စိတ်ဝိညာဥ်ခွေး၏ မရိုမသေကန်ချက်9000
Vol. 32 Ch. 468
ဤအချက်အလက်များသည် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ လူနှစ်ဦးကို မော့အင်မော်တယ် ရဲတိုက်အား အမြင်သစ်ဖြင့် ကြည့်ရှုစေခဲ့သည်။
ထွင်ထျန်းဟာက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ သိမ်းပိုက်ထားသော ဝိညာဉ်သားရဲ မှောင်ခိုဈေးကွက်တွင် မွှေနှောက်ခဲ့သောကြောင့် ယင်းအဖွဲ့အစည်း တစ်ခုလုံးက အကြီးအကျယ်ထိခိုက်ခဲ့ရသည်။
ထို့နောက်တွင် ဦးလေးကျိုသည် ထွင်ထျန်းဟာ အပေါ်၌ ဝိညာဉ် အမှတ်အသားတစ်ခုကို ထားရှိခဲ့၏။
ထိုအမှတ်အသားကို အခြေခံ၍ ဥက္ကဌပိုင်က ဝိညာဉ်သားရဲများကို ဖမ်းယူရာတွင် အလွန် အောင်မြင်မှုနှုန်း မြင့်မားသော အကြီးအကဲ စန်းလန်နှင့် အကြီးအကဲဟန်အိုက် တို့ကို စေလွှတ်ခဲ့သည်။
သို့သော် အဆုံးသတ်တွင် သူတို့ကိုယ်တိုင် အသတ်ခံလိုက်ရပြီး ဘာမှမကျန်ရှိခဲ့ပေ။
ဤအကြီးအကဲနှစ်ဦး အသတ်ခံရပြီးနောက် ဥက္ကဌပိုင်က ထွင်ထျန်းဟာ၏ နေရာကိုရှာဖွေရန် လူအများအပြားကို စေလွှတ်ခဲ့သော်လည်း ၎င်းတို့အားလုံးမှာ လက်ဗလာဖြင့်သာ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
ထိုအမွှေးစိမ်းခွေး၏ သဲလွန်စကို မော့အင်မော်တယ် ရဲတိုက်ထံတွင် အမှန်တကယ် ရရှိလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ဥက္ကဌပိုင်က မော့အင်မော်တယ် အဖွဲ့အစည်းကို အသေးစိတ် မလေ့လာခဲ့ဘဲ ၎င်းတို့၏ အကြောင်းကိုသာ ကြားဖူးခဲ့သည်။
ရဲတိုက်လေဒီ နှင့် ယခုလို အဆက်အသွယ်ရခြင်းကပင် သူ့သူငယ်ချင်း၏ ညွှန်းဆိုမှုကြောင့် ဖြစ်သည်။
ဥက္ကဌပိုင်ကျယ်သည် မော့အင်မော်တယ်ရဲတိုက်နှင့် ကနဦး ထိတွေ့ဆက်ဆံမှုအရ အချက်အလက် စုဆောင်းသည့်အပိုင်းတွင် မော့အင်မော်တယ် ရဲတိုက်သည် အခြားသော အဖွဲ့အစည်းများထက် သာလွန်သည်ဟု ထင်မြင်ခဲ့သည်။
ယင်းက မော့အင်မော်တယ် ရဲတိုက်၏ နောက်ကွယ်မှ သုတေသန ပစ္စည်းများကြောင့်လည်း ဖြစ်နိုင်၏။
ထောက်လှမ်းရေး နည်းလမ်းများဖြင့် အခင်းဖြစ်ပွားရာ နေရာရှိ ဆက်စပ်သဲလွန်စ အနည်းငယ်ကို အခြေပြု၍ ရှာဖွေနိုင်ရန်အတွက် မော့အင်မော်တယ် ရဲတိုက်သည် နောက်ကွယ်တွင်အလွန်ထူးချွန်သော သိပ္ပံပညာရှင် တစ်ဦးကို ထိန်းသိမ်းထားရမည်မှာ သေချာသည်။
ပိုင်ကျယ်က မော့အင်မော်တယ် ရဲတိုက်ကို ရုတ်တရက် ပိုမိုစိတ်ဝင်စားသွားခဲ့သည်။
သို့သော် ယနေ့တွေ့ဆုံမှုတွင် မော့အင်မော်တယ်ရဲတိုက်၏ အရှင်သခင်နှင့် မတွေ့ခဲ့ရဘဲ ရဲတိုက်လေဒီနှင့်သာ တွေ့ခဲ့ရသည်။
ထိုသို့သော အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ရဲတိုက်သခင်က သာမန်လူ မဟုတ်ကြောင်း သိသာထင်ရှားနေ၍ ပိုင်ကျဲက ရဲတိုက်သခင် နှင့် တွေ့ဆုံရန် အလွန် စိတ်အားထက်သန်နေသည်။
သို့သော် ယခုအချိန်၌ အလျင်စလိုတော့ ဖြစ်မနေခဲ့ပေ။
“အဘိုးကြီးလု.. မင်းအပေါ်မှာပဲ မူတည်တယ်.. မင်းကိစ္စဆောင်ရွက်ပြီးတာနဲ့ ငါ့ကိုချက်ချင်း အကြောင်းကြားလိုက်ပါ”
ပိုင်ကျယ်က ရဲတိုက်လေဒီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ဒါက ငါတို့နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းနဲ့ မော့အင်မော်တယ်ရဲတိုက်တို့ ကြားက ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုပဲ.. ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာမှာပါ”
“ကျေးဇူးပြုပြီး အဘိုးကြီးလုနဲ့ ဆွေးနွေးလိုက်ပါ.. ငါအရင်ထွက်သွားလိုက်ပါ့မယ်”
ထို့နောက်တွင် ဥက္ကဌပိုင်၏ ဦးခေါင်းထက်၌ လေထဲတွင် ဆိုင်းငံ့ထားသော အနက်ရောင်ထီးကို တွေ့လိုက်ရသည်။
ဥက္ကဌပိုင်နှင့် အနက်ရောင်ထီးက စိတ်ဝိညာဉ်အလင်းတန်းအဖြစ် လွင့်ထွက်သွားပြီး တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
ရဲတိုက်လေဒီက နက်ရှိုင်းစွာ တုန်လှုပ်သွားခဲ့သည်။
သူမ ထင်ခဲ့သည့်အတိုင်းပင် ဤအနက်ရောင်ထီးက နေရာလွတ် မှော်လက်နက်တစ်ခု ဖြစ်ပြီး ထူးခြားသောဇစ်မြစ်တစ်ခု ရှိနေသည်မှာ ထင်ရှား၏။
ဥက္ကဌပိုင် ပျောက်ကွယ်သွားသည်ကို မြင်လျှင် ရဲတိုက်လေဒီက အချိန်အတော်ကြာ တွေဝေနေခဲ့သည်။
ခဏအကြာတွင် သူမက စီနီယာလုကို စိုက်ကြည့်ကာမေးခွန်းထုတ်လိုက်သည်။
“စီနီယာလု.. ကျမ အတင့်ရဲပြီး မေးခွန်းတစ်ခု မေးပါရစေ.. ဥက္ကဌပိုင်က ဘယ်လောက်ထိ သန်မာလဲ”
အဘိုးကြီးလုက ဤမေးခွန်းကို ကြားသောအခါတွင် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
ပြတင်းပေါက်မှ လေညှင်းက သူဝတ်ဆင်ထားသည့် အစိမ်းရောင်တာအိုဝတ်စုံကို အနည်းငယ် ပွတ်တိုက်သွားသည်။
“စီနီယာလုအနေနဲ့ မပြောချင်ဘူးဆိုရင် ကျေးဇူးပြုပြီး ကျွန်မရဲ့မေးခွန်းကို တစ်ခါမှ မကြားဖူးသလို ဟန်ဆောင်လိုက်လို့ရပါတယ်”
တစ်ဖက်လူက အချိန်အတော်ကြာ ဘာမှမပြောသည်ကို မြင်လျှင် ရဲတိုက်လေဒီက ခဏလောက် စဉ်းစားပြီးမှ ထိုစကားကိုပြောလိုက်သည်။
ရဲတိုက်သခင်က ဖောက်သည်များ ရောက်လာသည်နှင့် ထိုဖောက်သည်များနှင့် ပက်သက်သည့် အရာအားလုံးကို ရှာဖွေရန် အမြဲတစေ မှာကြားခဲ့သည်။
ထို့ကြောင့် သူမက ဥက္ကဌပိုင်ကို မသိမသာ စုံစမ်းနေခြင်းပင်ဖြစ်သည်။
စီနီယာလုက ဘာမှမပြောလျှင်ပင် မော့အင်မော်တယ်ရဲတိုက်၏ အချက်အလက် စုဆောင်းမှုမှ တဆင့် သူမ သိချင်သည့် အကြောင်းအရာများကို သိရှိနိုင်ဆဲ ဖြစ်၏။
ဆန့်ကျင်ဘက်အနေဖြင့် ဤကဲ့သို့သော မေးခွန်းမျိုးကို တိုက်ရိုက်မေးခြင်းသည် အနည်းငယ် ရိုင်းစိုင်းရာကျပေသည်။
စီနီယာလုက ခေါင်းခါလိုက်သည်။
“မော့အင်မော်တယ် ရဲတိုက်ရဲ့ အချက်အလက် စုဆောင်းတဲ့နည်းလမ်းနဲ့ဆိုရင် ဒီကိစ္စကို သိဖို့က အရမ်း လွယ်ကူပါလိမ့်မယ်.. ဥက္ကဌပိုင်ရဲ့ အစွမ်းအစကို ငါအများကြီး မပြောနိုင်ပေမဲ့ သူက ငါ့ထက် အများကြီး သန်မာတာတော့ လုံးဝသေချာတယ်”
“……..”
သူ့စကားကို ကြားရလျှင် ရဲတိုက်လေဒီက စိတ်နှလုံးထဲမှ ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားခဲ့သည်။
စီနီယာလုက ဆက်ပြောလိုက်သည်။
“ငါအစောပိုင်းက ပြောလိုက်သလိုပဲ.. ငါတို့ သစ်ပင်မှင်စာ နတ်ဆိုးမျိုးနွယ်တွေက ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်း မြင့်မားကြတယ်.. ငါတို့ရဲ့ ဖန်ဆင်းခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းမှော်စွမ်းရည်ကို ကျော်လွှားနိုင်တဲ့ လူတစ်ယောက် လူသားမျိုးနွယ်ထဲမှာ ရှိမယ်ဆိုရင် အဲဒီလူက ဥက္ကဌပိုင်ပဲ. ဥက္ကဌပိုင်ကသာ ဒုတိယလို့ ကြွေးကြော်လိုက်ရင် တခြားဘယ်သူကမှ ပထမလို့ ကြွေးကြော်ရဲမှာ မဟုတ်ဘူး.. ဒီစကားက ငါလုံးဝ ချဲ့ကား ပြောဆိုနေတာ မဟုတ်ဘူးနော်”
ထိုစကားကိုကြားလျှင် ရဲတိုက်လေဒီက တအံ့တဩ ဖြစ်နေသည်။
သူမက စီနီယာလု၏ ဖန်ဆင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်းမှော်စွမ်းရည်ကို စေ့စေ့စပ်စပ် မြည်းစမ်းခဲ့ပြီးပြီ မဟုတ်ပါလား။
ဥက္ကဌပိုင်က စီနီယာလုထက် အမှန်တကယ် အားကောင်းလိမ့်မည်ဟု သူမ တွေးခဲ့ဖူးသည်။
စီနီယာလုက ဆက်ပြောလိုက်သည်။
“တစ်နည်းအားဖြင့် ပြောရရင် ဥက္ကဌပိုင်က အသန်မာဆုံးလို့ ငါယုံကြည်တယ်.. ဘာကြောင့်လဲဆိုတော့ သူ့ကိုသတ်နိုင်တဲ့လူ ဒီကမ္ဘာမှာ လုံးဝမရှိဘူး”
ထိုစကားကိုကြားလျှင် ရဲတိုက်လေဒီက ချွေးများ ရွှဲစိုလာခဲ့သည်။
သူမတို့ ရဲတိုက်၏ နာယကအသစ်က သောက်ရမ်းကြမ်းနေခဲ့သည် မဟုတ်ပါလား။
........................
နောက်ဆုံးအကြိမ်တွင် ထွင်ထျန်းဟာက ငွေရောင်လေးကိုကစားခဲ့သည်။
ဤဖြစ်ရပ် နောက်ပိုင်းတွင် ထွင်ထျန်းဟာနှင့် ငွေရောင်လေးက သူငယ်ချင်းများ ဖြစ်သွားကြသည်။
ငွေရောင်လေးက ထိုအချိန်က အမှန်တကယ်ပင် စိတ်ထိခိုက်ခဲ့ရသည်။
သို့သော်လည်း သူက လူ့အသိုင်းအဝိုင်းတွင် လူသစ်တစ်ယောက်သာ ဖြစ်သည်။
အကယ်၍ သူက "စီနီယာများထံမှ လူ့အသိုင်းအဝိုင်းနှင့်ပတ်သက်၍ သင်ယူလိုလျှင်" သူ၏ အကောင်းဆုံး ရွေးချယ်မှုမှာ အတွေ့အကြုံများစွာ ရှိပြီးသား ဖြစ်သော ထွင်ထျန်းဟာသာ ဖြစ်သင့်သည် မဟုတ်လော။
တစ်နည်းအားဖြင့် ဆိုသော် သူတို့က အမျိုးအစားချင်း တူညီကြသောကြောင့်ပင်။
ထို့အပြင် ငွေရောင်လေးက သူ့ ဆရာ နှင့် ပတ်သက်သည့်အရာအားလုံးကို အတော်လေး သိချင်နေခဲ့သည်။
သူ့အမြင်၌ ထွင်ထျန်းဟာထက် ဤကမ္ဘာတွင် သူ့ဆရာနှင့် ပိုရင်းနှီးသူမရှိပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ဆရာ၏ သူငယ်ချင်းကောင်း ဖြစ်သော်လည်း အမိုးတစ်ခုတည်း အောက်တွင် နေထိုင်သော ထွင်ထျန်းဟာထက် ပိုမို ရင်းနှီးခြင်း မရှိကြောင်းကို ငွေရောင်လေး ခံစားမိသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ထွင်ထျန်းဟာ အတွက် ဝိညာဥ်ခွေးများနှင့် သင့်လျော်သော အနီးကပ် တိုက်ခိုက်ရေး ဝိညာဉ်နည်းစနစ်အချို့ကို ရှာဖွေပေးရန် သူ့ကို တောင်းဆိုထားခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ငွေရောင်လေးက ထွင်ထျန်းဟာနှင့် သင့်လျော်မည့် နည်းစနစ်ရှာဖွေခြင်း လုပ်ငန်းစဥ်ကို စတင်လုပ်ဆောင်ခဲ့သည်။
သူက အကြမ်းဖျင်းအားဖြင့် နှစ်ရက်ခန့် အချိန်ယူခဲ့ရပြီးနောက်တွင် ထွင်ထျန်းဟာ ကျင့်ကြံရန် သင့်တော်မည်ဟု သူထင်သည့် ဝိညာဉ်နည်းစနစ်များကို စာရင်းပြုစုခဲ့သည်။
သူက ဝိညာဥ်နည်းစနစ် တစ်ခုစီအား မည်ကဲ့သို့ အသုံးပြုရမည်ကို ပြသသည့် အသေးစိတ် ပုံကြမ်းများကို ရေးဆွဲခဲ့ပြီး ဝိညာဉ်စွမ်းအင်များကို သွေးကြောများ တစ်လျှောက် မည်ကဲ့သို့ ဖြန့်ကျက်ရမည်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။
ထို့နောက် ငွေရောင်လေးက ထိုဒေတာကို ထွင်ထျန်းဟာဆီ ပေးပို့ခဲ့သည်။
"ဒါတွေကိုကြည့်ပြီး ကျင့်မယ်ဆိုရင် အလုပ်ဖြစ်မှာ သေချာရဲ့လား"
"တကယ်တော့ ငါ့ဆီမှာ ဒီထက် ပိုအဆင့်မြင့်တဲ့ နည်းစနစ်တွေ ရှိပါတယ်.. ဒါပေမဲ့ မင်း အဲဒီ နည်းစနစ်တွေကို မကျင့်ကြံနိုင်မှာ စိုးရိမ်မိတယ်.. ဒါကြောင့် အဆင့်သုံးနဲ့ အဆင့်လေး နည်းစနစ်တွေကိုပဲ မင်းဆီ အရင် ပို့ထားတယ်"
ဝမ်လင်း၏ အခန်းထဲတွင် ထွင်ထျန်းဟာက အချက်အလက်ကို နှိပ်ပြီး အသေအချာ ဖတ်နေသည်။
နည်းစနစ်များသည် အောက်ပါအတိုင်း ဖြစ်သည်။
1 တစ်ကိုယ်တော် တိုက်ခိုက်ရေး နည်းစနစ်= သံကြိုးဖြင့် ရိုက်နှက်ခြင်း
အဆင့်= ခွေးမျိုးနွယ်စု၏ အဆင့်သုံး ဝိညာဉ်နည်းစနစ်
အကျိုးသက်ရောက်မှု= ရန်သူ၏မျက်နှာကို ဆက်တိုက် ဖိရိုက်၍ ရန်သူကို ပြင်းထန်သော ထိခိုက်မှု ဖြစ်စေနိုင်သည်။
ဆိုရိုးစကားတစ်ခုရှိသည်။
တစ်စုံတစ်ယောက်၏ မျက်နှာကို ထိမှန်အောင် ရိုက်နှက်ခြင်းသည် ၎င်းတို့၏ အတ္တကို ထိခိုက်စေသည်။
ဤနည်းစနစ်က ရန်သူ၏ တိုက်ခိုက်လိုသော ဆန္ဒကို လျော့နည်းစေပြီး ကြောက်ရွံ့မှုကို တိုးမြင့်စေသည့် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုကို သယ်ဆောင်လာစေသည်။
2. အုပ်စုဖွဲ့ တိုက်ခိုက်ရေး နည်းစနစ်= စိတ်ဝိညာဥ်ခွေး၏ မရိုမသေကန်ချက် 9000
အကျိုးသက်ရောက်မှု= ခွေးမျိုးနွယ်စု၏ အဆင့်လေး ဝိညာဉ်နည်းစနစ်
အကျိုးသက်ရောက်မှု= ဆန်းကြယ်မှုများစွာ ဖန်တီးရန် နောက်ခြေထောက်များကို အမြန်ထုတ်သုံးပါ။
ပြင်းထန်လှသော အဖျက်စွမ်းအားဖြင့် ရန်သူကို အကြိမ် ကိုးထောင် ဆက်တိုက် ထိုးနှက်ကာ ဖြိုခွင်းနိုင်သည်။
ဒုတိယအကျိုးသက်ရောက်မှု= ရန်သူကို လေထဲသို့ လွင့်ပျံစေနိုင်သည်။
ဤဝိညာဉ်နည်းစနစ် နောက်ကွယ်မှ သဘောတရားသည် ကြောင်မျိုးနွယ်စုကို ကျော်ကြားစေခဲ့သည့် "အပြာရောင်ကြောင်၏ ကလူကျီစယ် ကန်ချက် 300 " ဟူသည့် နည်းစနစ်နှင့် ဆင်တူသည်။
3. ကာကွယ်ရေးနည်းစနစ်= ကြာပန်းပုံစံထိုင်၍ ခွေးအော်သံဖြင့် တိုက်ခိုက်ခြင်း
အဆင့် = ခွေးမျိုးနွယ်စု၏ အဆင့်လေး ကာကွယ်ရေး ဝိညာဥ်နည်းစနစ်။
အကျိုးသက်ရောက်မှု = ကြာပန်းဒိုင်းကို ဖန်တီး၍ တိုက်ပွဲအတွင်း အော်ဟစ်လိုက်ပါ။
ထိုနည်းစနစ်တွင် ခံနိုင်ရည် စွမ်းအားကို အကန့်အသတ်ထိ မြှင့်တင်ပေးပြီး တိုက်ခိုက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်သည့် အကျိုးသက်ရောက်မှု ရှိသည်။
....................
ထွင်ထျန်းဟာ "..............."