အခွင့်အရေးယူသော ငွေရောင်လေး
Vol. 32 Ch. 469
ထွင်ထျန်းဟာသည် ဤအချက်အလက်ကို ကြည့်ရင်း ဤနည်းစနစ်များက ယုံကြည်စိတ်ချရပုံ မပေါ်ကြောင်း တစ်နည်းနည်းဖြင့် သတိပြုမိခဲ့သည်။
ပထမဆုံးအနေဖြင့် နည်းစနစ်နာမည်များက အလွန်ပင်ထူးဆန်းနေသည်။
“ဒီနည်းစနစ်တွေက အလုပ်ဖြစ်ပါ့မလား.. ဒီလိုနာမည်မျိုးနဲ့ဝိညာဉ်နည်းစနစ်တွေက တကယ်ပဲ ရှိနေတာလား”
ထွင်ထျန်းဟာက စာရိုက်ရသည်ကို အားမရတော့ဘဲ အသံခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
ငွေရောင်လေးက ချက်ချင်းပြန်ဖြေခဲ့၏။
“တကယ်တော့ ဒီနာမည်တွေက ဒီဝိညာဉ်နည်းစနစ်တွေရဲ့မူရင်းနာမည်တွေ မဟုတ်ပါဘူး.. အဲ့ဒီနာမည်တွေကိုငါကိုယ်တိုင် ဖန်တီးထားတာပါ.. ပြောရရင် ဒီဝိညာဉ်နည်းစနစ်တွေက ခွေးမျိုးနွယ်စုရဲ့ သူတော်စင်သားရဲ နည်းစနစ်တွေပါပဲ.. သူတို့ရဲ့ ရှေးဟောင်းကျမ်းစာထဲက ကျင့်စဉ်တွေကို ငါအရင်က တွေ့ဖူးပေမဲ့ နာမည်တွေကိုတော့ မေ့သွားခဲ့တယ်.. ဘယ်လိုပဲဖြစ်ဖြစ် နည်းစနစ်တွေကို မှတ်မိနေသေးတယ် ဆိုတာကပဲ မဆိုးဘူး မဟုတ်လား”
ထွင်ထျန်းဟာက ကူကယ်ရာမဲ့စွာဖြင့် သူ၏ ခွေးခေါင်းကို ကုတ်လိုက်သည်။
“သာမန်နာမည်တွေနဲ့ တခြားနည်းစနစ်တွေ ရှိသေးလား”
“ရှိပါတယ်”
ငွေရောင်လေးက ဒေတာအသစ်နှင့်အတူ မှတ်ချက်တစ်ခုကို အမြန်ပေးပို့ခဲ့သည်။
“ဒါက ဘောက်ဆင်နည်းစနစ် အားလုံးရဲ့ စုစည်းမှုဖြစ်တယ်.. ဒီနည်းစနစ်က အဆင့်ငါး ဝိညာဉ်နည်းစနစ် ဖြစ်တယ်.. ဒီနည်းစနစ်ကိုသာ ကျွမ်းကျင်ပိုင်နိုင်ခဲ့ရင် လူတစ်ရာလောက်ကို အေးအေးဆေးဆေး တိုက်ခိုက်လို့ရတယ်”
“ဝိုး.. အဆင့်ငါး ဝိညာဉ်နည်းစနစ်တဲ့လား”
သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်သည် အဆင့်ငါး ဝိညာဉ်နည်းစနစ်ကို သင်ယူနိုင်သည့် အဆင့်သို့ မရောက်ရှိသေးကြောင်း ထွင်ထျန်းဟာ ခံစားခဲ့ရသည်။
အဆင့်ငါး ဝိညာဉ်နည်းစနစ်ကို မသင်ယူမီ ပထမတန်းစားဝိညာဉ်သားရဲအဖြစ်သို့ အနည်းဆုံး.ရောက်ရှိနေရန် လိုအပ်သည်။
သူ၏ လက်ရှိတိုးတက်မှုအရ ပထမတန်းစား ဝိညာဉ်သားရဲဖြစ်ရန်မှာ အချိန်အတော်ကြာဦးမည် ဖြစ်၏။
သို့သော် ဝိညာဉ်နည်းစနစ်၏ သဘောတရားနှင့် လှုပ်ရှားမှုများကို ကြိုတင်သင်ယူထားခြင်းသည် မကောင်းသော အကြံတစ်ခု မဟုတ်ပေ။
၎င်းက သင်္ချာပုံသေနည်း တစ်ခုကဲ့သို့ပင်။
သင်၏ လက်ရှိအဆင့်ထက် ပိုမိုမြင့်မားသည့် သင်္ချာမေးခွန်းများကို မဖြေနိုင်ခင် ဖေါ်မြူလာကို ကနဦး ကျက်မှတ်ထားသင့်သည် မဟုတ်ပါလော။
ထိုသို့တွေးမိပြီး ထွင်ထျန်းဟာက ငွေရောင်လေးထံမှ ဒုတိယဒေတာကို ဖွင့်လိုက်သည်။
ငွေရောင်လေး ပြောခဲ့သည့်အတိုင်းပင် ဤဒုတိယဒေတာထဲမှ နည်းစနစ်အမည်များသည် သာမန်အမည်များသာ ဖြစ်သည်။
သို့သော် သူတို့က စကားပြောရန် အသံကိုအသုံးပြုထားသောကြောင့် ငွေရောင်လေး ယခင်က ဖေါ်ပြခဲ့သော ဘောက်ဆင်နည်းစနစ်သည် တကယ်တမ်းတွင် ခွေးနည်းစနစ် ဖြစ်မှန်း ယခုမှပင် ထွင်ထျန်းဟာ သတိပြုမိခဲ့သည်။
(တရုတ်ဘာသာတွင် ခွေးနှင့်ဘောက်ဆင်မှာ အသံထွက်ဆင်တူ၏)
ဤခွေးနည်းစနစ် စုစည်းမှုတွင် နည်းစနစ်(၇)မျိုးကို ပေါင်းစပ်ထားသည်။
အခြေခံအဆင့်တစ် ဝိညာဉ်ခွေးနည်းစနစ်၊ အခြေခံအဆင့်နှစ် ဝိညာဉ်ခွေးနည်းစနစ်၊ အခြေခံအဆင့်သုံး ဝိညာဉ်ခွေးနည်းစနစ်မှ.... အခြေခံအဆင့်ခုနစ် ဝိညာဉ်ခွေးနည်းစနစ်တို့ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ငွေရောင်လေး စောစောက ပေးပို့ခဲ့သည့် ဝိညာဉ်နည်းစနစ်များ နှင့် နှိုင်းယှဉ်လျှင် ဤခွေးနည်းစနစ်များကို ပေါင်းစပ် စုစည်းထားမှုက အတော်လေး ပိုမို စိတ်ချရသည်ဟု ထွင်ထျန်းဟာ ထင်ခဲ့သည်။
ပထမအချက် အနေဖြင့် နာမည်တွေက မထူးဆန်းပေ။
ဒုတိယအချက် အနေဖြင့် ဤနာမည်များက ခွေးမျိုးနွယ်စု၏ စစ်မှန်သော ဝိညာဉ်နည်းစနစ် ဖြစ်ကြောင်း ညွှန်ပြနေသောကြောင့် ထွင်ထျန်းဟာအနေဖြင့် ဤနည်းစနစ်များကို စိတ်ချလက်ချ လေ့လာနိုင်မည် ဖြစ်သည်။
ဒေတာကို ထွင်ထျန်းဟာ လက်ခံရရှိပြီးနောက် အချိန်အတော်ကြာအောင် စာမပြန်နိုင်သည်ကို မြင်လိုက်ရသဖြင့် ငွေရောင်လေးက ပြောလိုက်သည်။
"ငါပြောပါရစေဦး.. ဒီဝိညာဉ် နည်းစနစ်တွေက ကျင့်ကြံဖို့အရမ်းကို ခက်ခဲတယ်.. ခွေးသူတော်စင်ရဲ့ လျှို့ဝှက်ကျမ်းစာမှာ အဲဒီနည်းစနစ်တွေကို လေ့လာဖို့ အချိန်အတော်ကြာ ပေးခဲ့ရတယ်လို့ ငါသိခဲ့ရတယ်.. မင်းနားမလည်ရင် ငါ့ကို မေးလို့ရပါတယ်.. ငါမင်းကို သင်ပေးသင့် မသင်ပေးသင့် စဉ်းစားပေးပါ့မယ်"
ထွင်ထျန်းဟာ၏ အနိုင်ကျင့်မှုများကို တစ်ချိန်လုံး ခံခဲ့ရသောငွေရောင်လေးသည် ဤကဲ့သို့ စကားနာထိုးခွင့်ရသည်ကို ကျေနပ်နေသည်။
ဤကဲ့သို့ လက်တုံ့ပြန်ရန် အခွင့်အရေးသည် ရရှိရန် ခဲယဉ်း၏။
သေချာသည်မှာ သူ့အနေဖြင့် လုံးဝ လက်မလွှတ်လိုပေ။
ထွင်ထျန်းဟာအနေဖြင့် ယခင်က နတ်ဆိုးဘုရင်တစ်ဦး ဖြစ်သောကြောင့် အဆင့်သုံး နှင့် အဆင့်လေး နည်းစနစ်များကို ကျင့်ကြံရန်မှာ မခက်ခဲပေ။
သို့ရာတွင် အဆင့်လေးမှ အဆင့်ငါးအထိ ခက်ခဲသော အကူးအပြောင်းသည် အလယ်တန်းတွင် သင်ကြားသည့် ဂျီဩမေတြီကနေ တက္ကသိုလ်၏ အဆင့်မြင့်သင်္ချာကို တိုက်ရိုက် သင်ယူလိုက်ရသကဲ့သို့ပင်။
လမ်းညွှန်မှုမရှိဘဲ လေ့လာမည်ဆိုလျှင် ပုံမှန်အားဖြင့် အလွန်ကြာမြင့်တတ်၏။
အရေးအကြီးဆုံးအချက်မှာ ငွေရောင်လေး ဖတ်ခဲ့သောအခြေခံ ခွေးနည်းစနစ်များ၏ ကျမ်းစာသည် ထွင်ထျန်းဟာအတွက် သူရေးပေးခဲ့သော နည်းစနစ်များထက် အလွန်ပင် အသေးစိတ်ကျသည်။
ထို့ကြောင့် ငွေရောင်လေးထံတွင် လျှိုထားသော အဓိကအချက် တချို့ ရှိကောင်း ရှိနေနိုင်၏။
၎င်းက ထွင်ထျန်းဟာ၏ သင်ယူမှုတွင် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်မှာ သေချာ၏။
မည်သို့ပင်ဖြစ်စေ မိတ္တူသည် မူရင်းကဲ့သို့ အသေးစိတ်ကျမည် မဟုတ်ပေ။
ဝမ်လင်း၏ ကောင်းကင်လက်နက် ရှစ်မျိုးကျမ်းသည် ဥပမာကောင်းတစ်ခု ဖြစ်သည်။
မူရင်းတွင်ပါရှိသည့် အသေးစိတ် အချက်အလက်တချို့ကို ဈေးကွက်တွင် ရောင်းချသော မိတ္တူများ၌ လုံးဝမတွေ့နိုင်ပေ။
“မင်းက ငါ့ကိုသင်ပေးချင်တာလား”
ငွေရောင်လေးက ထွင်ထျန်းဟာ၏ ချေမိုးသော စကားလုံးများကို ကြားသောအခါ မေးခွန်းထုတ်လိုက်သည်။
ထိုစကားကိုကြားလျှင် ငွေရောင်လေးက မိုးပေါ်မြောက်တက်သွားသလို ခံစားလိုက်ရသည်။
"ဟုတ်တယ်.. မင်းမှာမေးစရာရှိရင် ငါ့ကိုမေးလို့ရပါတယ်.. ဒါပေမဲ့ ငါစိတ်ပါတဲ့အခါမှပဲ ဖြေပေးမယ်.. ငါတစ်ခုလောက်ပြောပြပါရစေ.. သူတော်စင်ခွေးက အဖမ်းခံရပြီး ခွေးစွပ်ပြုတ် ဖြစ်သွားတဲ့နောက်မှာ သူတော်စင်ခွေးရဲ့ ခွေးမျိုးနွယ်စုက တစ်ခါတည်း ပျောက်ကွယ်သွားခဲ့ပြီ.. ဒါကြောင့် အခုအချိန်မှာ ခွေးနည်းစနစ်တွေကို ငါတစ်ဦးတည်းပဲ သိတော့တယ်"
ထွင်ထျန်းဟာ အံ့ဩသွားသည်။
"သူတော်စင်ခွေးရဲ့ သေခြင်းတရားက ကြေကွဲစရာကောင်းလှချည်လား"
ငွေရောင်လေး အသာအယာ သက်ပြင်းချလိုက်သည်။
“ငါပြောပြီးပြီ မဟုတ်လား.. ငါက ဒီကမ္ဘာမှာကျန်ခဲ့တဲ့ တစ်ဦးတည်းသော သူတော်စင်သားရဲပဲ.. ဒီလိုမျိုးကျန်ခဲ့ဖို့ ငါနှစ်ပေါင်း ရှစ်ထောင်လောက် သိုသိုသိပ်သိပ်နဲ့ ပုန်းနေခဲ့ရတယ်.. အခုတော့ ငါ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့အရည်အချင်း ရှိနေခဲ့ပြီလေ”
ထွင်ထျန်းဟာ "……........"
“သူတော်စင်ခွေးအကြောင်းကို ပြန်တွေးကြည့်ရင် တော်တော်ကို ကြေကွဲစရာကောင်းတယ်.. တစ်စုံတစ်ယောက်က သူတော်စင်သားရဲတွေရဲ့ နှလုံးသားက ကောင်းကင်တာအိုကို နားလည်သဘောပေါက်ဖို့ ကူညီပေးနိုင်တယ် ဆိုတဲ့ ကောလာဟလကို ဖြန့်ခဲ့တယ်.. ဒီသတင်းက ငါတို့ သူတော်စင်သားရဲ အသိုင်းအဝိုင်းကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်.. ငါသိသလောက်တော့ သူတော်စင်ခွေးရဲ့ ခွေးမျိုးနွယ်စုက ဒီကံကြမ္မာဆိုးကို ပထမဆုံး ခံစားခဲ့ရတာပဲ”
ဤစကားကိုပြောရင်း ငွေရောင်လေး၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုများ ကူကယ်ရာမဲ့စွာ ဖြစ်ပေါ်လာသည်။
သူ၏ လေသံကပင် ခါးသီးနေ၏။
ထွင်ထျန်းဟာ စပ်စုလိုက်သည်။
"ရန်သူက ဘယ်လိုဝင်လာတာလဲ.. မင်းတို့ သူတော်စင် သားရဲတွေမှာ ကိုယ်ပိုင် နယ်မြေတွေ ရှိတယ် မဟုတ်လား"
ဟုတ်ပါသည်။ သူတော်စင်သားရဲများတွင် ၎င်းတို့ မျိုးနွယ်စုကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ကမ္ဘာငယ်လေး ကဲ့သို့ လျှို့ဝှက်နယ်မြေများ ရှိကြသည်။
သူတော်စင် သားရဲ မျိုးနွယ်စု တစ်ခုစီ၏ ခေါင်းဆောင်ကသာ ထိုလျှို့ဝှက်နယ်မြေကို ဖွင့်ပေးနိုင်စွမ်း ရှိ၏။
ငွေရောင်လေးက သက်ပြင်းချလိုက်ပြန်သည်။
"အပြစ်တင်ရမယ်ဆိုရင် နေရာတကာ သေးပန်းတတ်တဲ့ သူတော်စင်ခွေးကို အပြစ်တင်ရမှာပဲ"
ထွင်ထျန်းဟာ ".............."
ငွေရောင်လေး "သူတော်စင်ခွေးက တွေ့တဲ့နေရာမှာ သေးမပန်းဘဲ မနေနိုင်ဘူးလေ.. သူ့ရဲ့ ပေါင်ကိုကားပြီး သေးပန်းနေတဲ့အချိန်မှာ သူတော်စင် သားရဲတွေကို ရှာဖွေနေတဲ့ ကျင့်ကြံသူတွေက သေးနံ့ကနေတဆင့် လျှို့ဝှက်နယ်မြေကို ရှာတွေ့သွားပြီး သူ့ကို အရှင် ဖမ်းမိသွားခဲ့တယ်"
"အဲဒီနောက်မှာတော့ သူတို့က လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာပြီး တာအိုကျမ်းစာတိုက်ကို မီးရှို့ခဲ့တဲ့ အပြင် ခွေးမျိုးနွယ်စုကိုပါ သိမ်းပိုက်လိုက်ကြတယ်.. အဆုံးသတ်မှာ ခွေးမျိုးနွယ်စု တစ်ခုလုံးက စွပ်ပြုတ်အဖြစ် ပြောင်းလဲသွားခဲ့တယ်"
ထွင်ထျန်းဟာ "ဒါတွေကို မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ"
ငွေရောင်လေး "ဘာလို့ သိလဲဆိုတော့ ငါက ခွေးမျိုးနွယ်စုရဲ့ ကျမ်းစာတိုက်ထဲ ရောက်နေလို့ပဲ"
ထွင်ထျန်းဟာ "မင်းဘာလို့မကယ်တာလဲ"
ငွေရောင်လေး "လခွမ်း.. ငါတောင် မနည်း အသက်လုပြီး ပုန်းနေရတာ.. အဲဒီအချိန်က ငါ အရမ်း အားနည်းသေးတယ်လေ"
"ငါသာ ထွက်ကယ်ခဲ့ရင် ငါပါ စွပ်ပြုတ် ဖြစ်သွားလိမ့်မယ်.. ကျူးကျော်သူတွေက တကယ်ကို ရက်စက်လွန်းပြီး သူတို့ တစ်ယောက်ချင်းစီက အနန္တတန်ခိုးရှင်တွေပဲ.. ဟူး.. ခွေးမျိုးနွယ်စုရဲ့ ကံဆိုးမှုလို့ပဲ ယူဆရတော့မယ်"
"ကျူးကျော်သူက တစ်ဦး ဒါမှမဟုတ် နှစ်ဦးသာဆိုရင် ငါ ကိုင်တွယ် ဖြေရှင်းနိုင်ပေမဲ့ သေးနံ့က လူတော်တော်များများကို လျှို့ဝှက်နယ်မြေထဲ ဝင်လာဖို့ ဆွဲဆောင်နေခဲ့တာပဲ”
ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာ သက်ပြင်းချလိုက်သည်။
"မင်းအခုချိန်ထိ အသက်ရှင် ရပ်တည်နေနိုင်တာ တကယ်မလွယ်ဘူးလို့ ပြောရမယ်"
"ဟုတ်တယ်.. ဝိညာဥ်သားရဲတွေ အနီးအနားမှာ ရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ အမြဲ တွေးခဲ့ဖူးတယ်"
ငွေရောင်လေးက ဆက်ပြောလိုက်သည်။
"သူတော်စင်ခွေးရဲ့ အဖြစ်အပျက်က တော်တော် ကြာနေပါပြီ၊ ဒါပေမယ့် ငါ အမြဲတမ်း အမှတ်ရနေခဲ့တုန်းပါပဲ"
ထွင်ထျန်းဟာက အသံပြန်ပို့၍ နှစ်သိမ့်လိုက်သည်။
"အင်းလေ.. ဒီလို အတွေ့အကြုံဆိုးမျိုးကို ဘယ်သူက လွယ်လွယ် မေ့နိုင်မှာလဲ"
ငွေရောင်လေးက ခေါင်းခါယမ်းလိုက်သည်။
"အဲဒီလို မဟုတ်ဘူး.. အဲဒီအချိန်က ကျူးကျော်သူတွေသူတော်စင်ခွေးကို စွပ်ပြုတ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ သူတို့ရဲ့ စွပ်ပြုတ်ပူပူလေးက တကယ်ကို အရသာရှိမှန်း ငါသိလိုက်တယ်.. ဘာလို့လည်းဆိုတော့ ငါပုန်းနေတဲ့ နေရာကနေ စွပ်ပြုတ်အနံ့ကို ရနေတယ်လေ"
ထွင်ထျန်းဟာ "............."
ငွေရောင်လေး ရယ်လိုက်သည်။
"စကားတွေ အများကြီး ပြောပြီးပြီဆိုတော့ ခွေးနည်းစနစ်တွေ မင်းကို သင်ပေးစေချင်လား"
ထွင်ထျန်းဟာ "မလိုပါဘူး.. ဆရာလေးလင်းကို မေးလို့ရနေတာပဲဟာ"
" !!! "
ငွေရောင်လေးက ပွဲသိမ်းခါနီးမှ အလဲထိုးခံလိုက်ရသလို နစ်ခနဲ ခံစားလိုက်ရသည်။