← Chapters

အဆာပြေခေါက်ဆွဲခြောက်က ကျင့်ကြံခြင်းကိုတကယ်ပဲ အထောက်အကူ ပြုတယ်လား

Vol. 32 Ch. 471

အဆာပြေခေါက်ဆွဲခြောက်က ကျင့်ကြံခြင်းကိုတကယ်ပဲ အထောက်အကူ ပြုတယ်လား

Vol. 32 Ch. 471

ပိုက်ဆံက သူ၏ပိုက်ဆံ မဟုတ်သည့် အတွက် သုံးရသည်ကို ငွေရောင်လေး စိတ်မပူပေ။

တကယ်တမ်းတွင် လူ့အသိုင်းအဝိုင်းရှိ ငွေနှင့်ပတ်သက်သည့် အယူအဆတစ်ခုမှ သူ မသိသေးပေ။

ဒီအတိုင်း HNY နှစ်ထောင်မျှသာ ဖြစ်သည်ဟု သူခံစားမိသည်။

ဆရာလေးလင်း၏ အချက်အလက် အတွက် ဤကဲ့သို့ ငွေနည်းနည်းပါးပါး အသုံးချသည်က ငွေတန်ဖိုးထက် ပို၍ အကျိုးများသည်ဟု သူခံစားမိသည်။

တကယ်တမ်းတွင် ခေါက်ဆွဲခြောက်ကြွပ်ကြော် ဝယ်စားရန် မုန့်ဖိုးများ စုလေ့ရှိသော အသက်ဆယ့်ခြောက်နှစ် အရွယ် အထက်တန်း ကျောင်းသားလေး တစ်ယောက် ဖြစ်သည့် ဝမ်လင်းကို ဖေဖေဝမ်က အကြောင်းအမျိုးမျိုးပြကာ မုန့်ဖိုးဖြတ်လေ့ရှိသည်။

ဤပမာဏက သူ့သခင်အတွက် များပြားသည့် ငွေကြေးမှန်း သူမသိခဲ့ပေ။

ထွင်ထျန်းဟာက သူ၏ e-wallet မှ ပိုက်ဆံများကို ကြည့်ရှုခဲ့သည်။

သူ လှည့်ဖြားခဲ့သည့် ငွေပမာဏထဲတွင် ယခင်က ဖန်းကွမ်း အား လက်ဆောင်ပေးခဲ့သည့် ပမာဏကို နှုတ်လိုက်ရာ ယခုအခါတွင် HNY တစ်သောင်းနီးပါးခန့် ရှိနေပြီ ဖြစ်သည်။

"စကားမစပ်.. စီနီယာ အင်မော်တယ်က မင်းကို မုန့်ဖိုး ဘယ်လောက်ပေးလဲ"

ထွင်ထျန်းဟာက အလွန်သိချင်၍ စပ်စုခဲ့သည်။

"သူက သူ့အကောင့်နဲ့ ချိတ်ထားတဲ့ e-wallet ကို ပေးထားတော့ငါ့အနေနဲ့ ပိုက်ဆံကို ကြိုက်သလို သုံးခွင့်ရထားတယ်"

ငွေရောင်လေးက စခရင်ရှော့ရိုက်ပြီး ထွင်ထျန်းဟာဆီ ပို့လိုက်သည်။

ထွင်ထျန်းဟာက ငွေပမာဏကို မြင်လျှင် ချက်ချင်းပင် အံသြသွားသည်။

ငွေရောင်လေးက သောက်ရမ်း ချမ်းသာသော ရှူးဂါးဒယ်ဒီကို ရှာတွေ့ခဲ့ပုံရ၏။

ကျင့်ကြံသူများက ချမ်းသာကြသည်မှာ မှန်သော်လည်း အားလုံးမှာ ထိုမျှ ချမ်းသာကြသည်တော့ မဟုတ်ပေ။

လင်းရှောင်စုန့် ကဲ့သို့သော ဒုတိယမျိုးဆက် ချမ်းသာသော ကလေးများမှလွဲ၍ အခြေခံ တည်ထောင်ခြင်း အထက်တန်းကျောင်းများသို့ ဝင်ရောက်ခဲ့သော ဝမ်လင်းတို့အရွယ် လူငယ်များသည် မိဘများ၏ စနစ်တကျ ပျိုးထောင်မှုများကြောင့် ငယ်စဉ်ကတည်းက ငွေကြေးအပေါ်တွင် မှန်ကန်သော သဘောထား အမြင်များ ရှိကြသည်။

ငွေကြေး စီမံခန့်ခွဲခြင်းနည်းကို လေ့လာသင်ယူခြင်းသည် စင်စစ် အလွန် အရေးကြီးသည်။

ငယ်စဉ်ကတည်းက ငွေနှင့် ပတ်သက်သည့် မှန်ကန်သော အမြင်ရှိလျှင် ငွေရှာရ မလွယ်မှန်း သိလာလိမ့်မည် မဟုတ်လော။

ထို့ကြောင့် ဝမ်လင်းက အများအားဖြင့် တွန့်တိုပုံ ပေါက်နေသော်လည်း ယင်းအတွက် လုံး၀ အပြစ်တင်၍မရပေ။

ထွင်ထျန်းဟာ၏ အမြင်တွင် ဆရာလေးလင်းသည် မိဘများ၏ ငွေကို ဖြုန်းတီးသော ချမ်းသာသော မိသားစုမှ ကလေးများထက် များစွာ သာလွန်ပေသည်။

သို့သော် ရိုးရှင်းစွာ ပြောရလျှင် ငွေရောင်လေး၏ e-wallet ထဲမှ ပိုက်ဆံများသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပိုက်ဆံများဖြစ်၍ အိတ်ကပ်ပြောင်းခြင်းမျှသာ ဖြစ်၏။

ထိုစဉ်က ဖန်းကွမ်း အတွက် ဗုံးပစ်စီနီယာ အင်မော်တယ် ဝယ်ယူခဲ့သော အဆင့်မြင့် နည်းပညာသုံး စမတ်ကွန်ပြူတာသည် HNY ထောင်ပေါင်းများစွာ ကုန်ကျခဲ့သည် မဟုတ်ပါလော။

အသေအချာစုံစမ်းကြည့်မှ ၎င်း၏ စျေးနှုန်းသည် ယွမ်တစ်သန်းနီးပါး ရှိကြောင်း ထွင်ထျန်းဟာ သိခဲ့ရသည်။

သို့ရာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်ယူခဲ့သည်။

ယင်းက သူ့တွင် ပိုက်ဆံမရှားမှန်း ထင်ရှားနေ၏။

သူတည်ထောင်ခဲ့သည့် ကျင့်ကြံခြင်းဖိုရမ်က အတင်းအဖျင်းပြောသူများဖြင့် နေ့စဉ်နဲ့အမျှ ကြီးထွားလာသောကြောင့် ကြော်ငြာများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

လက်ရှိကျင့်ကြံမှုခေတ်တွင် အွန်လိုင်းစီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဤနှစ်များတစ်လျှောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ချိန်းတွေ့ခြင်း အက်ပ်များနှင့် မှော်ရတနာဆိုင် အမျိုးမျိုးတို့မှ ကြော်ငြာခများဖြင့် ချမ်းသာကြွယ်ဝလာခဲ့သည်။

ထိုအထဲတွင် သေမင်းတမန်စီနီယာအမည်ကိုခံယူ၍ ထူးခြားသော တာဝန်များကို ထမ်းဆောင်ရာမှ ရရှိသည့်ငွေကြေးများ မပါသေးပေ။

ယခု ဗုံးပစ်စီနီယာ အင်မော်တယ်ထံတွင် အကန့်အသတ် မရှိ အသက်ပြန်ရှင်စေမည့် လက်စွပ်တစ်ကွင်းပါ ရှိနေသဖြင့် ထူးခြားသော မစ်ရှင်များကို ပို၍ပင် မဆင်မခြင် ဆောင်ရွက်လာနိုင်ခြေ ရှိကြောင်း ထွင်ထျန်းဟာ ခံစားလိုက်ရသည်။

ငွေရောင်လေးက သူ၏ ရှုပ်ပွနေသော ငွေရောင်ဆံပင်ကို သစ်သားဘီးဖြင့် ဖြီးလိုက်ပြီး ထွင်ထျန်းဟာထံ အသံမက်ဆေ့ချ်ပို့လိုက်သည်။

"ငါ့အတွက် ဆရာလေးလင်းကို စကားပြောပေးဖို့ သတိရပါ.. လုံးဝ မမေ့လိုက်နဲ့နော်"

"စိတ်မပူပါနဲ့.. မင်းငါ့ကို လုံးဝ အားကိုးလို့ရပါတယ်"

ထွင်ထျန်းဟာက ပြန်ပြောလိုက်သည်။

"ငါမင်း သင်ပေးလိုက်တဲ့ အခြေခံ ခွေးနည်းစနစ်တွေကို သွားလေ့လာလိုက်ဦးမယ်.. ပထမ နဲ့ ဒုတိယ နည်းစနစ်တွေက အဆင့်လေး နည်းစနစ်ပဲ ဆိုတော့ ငါ့ဘာသာ လေ့လာလို့ရပါတယ်"

ထွင်ထျန်းဟာ ဤမျှ လုံ့လဝီရိယရှိမည်ဟု မမျှော်လင့်ထား၍ ငွေရောင်လေး ကူကယ်ရာမဲ့နေသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူက နောက်ထပ် ပြဿနာ တစ်ခုကို တွေးမိခဲ့သည်။

"စကားမစပ် မင်းက ပိုက်ဆံလိုချင်တာလား.. ဗုံးပစ်စီနီယာအင်မော်တယ်က ငါ့ကို ပိုက်ဆံအများကြီး ပေးထားတယ်.. ဒါပေမယ့် ငါဘယ်လိုသုံးရမှန်း မသိဘူး.. "

"ပျော်စရာလေးတွေရှာလေကွာ"

ထွင်ထျန်းဟာက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ပျော်စရာလေးဆိုတာ ဘာကိုဆိုလိုတာလဲ"

ငွေရောင်လေးက "ပျော်စရာလေး" ဟူသော အဓိပ္ပါယ်ကို နားမလည်ကြောင်း ထွင်ထျန်းဟာ သိသော်လည်း ရှင်းပြရန် ပျင်းရိနေသည်။

သူတော်စင် သားရဲများက အမှန်တကယ် ပါးနပ်ခြင်းမရှိဟု သူ ခံစားမိသည်။

ငွေရောင်လေးက နှစ်ပေါင်း ရှစ်ထောင်ကြာအောင် သိုသိပ်စွာ နေထိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် တစ်ကောင်တည်းသော သူတော်စင် သားရဲဖြစ်ကောင်း ဖြစ်နိုင်သည်။

၎င်းက လူ့အသိုင်းအဝိုင်းနှင့် ထိတွေ့ရုံမျှသာ ဆက်ဆံဖူး၍ မည်မျှ လှပသည်ကို လုံးဝသိရှိပုံမရပေ။

ပိုက်ဆံမသုံးဘဲ သေဆုံးသွားသူများ၊ ပိုက်ဆံမရှိသောသူများ၊ ပိုက်ဆံကို မည်သို့ သုံးရမှန်းမသိဘဲ အသက်ရှင်နေသူများ၊

ဤအခြေအနေသုံးမျိုးသည် ထွင်ထျန်းဟာ အတွက်မူ သည်းမခံနိုင်လောက်အောင်ပင်။

ထွင်ထျန်းဟာ "မင်းကိုယ်တိုင် အပျော်လိုက်ရှာပေါ့.. တစ်နေကုန် အိမ်မှာဘဲ ကုပ်မနေနဲ့"

ငွေရောင်လေး "အိမ်မှာနေတဲ့အချိန် ငါဖုန်းသုံးလို့ရတယ်.. ဒါပေမယ့် အခု ငါ အဲဒါနဲ့ကစားရတာ ပျင်းနေပြီ"

ထွင်ထျန်းဟာ "မင်းပျင်းနေရင် မင်းကို ဆရာလေးလင်း ပေးခဲ့တဲ့ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်တွေကို သုံးဆောင်ပြီး ကျင့်ကြံနေလို့ ရပါတယ်"

"ဒီစကားက ဘာအဓိပ္ပါယ်လဲ"

ငွေရောင်လေး၏ မျက်နှာထက်တွင် အံ့သြသော အရိပ်အယောင်များ စိုးမိုးသွားသည်။

"ဒီအရာက ကျင့်ကြံခြင်းကို တကယ်ပဲ အထောက်အကူပေးနိုင်တာလား"

ထွင်ထျန်းဟာက စာကြောင်းတစ်ကြောင်းထဲဖြင့် ပြတ်ပြတ်သားသား ဖြေလိုက်သည်။

"ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ လက်ဆောင်တွေကို ရူးရူးမိုက်မိုက် မဖြုန်းတီးပါနဲ့"

ငွေရောင်လေး "ပြီးမှ စမ်းကြည့်လိုက်မယ်"

"အင်းပါ"

ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

ထွင်ထျန်းဟာက လူ့အသိုင်းအဝိုင်းတွင် ကာလကြာရှည် ကျင်လည်ခဲ့သည့် စီနီယာတစ်ဦး အနေဖြင့် အကြံဉာဏ်တစ်ခုကို စိတ်အားထက်သန်စွာ ပေးလိုက်သည်။

"ပြင်ပကမ္ဘာက အရောင်အသွေးစုံလင်တယ်.. တတ်နိုင်သမျှ မြန်မြန် သင်ယူချင်ရင် အပြင်ထွက်ပြီး လမ်းလျှောက်ထွက်ရမယ်.. ပြောရမယ်ဆိုရင် မင်းအနေနဲ့ စီနီယာအင်မော်တယ် အိမ် နဲ့ ဆရာလေးလင်းရဲ့ အိမ်ကလွဲပြီး တခြားဘယ်နေရာကို ရောက်ဖူးသေးလဲ"

ငွေရောင်လေးက အနည်းငယ် စဉ်းစားလိုက်သည်။

"အိမ်နားက ဇိမ်ခံအိမ် တစ်ဝိုက်နားလောက်ပဲ"

ထွင်ထျန်းဟာ "တခြားဘယ်နေရာကို ရောက်ဖူးသေးလဲ"

ငွေရောင်လေး "ရဲစခန်းကို ရောက်ဖူးတယ်.. စခန်းက ရဲအရာရှိကိုတောင် သိတယ်"

ထွင်ထျန်းဟာက လက်သီးဆုပ်ကာ ဂါရဝပြုသည့် အီမိုဂျီကို ပေးပို့လိုက်သည်။

"သွားတော့မယ်"

"................"

သူဘာမှ ပြန်မပြောခင် ထွင်ထျန်းဟာ၏ ပရိုဖိုင်ပုံက မီးခိုးရောင် ပြောင်းသွားပြီ ဖြစ်ကြောင်း ငွေရောင်လေး သဘောပေါက်ခဲ့သည်။

ထွင်ထျန်းဟာသာ လေးလေးနက်နက် မပြောလျှင် ခေါက်ဆွဲခြောက်ကြွပ်ကြော်လိုမျိုး ဈေးပေါသည့် သရေစာများကို ကျင့်ကြံရာတွင် အမှန်တကယ် အသုံးပြုနိုင်မည်ဟု ထင်မိမည်မဟုတ်ပေ။

သူက ဆရာလေးလင်းဆီမှ ခေါက်ဆွဲခြောက်ကြွပ်ကြော်အထုပ် နှစ်ဆယ် ရခဲ့သည်။

၎င်းက အမှန်တကယ် အသုံးဝင်တော့မည် ဖြစ်၏။

ထိုအချိန်က ဗုံးပစ်စီနီယာ အင်မော်တယ် တစ်ယောက် ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ် တစ်ထုပ် အပေါ်တွင် ဆာလောင်မွတ်သိပ်သော အမူအရာများ ပြသခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အခုနေ ပြန်တွေးကြည့်လျှင် ယင်းက ရယ်စရာ မဟုတ်တော့ချေ။

စောစောက သူ့အနေဖြင့် ထွင်ထျန်းဟာကို ပြောပြချင်ခဲ့သည်အကြောင်းအရာ တစ်ခု ရှိသော်လည်း ရုတ်တရက် မေ့လျော့သွားခဲ့သည်။

ယင်းမှာ အခြေခံခွေးနည်းစနစ်ကို ကျင့်ကြံခြင်း၏ ဘေးထွက်ဆိုးကျိုးများနှင့် သက်ဆိုင်နေ၏။

ဤနည်းစနစ်များကို ကျင့်ကြံလိုလျှင် ထွင်ထျန်းဟာ အဖို့ အရည်အချင်းအချို့ လိုအပ်ပါသည်။

နည်းစနစ်ကို အပေါ်ယံ ကြည့်ရုံဖြင့် မလုံလောက်ပေ။

ငွေရောင်လေးကမူ ဤဝိညာဉ်နည်းစနစ် စုစည်းမှုကို နက်ရှိုင်းစွာ လေ့လာထား၍ ကွာဟချက်အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် ဤခွေးနည်းစနစ်များက ငွေရောင်လေး အတွက် ပြဿနာမဟုတ်ပေ။

သို့သော် ထွင်ထျန်းဟာ အတွက်မူ အနည်းငယ် ပေါ့ဆမိသည်နှင့် ဒုက္ခများသွားနိုင်ပေသည်။

ငွေရောင်လေးက ဘေးထွက်ဆိုးကျိုးများကို မမှတ်မိတော့ပေ။

သူက ဖန်သားပြင်ကို ထွေထွေကြီး စိုက်ကြည့်ကာ "အခြေခံခွေးနည်းစနစ်" ကျင့်ကြံခြင်း၏ ဘေးထွက်ဆိုးကျိုးများအကြောင်း ပြင်းပြင်းထန်ထန် တွေးနေခဲ့သည်။

ခဏမျှ ကြာပြီးနောက်တွင် သူလက်လျှော့လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ထွင်ထျန်းဟာ အနေဖြင့် ဤအဆင့်လေး နည်းစနစ်ကို အချိန်တိုအတွင်း လျင်မြန်စွာ သင်ယူနိုင်မည် မဟုတ်ပေ။

ငွေရောင်လေးက သူ့အနေဖြင့် ဘေးထွက်ဆိုးကျိုးများကို သတိရလျှင် ထွင်ထျန်းဟာထံ အလျင်အမြန် မက်ဆေ့ချ် ပို့သင့်သည်ဟု ခံစားမိသည်။

All Chapters