← Chapters

ကံတရား၏စွမ်းအား

Vol. 32 Ch. 474

ကံတရား၏စွမ်းအား

Vol. 32 Ch. 474

ဤပရိုဖိုင်က ချစ်စဖွယ်ကောင်လေး ဝေ့ကျစ်ပိုင်ဆိုင်သော ပရိုဖိုင်ဖြစ်ကြောင်း အတည်မပြုမီ ထွင်ထျန်းဟာကသူ၏ မျက်လုံးများကို ပွတ်သတ်လိုက်သည်။

ဝေ့ကျစ်က လျှပ်စစ်ရှော့တိုက်ခြင်းကို ခံနိုင်ရည်ရှိပြီးတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကာ အလွန်ယုံကြည်စိတ်ချရသော ပုံပန်းသဏ္ဍန်ရှိသူ ဖြစ်သည်။

အထက်ပါအချက်သည် ဝေ့ကျစ်အပေါ်ရှိ ထွင်ထျန်းဟာ၏ ပထမဆုံး ခံစားချက် ဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ၎င်းတို့နှစ်ဦးသား နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ နယ်မြေထဲသို့ ဝင်ရောက်ပြီး တရားမဝင် ဝိညာဉ်သားရဲ ရောင်းဝယ်ဖောက်ကားခြင်းကို ဖော်ထုတ်ပြီးနောက်တွင် ဝေ့ကျစ်နှင့် ထက်မံ မဆက်သွယ်ခဲ့မိကြောင်း ထွင်ထျန်းဟာ သတိရမိသည်။

ကျိုးရီတို့အဖွဲ့ အပြေးအလွှား ရောက်ရှိလာသော အခါတွင် ထွင်ထျန်းဟာသည် ၎င်း၏လုံခြုံရေးကို စိတ်ချမှုရှိစေရန်အတွက် ကျိုးရီ ယူဆောင်လာသော ကျောပိုးအိတ်ထဲတွင် ပုန်းနေခဲ့သည်။

ဝေ့ကျစ်ကမူ ကျိုးရီ၏ စုံစမ်းစစ်ဆေးမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပထမဆုံး မျက်မြင်သက်သေ ဖြစ်လာသည်။

၎င်းသည် နတ်ဆိုးမုဆိုးအဖွဲ့အစည်း သတင်းကို ကနဦး သတင်းပေးပို့ခဲ့သူလည်း ဖြစ်၏။

ထို့နောက်တွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ တရားမဝင်လှုပ်ရှားမှုများက ပေါ်ပေါက်လာခဲ့သည်။

ဤဖြစ်ရပ်တွင် ထွင်ထျန်းဟာသည် တရားဝင် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးအဖွဲ့အစည်း၏ကိုယ်စားလှယ်ဖြစ်သူ ဝေ့ကျစ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထွင်ထျန်းဟာက ထိုနေ့တွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို မှတ်မိနေပါသေးသည်။

နတ်ဆိုးမုဆိုးများအဖွဲ့၏ ဖမ်းဆီးခြင်းကိုခံထားရသော ဝိညာဉ်သားရဲများသည် ၎င်းတို့၏ လှောင်အိမ်များတွင် ရိုက်နှက် နှိပ်စက်ခံရ၍ ရုန်းကန်နေရသည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လူမဆန်သောအဖွဲ့ဝင်များသည် ဝိညာဉ်သားရဲများကို မူးယစ်ဆေးများ ကျွေး၍ အရှင်လတ်လတ် အရေခွံများ ခွာခဲ့ကြသည်။

ထိုအချိန်က ထွင်ထျန်းဟာသည် ထိုနေရာမှ အလျင်အမြန်ထွက်ခွာလာခဲ့၍ ဝေ့ကျစ်နှင့် ဆက်သွယ်ရမည့် အချက်အလက်များကို မယူထားမိပေ။

ဝေ့ကျစ် နှင့် ဆက်သွယ်ရန်လည်း သူဘယ်တုန်းကမှ မတွေးခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤကာလတွင် ဝေ့ကျစ် တစ်ယောက် အလုပ်များနေမှန်း ထွင်ထျန်းဟာ သေချာပေါက်သိနေသောကြောင့် ဖြစ်သည်။

ဝေ့ကျစ်သည် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး အဖွဲ့အစည်းကို ကိုယ်စားပြု၍ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အစိတ်အပိုင်းဟု သံသယရှိသော အဖွဲ့အစည်းများကို နှိမ်နင်းရန် ကျင့်ကြံခြင်းရဲများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး အဖွဲ့အစည်းသည် လူသားများ နှင့် ဝိညာဉ်သားရဲများ အကြား သဟဇာတ ဖြစ်ရန် အတွက် ဝေ့ကျစ်၏ လုပ်ရပ်ကို ထောက်ခံ အားပေးခဲ့ကြသည်။

အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူများ နှင့် သားရဲများသည် စာချုပ်ပါ ဆက်ဆံရေးသာ ရှိသော်လည်း တွန်းထိုးခြင်းလိပ်ပြာကြီးအပေါ် ဝေ့ကျစ်၏ ဆက်ဆံမှု သဘောထားကို ကြည့်၍ ဝေ့ကျစ်က သူငယ်ချင်းများကဲ့သို့ ဝိညာဉ်သားရဲများကို ဆက်ဆံကြောင်း ထွင်ထျန်းဟာ သိခဲ့ရသည်။

ဝေ့ကျစ်ကဲ့သို့ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူများ အတွက်မူ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းသည် လုံးဝခွင့်လွှတ်၍ မရနိုင်သော အဖွဲ့အစည်း ဖြစ်သည်။

ဟုတ်ပါသည်။ ထွင်ထျန်းဟာတွင် ဝေ့ကျစ်၏ အဆက်အသွယ်လုပ်ရန် အချက်အလက် မရှိခဲ့လျှင်ပင် ဝေ့ကျစ်၏ တိုက်ခန်းကို သူက ရောက်ခဲ့ဖူး၏။

ထို့ကြောင့် ထွင်ထျန်းဟာသာ ဝေ့ကျစ်ကို ရှာချင်လျှင် ထိုနေရာကိုတိုက်ရိုက် သွားနိုင်သည် မဟုတ်ပါလော။

စင်စစ် ထိုဖြစ်ရပ်က သိပ်မကြာသေးဘဲ တစ်ပတ်တောင် မပြည့်သေးပေ။

တကယ်တမ်း ရေတွက်ကြည့်လျှင် အကြမ်းဖျင်းအားဖြင့် (၅)ရက်သာ ရှိသေးသည်။

လွန်ခဲ့သော(၅)ရက်အတွင်း နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ သတင်းကို ထွင်ထျန်းဟာ အထူး အာရုံစိုက်ခဲ့သည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း လက်အောက်ရှိ အဖွဲ့အစည်းခွဲများကို နိုင်ငံတဝှမ်းတွင် ဖော်ထုတ်ခဲ့ကြပြီး ၎င်းတို့၏အဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ကြသည်။

သို့သော် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌပိုင်နှင့် ပတ်သက်၍မူ သဲလွန်စ တစ်စုံတစ်ရာ မရရှိသေးပေ။

ထို့ကြောင့် ဝေ့ကျစ်၏ အခြေအနေက အလွန်တရာ အန္တရာယ်များနိုင်သည်ဟု ထွင်ထျန်းဟာ တွေးမိခဲ့သည်။

အကြံအစည်ကြီးသော၊ အဖွဲ့ဝင်များစွာကို ဆွဲဆောင်နိုင်သော၊ ဤကဲ့သို့ ကြီးမားသော အဖွဲ့အစည်းကြီးကို လည်ပတ်နိုင်သည့် နောက်ကွယ်မှ ခေါင်းဆောင်သည် အဆင့်လွန် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည်မှာ သိသာထင်ရှားသည်။

ထင်ရှားစွာပြရလျှင် ယခုအချိန်တွင် ဖမ်းဆီးခံထားရသည့် ဦးလေးကျို နှင့် နတ်ဆိုးမုဆိုးများအဖွဲ့၏ အမာခံ အဖွဲ့ဝင်များပင် ဥက္ကဌ၏ ပုံပန်းသဏ္ဍန်ကို အတိအကျ မသိရှိကြပေ။

ကျိုးရီက ဤကိစ္စကို အသေအချာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

တကယ်တမ်းတွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အမာခံအဖွဲ့ဝင်များဟု ခေါ်သော ဤလူများသည် အမာခံအဖွဲ့ဝင်စစ်စစ်များ လုံးဝမဟုတ်ပေ။

အင်မော်တယ်စံအိမ်၏ အမာခံအဖွဲ့ဝင် တစ်ဦးစီတိုင်းသည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင် ရှိခဲ့ကြသည်။

ထို့ကြောင့် အင်မော်တယ်စံအိမ်နှင့် နှိုင်းယှဥ်၍ အသေအချာ စဉ်းစားကြည့်လျှင် ဦးလေးကျိုလို ရွှေအမြုတေအဆင့် ကျင့်ကြံသူက အမာခံအဖွဲ့ဝင် ဖြစ်နေသည်မှာ တရားနည်းလမ်း မကျပေ။

ထို့ကြောင့် ကျိုးရီ နှင့် ထောင်အုပ်လျန့် တို့က ယခုဖမ်းမိထားသော အမာခံအဖွဲ့ဝင်များသည် လိမ်လည်လှည့်ဖျားခြင်း ခံခဲ့ရသည်ဟု ကောက်ချက်ချခဲ့သည်။

ထိုသို့ ဆက်စပ် တွေးတောမိပြီးနောက်တွင် ကျိုးရီ ကိုယ်တိုင်ပင် အံ့ဩသွားခဲ့ရသည်။

သူက "သူတစ်ပါး အတွက် ကြားဝင်ခံရသူ" ဟူသော စကားလုံးကို အတွေးထဲတွင် အဖန်ဖန် ကြားယောင်နေမိသည်။

...................

ထွင်ထျန်းဟာသည် မှော်စွမ်းအင်ဆရာသခင် ပလက်ဖောင်းပေါ်တွင် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။

နောက်ဆုံးမှသာ သီးသန့်ချက်ဘောက်ကို နှိပ်၍ မက်ဆေ့ကို ပို့လိုက်သည်။

“မင်းရှိနေသေးလား.. တွန်းထိုးခြင်း လိပ်ပြာကြီးရော အခြေအနေ ကောင်းရဲ့လား”

တစ်ချိန်တည်းမှာပင် ဝေ့ကျစ်က ထိုမက်ဆေ့ကို မြင်လိုက်ရလျှင် ကူကယ်ရာမဲ့စွာ မျက်မှောင်ကြုတ်သွားသည်။

သူနှင့် တစ်ခါမှ မရင်းနှီးသောသူက သူ၏ အချစ်ဆုံးအိမ်မွေးတိရိစ္ဆာန် အကြောင်းကို သိနေခဲ့သည် မဟုတ်ပါလား။

ဝေ့ကျစ်က ချက်ချင်းပင် မျက်မှောင်ကြုပ်သွားကာ စဉ်းစားတွေးတောလိုက်သည်။

ထို့နောက်တွင် ချက်တင်ဝင်းဒိုးကို စိုက်ကြည့်ပြီး နဖူးကနေ ချွေးများထွက်လာခဲ့သည်။

“အိပ်မက်သာမက်နေလိုက်စမ်း.. ငါလုံးဝ လက်မလျှော့ဘူး”

ထွင်ထျန်းဟာ “...???...”

ဝေ့ကျစ်က သူ့ကိုယ်သူ အားတင်း၍ ဆက်ပြောလိုက်သည်။

“မင်းက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ ဥက္ကဌပိုင် မဟုတ်လား.. ပြောပါရစေ.. ငါက မင်းသေသေချာချာ တည်ထောင်ထားခဲ့တဲ့ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကို ဖြိုချခဲ့တဲ့သူပဲ.. ဝေ့ကျစ်ဆိုတဲ့ ငါ့မှာ တခြား ဘာမှမရှိရင်တောင် သမာဓိတော့ ရှိနေပါသေးတယ်.. ငါတို့ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာတွေက ဘယ် အမှောင်အင်အားစုကိုမှ လုံးဝ မကြောက်ဘူး.. ငါ့ကို ချိန်းခြောက်ဖို့အတွက်နဲ့ ငါ့ရဲ့ တွန်းထိုးခြင်း လိပ်ပြာကြီးကို အသုံးချဖို့ မကြိုးစားနဲ့”

ဖန်သားပြင်ပေါ်မှ မက်ဆေ့များကို မြင်ပြီး ထွင်ထျန်းဟာ မှင်တက်သွားခဲ့သည်။

“……..”

“ဥက္ကဌပိုင်.. မင်းဘာလို့ ဆက်မပြောတာလဲ.. မင်းမှာအရည်အချင်းရှိရင် ငါ့ရဲ့ တွန်းထိုးခြင်းလိပ်ပြာကြီးကို စည်းရုံး ကြည့်လိုက်လေ.. မင်းက ငါ့ကို အထင်သေးလို့ စကားပြန်မပြောတာလား.. ငါဝေ့ကျစ်က အနာဂတ်မှာလည်း တွန်းထိုးခြင်း လိပ်ပြာကြီးရဲ့ ပိုင်ရှင်အဖြစ်နဲ့ ဆက်ရှိနေမှာပဲ.. “

“……..”

ထွင်ထျန်းဟာသည် ဝေ့ကျစ်၏ ထူးဆန်းသော မက်ဆေ့များကိုဖတ်ရင်း ကူကယ်ရာမဲ့နေသည်။

“ညီနောင်.. ငါတို့ မတွေ့တာ(၅)ရက်ပဲ ရှိသေးတယ်.. မင်းစိတ်က ဘာတွေဖြစ်နေတာလဲ.. ငါက ငါးဆားနယ် မှော်စွမ်းရည်စတိုးက မင်းရဲ့ တပည့် နည်းပညာရှင် 003 ညွှန်လိုက်လို့ မင်းဆီ ရောက်လာတာပါ”

ထိုမက်ဆေ့ကိုမြင်လျှင် ဝေ့ကျစ် သက်ပြင်းတစ်ချက် ချမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က သူ၏ တပည့်တစ်ဦးသည် မှော်စွမ်းရည် စတိုးဆိုင်သို့ထူးဆန်းသော ဖောက်သည်တစ်ဦး ရောက်လာခဲ့ကြောင်း သူ့ဆီ သတင်းပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုဖောက်သည်က ခွေးတစ်ကောင်သာ ဖြစ်ပြီး ဘာမျှမဝယ်ခဲ့ပေ။

ထို့ပြင် စတိုးဆိုင်၏အချိန်များကို အလွန်အကျွံ ဖြုန်းတီးပစ်ခဲ့သည်။

ထိုအချိန်က ဤခွေးကို ထွင်ထျန်းဟာ ဟုတ်မဟုတ် ဝေ့ကျစ်တွေးတောမိခဲ့သေးသည်။

ဝေ့ကျစ် သိသလောက် ဤကမ္ဘာပေါ်၌ ဉာဏ်ရည် မြင့်သော ခွေးများ သိပ်မရှိသလို ကွန်ပျူတာသုံးတတ်သည့် ခွေးများလည်း နည်းပါးသည်။

ဝိညာဉ်သားရဲ အများအပြားသည် ၎င်းနှင့် ပိုင်ရှင်အကြားဝိညာဉ်ရေးဆိုင်ရာ ဆက်သွယ်မှုကို ဖန်တီးပေးသော ဝိညာဉ်သားရဲစာချုပ်ကြောင့်သာ လူသားများကို နားလည်နိုင်ကြခြင်းဖြစ်သည်။

တကယ်တမ်းတွင် လူသားအဖြစ်သို့ အသွင်ပြောင်းနိုင်သည်အထိ ကျင့်ကြံခြင်း မပြုခင် ဝိညာဉ်သားရဲ အများစုသည် ကွန်ပျူတာစခရင်ပေါ်တွင် စာရိုက်ဖို့ နေနေသာသာ အခြေခံ အက္ခရာကိုပင် မနည်း သင်ယူနေရ၍ တရုတ်စာလုံးများကိုပင် မဖတ်နိုင်ကြပေ။

“မင်း.. မင်းက ညီနောင်ခွေးလား”

ဝေ့ကျစ်က ထိုမက်ဆေ့ကို ရိုက်နှိပ်၍ ပို့လိုက်သော်လည်း အနည်းငယ် မယုံနိုင်စရာ ကောင်းနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။

သူ၏တပည့် 003 က သူ့ကိုသတင်းပို့စဉ် တိုက်ဆိုင်မှုတစ်ခုဟုသာ သူထင်ခဲ့၏။

တကယ်တမ်းတွင် အွန်လိုင်းကမ္ဘာကြီးသည် အံ့ဩစရာများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလော။

ဖန်သားပြင်၏ တစ်ဖက်တွင်ရှိသောသူက ထွင်ထျန်းဟာဖြစ်မှန်း သိလိုက်သည်နှင့် ဤအရာက ကံတရား၏ စွမ်းအားဖြစ်ကြောင်း ဝေ့ကျစ်ခံစားလိုက်ရသည်။

All Chapters