စီးပွားကျပြီး စိတ်မချမ်းမြေ့ဖြစ်နေသော မော့အင်မော်တယ်ရဲတိုက်
Vol. 31 Ch. 464
ယခုတစ်ကြိမ် အမှတ် 60 အထက်တန်းကျောင်းရှိ စာမေးပွဲမသည် နေ့တစ်ဝက် စာမေးပွဲ ပုံစံကို ကျင့်သုံးမည် ဖြစ်သည်။
အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးချမ်းသည် ကျောင်းသားများ အတွက် ထည့်သွင်း စဉ်းစားပေးခဲ့သည်။
ယင်းနောက်ကွယ်မှ အကြောင်းအရင်းသည် ကျောင်းသားများအပေါ် ဖိအားများ လျော့ပါးစေရန်နှင့် အခြားတစ်ဖက်တွင် ကျောင်းသားများအား စာမေးပွဲ အတွက် စာလေ့လာဖို့ အချိန်အလုံအလောက် ရစေရန် ဖြစ်၏။
ကျောင်းသား တော်တော်များများက ဤကဲ့သို့ နေ့တစ်ဝက် စာမေးပွဲစနစ် အကြောင်း ကြားသိရသောအခါ ဝမ်းသာသွားကြသည်။
ယင်းက စာမေးပွဲ ဖြေပြီးသည်နှင့် အိမ်သို့ တိုက်ရိုက်ပြန်၍ စာလေ့လာနိုင်သည် မဟုတ်ပါလား။
စာမေးပွဲ မဖြေခင် ဆရာမဖန်၏ ပြင်းပြသော တောင်းဆိုမှုကြောင့် စာသင်ချိန်များကို ဆိုင်းငံ့ထားခဲ့ရသည်။
အမှတ် ၆၀ အထက်တန်းကျောင်းမှ ရှေ့ဆောင် ဆရာမ အဖြစ် ဆရာမဖန်သည် အမှန်တကယ်ပင် ဆရာမဖန် ဖြစ်သည်ဟု ဆိုနိုင်သည်။
သူမ၏ အကြံပေးမှုကြောင့် ကျောင်းအုပ်က စာမေးပွဲကာလအတွင်း သင်ခန်းစာ ဆိုင်းငံ့သည့် စနစ်အား ပြောင်းလဲခိုင်းခဲ့ပြီး တာအိုအဆောင်လက်ဖွဲ့ အတန်းချိန်ကိုသာ သင်ကြားစေခဲ့သည်။
အတန်းထဲတွင် လုံးဝ တိတ်ဆိတ်သွားသည်။
အတန်းချိန် ပြီးသောအခါ ဆရာမဖန်က လက်ထဲတွင် စာရွက်တစ်ပုံကို ပွေ့ပိုက်ကာ စာသင်ခန်းမှ ထွက်လာခဲ့သည်။
သူမ၏ ခြေသံ မှေးမှိန်သွားသည်နှင့်အမျှ ကျောင်းသားများ၏ ဆူညံသံများက ကျယ်လောင်စွာ ပေါက်ကွဲထွက်လာသည်။
"ဆရာမဖန်က အရူးမပဲ..."
ချန်းချောင်က မကျေမနပ် ရေရွတ်လိုက်သည်။
"ဟီးးး.. ဘာပဲဖြစ်ဖြစ် အခုငါတို့ ဘာမှလုပ်စရာ မရှိတော့ဘူး.."
ကော်ဟောက် သူ့လက်ကို ဖြန့်လိုက်သည်။
"ဂိမ်းဆော့ကြမလား"
ချန်းချောင်က မေးလိုက်သည်။
"ဘာလို့ဆော့ရမှာလဲ... ကျွန်းသခင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို လွတ်မသွားဖို့က ပိုအရေးကြီးတယ်.. မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးကြပြီလား
"ကျွန်းသခင်က ဆာမူရိုင်းဓားရှည်ကို ကိုင်ဆွဲပြီး လူနှစ်ဆယ်ကို တိုက်ရိုက် သတ်ဖြတ်ခဲ့တဲ့အပြင် ညီငယ်လေး တစ်ဦးကို နောက်ဆုံးမှာ အောင်နိုင်သူ ဖြစ်လာစေခဲ့တယ်"
ကော်ဟောက်က ပြောလိုက်သည်။
"တိုက်ရိုက် ထုတ်လွှင့်မှုအပြီးမှာ ကျွန်းသခင်က ညီငယ်လေးကို ဆက်သွယ်ပြီး အနာဂတ်မှာ သူနဲ့ တွဲကစားဖို့ စီစဉ်နေတယ်လို့လည်း ကြားတယ်"
ချန်းချောင် မနာလိုစွာ ရေရွတ်လိုက်သည်။
"ဒီညီငယ်လေးက ကံအရမ်းကောင်းတာပဲ"
ဤအချိန်တွင် ကော်ဟောက်၏ မျက်နှာပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော အမူအရာတစ်ခု ရှိနေသည်။
"ဒီညီငယ်လေးက ငါတို့ ကျောင်းကလူ ဖြစ်နိုင်တယ် ဆိုတာ မင်းတို့ သိလား"
"ဟုတ်လို့လား"
မြေပဲလေး တို့ကလည်း စပ်စုလိုစိတ်ဖြင့် အနီးသို့ ချဥ်းကပ်လာကြသည်။
"ဘာကြောင့် ငါတို့ ကျောင်းကလူလို့ ပြောနိုင်တာလဲ"
ကော်ဟောက် "မင်းတို့ သိပါတယ်.. ကျွန်းသခင်က ကျွန်းတစ်ကျွန်းကနေ တိုက်ရိုက် ထုတ်လွှင့်နေပေမယ့် အဲဒီနေရာကို ဘယ်သူမှ မသိကြဘူး.. ဒါက အရမ်း ထူးဆန်းနေတယ်.. ငါ့မှာ ဆက်သွယ်ရေးဗျူရိုမှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက်ရှိတယ်.. ကျွန်းသခင် နဲ့ ညီငယ်လေး အကြောင်းကို သိချင်တဲ့ အတွက် သူတို့ရဲ့ IP လိပ်စာတွေကို စစ်ဆေးခိုင်းခဲ့တယ်"
ချန်းချောင် "ရလဒ်တွေက ဘယ်လိုလဲ"
ကော်ဟောက် "ငါ့ဦးလေးက ကျွန်းသခင်ရဲ့ IP လိပ်စာကို ရှာမတွေ့ခဲ့ဘူး... အဲဒါက အလွန်ထူးဆန်းပြီး အဓိပ္ပါယ်မရှိတဲ့ ကုဒ်တစ်ခု ဖြစ်နေတဲ့အတွက် သူရှာမတွေ့ခဲ့တာပဲ.. ညီငယ်လေးရဲ့ IP လိပ်စာနဲ့ ပတ်သက်ပြီး စစ်ဆေးကြည့်တော့ ငါ့ဦးလေးက ငါတို့ကျောင်းကပဲ ဆိုတာကို သိလိုက်ရတယ်"
"ညီငယ်လေး GAYLIGAYQIရဲ့ IP လိပ်စာက ငါတို့ ကျောင်းက ဖြစ်နေတာလား"
ထိုစကားကိုကြားသောအခါ အခြားကျောင်းသားများ အားလုံး အံ့ဩသွားကြသည်။
"ဒီညီငယ်လေးက ဘယ်သူလဲ"
ကော်ဟောက်က သူ့မေးစေ့ကို ဟန်ပါပါ ပွတ်သပ်လိုက်သည်။
"ငါ အခုတော့ မသိသေးဘူး... ဒါပေမယ့် တိုက်ရိုက် ထုတ်လွှင့်မှုက နာမည်နဲ့ အချက်အလက်တွေအရ ဒီကောင်က ဂေးပဲ.."
ထိုခဏဝယ် အားလုံးက ချန်းချောင်ဆီသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
ချန်းချောင် "ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ ငါက ဂေး မဟုတ်ဘူး.. ငါက ယောကျာ်းစစ်စစ်ပါ"
ချန်းချောင် နှင့် ကော်ဟောက်ကို စိုက်ကြည့်ရင်း လင်းရှောင်ယု၏ လိင်တူချင်း လိုက်လံပေးစားသော အကျင့်က ထကြွလာသည်။
"နင်တို့နှစ်ယောက်က ငါတို့အတန်းထဲမှာ လိင်တူချစ်သူတွေ ဖြစ်နိုင်ခြေအရှိဆုံးပဲ"
"လခွမ်း ပေါက်ကရတွေ"
"ဒါနဲ့ ဝမ်လင်းက ဘာလို့ ဘာမှဝင်မပြောတာလဲ.. စကားပြောရတာ မကြိုက်လို့လား...ဒါပေမယ့် ယေဘုယျအားဖြင့် စကားမပြောချင်တဲ့ လူတွေက အပုန်းကြီးတွေပဲ"
ချန်းချောင်းက စနောက်လိုက်သည်။
"???"
ဝမ်လင်းက မော့ကြည့်လိုက်ပြီး နှုတ်ခမ်းများ တလှုပ်လှုပ်ဖြစ်နေသည်။
သူ့ဘာသာ သိုသိုသိပ်သိပ် နေကာမှ အကြောင်းရင်းမရှိ ဆွဲထည့်ခံလိုက်ရသည် မဟုတ်လော။
ချန်းချောင် "ရှေးခေတ်ကတည်းက အပုန်း လူငယ်လေးတွေက ယီးမထောင်တော့ဘူး ဆိုရင် ဂေးတွေ ဖြစ်ကုန်ကြတာပဲ"
လူတိုင်း "..........."
ဝမ်လင်း "............"
.................
တစ်ချိန်တည်းမှာပင် မြို့လယ်ရှိ ဇိမ်ခံရုံးခန်း အဆောက် အအုံ၏ အပေါ်ဆုံးထပ် ရုံးခန်းအတွင်း၌..
ရဲတိုက်လေဒီက အချက်အလက် ဝယ်ယူလိုသော ဂုဏ်သရေရှိ ဧည့်သည်တော်အား နှုတ်ဆက်နေသည်။
အင်မော်တယ်စံအိမ် အဖြစ်အပျက်နှင့် တာအို ဆရာ တောက်တိ၏ ရွှေကုံးဂိုဏ်း အဖြစ်အပျက်တို့ကြောင့် မော့အင်မော်တယ်ရဲတိုက်က ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။
ဝင်ငွေနည်းသွားရုံတင်မက ဆုံးရှုံးမှုများ ဆက်တိုက် ခံစားခဲ့ရ၏။
မော့အင်မော်တယ် ရဲတိုက်က ပညာရေး အဖွဲ့အစည်း တစ်ခုအဖြစ် ဟန်ဆောင်နေချိန်တွင် ၎င်းတို့ထံ၌ အခြားလုပ်ငန်းများမှ တရားဝင် မဟုတ်သော ကြီးမားသည့် ၀င်ငွေများ ရှိခဲ့သည်။
သို့သော် အထက်ပါ ဖြစ်ရပ်နှစ်ခုကို ဖြေရှင်းရန် ကိုယ်ပိုင် ပိုက်ဆံများစွာ သုံးစွဲခဲ့ရသောကြောင့် မော့အင်မော်တယ်ရဲတိုက်က ၎င်းတို့၏ ငါးနှစ်နီးပါး အမြတ်အစွန်းများ ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ဆက်လက် လည်ပတ်နိုင်စေရန် အတွက် မော့အင်မော်တယ် ရဲတိုက်သည် အချက်အလက် ရောင်းချခြင်းလုပ်ငန်းကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သည်။
ယခင်က မော့အင်မော်တယ် ရဲတိုက်သည် အရင်းအမြစ်များအတွက် ကုန်သွယ်မှု သတင်း အချက်အလက်များကို မျှဝေခြင်းဖြင့် အခြားသူများနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။
ယခုအခါ မော့အင်မော်တယ်ရဲတိုက်က အကျိုးအမြတ် အတွက် အချက်အလက်များကို တိုက်ရိုက် ရောင်းချတော့မည် ဖြစ်၏။
ရုံးခန်းကျယ်ကြီး ထဲတွင် ရဲတိုက်လေဒီက ဆိုဖာပေါ်၌ လူငယ်တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။
ထိုလူငယ်၏ နောက်တွင် အဖြူရောင် တာအိုဝတ်စုံ ဝတ်ထားပြီး အနက်ရောင်ထီးကို ဆောင်းပေးထားသော အစေခံ တစ်ဦး ရှိနေသည်။
ဤလူငယ်က အချက်အလက်ဝယ်ရန် မော့အင်မော်တယ် ရဲတိုက်သို့ ရောက်ရှိလာသော ဖောက်သည်တစ်ဦးဖြစ်သည်။
လူငယ်က အရမ်းငယ်သော်လည်း ကျင့်ကြံခြင်းတွင် မခေလောက်ပေ။
ရဲတိုက်လေဒီက လူငယ်နှင့် အတော်လေး နီးစပ်နေသော်လည်း လူငယ်ထံမှ အသက်ရှုသံကိုပင် လုံးဝ မကြားရကြောင်း သတိပြုမိခဲ့သည်။
ဤသည်ကို ကြည့်၍ လူငယ်က စီနီယာ တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေ၏။
လူငယ်လေးသာ လောလောလတ်လတ် လက်ဖက်ရည် မသောက်ခဲ့လျှင် အသက်ရှုရပ်၍ သေသွားပြီဟု ထင်ကောင်းထင်မိလိမ့်မည်။
လူငယ်၏ မျက်နှာက ဖြူဖွေးနေသည်။
လူငယ်လေးက အလင်းရောင်ကို မထိတွေ့နိုင်သ၍ အစေခံက အနက်ရောင်ထီးကို တချိန်လုံး ကိုင်ဆောင်ထားသလား ရဲတိုက်လေဒီ မသိခဲ့ပေ။
ရဲတိုက်သခင် သူမ အနားမှာ မရှိသည့် အပြင် လူငယ်၏ နယ်ပယ်အဆင့် အတိအကျကို မဆုံးဖြတ်နိုင်သောကြောင့် ရဲတိုက်လေဒီက သိသိသာသာ တုန်လှုပ်နေခဲ့သည်။
"စီနီယာပိုင်.. ကျမ စျေးနှုန်းက စီနီယာအတွက် အဆင်ပြေရဲ့လား...စျေးများတယ်ထင်ရင် ဆွေးနွေးနိုင်ပါတယ်"
တိကျမှန်ကန်သော အချက်အလက် တစ်ခု၏ တန်ဖိုးမှာ အင်မော်တယ် ရွှေချောင်းငါးသိန်းဖြစ်သည်။
ဤသည်မှာ အချက်အလက်အတွက် မော့အင်မော်တယ်ရဲတိုက်၏ လက်ရှိစျေးနှုန်း ဖြစ်သည်။
အချို့သော အထူး အချက်အလက်များသည် အင်မော်တယ်ရွှေချောင်း ရွှေချောင်းတစ်သန်းခန့်ပင် ကုန်ကျနိုင်သည်။
ယင်းမှာ စျေးအကြီးဆုံး သူတော်စင် လက်နက်တစ်ခု၏ တန်ဖိုးနှင့် ညီမျှသည်။
"ငါ့သခင်က မင်းကို လူတစ်ယောက်ပဲ ရှာစေချင်တယ်.. ဒါပေမယ့် ငါတို့က အဲဒီအတွက် အင်မော်တယ် ရွှေချောင်း တစ်သိန်းလောက်ပဲ မင်းတို့ကို ပေးချင်တယ်"
လူငယ်၏ အစေခံက မောက်မာစွာ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး စီနီယာပိုင်.. ဒါက ဈေးနှုန်း အမှန်ပါပဲ"
"တကယ်တော့ အချက်အလက်တွေ ဝယ်ဖို့အတွက် ကျမတို့ဆီ ဖောက်သည်ကြီးတွေ အများကြီး လာခဲ့ဖူးပါတယ်"
"ဖောက်သည်ကြီးတွေလား"
"ငါ့ကို ဥပမာတစ်ခု ပေးလို့ရမလား"
စီနီယာပိုင်ဆိုသည့် လူငယ်က ပြုံး၍ ပြောလိုက်သည်။
"ကျမတို့ရဲ့ ယခင် ဖောက်သည်ကြီးတွေထဲက တစ်ဦးက တာအိုဆရာ တောက်တိပဲ"
(ကျမတို့နဲ့ စာချုပ်ကို တစ်ဝက်တစ်ပျက် ဖျက်သွားခဲ့တယ်)
"တောက်တိလား"
စီနီယာပိုင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
"ဟုတ်ပါတယ်"
ရဲတိုက်လေဒီက ခေါင်းညိတ်လိုက်သည်။
"ဒါ့အပြင် အရင်က ကျမ တို့ဆီမှာ အချက်အလက်တွေ ဝယ်ဖူးတဲ့ တခြားသူတွေက မိစ္ဆာအင်ပါယာကွာဖီ နဲ့ အင်မော်တယ်စံအိမ်သခင် ချန်ယွီတို့ပဲ"
(သူတို့နှစ်ယောက်လုံး အဖမ်းခံထားရတယ်)