← Chapters

မိစ္ဆာဓားနတ်ဘုရားရဲ့ ကိုယ်ရည်သွေး ရောဂါ

Vol. 31 Ch. 452

မိစ္ဆာဓားနတ်ဘုရားရဲ့ ကိုယ်ရည်သွေး ရောဂါ

Vol. 31 Ch. 452

ဗိုလ်ချုပ်ရီသည် သူ့မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားသည်။

ယင်းက တကယ်ကို ရှက်စရာ ကောင်းလွန်းနေ၏။

သူသည် လက်ညှိုးကို တွန့်ကွေးလိုက်ပြီး မှော်စွမ်းအင်ကိုသုံး၍ ကောင်းကင်ပိုင်းဖြတ်ဓားကို ပြန်ယူလိုက်သည်။

ဓားကိုကိုင်ထားစဉ် ဒေါသနှင့် ရန်လိုသော ချာတိတ်လေးသည် အခန်းထောင့်သို့ ချက်ချင်း ပြန်ဆုတ်သွားပြီး သူရဲဘောကြောင်သူ အဖြစ်သို့ ပြန်လှည် ရောက်ရှိသွားသည်။

သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး မိစ္ဆာဓားနတ်ဘုရားဟု ယုံနိုင်စရာ တစ်ကွက်မှမရှိပေ။

ထောင်အုပ်လျန့် "ဗိုလ်ချုပ်ရီ.. မိစ္ဆာဓားနတ်ဘုရားရဲ့ မူလစရိုက်က ဒီလိုပဲလား"

ဗိုလ်ချုပ်ရီက မေးစေ့ကို ပွတ်သပ်ပြီး ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး.. ဒီအဖိုးကြီး ဒီစရိုက်နှစ်ခုစလုံးကို လွန်ကဲတဲ့ စရိုက်တွေလို့ ခံစားရတယ်.. ငါ့ဂျူနီယာညီလေးက ပုံမှန်ဆိုရင် ဒီလိုမဟုတ်ပါဘူး"

"သူက ပုံမှန်အားဖြင့် ရန်လိုတတ်ပေမဲ့ အကြောင်းမဲ့သက်သက်တော့ ဘာပြဿနာမှလုပ်မှာမဟုတ်ဘူး.. ဒါကြောင့် ဓားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီအဖိုးကြီးက အရမ်းထူးဆန်းနေတယ်လို့ ခံစားရတယ်"

ထောင်အုပ်လျန့်က သက်ပြင်းချလိုက်သည်။

"ဒါဆို ဟိုလူပြောတဲ့အတိုင်း ဖြစ်နေတာပဲ"

"ဘယ်သူလဲ"

ဗိုလ်ချုပ်ရီ အံ့ဩသွားသည်။

ထောင်အုပ်လျန့် "အမှန်အတိုင်းပြောရမယ်ဆိုရင် မိစ္ဆာဓားနတ်ဘုရားကို စမ်းသပ်တဲ့သူက အင်မော်တယ်ထုန်ရာပဲ.."

"ဒါရိုက်တာကျိုးက အထူးတလည် ဆက်သွယ်ခဲ့လို့ ဂန္ဓမာကျွန်းကနေ အပြေးအလွှား ရောက်လာပြီး စစ်ဆေးပေးခဲ့တယ်"

ဗိုလ်ချုပ်ရီက ခေါင်းညိတ်ပြီး မေးလိုက်သည်။

"ဒါဆို သူ့ရဲ့ ကို ကုသဖို့ နည်းလမ်းရှိလား"

ထောင်အုပ်လျန့် "အင်မော်တယ်ထုန်ရာကတော့ ကိုယ်ရည်သွေးရောဂါကို ဆေးဝါးနဲ့ ကုသလို့ မရဘူးလို့ ပြောခဲ့တယ်.. သူ့ရဲ့ အာရုံကြောတွေ တည်ငြိမ်အောင်ပဲ ကူညီပေးနိုင်တယ်လို့ ဆိုခဲ့တယ်"

ဤကမ္ဘာပေါ်တွင် ကိုယ်ရည်သွေး ရောဂါကို ကုသနိုင်သည့် ဆေးပညာရှင် မရှိသေးပေ။

သို့ရာတွင် အင်မော်တယ်ထုန်ရာက တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး ထောင်အုပ်လျန့် ခံစားရသည်။

"ငါသိဖို့ မသင့်လျော်တဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

ထောင်အုပ်လျန့်က စုန့်ဟိုင်ထောင်တွင် နှစ်ရာပေါင်းများစွာ ထိပ်တန်းရာထူးကို သိမ်းပိုက်ခဲ့သူ ဖြစ်၍ ခန္ဓာကိုယ် ဘာသာစကားကို ဖတ်ရှုရာတွင် အခြားသူများထက် သာလွန်သည်။

အကယ်၍ လူတစ်ဦးတွင် ဖုံးကွယ်စရာ တစ်ခုခုရှိလျှင် အတင်းအကျပ် မမေးသင့်ပေ။

ဗိုလ်ချုပ်ရီက အင်မော်တယ်ထုန်ရာ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို သံသယမရှိခဲ့ပေ။

ထိုအချိန်က ထုန်ရာမျိုးနွယ်သည် ရှောင်မျိုးနွယ်စုကို လုံးဝ မရှုံးနိမ့်ခဲ့ပေ။

ထို့အပြင် ဗိုလ်ချုပ်ရီ သိထားသည့်အတိုင်း ဆိုလျှင် အင်မော်တယ်ထုန်ရာသည် ထုန်ရာ မျိုးနွယ်စု၏ "သံသရာကိုးပါး စေတီ "ကို ဆက်ခံသူလည်း ဖြစ်သည်။

ဤသည်မှာ ထုန်ရာ မျိုးနွယ်စု၏ ဘိုးဘွားပိုင် မှော်ရတနာ နှင့် ကမ္ဘာ့ဖီဆန် မှော်ရတနာ လက်နက်တစ်ပိုင်း ဖြစ်သည်။

ဤသံသရာကိုးပါး စေတီသည် မျိုးနွယ်စုတစ်စုလုံး၏ တစ်သက်တာ အမွေအနှစ် ဖြစ်ရုံသာမက အလွန် အစွမ်းထက်သည့် မှော်လက်နက်တစ်ခုလည်း ဖြစ်သည်။

သို့သော် ဤမှော်လက်နက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ပွဲကြီး တစ်ခုတွင် ကြီးကြီးမားမား ပျက်စီးခဲ့ပြီး ယခုတိုင် ပြုပြင်မွမ်းမံနေရဆဲဟု ဗိုလ်ချုပ်ရီ ကြားသိခဲ့ရသည်။

အင်မော်တယ်ထုန်ရာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက်မှသာ ထိုလက်နက် ပျက်စီးသွားသည်ကို သူသိခဲ့ရ၏။

ထို့နောက်တွင် သူက ထန်ချမ့်အား အင်မော်တယ်ထုန်ရာ၏ နောက်ခံသမိုင်းကြောင်းကို လျှို့ဝှက် စုံစမ်းခိုင်းခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်ရီက ထိုမှော်လက်နက် မည်သို့ ပျက်စီးသွားသည်နှင့် ပတ်သက်၍ မသိရှိခဲ့ပေ။

ထိုအကြောင်းကို သိရှိသူ အနည်းစုသာ ရှိပုံရသည်။

ဟုတ်ပါသည်။ ဗိုလ်ချုပ်ရီက သံသယ ရှိနေခဲ့၏။

ထုန်ရာမျိုးနွယ်၏ ရွှေခေတ်နောက်ပိုင်းတွင် ထုန်ရာမျိုးနွယ်စု၏ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ယင်းက သံသရာကိုးပါး စေတီနှင့် ဆက်စပ်နေနိုင်ဖွယ် ရှိသည်ဟု သူခံစားမိသည်။

ဗိုလ်ချုပ်ရီက လက်ပိုက်၍ ပြောလိုက်သည်။

"အင်မော်တယ်ထုန်ရာ အကဲဖြတ်တာ ဆိုတော့ သံသယဖြစ်စရာ မလိုပါဘူး.. ငါ့ညီတော်ရဲ့ ကိုယ်ရည်သွေးတဲ့ ရောဂါကို ကုသဖို့ နည်းလမ်းရှိမရှိနဲ့ ပတ်သက်ပြီးတော့ ဒီအဖိုးအိုက အခွင့်အရေးရတဲ့အခါ အင်မော်တယ်ထုန်ရာကို ကိုယ်တိုင်ရှာပြီး မေးကြည့်ရမယ်"

ထောင်အုပ်လျန့် "ဗိုလ်ချုပ်ရီ.. တစ်ခုလောက် မေးလို့ရမလား.. မိစ္ဆာဓားနတ်ဘုရားကို ဘယ်လိုဖြေရှင်းရမလဲ"

ဗိုလ်ချုပ်ရီ ရယ်လိုက်သည်။

"အထင်မလွဲပါနဲ့.. ငါက မင်းရဲ့ အထက်လူကြီးမဟုတ်ဘူး.. ဒီအဖိုးကြီးက မိုက်မဲတဲ့ ဂျူနီယာလေးဆီ သက်သက် လာလည်တာပါ.. ဘယ်လို လုပ်သင့်တယ် ဆိုတာကို ဒီလူကြီးထက် မင်းက ပိုသိပါတယ်လေ.. ဥပဒေက ဥပဒေပါပဲ.. ထောင်အုပ်လျန့် သိထားသင့်တာက ငါအနေနဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် ဥပဒေကို ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ဘူး ဆိုတာပဲ"

ထောင်အုပ်လျန့်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ဗိုလ်ချုပ်.. စိတ်ချပါ.. ဒီကိစ္စကို ကျနော် တရားမျှတအောင် ကိုင်တွယ်လိုက်ပါ့မယ်"

..................

ဗိုလ်ချုပ်ရီက အကျဉ်းသားထံ လာရောက် လည်ပတ်စဉ်တွင် ဝမ်လင်းက ဝမ်မင်၏ နေရာလွတ် အကဲဖြတ်မှု ရလဒ်များကို စောင့်မျှော်နေသည်။

သူက ဖန်းကွမ်း၏ ရုပ်ခန္ဓာကို မည်သို့ ပြန်လည် ပြုလုပ်ရမည်ကို တွေးတောနေခဲ့သည်။

လက်ရှိတွင် ဝိညာဥ်ကြာပန်းအမြစ်ကို ရွှေအမြူတေခန္ဓာကိုယ်အဖြစ် ဖန်တီးရန် အသုံးပြုနိုင်သည်။

ကွာဖီ လက်အောက်တွင် ဒုက္ခရောက်ခဲ့ရသည့် ပို့ဆောင်ရေးဝန်ထမ်း အစုအဝေးက စံနမူနာကောင်း တစ်ခုပင်။

ဝမ်လင်းက ဤကိစ္စကို အထူးဂရုစိုက်ခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အာမခံကုမ္ပဏီများနှင့် စေ့စပ်ညှိနှိုင်းရန် ကူညီပေးပြီးနောက်တွင် ဤကံဆိုးသော ပို့ဆောင်ရေးဝန်ထမ်း အားလုံးသည် ပြန်လည် တည်ဆောက်ထားသော ရုပ်ခန္ဓာများကို ရရှိခဲ့ကြသည်။

ထို့အပြင် ထိုအဖြစ်အပျက် ပြီးနောက်တွင် ၎င်းတို့အားလုံးသည် အွန်လိုင်းတွင် ရေပန်းစားလာခဲ့သည်။

နောက်ဆုံးတွင် ဤပို့ဆောင်ရေး ဝန်ထမ်းများသည် "ကြာပန်းအမြစ် အာဏာရှင်" ဟုခေါ်သော အမျိုးသား အိုင်ဒေါလ် အဖွဲ့ကိုပင် ဖွဲ့စည်းသွားခဲ့သည်။

သို့သော် ရွှေအမြူတေ ခန္ဓာကိုယ်ကို တည်ဆောက်ရန်ထက် ပကတိအင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်က သေချာပေါက် ပို၍ရှုပ်ထွေးသည်။

ဥပမာအားဖြင့် ကွာဖီက သူနှင့် လိုက်ဖက်ညီသည့် အနန္တတန်ခိုးရှင် အရိုးစုကို ရှာဖွေခြင်းဖြင့် ယခင် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် ဤနည်းလမ်းသည် ကြီးမားသော အန္တရာယ်များကို သယ်ဆောင်လာနိုင်ပြီး အောင်မြင်မှု ရာခိုင်နှုန်းမှာလည်း ငါးဆယ် ရာခိုင်နှုန်းခန့်သာ ရှိ၏။

မအောင်မြင်ခဲ့လျှင် ရှာရခက်သည့် ထိုအရိုးစုက ချက်ချင်း ပျောက်ကွယ်သွားပေလိမ့်မည်။

ဤနည်းလမ်းက ပကတိအင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် အတွက် တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပေ။

ဝမ်လင်းက ဤကိစ္စကို အတိုင်းအတာ တစ်ခုအထိ စဉ်းစားရမည်ဟု ခံစားခဲ့ရသည်။

သူက အချိန်ကို ကြည့်ရှုလိုက်ရာ ဖန်းကွမ်းက တိုက်ရိုက် ထုတ်လွှင့်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

ဝမ်လင်းက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်သောအခါ ပရိသတ် အရေအတွက်က နှစ်သန်းကျော်နေပြီး ယခင်ကထက် နှစ်ဆကျော်နေသည်ကို တွေ့လိုက်ရသည်။

ဖန်းကွမ်းက တိုက်ရိုက် ထုတ်လွှင့်သည့် ပလပ်ဖောင်းနှင့် သဘောတူညီချက် မရသေးပေ။

သို့သော်လည်း သူက မမျှော်လင့်ဘဲ နာမည်စစ်မှန်ကြောင်း အတည်ပြုချက်ကို ရရှိထားပြီး ဖြစ်သောကြောင့် သူ့ပရိသတ်များအနေဖြင့် လက်ဆောင်များ ပို့ပေး၍ ရနေပြီဖြစ်သည်။

ဝမ်လင်းက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဖန်းကွမ်းက ကျေးဇူးတင်စကား ပြောကြားနေသည်ကို ကြားလိုက်ရသည်။

"ဓားပျံငါးစင်းအတွက် [အလင်းရှာဖွေသူ စိတ်ကူးယဉ်သရဲ]ကို ကျေးဇူးတင်ပါတယ်"

"အင်မော်တယ် လှေဆယ်စင်း အတွက် [ပင်လယ်နီ ကြည့်ရှုခြင်းကို နှစ်သက်သဘောကျသော အလင်းရှာဖွေသူ]ကို ကျေးဇူးတင်ပါတယ်"

"အင်မော်တယ်ဓား ကိုးရာကိုးဆယ့်ကိုးစင်း အတွက် [ဂန္တဝင်အချစ် သူရဲကောင်း ဆံကောက်လေး ]ကို ကျေးဇူးတင်ပါတယ်"

"ကမ္ဘာဦး အနက်ရောင်သလင်းကျောက် ခြောက်ဆယ့်ခြောက်ခု အတွက် [အတန်းစတော့မယ် ဒါပေမယ့် အိမ်စာမပြီးသေးလို့ ငါဘာလုပ်ရမလဲ]ကို ကျေးဇူးတင်ပါတယ်"

.............

ဝမ်လင်း "............"

ဖန်းကွမ်းက ဗုံးပစ်စီနီယာအင်မော်တယ် အကြံပြုထားသော "Battlegrounds"ဂိမ်းကို စတင်ကစားရန် စီစဥ်ခဲ့ပြီး ဂိမ်းစတင်ရန် စောင့်ဆိုင်းနေသည်။

ဤကဲ့သို့ အချိန်များတွင် တိုက်ရိုက် ထုတ်လွှင့်သူများသည် ၎င်းတို့၏ ပရိသတ်များနှင့် စကားပြောလေ့ရှိသည်။

ဖန်းကွမ်းက မက်ဆေ့ချ်များထဲမှ တချို့ကို ကျပန်းရွေးချယ်၍ အသံထွက်ဖတ်လိုက်သည်။

"မေးလို့ရမလား ကျွန်းသခင်.. ဘန်ကျီအပေါ် ဘယ်လိုအမြင်ရှိလဲ"

ဤမေးခွန်းသည် အနည်းငယ် လေးနက်သည်ဟု ခံစားမိသောကြောင့် သူ့သွားကြားထဲမှ လေကို ကျစ်ခနဲ စုပ်လိုက်မိသည်။

ဤမေးခွန်းကို ဖတ်ပြပြီးနောက် မရေမတွက်နိုင်သော မက်ဆေ့ချ်များက စခရင်ပေါ်တွင် ပျံဝဲလာသည်။

"ဘန်ကျီက အရင်ကတော့ ဂုဏ်ယူစရာပါပဲ.. ဘာပဲဖြစ်ဖြစ် ငါတို့က အဆင့်အတန်းရှိတဲ့ လူတွေပါ.. သူ့အတွက် အမွှေးနံ့သာနဲ့ ဆုတောင်းပေးသင့်တယ်"

"ဒီလို မေးခွန်းမျိုး မေးစရာ လိုလို့လား.. မအေဘေး ဘန်ကျီကို တံတွေးသာ ထွေးလိုက်ကြစမ်း"

ဖန်းကွမ်းက ဤမက်ဆေ့ချ်ကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အားလုံး စိတ်အေးအေးထားကြပါ.... မင်းတို့ရဲ့ အနှစ်သာရက အရမ်း အဖိုးတန်တယ်.. ပေါ့ပေါ့တန်တန် တံတွေးမထွေးပါနဲ့"

"...???.."

လူအများအပြားသည် ၎င်းတို့၏ မက်ဆေ့ချ်များတွင် မေးခွန်းအမှတ်အသားများ ပေးပို့ခဲ့ကြသည်။

ဖန်းကွမ်းက ရယ်မောလိုက်သည်။

"ဥပမာ.. ဒီကျွန်းသခင် တံတွေးထွေးသလိုပေါ့... အဲဒီဘန်ကျီအစား ဒီအဖိုးကြီးကို တံတွေးထွေးလို့ ရပါတယ်"

ဝမ်လင်း ".........."

ဘန်ကျီ= တိုက်ရိုက်ထုတ်လွှင့်သူနှင့် ကလိမ်ကကျစ် ဂိမ်းကစားသူ လုပန်ဝေ၏ အမည်ပြောင်။

All Chapters