခါသွားရသည်။ ဓားရောင်ခြည် ဖြတ်သွားရာတစ်လျှောက်၌ လေဟာပြင်သည် အက်ကွဲသွားခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ပျက်စီးသွားတော့မည့်အလား လျှပ်စီးမိုးကြိုးများ အဆက်မပြတ် ထစ်ခြုန်းနေခဲ့သည်။

ယဲ့ရှီးပိုင်၏ဓားစွမ်းအင်ကို ခံစားမိသောအခါ ရှင်းဖုန်းသားရဲကြီး၏ ကြီးမားသောမျက်လုံးအိမ်များမှာ ကျဉ်းကျုံ့သွားကြလျက် ထိုစွမ်းအင်ကို လျစ်လျူမရှုဝံ့တော့ချေ။ ဤတစ်ကြိမ်သည် ယွဲ့ဝူ၊ရွှယ်ဖေးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ကဲ့သို့ မဟုတ်နေတော့ချေ။

ရှင်းဖုန်းသားရဲကြီးသည် လက်နှစ်ဖက်ကိုဆန့်ထုတ်၍ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ ဓားကိုထုတ်ယူ၍ လက်သည်းကြီးများနှင့် ကုတ်ယူကိုင်ဆောင်ထားလျက် ကြမ်းကြုတ်ခက်ထန်စွာ လှုပ်ရှား၏။

ရှင်းဖုန်းသားရဲအကြောင်းကို သိရှိထားသူများသည် ရှင်းဖုန်းသားရဲမှ သူ၏ပင်မခန္ဓာကိုယ်အား ထုတ်ဖော်ပြသခြင်းမှာ သင့်အား မျက်လုံးထဲပင်မထည့်‌ဟု အဓိပ္ပာယ်ရပြီး သူ၏န္ဓာကိုယ်အောက်ပိုင်းမှ ဓားကိုထုတ်ယူ၍ လက်နက်အဖြစ်အသုံးပြုပါလျှင် သူ၏အင်အားအကြီး‌ဆုံးသော တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြင့် တိုက်ခိုက်တော့မည်ဟု အဓိပ္ပာယ်ရသည်ကို သိကြပေလိမ့်မည်။

သိပ်သည်းစွာသော ဓားအကာအကွယ်သည် ရေကန်၏နေရာအများစုကို ကာဆီးထားခဲ့ပြီး ရေကန်ထဲမှ ရေများကိုပင် ခွဲခြားလိုက်ပေသည်။

ထိုအချိန်တွင် ယဲ့ရှီးပိုင်မှ ထုတ်လွှတ်လိုက်သည့် ဓားချက်သည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး ရေကန်ထဲမှ ရေများမှာ နှစ်ပိုင်းကွဲသွားတော့သည်။ ယဲ့ရှီးပိုင်၏‌ဓားချက်သည် ရှင်းဖုန်းသားရဲ၏ ဓားအကာအကွယ်ပေါ်သို့ ပြိုင်ဘက်ကင်းစွမ်းအင်ဖြင့် ကျရောက်သွားခဲ့၏။

ဘုန်း!

ကြောက်မက်ဖွယ်စွမ်းအင်မုန်တိုင်းကြီးသည် အရပ်လေးမျက်နှာသို့ ရုတ်ချည်းပျံ့နှံ့သွားခဲ့ကာ ရေကန်ကြီးတစ်ခုလုံးမှာ ပေါက်ကွဲထွက်သွားလျက် ကျောက်စရစ်များ‌၊ မြေမှုန့်များသည်လည်း လွင့်စင်ထွက်ကုန်လေသည်။

ထိုကြောက်မက်ဖွယ်စွမ်းအင်မုန်တိုင်း၏ တိုက်စားမှုကြောင့် မိုင်ထောင်ချီအကွာအဝေးရှိ မြင့်မားစွာသော သစ်ပင်အိုကြီးများမှာ အမှုန့်ကြေသွားကြလျက် လေနှင့်အတူ လွင့်မျောသွားကြသည်။

သို့ဖြစ်၍ ဝမ်ဖုန်းတို့အုပ်စုသည်လည်း သစ်ပင်ကြီးမှ စွန့်ခွာ၍ ကျောက်တုံးကြီးသို့ ရွှေ့ပြောင်းပုန်းကွယ်ရန် ဟန်ပြင်ရတော့သည်။ ကျောက်တုံးကြီးသည်လည်း နှစ်ပိုင်းကွဲသွားခဲ့သော်ငြား ဝမ်ဖုန်းတို့အုပ်စု ပုန်းကွယ်ရန်အတွက်မူ လုံလောက်သည်။

“ဂါးးး”

ကောင်းကင်ပြိုကျလုမတတ်သော ဟိန်းဟောက်သံကြီးသည် လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။ ရှင်းဖုန်းသားရဲ၏ ဧရာမခန္ဓာကိုယ်ကြီးသည်လည်း ရုတ်တရက် ‌နောက်ဆုတ်သွားလေသည်။ ရှင်းဖုန်းသားရဲသည် ဓားကိုလွှဲရမ်း၍ ‌ယဲ့ရှီးပိုင်အား တိုက်ခိုက်၏။ အခြားသော လက်၆ချောင်းမှလည်း ယဲ့ရှီးပိုင်၏ဦးခေါင်သို့ တစ်ပြိုင်နက်တည်း ဦးတည်ခုတ်ပိုင်းပေသည်။

ထို့ပြင် သူ၏ခန္ဓာကိုယ်ကြီးရှိ မျက်လုံးများမှာလည်း ထူးဆန်းသည့်အလင်းတစ်မျိုး လင်းလက်လာခဲ့ရာ ယဲ့ရှီးပိုင်မှာ အချိန်ခဏမျှ အသိစိတ်ကင်းလွတ်သွားရသည်။

ယဲ့ရှီးပိုင်မှ ထိုသို့မိန်းမောတွေဝေနေသည့် အခိုက်အတန့်တွင် ရှင်းဖုန်းသားရဲကြီးသည် အားကုန်ခုတ်ပိုင်းတိုက်ခိုက်၏။

အဝေးရှိဝမ်ဖုန်းသည်ပင် အနည်းငယ်တုန်လှုပ်သွားရ၏။ ဤရှင်းဖုန်းသားရဲသည် ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏သားရဲဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ ဤသို့သောရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုမှာ သာမန်လူများ ခံနိုင်ရည်ရှိသည့် တိုက်ခိုက်ခြင်းမျိုး မဟုတ်ပါချေ။

ထိုကြောက်မက်ဖွယ်တိုက်ကွက်ကြီးသည် ယဲ့ရှီးပိုင်သို့ ကျရောက်တော့မည်ကို မြင်သောအခါ ရှင်းဖုန်းသားရဲကြီး၏မျက်လုံးများမှ ကျီစယ်နောက်ပြောင်လိုခြင်းများ ဖြတ်ပြေးသွား၏။ လူသားများသည် ပုရွက်ဆိတ်များကဲ့သို့ သေးနုပ်အားနည်းလွန်း၏။ အဘယ်သို့များ မိမိကဲ့သို့ ရှင်းဖုန်းသားရဲနှင့် ယှဉ်နိုင်ပါမည်နည်း။

သို့သော်ငြား တစ်စက္ကန့်ခန့်မျှအကြာတွင် ရှင်းဖုန်းသားရဲ၏ ကျီစယ်လိုဟန်သော အရိပ်အယောင်များမှာ ရပ်တန့်သွားရ၏။ ထိုအစား မယုံကြည်နိုင်ခြင်းများ ထင်ဟပ်လာခဲ့သည်။

သာမန်တာ့အိုဘိုးဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို ဖြူဖျော့သွားစေရန် လုံလောက်သည့် ကြမ်းကြုတ်သည့်တိုက်ကွက်သည် ယဲ့ရှီးပိုင်၏နောက်ဘက်ရှိ ကြေးဝါပြား၏ အလွယ်တကူခုခံခြင်းကို ခံလိုက်ရ၏။ ယဲ့ရှီးပိုင်မှာ စိုးစဉ်းသော်မျှ ထိခိုက်သွားခြင်း မရှိချေ။

ထိုမြင်ကွင်းကြောင့် ရှင်းဖုန်းသားရဲကြီးမှာ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ ဒီလူသားက နည်းနည်းတော့ အရမ်းသန်မာလွန်နေတာ မဟုတ်ဘူးလား?

ဝမ်ဖုန်းသည်လည်း အံ့အားသင့်သွားရသည်။ ဝမ်ဖုန်း စိတ်ထဲမှမေးလိုက်၏။

“စနစ် ယဲ့ရှီးပိုင်ရဲ့နောက်က ကြေးဝါပြား၆ပြားက ဘာတွေလဲ? အဲဒါတွေက ဘယ်လိုလုပ်ပြီး ရှင်းဖုန်းသားရဲကြီးရဲ့ ကြမ်းကြုတ်တဲ့တိုက်ကွက်ကို ဟန့်တားနိုင်ခဲ့တာလဲ”

“ဒင်! အဲဒီ့‌ကြေးဝါပြား၆ပြားကို ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းဒင်္ဂါးလို့ ခေါ်ပါတယ်။ ယဲ့ရှီးပိုင်က ချမ်းသာကြွယ်ဝမှုစွ့န်ကြဲခြင်းလမ်းစဉ်နဲ့ လူ၆ဦးဆီကနေ စုပ်ယူခဲ့ပြီးပြီလို့ အဓိပ္ပာယ်ရပါတယ်”

“‌ချမ်းသာကြွယ်ဝမှုစွန့်ကြဲဒင်္ဂါး၆ပြားက ယဲ့ရှီးပိုင်ရဲ့ကျင့်ကြံမှုစုပ်ယူခြင်းကို ကိုယ်စားပြုရုံတင်မကဘဲ ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်ရဲ့ အနှစ်သာရလည်းဖြစ်ပါတယ်”

စိတ်ထဲမှထွက်ပေါ်လာသော အေးစက်သည့်အသံသည် ဝမ်ဖုန်းကို နားလည်သွားစေခဲ့ပြီး ခပ်သာသာ ခေါင်းညိတ်လိုက်၏။

တစ်ချိန်တည်း၌ ရှင်းဖုန်းသားရဲ၏ ကြမ်းကြုတ်သည့်တိုက်ကွက်ကို ခံယူရပြီးနောက်တွင် ယဲ့ရှီးပိုင်မှ ချက်ချင်းတုံ့ပြန်၏။ လက်‌ဖျောက်တစ်ချက်ဖြင့် ငွေဒင်္ဂါးပြားတစ်ခု ထွက်ပေါ်လာစေခဲ့ကာ ထို့နောက်တွက် ဓားရှည်တစ်လျှောက်၌ ငွေဒင်္ဂါးများ ကူးပွားစေခဲ့သည်။

“ကောင်းကင်ဘုံ၏ချမ်းသာကြွယ်ဝမှုကိုစုစည်း၊ နဂါးဝိဉာဉ်ကိုစွန့်ကြဲ! ခုတ်ပိုင်း!”

ယဲ့ရှီးပိုင်သည် ခပ်ဖျော့ဖျော့လှောင်ရယ်လိုက်၏။ ကျယ်‌ပြောသောစွမ်းအင်များ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။

“ဝှစ်!!”

နဂါး၏ဟိန်းဟောက်သံကဲ့သို့သော ဓား၏ဟိန်းဟောက်သံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ယဲ့ရှီးပိုင်သည် လုံချင်ဓားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ ခေါင်းကိုမော့၍ ရုတ်ချည်းခုတ်ပိုင်းချလိုက်၏။ ဓားရောင်ခြည်သည်လည်း ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

ခုတ်ပိုင်းလိုက်ခြင်းနှင့်အတူ ဓားရောင်ခြည်သည် နဂါးတစ်ကောင်၏သဏ္ဍာန်ပြောင်းလဲသွားခဲ့ပြီး ရှင်းဖုန်းသားရဲအား ကြမ်းကြုတ်စွာဟိန်းဟောက်လေသည်။

နတ်နဂါးပေါ်ထွက်လာသောအခါ ကြောက်မက်ဖွယ်သောနဂါးအရှိန်အဝါသည် ထက်ရှသည့်ဓားစွမ်းအင်ဖြင့် ပေါင်းစည်းသွားခဲ့ပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုနတ်နဂါးသည် အမှန်တကယ် သက်ရှိနဂါးတစ်ကောင်အလား အသက်ဝင်နေသည်မှာ အံ့ဩဖွယ်ကောင်းလှသည်။ ခန္ဓာကိုယ်ထက်ရှိ ကြေးခွံများမှာ ဒင်္ဂါးများနှင့် တစ်ထပ်တည်းတူညီပေသည်။

“ဂါးးး”

ယဲ့ရှီးပိုင်၏ဓားချက်နှင့် ရင်ဆိုင်ရသည်တွင် ရှင်းဖုန်းသားရဲကြီးမှာ ဖိမ့်ဖိမ့်တုန်လာခဲ့၏။ ထိုဓားမှ အလွန်အားကောင်း၍ သေစေနိုင်သောခြိမ်းခြောက်မှုတစ်မျိုးကို ခံစားရပေသည်။ ရှင်းဖုန်းသားရဲကြီးမှာ နောက်လှည့်၍ ထွက်ပြေးချင်စိတ်ပင် ဖြစ်ပေါ်လာရသည်။ သို့သော် ထိုဓားရောင်ခြည်သည် တင်းကြပ်စေ့စပ်စွာ ကျရောက်လာခဲ့သည်ဖြစ်ရာ လွတ်မြောက်လမ်းမရှိချေ။

ရှင်းဖုန်းသားရဲကြီးမှာ ကျည်ဆံကို ထိပ်တိုက်ရင်ဆိုင်ရန်သာ တတ်နိုင်တော့သည်။ သို့ဖြစ်၍ ခန္ဓာကိုယ်တစ်ခုလုံးမှာ စွမ်းအင်အလုံးစုံကို ဖြာထွက်စေ၍ တန်ပြန်တိုက်ခိုက်လေသည်။

All Chapters