← Chapters

အရာရာကို အသေးစိတ် တွက်ချက်သည်

Vol. 31 Ch. 457

အရာရာကို အသေးစိတ် တွက်ချက်သည်

Vol. 31 Ch. 457

ကျည်ဆံကို ပိတ်ဆို့ရန် ဒယ်အိုးကို အသုံးပြုခြင်းသည် တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။

တိုက်ဆိုင်မှုတစ်ခု ဖြစ်ခဲ့လျှင်ပင် နှစ်ကြိမ်ဆက်တိုက် ဖြစ်နိုင်ပါသလော။

ကြည့်ရှုသူများက ဒယ်အိုးဖြင့် ကျည်ဆန်အား ပိတ်ဆို့သည်ကို မမြင်ဖူးသည်တော့ မဟုတ်ပေ။

ဒယ်အိုးကို ဝှေ့ယမ်းပြီး လက်ပစ်ဗုံးကို ပြန်ရိုက်လွှတ်လိုက်နိုင်သည့် အခေါက်များပင် ရှိခဲ့ဖူးသည်။

သို့သော် ၎င်းသည် အခြေခံအားဖြင့် "ရယ်စရာဂိမ်းဗီဒီယိုများ" ၏ 'အကောင်းဆုံး' စုစည်းမှုတွင်သာ ဖြစ်ပျက်ခဲ့သည်။

ထိုရယ်စရာဗီဒီယိုများ ဖြစ်မြောက်ရန် လူအများအပြား ပူးပေါင်း၍ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့ရ၏။

သို့မဟုတ်လျှင် ဤကိစ္စမျိုးက လုံးဝမဖြစ်နိုင်ပေ။

ဖန်းကွမ်းက ဒယ်အိုးကို အသုံးပြုပြီး စနိုက်ပါ ကျည်နှစ်တောင့်ကို ရပ်တန့်ပစ်လိုက်သည်။

ယင်းတုံ့ပြန်မှုက လှည့်စားမှုတစ်ခု မဟုတ်လျှင် ကောင်းကင်ကိုပင် အံတုနိုင်စွမ်း ရှိသည်ဟု ဆိုရမည်။

ဖန်းကွမ်းကို ထောက်ခံသည့်"အလင်းရှာဖွေသူ"များက "666" မက်ဆေ့ချ်များကို ရူးသွပ်စွာ ပေးပို့ကြပြီး "အရမ်းမိုက်တယ်"ဟု အော်ဟစ် ပြောဆိုနေကြသည်။

မက်ဆေ့ခ်ျ ပိုမို များပြားလာသည်နှင့်အမျှ ၎င်းတို့၏ မေးခွန်းများကလည်း ပိုမို ပြင်းထန်လာသည်။

"အဲဒါက လှည့်စားတာ မဟုတ်ဘူးလား"

"ဒယ်အိုးကို ဝှေ့ယမ်းပြီး ကျည်ဆံတွေကို နှစ်ကြိမ် တိုင်တိုင် ပိတ်ဆို့နိုင်ခဲ့တယ် ဆိုတာ အဓိပ္ပါယ်ရော ရှိရဲ့လား"

"ကျွန်းသခင်က အစကတည်းက ဖျော်ဖြေရေး ဆန်တဲ့ တိုက်ရိုက် ထုတ်လွှင့်သူ တစ်ယောက်ပဲ.. ဂိမ်းနဲ့ ပတ်သက်ပြီး တိုက်ရိုက် ထုတ်လွှင့်မှုက တစ်ရက်မှာ သုံးနာရီပဲ ရှိတယ်.. သူ့အနေနဲ့ လိမ်လည်လှည့်ဖြားမှု လုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူး"

အလင်းရှာဖွေသူက ဖန်းကွမ်းကို မက်ဆေ့ချ်ဖြင့် ကာကွယ်ခဲ့သည်။

"စူပါအက်မင်ကို သိတဲ့လူရှိလား"

"စူပါအက်မင်ကို တိုက်ရိုက် ထုတ်လွှင့်တဲ့ အခန်းကို စစ်ဆေးပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုရမယ်"

"ဟုတ်တယ်.. လှည့်ဖြားမှု ဆန့်ကျင်ရေးစနစ်က အခုခေတ်မှာ အတော် အဆင့်မြင့်နေပြီ.. ကျွန်းသခင် သုံး မသုံး ဆိုတာ ချက်ချင်း အဖြေထုတ်နိုင်ပါလိမ့်မယ်"

"လေးလေးနက်နက် သဘောတူပါတယ်.. စူပါအက်မင် စစ်ဆေးကြည့်ပေးပါဦး"

"ငါလည်း သဘောတူတယ်.. သူသာ လိမ်လည်လှည့်ဖြားမှု မလုပ်ထားရင် ငါချက်ချင်း အလင်းရှာဖွေသူ လုပ်ပြီး တိုက်ရိုက်ထုတ်လွှင့်သူဆီ အင်မော်တယ် လှေဆယ်စင်း ပို့ပေးလိမ့်မယ်"

"ဘာတွေလဲဟ. ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်သူက အရမ်းတော်တယ်.. မင်းတို့ မယုံရင် စမ်းကြည့်လိုက်လေ"

"မင်းတို့ မလုပ်နိုင်တာနဲ့ စာကလေးတွေလို မညီးဘဲ နေလို့မရဘူးလား"

"ငါတို့ ကျွန်းသခင်က မင်းကို မီတာတစ်သောင်း အကွာကနေတောင် ဆာမူရိုင်းဓားရှည်နဲ့ ခေါင်းဖြတ်နိုင်တယ်"

"တော်လောက်ပြီ.. စုန်းပြူးလေးတွေ ပါးစပ်ပိတ်ထားစမ်း.. ကျန်တဲ့သူတွေကို အေးအေးဆေးဆေး ကြည့်ရှုခွင့် မပေးနိုင်ဘူးလား.. esport ဂိမ်းတွေကို ဖျက်ဆီးချင်နေတာလား"

ဝမ်လင်း "..........."

ဤနောက်ဆုံး ထွက်ဆိုချက်သည် အနည်းငယ်ရင်းနှီးပုံပေါက်သည်ဟု သူခံစားမိသည်။

လိမ်လည်မှုများကို စမ်းသပ်ရန် တောင်းဆိုသော မက်ဆေ့ချ်များ တိုးလာခဲ့သည်။

အဆုံးသတ်တွင် ဖန်းကွမ်းက ဆာမူရိုင်းဓားရှည်ဖြင့် ယခုအချိန်အထိ အသက်ရှင်ကျန်ခဲ့ပြီး ကစားသမား နှစ်ဦးကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။

စနိုက်ပါ ပစ်ချက် နှစ်ခုကိုလည်း ဒယ်အိုးဖြင့် ပိတ်ဆို့နိုင်ခဲ့သည်။

ပြင်ပလူတစ်ဦး၏ အမြင်အရ ဤအရာအားလုံးသည် အင်မော်တယ် လှုပ်ရှားမှုတစ်ခုနှင့် တူနေ၏။

ကျွန်းသခင်၏ အံ့သြဖွယ် အကြားစွမ်းရည်၊ ရန်သူ့ တည်နေရာကို ချက်ချင်း သိနိုင်သည့် စွမ်းရည်နှင့် အလွန်ကောင်းမွန်သော တုံ့ပြန်မှု စွမ်းရည်များကြောင့် လိမ်လည်လှည့်ဖြားမှု အပေါ်တွင် သံသယများ ပိုမိုပြင်းထန်လာခဲ့သည်။

လူတစ်ဦးသည် အခြားမည်သူမျှ မစွမ်းဆောင်နိုင်သည်ကိုလုပ်ပြနိုင်သည့် အခါမျိုးတွင် လိမ်လည်လှည့်ဖြားမှုဟု သံသယဖြစ်ခံရသည့် ကိစ္စရပ်များစွာ ဤကမ္ဘာပေါ်၌ ရှိခဲ့ဖူးသည်။

ထို့အပြင် အရေးကြီးဆုံးမှာ ဖန်းကွမ်းသည် ပြီးခဲ့သည့် နှစ်ရက်အတွင်း အလွန်အမင်း ကျော်စောလာခဲ့၏။

အပင်မြင့်လေ ပိုပြီး လေတိုက်ခံရနိုင်လေ ဟုပင် ဆိုရပေတော့မည်။

ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည့် အခါတိုင်းတွင် ကြည့်ရှုသူ အများအပြားသည် အခြားသော တိုက်ရိုက် ထုတ်လွှင့်မှု အခန်းများကနေ ဝင်ရောက်လာကြသည်။

လက်ရှိ တိုက်ရိုက် ထုတ်လွှင့်မှု မက်ဆေ့ချ်များကနေ ပရိသတ်များကို အမျိုးအစားသုံးမျိုး ခွဲခြားနိုင်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

အမျိုးအစား 1- အခြားသော တိုက်ရိုက် ထုတ်လွှင့်သူများ သို့မဟုတ် အခြားသော တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများမှ ငှားရမ်းထားသော ကြေးစားများ။

ကြေးစားများသည် "ရည်ရွယ်ချက်ရှိရှိ မှတ်ချက်များနှင့် ဆောင်းပါးများဖြင့် အင်တာနက်ကို လွှမ်းမိုးရန် ကောင်းမွန်စွာ စုစည်းထားသော လူအများအပြား"ကို ဆိုလိုသည်။

အမျိုးအစား 2- တမင်တကာ ဒုက္ခပေးလိုသော အခြားသော တိုက်ရိုက်ထုတ်လွှင့်သူများ၏ ပရိသတ်များ။

အမျိုးအစား 3- ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝ ဂရုမစိုက်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ စီးမျောနေသည့်သူများ။

ဖန်းကွမ်းက ဤနယ်ပယ်တွင် ကျင်လည်နေသ၍ ဤလူသုံးမျိုးလုံးကို ရှောင်ရန် မဖြစ်နိုင်ပေ။

ယင်းက နယ်ပယ်တိုင်းတွင် ကြုံရလေ့ရှိပြီး တိုက်ရိုက် ထုတ်လွှင့်ခြင်း နယ်ပယ်သည်လည်း ခြွင်းချက်မဟုတ်ပေ။

ထို့အပြင် တစ်စုံတစ်ဦးသည် လိမ်လည်လှည့်ဖြားခြင်းရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း ဖော်ပြသည့် အချိန်များ ရှိခဲ့သော်လည်း လူအနည်းငယ်ကသာ ယုံကြည်ကြလေ့ ရှိသည်။

အများစုမှာ ၎င်းတို့၏ ကိုယ်ပိုင်ကောက်ချက်များကိုသာ ယုံကြည်ကြဆဲပင်။

သန့်ရှင်းသောလက်သည် ရေဆေးရန် မလိုအပ်ပေ။

ထို့ကြောင့် ဖန်းကွမ်း၏ စိတ်နှလုံးက မှန်တစ်ချပ်လို ကြည်လင်နေခဲ့သည်။

စူပါအက်မင် လာစစ်ဆေးလျှင်ပင် မည်သည့်အရာမှ ရှာမတွေ့နိုင်မှန်း သူကောင်းကောင်းသိသည်။

ထို့ကြောင့် သူက တည်ငြိမ်စွာပင် ဆက်လက် ကစားနေခဲ့၏။

ယခုအချိန်က ထိုယုတ္တိမတန်သော မက်ဆေ့ချ်များကို ဂရုစိုက်နေရမည့် အချိန်မဟုတ်ပေ။

သူက ID GAYLIGAYQI နှင့် ရင်ဆိုင်ရန် အပြည့်အဝ အာရုံစိုက်ရန် လိုအပ်နေ၏။

ကျွန်းသခင်က ဒယ်အိုးကနေ ဆာမူရိုင်းဓားရှည်သို့ ပြန်ပြောင်းလိုက်သည်ကို မြင်လျှင် မျှော်စင်ရှိ ညီငယ်လေး GAYLIGAYQIက အံ့အားသင့်သွားသည်။

သူယခုမှ သဘောပေါက်ခဲ့သည်။

သူ့ရှေ့မှ လူက သေနတ်မပြောနှင့် ပစ္စတိုတစ်လက်ပင် မရှိချေ။

ထိုလူ့ထံ၌ ကျောပိုးအိတ်၊ သံခမောက်နှင့် သံချပ်ကာ အပြင် သူမြင်နိုင်သော လက်နက်မှာ ဆာမူရိုင်းဓားရှည် နှင့် ဒယ်အိုးတို့သာ ဖြစ်သည်။

ဖန်သားပြင်၏ တစ်ဖက်တွင် ညီငယ်လေး GAYLIGAYQI သည် မေးခွန်း အမှတ်အသားများဖြင့် ပြည့်နှက်နေသည်။

"????"

"ဒီလူ... ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"ငါ့ကို ဓားနဲ့ခုတ်ဖို့ တကယ်ပဲ ရည်ရွယ်နေတာလား"

"ဒါက လုံးဝ ယုတ္တိမရှိဘူးလေ"

ညီငယ်လေး GAYLIGAYQI က အခုမှ သဘောပေါက်သွားသည်။

ဤကျွန်းသခင်က သာမာန်လူ မဟုတ်လောက်ပေ။

ဤအချိန်တွင် ညီငယ်လေး GAYLIGAYQIသည် စက်သေနတ်ရှိခြင်း၏ အကျိုးကျေးဇူးကို သဘောပေါက်သွားခဲ့သည်။

သူ့လက်ထဲတွင် စက်သေနတ် ရှိနေသ၍ ကျွန်းသခင်က ဒယ်အိုးဖြင့် ကာကွယ်နိုင်မည်မဟုတ်ပေ။

ယေဘုယျ အားဖြင့် ဂိမ်းထဲတွင် စက်သေနတ်ရဖို့မှာ မလွယ်ချေ။

လက်ရှိတွင် ဂိမ်းထဲ၌ စက်သေနတ် ကိုင်ဆောင်ထားသူ အနည်းငယ်သာ ရှိသည်။

ရိုင်ဖယ် + စနိုက်ပါ သေနတ်သည် ကစားသမား အများစုအတွက် စံလက်နက် ဖြစ်သည်။

ဖန်းကွမ်းက ဆာမူရိုင်းဓားရှည် နှင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာသည်ကို မြင်လိုက်ရလျှင် ညီငယ်လေး GAYLIGAYQI က ထိတ်လန့်သွားပြီး သူ၏ SKS စနိုက်ပါသေနတ်ကို M16A4 အဖြစ်သို့ ပြောင်းလဲလိုက်သည်။

သူ၏ ပစ်ချက် တိကျနေသရွေ့ တစ်ဖက်လူကို သတ်ပစ်ဖို့ လုံလောက်သည် မဟုတ်လော။

သို့သော် ဖန်းကွမ်း၏ တိုက်ခိုက်မှုက သူထင်ထားသည်ထက် ပိုပြင်းထန်သည်။

ဤသည်မှာ မျှော်စင်အောက်ခြေမှ စတင် အသက်ဝင်လာသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

ညီငယ်လေး GAYLIGAYQI သည် လုံးဝ အားသာချက်ရှိသော နေရာကို အမှီပြုရင်း မျှော်စင်၏ ထိပ်တွင် ရပ်နေသည်။

သို့သော် ဤအချိန်တွင် သူ့ဘဝကို သူသံသယ ဝင်လာခဲ့သည်။

...................

သူက သာလွန်သော နေရာကို သိမ်းပိုက်ထားသော်လည်း အသတ်ခံရရန် စောင့်ဆိုင်းနေသော အားနည်းသည့် သိုးသငယ်နှင့်တူနေသည်။

ဖန်းကွမ်း၏ ခြေလှမ်းများက မျှော်စင်နှင့် ပို၍ နီးကပ်လာသည်။

ညီငယ်လေး GAYLIGAYQI က အသက်ကို ဝအောင်ရှူလိုက်ပြီး စင်္ကြန် အဝင်ဝသို့ ဦးတည်လိုက်သည်။

ကစားသမားအများစုလိုပင်၊ ညီငယ်လေး GAYLIGAYQIကလည်း သေနတ်ကို အကြိမ်ပေါင်းများစွာ ပစ်ခတ် လေ့ကျင့်ဖူးသူ ဖြစ်သည်။

သူက အသက်ဝဝရှူလိုက်ပြီး ၎င်း၏ အနက်ရောင် သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်။

ဖန်းကွမ်းက သူ့ခေါင်းကို ထုတ်ဖော်သည်နှင့် GAYLIGAYQIက ချက်ချင်းပင် ပစ်ခတ်တော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် မက်ဆေ့ချ်များ ထွက်ပေါ်လာသည်ကို ဝမ်လင်း သတိပြုမိသည်။

ဖန်းကွမ်း၏ အားနည်းသော နေရာ အနေအထားကြောင့် ညီငယ်လေး GAYLIGAYQI ကို ဆာမူရိုင်းဓားရှည်ဖြင့် သတ်ရမည်မှာ စွန့်စားသော အလုပ်တစ်ခုလို ဖြစ်နေသည်။

ဤအချိန်တွင် ဝမ်လင်းက ကြည့်ရှုသူ အရေအတွက်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

လူဦးရေ 3.98 သန်း။

ယင်းမှာ လူအများအပြားက ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ၎င်းတို့၏ ချက်တင်ဂရုများ၊ WeChat ၊ Tieba နှင့် အခြားနေရာများတွင် မျှဝေခဲ့ကြသောကြောင့်ပင်။

ကြည့်ရှုနှုန်းသည် တိုက်ရိုင်ထုတ်လွှင့်သူ အတွက် ထာဝစဉ် မရှိမဖြစ် လိုအပ်သော အရည်အချင်း တစ်ခု ဖြစ်၏။

တိုက်ရိုက်ထုတ်လွှင့်သည့် အရည်အချင်းပေါ် မူတည်၍ ကြည့်ရှုသူအရေအတွက်များ တိုးပွားလာမည် ဖြစ်သည်။

ထိုအချိန်တွင် ဖန်းကွမ်းက စင်္ကြံ၏ မျက်ကွယ် နေရာ တစ်ခုကနေ ခန္ဓာကိုယ်ကို တမင်တကာ ဖော်ထုတ်လိုက်သည်။

သူ့လက်ထဲတွင် ဆာမူရိုင်းဓားရှည်ကို ကိုင်ထား၏။

ယင်းကိုမြင်လျှင် GAYLIGAYQI က ပိုမိုကောင်းမွန်သော ပစ်ချက်ကို ရရှိရန် အတွက် သူ့ခြေထောက်ကို ရွှေ့လိုက်သည်။

သို့သော်လည်း ဤခြေလှမ်းအနည်းငယ်ကပင် ဖန်းကွမ်းကို ညီငယ်လေး၏ တည်နေရာအား အတိအကျ သိစေခဲ့သည်။

တည်နေရာကို အတည်ပြုပြီးသည်နှင့် ဖန်းကွမ်းက အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ဆာမူရိုင်းဓားရှည်ဖြင့် ရှေ့သို့ ထိုးချလိုက်သည်။

"လခွမ်း"

ညီငယ်လေး GAYLIGAYQI ၏ မျက်နှာက ဖန်းကွမ်း၏ ရက်စက်သော ဓားချက်ကြောင့် ဖြူဖျော့သွား၏။

"သေစမ်း"

"ဒိုင်း.. ဒိုင်း.. ဒိုင်း"

ညီငယ်လေး GAYLIGAYQIက သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။

ကျည်ဆန်များက ပြောင်းဝမှ ထွက်သွားသော်လည်း ဖန်းကွမ်းက သူ့အပေါ်သို့ ကျရောက်လာသော ကျည်ဆန်များကို ခန္ဓာကိုယ်ကို လှုပ်ယမ်း၍ ရှောင်တိမ်းလိုက်သည်။

"လခွမ်း.. Z Shake ခန္ဓာကိုယ် လှုပ်ရှားမှုလားဟ"

ညီငယ်လေး GAYLIGAYQI က တအံ့တသြ အော်ဟစ်လိုက်သည်။

ဤညီငယ်လေးက သူ၏ အသံကို အများသူဌာ ကြားရအောင် ဖွင့်ထားသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ လူတိုင်းက သူ၏ အော်သံကို ကြားလိုက်ရသည်။

ကြည့်ရှုသူများ"............"

ဝမ်လင်း "............"

"ဘာလဲဟ.. လခွမ်း Z Shake လှုပ်ရှားမှုတဲ့လား..မှတ်သားလောက်စရာပဲ"

All Chapters