ဖန်းကွမ်းရဲ့ရုပ်တုငယ်အစီအစဥ်
Vol. 31 Ch. 462
ဝမ်လင်းက ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးအထိ မကြည့်ခဲ့ပေ။
အဆုံးသတ်တွင် စာမေးပွဲက မကြာခင် ရောက်လာတော့မည်ဖြစ်၍ သူ့အတွက်က စာကျက်ဖို့ကသာ အရေးကြီးသည်။
ဝမ်လင်း အတွက်မူ စာမေးပွဲသည် စာမေးပွဲသက်သက် မဟုတ်ဘဲ စာမေးပွဲ ရလဒ်များကို အတိအကျ ထိန်းချုပ်ရမည့် ဂိမ်းတစ်ခုလို ဖြစ်နေသည်။
သူ့ရမှတ်များက နိမ့်ကျ၍မရသလို မြင့်လို့လည်းမရပေ။
နိမ့်ကျလျှင် သူ့ဆရာတွေက စိတ်မချမ်းမသာဖြစ်လိမ့်မည်။
ရမှတ် မြင့်လျှင်လည်း ဖေဖေဝမ်က သိုသိုသိပ်သိပ် နေထိုင်ရန်သြဝါဒ ခြွေလိမ့်မည် မဟုတ်ပါလော။
သူက တာအို အစီအရင် အတန်းအတွက် လေ့လာမှုကို ပြုလုပ်ပြီးပြီဖြစ်သည်။
ထို့ကြောင့် သူ့ရမှတ်ကို ပျမ်းမျှရမှတ်ထက် အနည်းငယ်သာလွန်အောင် စီမံခန့်ခွဲနိုင်တော့မည် ဖြစ်သည်။
ဆရာမဖန်က မေးခွန်းများကို ပုံမှန်နည်းလမ်း အတိုင်း ဘယ်သောအခါမှ မသတ်မှတ်ပေ။
သူမက သင်ရိုးညွှန်းတမ်းတွင် မဖော်ပြထားသော မေးခွန်းများပါ၀င်ခြင်းကို အလွန်နှစ်သက်သည်။
ဤမေးခွန်းများက ဝမ်လင်း အတွက် တကယ်ရိုးရှင်းသော်လည်း သူ့အနေဖြင့် ဖြေဆို၍ မရပေ။
အကြောင်းမှာ ဤမေးခွန်းအမျိုးအစားကို ဖြေဆိုနိုင်သူများသည် ဆရာမဖန် မကြာခဏ ချီးမွမ်းလေ့ရှိသော ထူးချွန်ကျောင်းသားများဖြစ်သည့် စွန်းရုံ နှင့် မြေပဲလေး ကဲ့သို့သော လက်ရွေးစင်အတန်းရှိ စံပြများသာ ဖြစ်လေ့ရှိသောကြောင့်ပင်။
ထို့ကြောင့်ပင် ဝမ်လင်းက မေးခွန်းများကို မဖြေနိုင်ဟုသာ ဟန်ဆောင်လိုက်သည်။
တကယ်တမ်းတွင် ဤကဲ့သို့ သိသိကြီးဖြင့် ဖြေဆို၍ မရသော ခံစားချက်မျိုးက သည်းမခံနိုင်လောက်အောင်ပင်။
စာမေးပွဲဖြေရာတွင် အရေးကြီးဆုံးက အဘယ်နည်း။
စိတ်နေသဘောထားပင်မဟုတ်လော။
ဟုတ်ပါသည်၊ စိတ်နေသဘောထားက စာမေးပွဲတွင်သာ မကဘဲ တခြား အလုပ်အမျိုးအစားတွေမှာလည်း အရေးကြီးသည်။
ဝမ်လင်းက မကြာသေးမီက အဖြစ်အပျက် တစ်ခုကို မှတ်မိခဲ့သည်။
နိုင်ငံ့ထိပ်တန်း MOBA အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် မနေ့ညက မိန်းကလေးတစ်ဦးနှင့် တစ်ညလုံး ကလပ်တွင် ရှိနေခဲ့ပြီး ပြိုင်ပွဲမစခင် လေ့ကျင့်ရေးတွင် မပါဝင်နိုင်ခဲ့ပေ။
ရလဒ်အနေဖြင့် သူ၏အသင်းက ဒုတိယအကျော့တွင် သမိုင်းဝင် ချေမှုန်းခြင်း ခံခဲ့ရသည်။
မျှော်စင်=0
နဂါး=0
ဦးခေါင်း=0
ဒေါသထွက်နေသည့် အမာခံပရိသတ် တစ်ယောက်က ကစားသမားကို လှောင်ပြောင်သည့် သီချင်းတစ်ပုဒ်ကိုပင် ပြတ်ပြတ်သားသား ပေးပို့ခဲ့သည်။
မည်သို့ပင်ဖြစ်စေ အရာအားလုံးအတွက် စိတ်နေသဘောထားသည်သာ အခရာ ဖြစ်၏။
ဝမ်လင်းက ၅ မိနစ်ခန့် စာလေ့လာ ပြီးနောက် သူ၏ သင်္ချာဖတ်စာအုပ်နှင့် လေ့ကျင့်ခန်းစာအုပ်ကို ပိတ်လိုက်သည်။
ထို့နောက် အခန်းနာရီကို ကြည့်လိုက်ပြီး ဝမ်လင်း သက်ပြင်းချလိုက်သည်။
အချိန်တွေ တဖြည်း ဖြည်း ကုန်လွန်သွားသည်။
အခြားတစ်ဖက်တွင် ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်သွားခဲ့ပြီ ဖြစ်သည်။
တိုက်ရိုက် ထုတ်လွှင့်မှုအခန်းရှိ ဖန်သားပြင်သည် မှောင်နေသော်လည်း အထဲတွင် "666" ကို ရူးသွပ်စွာ ပို့နေသည့် လူတစ်သန်းကျော် ရှိနေပါသေးသည်။
အရာအားလုံးက ဖန်းကွမ်း ရည်ရွယ်ထားသည့်အတိုင်း ဖြစ်ပျက်သွားပုံရသည်။
သူက ဆာမူရိုင်းဓားရှည် အားကိုးဖြင့် လူနှစ်ဆယ်ကို သတ်ခဲ့ပြီး ညီငယ်လေး GAYLIGAYQI ကို အောင်နိုင်သူ ဖြစ်လာရန် ဦးဆောင်ပေးခဲ့သည်ါ
ယင်းက လူများစွာအတွက် နားမလည်နိုင်သော အရာဖြစ်ပြီး ကလိမ်ကကျစ် တိုက်ရိုက်ထုတ်လွှင့်သူ Nuomi ပြန်လည်ရောက်ရှိလာခြင်းထက်ပင် ပို၍ အံ့သြဖွယ်ကောင်းနေ၏။
ဝမ်လင်း၊ ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဖန်းကွမ်းတို့.ပါဝင်သော လူသုံးယောက် ချက်ဂရုတွင်...
ဖန်းကွမ်းက ရယ်မော ပျော်ရွှင်နေသည့် အီမိုဂျီအချို့ကို ချက်ချင်း ပေးပို့ခဲ့သည်။
"ဒီအဖိုးကြီးမှာ အနည်းဆုံး ပရိသတ် တစ်သန်းလောက် ရှိနေပြီ"
ဗုံးပစ်စီနီယာအင်မော်တယ်
"လူနှစ်ဆယ်ကို ဆာမူရိုင်းဓားရှည် နဲ့ သတ်ပြီး ကတိအတိုင်း ညီငယ်လေးကို နောက်ဆုံးမှာ အောင်နိုင်သူ ဖြစ်စေခဲ့တာပဲ.. အစ်ကိုကွမ်း မင်း တော်တော်ထူးခြားတာပဲ"
ဖန်းကွမ်း "ဒါပေမယ့် ဒီအနိုင်ရတဲ့ နည်းလမ်းက မျက်စိကျစရာ ဖြစ်နေတယ်.. အဲဒါကို အချိန်တိုင်း အသုံးပြုလို့မဖြစ်ဘူး"
သူက အာရုံစူးစိုက်သည့် မှော်စွမ်းရည်ကို ထုတ်သုံးထားသောကြောင့် ဆာမူရိုင်းဓားရှည်ကို ကျည်ဆန်သည်ပင် မယှဉ်နိုင်ခဲ့ပေ။
သူ အောင်မြင်မှုရခဲ့သည်မှာ အလွန် ကံကောင်းခဲ့၏။
အဆုံးသတ်တွင် ဤလူငယ်များက အလွန် ငယ်ပါသေးသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်
"စူပါအက်မင်က လှည့်စားမှုတွေ သုံးတာကို ရှာမတွေ့ခဲ့ပေမယ့် အကိုကွမ်းက မှော်စွမ်းရည်ကို အသုံးပြုထားတယ်လို့ ကျနော် ခံစားမိတယ်"
ဖန်ကွမ်း ရယ်မောလိုက်သည်။
"ညီလေးလဲ့ မင်း အရမ်းတော်တာပဲ.. ဒါကို လှည့်စားမှုလို့ မယူဆနိုင်ဘူး မဟုတ်လား"
ဗုံးပစ်စီနီယာအင်မော်တယ် "မယူဆနိုင်ပါဘူး... အကိုကွမ်းက အစကတည်းက ပကတိအင်မော်တယ်ပဲဟာ"
ဖန်းကွမ်း ရယ်လိုက်သည်။
"အခုအချိန်မှာ ငါ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်က ပရိသတ်တွေကို ပိုမို ဆွဲဆောင်ဖို့ပဲ.. နောက်ဆုံးမှာ ဒီလူတွေကို ငါ့ရဲ့ ယုံကြည်သူတွေ ဖြစ်လာအောင် လှုံ့ဆော်ပြီး ငါ့အတွက် ရုပ်တုတွေ လုပ်ခိုင်းမယ်.. ဒီနည်းလမ်းနဲ့ ငါက သံသရာဝဋ်ဆင်းရဲကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်လိမ့်မယ်"
ဗုံးပစ်စီနီယာအင်မော်တယ် အံ့ဩသွားသည်။
"အကိုကွမ်းမှာ ဒီလို အစီအစဥ် ရှိနေတာလား"
ဖန်းကွမ်း "အင်း.. ဆင်းရဲဒုက္ခကို ဖြတ်ကျော်ဖို့ ရုပ်ပွားတော်တွေအစား ရုပ်တုငယ်တွေကို သုံးကြည့်မယ်.. ငါ့အမြင်တော့ သဘောတရား သတ်မှတ်ချက်တွေက အတူတူပဲပါပဲ.. ဘာပဲဖြစ်ဖြစ် ငါအတော်လေး ဂရုတစိုက်နဲ့ လုပ်ရမယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းခါယမ်းပြီး ချက်ဂရုတွင် ပြောလိုက်သည်။
"ဒါက နည်းနည်းတော့ ခက်မယ်ထင်တယ်"
ရုပ်တုငယ်များသည် ယနေ့ခေတ်တွင် အလွန်စျေးကြီး၏။
ယနေ့ခေတ် ကာလတွင် ရုပ်တုငယ်များသည် စုဆောင်းရန်အတွက်သာ မဟုတ်တော့ပေ။
စျေးကွက်ထဲတွင် အနန္တတန်ခိုးရှင်များ ကိုယ်တိုင်ကိုယ်ကျ ဉာဏ်အလင်းပေးထားသော အလွန်စျေးကြီးသည့် ရုပ်တုငယ် များစွာပင် ရှိခဲ့သည်။
ထိုကဲ့သို့ ရုပ်တုငယ်ကို ဆောင်ထားလျှင် မမျှော်လင့်ထားသည့် အခြေအနေမျိုး ကြုံလာရပါက ရုပ်တုငယ်ကနေ ရွှေရောင် အလင်းတန်းများ အလိုလို ထွက်လာ၍ ကာကွယ်ပေးမည် ဖြစ်သည်။
တန်ဖိုးအကြီးဆုံး ရုပ်တုသည်ပင် အင်မော်တယ် ရွှေချောင်းပေါင်း ၉.၈ ဘီလီယံကုန်ကျ၏။
ထိုရုပ်တုက သင့်အသက်ကို လဲလှယ်ပေးနိုင်သည်ဟု ဆိုကြသည်။
ဆိုလိုသည်မှာ သင်က အလွန်ဆိုးရွားသော ကံကြမ္မာအောက် ရောက်နေလျှင် ဤ ရုပ်တုက သင့်အား အန္တရာယ်မှ ကင်းဝေးအောင် ကူညီပေးနိုင်မည် ဖြစ်သည်။
သို့သော် ထိုရုပ်တုက 9.8 ဘီလီယံ .. ယင်းက အင်မော်တယ် ရွှေချောင်းများ ဖြစ်သည်။
ဤမိုးထိမြင့်တက်နေသော စျေးနှုန်းကို မည်သူမျှ မတတ်နိုင်ပေ။
၎င်းက နိုင်ငံတကာ ထိပ်တန်း ကော်ပိုရေးရှင်း 100 ၏ စုစုပေါင်း ချမ်းသာမှု နီးပါး လောက်ပင်။
ထိုအကြောင်းအရာကို တွေးရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က သူဝတ်ထားတဲ့ စိတ်ဝိညာဥ် ဖိနှိပ်ခြင်းလက်စွပ်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
ထိုလက်စွပ်၏ အကျိုးသက်ရောက်မှုများက တန်ဖိုးကြီးမားသည့် ဉာဏ်အလင်းပေး ရုပ်တုထက် ပို၍ သာလွန်သည်မှာ ထင်ရှားသည်။
ဖန်းကွမ်းက သူ့အတွေးအမြင်ကို ဗုံးပစ်စီနီယာ အင်မော်တယ်အား ရှင်းရှင်းလင်းလင်း မျှဝေခဲ့သည်။
"ငါအရင်က ရုပ်တုနဲ့ ပတ်သက်ပြီး လေ့လာကြည့်တော့ အင်မော်တယ် ရွှေချောင်း ၉.၈ ဘီလီယံ တန်တဲ့ အလွန်စျေးကြီးတဲ့ အသက်လဲလှယ် ရုပ်တုတစ်ခု ရှိတယ် ဆိုတာကို သိခဲ့ရတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်သည်။
"မှန်ပါတယ်.. အစ်ကိုကွမ်း.. ဒီရုပ်တုကို သောင်းနဲ့ချီတဲ့ ပန်းပဲဆရာတွေက သေသေချာချာ စေ့စေ့စပ်စပ် ဖန်တီးထားတာပါ.. ချွေးပေါက်တွေကအစ အသက်ဝင်နေတယ်လို့ ပြောလို့ရတယ်.."
ဖန်းကွမ်း ခေါင်းညိတ်လိုက်သည်။
"ငါ့အထင် ဒီလိုအဆင့် ရုပ်တုတစ်ခုမှာ သေမင်းထံ၌ အသက်လဲလှယ်ခြင်း မှော်စွမ်းရည်ကို သေချာပေါက် အသုံးပြုထားရမယ်.. ဒါပေမဲ့ လူအနည်းငယ်ကပဲ ဒီလို မှော်စွမ်းရည်ကို အသုံးချနိုင်စွမ်းရှိတယ်"
ဗုံးပစ်စီနီယာအင်မော်တယ်
"အင်မော်တယ်ကျန်းရွမ် ဖြစ်နိုင်လား"
ဖန်းကွမ်း၏ နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားသည်။
"စီနီယာ ကျန်းရွမ်က ထူးကဲတဲ့လူ ဆိုတော့ ဒီရုပ်တုကို ဖန်တီးခဲ့တာ သူဖြစ်နိုင်လောက်ပါတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် "............."
ဖန်းကွမ်း "ဒါပေမယ့် ငါက ဒီလောက် အဆင့်မြင့်တဲ့ ရုပ်တုမျိုး မလိုပါဘူး.. ရုပ်တုမှာ ငါ့ရဲ့ အင်္ဂါရပ်တွေ အလုံအလောက်အသေးစိတ် ရှိနေရင်ရပါပြီ.. ညီလေးလဲ့ ရုပ်တုငယ် လုပ်နိုင်တဲ့သူကို မင်းသိလား"
ဗုံးပစ်စီနီယာအင်မော်တယ်
"ကျနော် တကယ်မသိဘူး.. ဒါပေမဲ့ သူငယ်ချင်းတွေကို မေးကြည့်ပါဦးမယ်.. အကိုကွမ်း တကယ်ပဲ ရုပ်တုတွေ လုပ်ချင်တယ်ဆိုရင် ကျနော်တို့ အထူးဂရုစိုက်ပြီး ပညာရှင်ကို ရှာဖွေရမယ်"
"အပြင်မှာရှိတဲ့ အလုပ်ရုံလေးတွေမှာ လုပ်ထားတဲ့ ရုပ်တုတွေက လုံးဝကို လွဲမှားနေတယ်လေ"
ဖန်းကွမ်းက မျက်ရည်ကျနေသော အပြုံး အီမိုဂျီကို ပေးပို့ခဲ့သည်။
"စကားမစပ် ညီလေးလဲ့.. စီနီယာလင်းက ဘာလို့ ငါတို့သုံးယောက် ချက်ဂရုထဲမှာ ဘာမှ ဝင်မပြောတာလဲ"
"သူက ရုပ်ခန္ဓာ ပြန်ရဖို့ နည်းလမ်းကို ရှာပေးနေတာ ငါသိပါတယ်.. ဒါပေမယ့် ရုပ်တုငယ်တွေကို သုံးပြီး သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ဒီကိစ္စက အရေးတကြီးကိစ္စ မဟုတ်တော့ပါဘူး"
ဗုံးပစ်စီနီယာအင်မော်တယ်
"အကိုကွမ်း ထင်သလို မဟုတ်ဘူး.. ညီနောင်လင်းက ပုန်းနေတာ.. သူ သေချာပေါက် ချက်ဂရုက စာကို ဖတ်ပြီးလောက်ပြီ"
ဝမ်လင်း"............."