အမြစ်မပြတ်သေးသည့် နတ်ဆိုးမုဆိုးများအဖွဲ့အစည်း
Vol. 31 Ch. 465
ရဲတိုက်လေဒီက စီနီယာပိုင်၏ အစွမ်းအစကို အတိအကျ မခန့်မှန်း နိုင်သော်လည်း ၎င်း၏ အထောက်အထားကို ကောင်းစွာ သိရှိခဲ့သည်။
၎င်းက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌပိုင် ဖြစ်ပြီးအစိုးရမှ အလိုရှိနေသည့် အဓိက ရာဇ၀တ်ကောင်လည်း ဖြစ်သည်။
ရဲတပ်ဖွဲ့တွင် လက်ရှိ ဖမ်းဆီးခံထားရသော နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် ဥက္ကဌပိုင်၏ အသွင်အပြင်ကို ဖော်ပြနိုင်ခြင်း မရှိပေ။
ဦးလေးကျို ကဲ့သို့သော ထိပ်တန်း အဖွဲ့ဝင်များပင် သူ၏ မျက်နှာအစစ်ကို မမြင်ဖူးပေ။
ဥက္ကဌ၏ အသွင်အပြင် အစစ်အမှန်ကို သိသူမှာ အနက်ရောင်ထီးကို ကိုင်ထားသော အစေခံ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ထိုလူက အစေခံတစ်ဦး ဖြစ်သော်လည်း သူမထက် အားမနည်းဟု ခံစားမိသည်။
ထိုအချက်ကပင် သူမကို အနည်းငယ် ထိတ်လန့်စေခဲ့သည်။
ရဲတိုက်လေဒီက ကွာဖီ နှင့် ချန်ယွီတို့ အကြောင်း ပြောပြလိုက်သောအခါ ဥက္ကဌပိုင်၏ အကြည့်က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
တကယ်တမ်းတွင် စုန့်ဟိုင်မြို့၌ ထောက်လှမ်းရေး အဖွဲ့အစည်း အများအပြား ရှိခဲ့သော်လည်း မော့အင်မော်တယ်ရဲတိုက်၏ ထောက်လှမ်းရေး ကွန်ယက်က ဒုတိယနေရာတွင် မရှိဟု သူကြားသိရချိန်မှာပင် ယုံကြည်သွားခဲ့သည်။
ပုံမှန်မဟုတ်သော အသားအရောင် ဖျော့ဖျော့ရှိသည့် ဤလူငယ်က မော့အင်မော်တယ် ရဲတိုက် အနေဖြင့် တာအိုဆရာ တောက်တိ၊ မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီ တို့နှင့် အမှန်တကယ် ဆက်ဆံရေး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အချက်အလက်က အလွန်ခက်ခဲနိုင်၍ ကုန်ကျစရိတ်ကို အတိအကျ သတ်မှတ်၍မရသည့် အချိန်များ ရှိသည်။
ယင်းမှာ ထောက်လှမ်းရေး အေဂျင်စီတွင် သက်ဆိုင်ရာလုပ်ငန်းဆိုင်ရာ အရည်အချင်းများ ရှိ/မရှိ ပေါ်တွင် မူတည်သည်။
သတင်းအချက်အလက် ဝယ်ဖို့ ကွာဖီတို့လို ပုဂ္ဂိုလ်များပင် ရောက်လာခဲ့လျှင် မော့အင်မော်တယ် ရဲတိုက်၏ အချက်အလက်က အဖိုးတန်သည်ဟု ဥက္ကဌပိုင် ချက်ချင်း ခံစားမိခဲ့သည်။
"အဖိုးကြီးလု.. သဘောတူလိုက်တော့"
ဥက္ကဌပိုင်က သူ့လက်ကို မြှောက်၍ ပြောလိုက်သည်။
အစေခံက သတိထပ်ပေးလိုက်သည်။
"ဥက္ကဌကြီး ထပ်စဉ်းစားပါဦးလား"
"မလိုတော့ဘူး"
ပုံမှန်မဟုတ်စွာ ဖျော့တော့တော့ လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါတို့ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက ဒီတစ်ကြိမ်မှာ အကြီးအကဲ နှစ်ယောက်ကို ဆုံးရှုံးသွားခဲ့တယ်.. အကြီးအကဲ စန်းလန် နဲ့ အကြီးအကဲ ဟန်အိုက်တို့ ဘယ်လောက် သန်မာလဲဆိုတာ ငါကောင်းကောင်းသိတယ်.. သူတို့နှစ်ယောက်က တတိယတန်းစား ခွေးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အဆုံးသတ်မှာ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ရတယ်"
"ငါတို့အဖွဲ့အစည်း အခုလို ဒုက္ခရောက်နေတဲ့ အကြောင်းရင်းက ဒီခွေးကြောင့်ပဲ ဒီခွေးကိုသာ ရှာမတွေ့ရင် ငါ့ရင်ထဲက အမုန်းတရားတွေကို ရှင်းထုတ်ဖို့ တော်တော် ခက်ခဲလိမ့်မယ်"
"ကောင်းပါပြီ.."
အစေခံက ခေါင်းညိတ်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
အကြောင်းတစ်ခုခုကြောင့် သူ့မျက်ခွံတွေ ပြင်းပြင်းထန်ထန် လှုပ်လာပြီး ဆိုးရွားသည့် ခံစားချက်ကို ခံစားခဲ့ရသည်။
အစေခံက ထီးကို လက်တစ်ဖက်ဖြင့် ကိုင်ထားစဉ် ကျန်တစ်ဖက်ရှိ သူ၏ အကျီလက်ကနေ နွယ်ပင်တစ်ချောင်း ထွက်လာခဲ့သည်။
ထို့နောက် ဆဲလ်ဖုန်းတစ်လုံးကို ထုတ်ယူကာ အသုံးပြုလိုက်သည်။
ရဲတိုက်လေဒီက အစေခံကို ငေးကြည့်နေမိသည်။
"ဒီလူက သစ်ပင်မှင်စာများ ဖြစ်နေမလား"
"ဉာဏ်အလင်းရပြီး လူသားအသွင် ပြောင်းလဲသွားသော သစ်ပင်အိုကြီးများလား"
သူမက အမြင်ကျယ်သွားသလို ခံစားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သစ်ပင်မှင်စာများသည် နတ်ဆိုးမျိုးနွယ်နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။
ကမ္ဘာခြား ဂိတ်တံခါးမှ ထွက်ပြေးကာ လူသားပုံစံဖြင့် လူသား ကမ္ဘာထဲသို့ ပေါင်းစည်းသွားသော နတ်ဆိုးမျိုးနွယ် အချို့ ရှိကြောင်း သူမ ကြားသိခဲ့ရသော်လည်း ယင်းကို အရိပ်အမြွက် မြင်ရခြင်းမှာ သူမ အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
အဓိကအချက်မှာ ဤအစေခံက အော်ရာကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခြင်းပင်။
သူ့တွင် နတ်ဆိုးချီ အရိပ်အယောင်ပင် မရှိခဲ့ပေ။
ထိုသို့တွေးမိပြီး ရဲတိုက်လေဒီက ဤသခင်နဲ့ အစေခံ၏ မူလဇစ်မြစ်ကို အနည်းငယ် တွေးကြည့်လိုက်သည်။
လူသား အသွင်ဆောင်နိုင်သော သစ်ပင်မှင်စာသည် အနည်းဆုံး နှစ်သုံးထောင်ကျော် ကျင့်ကြံမှုရှိရမည် ဖြစ်သည်။
၎င်းက ခြေသလုံးအိမ်တိုင် အင်မော်တယ် ဖြစ်နိုင်ဖွယ်ရှိသည်။
ထို့အပြင် ထိုသို့သော အင်မော်တယ်အဆင့် သစ်ပင်မှင်စာသည် ဤပုံမှန်မဟုတ်သော ဖျော့တော့တော့ လူငယ်လေး၏ အစေခံ ဖြစ်လိုစိတ် ရှိနေသည်။
ဤလူငယ်က သစ်ပင်မှင်စာ၏ ဒုတိယအကြီးဆုံး ဦးလေးမဟုတ်ခဲ့လျှင် လူငယ်၏ အစွမ်းက ခြေသလုံး အိမ်တိုင်အင်မော်တယ် အဆင့်ထက် မနိမ့်ကြောင်း အလွယ်တကူ ခန့်မှန်း၍ ရနိုင်၏။
လူငယ်က တာအိုဆရာ တောက်တိ ထက်ပင် ပိုမို သန်မာနေလောက်ပြီး ပကတိအင်မော်တယ် တစ်ဦးပင် ဖြစ်နေနိုင်၏။
ရုတ်တရက် ဆိုသလိုပင် ဤလူငယ်က မော့အင်မော်တယ် ရဲတိုက်၏ ကျဆင်းနေသော ပုံရိပ်ကို မြှင့်တင်နိုင်မည့် အခွင့်အရေး တစ်ခု ဖြစ်နိုင်ကြောင်း ရဲတိုက်လေဒီ သဘောပေါက်သွားခဲ့သည်။
ဤကဲ့သို့ ပကတိ အင်မော်တယ်ကိုသာ နာယက အဖြစ် ခေါ်ယူနိုင်ခဲ့လျှင် ရဲတိုက်၏ အနာဂတ် အတွက် ပိုမို ချောမွေ့သွားလိမ့်မည်ဟု ရဲတိုက်လေဒီက တွေးမိခဲ့သည်။
"ဥက္ကဌပိုင်.. ကျမပြောစရာရှိတယ်"
ရဲတိုက်လေဒီက ရုတ်တရက် ပြောလိုက်သည်။
"ဘာပြောမလို့လဲ"
ပုံမှန်မဟုတ်သော ဖျော့တော့တော့ လူငယ်လေးက မော့ကြည့်လိုက်သည်။
"ဒီအချက်အလက်တွေကို ဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းပေးလို့ရပါတယ်"
"မင်း ငါ့ဆီက ဘာလိုချင်လို့ လျော့ပေးတာလဲ"
လူငယ်လေး၏ မျက်လုံးများက လေးနက်လာခဲ့သည်။
သူက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌအနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ ခရီးထွက်ပြီး အခြေအနေ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ဖူးသည်။
အရောင်းအဝယ် အမျိုးမျိုးကို ဆောင်ရွက်ခဲ့ဖူးသောကြောင့် ကုန်သွယ်မှု စည်းမျဉ်းများကို သဘာဝကျကျ သိထားသည်။
အသားမုန့်များက ဘယ်သောအခါမှ ကောင်းကင်ကနေ အလကား ကျလာလေ့မရှိပေ။
ငါးသိန်းတန် အင်မော်တယ် ရွှေချောင်းများကို ဆယ်ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရုတ်တရက် ရောင်းချသည့် နောက်တွင် တစ်ခုခု တောင်းဆိုတာမျိုး ရှိလာလိမ့်မည် မဟုတ်ပါလား။
"အခုချိန်မှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကို နေရာအနှံ့မှာ ရဲတွေ လိုက်လံ ဖမ်းဆီးနေတယ် ဆိုတာ ဒီဂျူနီယာသိပါတယ်.. စီနီယာအနေ နဲ့ မော့အင်မော်တယ် ရဲတိုက်ကို ကူညီနေသမျှ ကာလပတ်လုံး စီနီယာ အလိုရှိသမျှ အချက်အလက်တွေကို လျှော့စျေးနဲ့ ရောင်းပေးပါ့မယ်"
"ဟားဟား.. ဒါဆိုလည်း မင်းငါ့ကို သတင်းအချက်အလက်တွေ အလကားပဲ ပေးလိုက်ပါတော့လား"
လူငယ်လေးက ပြုံး၍ ပြောလိုက်သည်။
ရဲတိုက်လေဒီ "ဘာလို့ အလကားမပေးနိုင်လဲ ဆိုတော့ ကျမတို့ အခု တကယ်ပဲ မွဲတေနေလို့ပါ"
လူငယ် "............"
ဤရိုးရှင်းပြီး ပြတ်သားသော အကြောင်းပြချက်က လူငယ်၏ နောက်တွင် ရပ်နေသော သစ်ပင်မှင်စာကို အံ့အားသင့်စေခဲ့သည်။
"ကောင်းပြီလေ မင်းရဲ့တောင်းဆိုမှုကို ငါအရင်နားထောင်ပါရစေ"
လူငယ်က ပြောလိုက်သည်။
"ဒီလိုပါစီနီယာ...ကျမတို့ မော့အင်မော်တယ် ရဲတိုက် အခုလို မွဲပြာကျသွားရတဲ့ အကြောင်းရင်းက လူတစ်ယောက်ကြောင့်ပါ"
"သူက ဆယ်ကျော်သက်အရွယ် ထင်ရပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က နားမလည်နိုင်လောက်အောင်ပါပဲ.. သူ့ကို သင်ခန်းစာပေးဖို့ လူတွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့ပေမယ့် အားလုံးက ရှုံးနိမ့်သွားခဲ့ရတယ်"
ရဲတိုက်လေဒီက ဝမ်းနည်းဖွယ် အတွေ့အကြုံကို ပြန်အမှတ်ရသွားမိသည်။
"ကျမတို့ မော့အင်မော်တယ်ရဲတိုက်က သူတော်စင်ဆယ်ပါးကို ငှားရမ်းပြီး စေလွှတ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သူတို့က ကျန်းနန်ရဲ့ မွန်းစတား၇ပါး ဖြစ်လာခဲ့တယ်"
လူငယ်".............."
ရဲတိုက်လေဒီ
"ဒါ့အပြင် မိစ္ဆာအင်ပါယာ နဲ့ အင်မော်တယ်စံအိမ်သခင်တို့ ဖမ်းဆီးခံရတဲ့ ကိစ္စကလည်း ဒီလူ နဲ့ ဆက်စပ်နေတယ်လို့ ကျမ သံသယ ဖြစ်မိတယ်"
"အဲဒီလိုလား"
လူငယ်က ခေါင်းညိတ်လိုက်သည်။
သူက ရဲတိုက်လေဒီ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီ ဖြစ်သည်။
"မင်းက ဒီလူကို ကိုင်တွယ်စေချင်တာလား"
ရဲတိုက်လေဒီ "ဟုတ်ပါတယ်"
"ဒီကိစ္စလောက်က လွယ်ပါတယ်"
လူငယ်လေးက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
"ငါ့နောက်မှာရှိတဲ့ အဖိုးကြီးလုကို စေလွှတ်ပေးမယ်.. အကယ်၍ အခြေအနေမဟန်ရင် ငါကိုယ်တိုင် ကိုင်တွယ်ပေးမယ်.. ဘယ်လိုလဲ"
ထိုစကားကြားလျှင် ရဲတိုက်လေဒီက ဝမ်းသာသွားသည်။
"ဒါပေမဲ့ စီနီယာလု မကိုင်တွယ်နိုင်ရင် စီနီယာလု အတွက်အန္တရာယ် မဖြစ်နိုင်ဘူးလား"
ထိုခဏဝယ် လူငယ်လေးက ရယ်မောလိုက်သည်။
"အဖိုးကြီးလုက သာမန်လူ မဟုတ်ဘူး ဆိုတာ မင်းရိပ်မိနေပြီလို့ ငါထင်တယ်...မင်းပြောတဲ့ ဆယ်ကျော်သက်နဲ့ တူတဲ့ လူငယ်ကို သူ အနိုင်မရရင်တောင် သေသွားစရာ အကြောင်းတော့ မရှိပါဘူး.. တကယ့် အခြေအနေမှန်ကို သိရဖို့ သူ့ကို အရင်ဆုံး စေလွှတ်လိုက်တာပါ"
သစ်ပင်မှင်စာကလည်း ဤကိစ္စနှင့် ပတ်သက်၍ သူ့ကိုယ်သူ ယုံကြည်မှုရှိနေသည်။
"စိတ်ချပါ.. ငါ့ရဲ့ သစ်သားနည်းစနစ် နဲ့ ပြန်လည်မွေးဖွားခြင်း စွမ်းရည်က ပြင်းထန်တဲ့ ဒဏ်ရာတွေကို ပြန်လည် ကုသနိုင်စွမ်းရှိပါတယ်.. ပကတိအင်မော်တယ်နဲ့ ရင်ဆိုင်ရရင်တောင် ပြာမှုန် အနည်းငယ် ကျန်နေသရွေ့ ငါ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ပါတယ်"
"ဒီဂျူနီယာက အတွေးလွန်သွားတာ စီနီယာလု ခွင့်လွှတ်ပေးပါ"
ရဲတိုက်လေဒီက လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
"စီနီယာလုရဲ့ နာမည်အပြည့်အစုံက ဘာလဲဆိုတာ သိပါရစေ"
"ရဲတိုက်လေဒီ ယဉ်ကျေးလွန်းနေပါပြီ.. မင်းငါ့ကို အဖိုးကြီးလု လို့ ခေါ်နိုင်ပါတယ်.. ငါ့နာမည်က ရွှင်းပါ.."
"............"
လုရွှင်းသည် ခေတ်သစ် တရုတ်စာပေလောကတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ကျိုးရှုရမ်၏ ကလောင်အမည်ဖြစ်သည်။