ဝေ့ကျစ်၏ပူပန်မှု
Vol. 32 Ch. 475
၎င်းတို့က အကဲဖြတ်ရေး စင်တာတွင် တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်းတွင် ပြဿနာများကို အတူတကွ တွေ့ကြုံခဲ့ကြရသည်။
ဝေ့ကျစ် အတွက်မူ သူနှင့် ထွင်ထျန်းဟာသည် ကံကြမ္မာ ရေစက်ရှိသူ ဖြစ်သည်။
၎င်းတို့က မယုံနိုင်လောက်အောင်ပင် အွန်လိုင်း၌ တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက် တွေ့ဆုံခဲ့ပြန်၏။
ဝေ့ကျစ်က သက်ပြင်းချလိုက်ပြီး မက်ဆေ့ချ်ပို့လိုက်သည်။
"ငါတို့ရဲ့ တွေ့ဆုံမှုက ကံကြမ္မာအရပဲ"
ထွင်ထျန်းဟာက ဤစကားများကို အရင်က ကြားခဲ့ရသလို ခံစားရ၍ ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။
"ကျွန်းသခင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို မင်းလည်း ကြည့်ဖြစ်တယ်လား"
ထွင်ထျန်းဟာက စာရိုက်နေစဉ် နာမည်ပြောင် "ကျွန်းသခင်" နှင့် တာအိုအမည် "ဖန်းကွမ်းကို" မှားမရေးမိစေရန် အထူး ဂရုစိုက်ခဲ့သည်။
လူအများစုက ကျွန်းသခင်၏ ကိုယ်ပိုင်လက္ခဏာ အစစ်အမှန်ကို မသိပေ။
ထို့ကြောင့် ထွင်ထျန်းဟာက ၎င်းကို ထုတ်ဖော်မည် မဟုတ်ချေ။
"ကြည့်ဖြစ်တာပေါ့ဟ.. ဒါက ကျွန်းသခင် တိုက်ရိုက်လွှင့်ရင်းပြောခဲ့တဲ့စကားလေ...ဒီကျွန်းသခင်က အရမ်းမိုက်တယ်နော်.. သူဟာ တိုက်ရိုက်ထုတ်လွှင့်သူ အသစ်တစ်ယောက် ဖြစ်ပေမယ့် သူစတင်ခဲ့တာ တစ်ပတ် မပြည့်ခင်မှာပဲ ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိနေခဲ့ပြီ"
ဝေ့ကျစ်က ပြောလိုက်သည်။
ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုက အာရုံစိုက်မှုများစွာကို ရရှိလိမ့်မည်ဟု ထွင်ထျန်းဟာ မမျှော်လင့်ထားပေ။
ယခုဆိုလျှင် လူတိုင်းနီးပါးက သူ့ကို စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ရုတ်တရက် သူက ဝေ့ကျစ်နှင့် ဆွေးနွေးမည့်ကိစ္စကို သတိရသွားသည်။
ဝေ့ကျစ်က ဝိညာဥ်သားရဲများနှင့် မကြာခဏ ထိတွေ့နေသူဖြစ်၍ သူ့ကို သင်ပြနိုင်လောက်၏။
ယခုဆိုလျှင် ထွင်ထျန်းဟာ၌ သူငယ်ချင်း သုံးယောက်ရှိနေပြီဖြစ်သည်။
တစ်ယောက်က ကော်ဟောက်ဖြစ်ပြီး နောက်တစ်ယောက်မှာ ငွေရောင်လေး ဖြစ်သည်။
နောက်ဆုံးတစ်ယောက်မှာ ဝေ့ကျစ် ဖြစ်သည်။
ကော်ဟောက်က ထွင်ထျန်းဟာကို ခွေးစာများ ပင်တိုင် ထောက်ပံ့သော သူငယ်ချင်းကောင်း တစ်ဦး ဖြစ်သည်။
ငွေရောင်လေးကမူ ထွင်ထျန်းဟာ အနိုင်ကျင့်နေကြသူငယ်ချင်း ဖြစ်သည်။
ဝေ့ကျစ်ကမူ ထွင်ထျန်းဟာ နှင့် စွန့်စားဖူးသူ ဖြစ်သည်။
ကော်ဟောက်နှင့်ဝေ့ကျစ်တွင် တူညီသည့် စရိုက်လက္ခဏာများ ရှိ၏။
ယင်းက အရေးကြီးဆုံးအချက်ဟုပင် ပြောနိုင်သည်။
ဆိုရလျှင် ဤလူက ကော်ဟောက်၏ ဂန္တဝင်ဦးလေး ဖြစ်သည်။
ဤဦးလေးက ဇီဝဗေဒပညာရှင် မဟုတ်မှန်း သိသာ ထင်ရှားသော်လည်း ကော်ဟောက်၏ ဦးလေးများစွာထဲက တစ်ယောက် ဖြစ်နေဆဲပင်။
ထွင်ထျန်းဟာ၏ အမြင်အရ ကော်ဟောက်၏ ဦးလေးများသည် အင်မော်တယ် ကျန်းရွမ် ထက် လျှို့ဝှက်ဆန်းကြယ်မှုတွင် အားမနည်းလှပေ။
ထွင်ထျန်းဟာ၏ သူငယ်ချင်းထဲတွင် ဝမ်လင်း မပါဝင်ရသည့် အကြောင်းရင်းမှာ ပိုမို ရိုးရှင်းသည်။
ဝမ်လင်းက သူ၏ ထာဝရသခင်လေး ဖြစ်သည်။
ဤခြားနားချက်ကို ရှင်းပြရလျှင် သူငယ်ချင်း ဆိုသည်မှာ ခံစားချက်များကို မျှဝေနိုင်ပြီး သခင်လေးကမူ ပွေ့ဖက်ဖို့အတွက် ကြီးမားသော ပေါင်လုံးကြီး တစ်ချောင်း ဖြစ်သည်။
ထွင်ထျန်းဟာက ဤအချက်နှင့် ပတ်သက်၍ သေချာစွာ နားလည်ခဲ့သည်။
"မင်း ဘယ်တုန်းက မှော်စွမ်းရည်ဆရာသခင် ဖြစ်လာပြီး တပည့်တွေကို စတင် လက်ခံခဲ့တာလဲ...မင်းက အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ မဟုတ်ဘူးလား"
ထွင်ထျန်းဟာက နှုတ်ဆက်စကား ဆိုပြီးနောက် မေးခွန်းထုတ်လိုက်သည်။
"ဒါက ငါ့ရဲ့ ကြားပေါက် စီးပွားရေးတစ်ခုပါ.. ဝိညာဥ်သားရဲတွေနဲ့ အလွန်ရင်းနှီးတဲ့ ငါတို့လို အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ အများစုက ဝိညာဉ်သားရဲတွေ အတွက် မှော်စွမ်းရည်ဆရာသခင် အဖြစ်လည်း ဆောင်ရွက်ကြတယ်လေ"
"ဒါ့အပြင် ငါ့နေရာကို မင်းလည်း မြင်ဖူးပါတယ်.. ဒီလို နည်းပညာမြင့်မားတဲ့ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့အတွက် ပိုက်ဆံ သိပ်မကုန်ဘူးလို့ မင်းထင်နေတာလား"
"အဲဒီအခန်းတွေကို မွမ်းမံပြင်ဆင်ရတဲ့ စရိတ်စကပဲ မနည်းလှဘူး.. လစဉ်ပေးဆောင်ရတဲ့ မီတာခ တစ်ခုတည်းကတင် အရမ်းများနေပြီ"
ထွင်ထျန်းဟာ အံ့သြသွားသည်။
"မင်းတို့မိသားစုက အတော်လေး ချမ်းသာတယ် မဟုတ်လား"
ဝေ့ကျစ် "ငါက ငါ့ရဲ့ အိပ်မက်ကို ကြိုးစား ဖော်ဆောင်နေတဲ့ သာမန်လူ တစ်ယောက်ပါပဲ"
ထွင်ထျန်းဟာ "..........."
ဝေ့ကျစ် "လက်ရှိ ငါ့ရဲ့ အခြေအနေကိုပဲ မကြည့်ပါနဲ့.. ငါ့ဝင်ငွေက ငါ့အတွက် အသက်ရှင်ဖို့ လုံလောက်ရုံလေးပါပဲ"
"ငါက တွန်းထိုးခြင်းလိပ်ပြာကြီး အပြင် သားရဲတွေ အများကြီး မွေးထားတယ်.. ငါနဲ့ စာချုပ်ချုပ်ထားတဲ့ တခြားဝိဉာဉ်သားရဲတွေကိုလည်း ဂရုစိုက်ရဦးမယ်လေ.. အစားအသောက် အတွက် ကုန်ကျစရိတ်နဲ့ နှိုင်းယှဥ်ကြည့်ရင် မီတာခက မဖြစ်စလောက်ပါပဲ"
"ငါက ငါ့ဘာသာ ရည်မှန်းချက်တစ်ခု ချမှတ်ထားတယ်.. အဲဒါက တစ်နှစ်ကို ဝိညာဥ်သားရဲ နှစ်ကောင်နဲ့ စာချုပ်ချုပ်ဖို့ပဲ"
"ဒီနှစ်အစမှာ ဝိညာဉ်စပါးအုံး မြွေတစ်ကောင်နဲ့ စာချုပ်ချုပ်ခဲ့သေးတယ်.. ဒီကောင်က တကယ်စားနိုင်တယ်လေ.. တွန်းထိုးခြင်းလိပ်ပြာကြီး နဲ့ ငါ ဘာလို့ စာချုပ်ချုပ်ခဲ့လဲ သိလား"
ထွင်ထျန်းဟာ "ဘာလို့လဲ"
ဝေ့ကျစ် "သူက အများကြီးမစားလို့လေ"
ထွင်ထျန်းဟာ"..........."
ဤကဲ့သို့ ဆက်သွားနေမည် ဆိုလျှင် ဝေ့ကျစ်အနေဖြင့် မြန်မြန်မွဲပြာမကျအောင် ဝိညာဥ်သားရဲ မွေးမြူခြင်းကနေ အင်းဆက်ပိုးမွှားများကို ပြောင်းလဲ မွေးမြူရတော့မည် ဖြစ်သည်။
အင်းဆက်ပိုးမွှားများကို ဝိညာဥ်သားရဲများ အဖြစ်လည်း ခွဲခြား သတ်မှတ်ထားသည်။
အရွယ်အစား ကြီးမားသော ဝိညာဉ်သားရဲများနှင့် နှိုင်းယှဉ်လျှင် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ အများအပြားသည် အဆိုပါ သေးငယ်သော ဝိညာဉ် အင်းဆက်ပိုးကောင်များကို မွေးမြူသည်က အမှန်အကန် ရှက်ဖို့ကောင်းသည်ဟု ယူဆကြသည်။
အရွယ်အစားပိုကြီးသည့် ဝိညာဉ် အင်းဆက်ပိုးကောင်များလည်း ရှိသည်။
သို့သော် ဝေ့ကျစ်၏ လက်ရှိပြဿနာမှာ ၎င်းတို့၏ အစားအသောက်စရိတ် ဖြစ်သည် မဟုတ်ပါလား။
ဝိညာဥ်သားရဲက အရွယ်အစား ပိုကြီးလေ ပိုစားနိုင်လေ ဖြစ်သည်။
သူ့ဝိညာဥ်စပါးအုံးမြွေ၏ စားနှုန်းက တကယ်ပင် ပြောင်မရပေ။
သူက ဝိညာဥ်သားရဲများနှင့် စာချုပ်ချုပ်ပြီး တစ်နေ့နေ့တွင် နံပါတ်တစ် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ ဖြစ်လာရမည်ဟု ရည်မှန်းထားသည်။
ထို့ကြောင့် သူနှင့် စာချုပ် ချုပ်ထားသော ဝိညာဥ်သားရဲများအတွက် တာဝန်ယူသင့်သည်ဟု ဝေ့ကျစ် ခံစားရသည်။
"ဒါဆို မင်းက ပိုက်ဆံအတွက် ဒီစီးပွားရေးကို လုပ်နေတာပေါ့"
ထွင်ထျန်းဟာက ဝေ့ကျစ်အနေဖြင့် အမှန်တကယ် ငွေပြတ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟုတ်တယ်.. အဲဒါကြောင့် အခုအချိန်မှာ အလုပ်တွေ အများကြီး ကုန်းရုန်းလုပ်နေရတာပဲ"
"ငါ့ရဲ့ အဓိကအလုပ်က အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေး ဆရာတစ်ယောက် ဖြစ်ပေမဲ့ တခြားသူတွေရဲ့ ဝိညာဥ်သားရဲတွေကို ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သင်ပေးရာမှာလည်း အထူးကျွမ်းကျင်ပါတယ်"
ထို့နောက် ဝေ့ကျစ်က သက်ပြင်းချလိုက်ပြီး ညည်းညူလိုက်သည်။
"တစ်ခါတစ်လေ ဝိညာဥ်သားရဲတွေကို အဆင့် ခပ်မြန်မြန် မတက်သွားအောင် လုပ်ပေးရသေးတယ်..."
"အမ် အဆင့်မတက်အောင် လုပ်ပေးရတယ်လား"
"အင်း.. တချို့လူတွေက သူတို့ ခရီးထွက်နေတဲ့ အချိန်မှာ သူတို့ရဲ့သားရဲတွေ အဆင့်မတက်သွားအောင် အကူအညီတောင်းကြတာမျိုး ရှိတယ်"
ဝေ့ကျစ်က ပြောလိုက်သည်။
"ဒါပေမယ့် ဒီဝန်ဆောင်မှုက အသုံးနည်းပါတယ်"
"ငါတို့လို ပရော်ဖက်ရှင်နယ် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူတွေက ကျင့်ကြံခြင်း နယ်ပယ် အဆင့် အလွန်မြင့်မားခြင်း မရှိတာကြောင့် ငွေရှာဖို့အတွက် ဒီနည်းလမ်းတွေကိုပဲ အားကိုးနိုင်တယ်လေ.. ပြောရရင် စားသောက်စရိတ်က ကြီးမားတဲ့ ပြဿနာတစ်ခုပဲ"
"............"
တစ်ချိန်က ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စု၏ ဒသမ မျိုးဆက် ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူ တစ်ဦး အနေဖြင့် ထွင်ထျန်းဟာသည် ဝိညာဉ်သားရဲများ အဘယ်မျှ အစားကြူးသည်ကို သူ့အတွေ့အကြုံမှ တဆင့် အမှန်တကယ် သိရှိခဲ့သည်။
ထိုကာလတွင် ဖားပြုပ် မျိုးနွယ်စု တစ်ခုလုံးသည် တစ်နေ့လျှင် ယင်ကောင်ပေါင်း သန်းတစ်ရာကျော် စားသုံးခဲ့ရသည်။
ထို့အပြင် ဤယင်ကောင်များသည် လူ့လောကရှိ သတ္တဝါများနှင့် ကွဲပြားကြသည်။
၎င်းတို့က အလွန်ကြီးမားသော မွန်းစတား ယင်ကောင်များဖြစ်ပြီး ယင်ကောင် တစ်ကောင်ချင်းစီသည် ဆင်ခန္ဓာကိုယ်လောက် ကြီးမားသည်။
ကျင့်ကြံသူများကမူ အစာရှောင်ခြင်းနှင့် ပတ်သက်၍ အထူးတလည် လုပ်ဆောင်ကြသည်။
၎င်းတို့က ကျင့်ကြံခြင်း နယ်ပယ်အဆင့် မြင့်မားလေ အစားနည်းလေဖြစ်သည်။
သို့သော် ဝိညာဥ်သားရဲများကမူ ဆန့်ကျင်ဘက် ဖြစ်သည်။
၎င်းတို့က အမှန်အကန် အများအပြား စားသောက်ကြသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေးအတွက် e-wallet ထဲတွင် ပိုက်ဆံအများအပြား အဘယ်ကြောင့် ထည့်ပေးထားရပါသနည်း။
အကြောင်းရင်းမှာ ငွေရောင်လေး၏ အစားအသောက် စရိတ် အတွက် ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် သူက သာမန် အိမ်မွေးခွေး တစ်ကောင်နှင့် တူညီသော ပမာဏနီးပါးကိုသာ စားသုံးသောကြောင့် သူ၏ စားချင်စိတ်မှာ အလွန်နည်းပါးကြောင်း ထွင်ထျန်းဟာ ချက်ချင်း သိလိုက်ရသည်။
ယင်းက ဆရာလေးလင်း မွမ်းမံပြုပြင်ပေးထားသည့် "နတ်ဆိုးဘုရင်နှလုံးသားကျမ်း" ကြောင့်လားတော့ သူမသိပေ။
"စကားမစပ် ညီနောင်ခွေး.. မင်းက အဆင့်ငါး ဝိညာဥ်နည်းစနစ်ကို သင်ယူချင်နေတယ်လို့ ငါ့တပည့်လေးက ပြောတယ်.. အဲဒါတကယ်ပဲလား"
ဝေ့ကျစ်က မေးလိုက်သည်။
"အိုး မဟုတ်ပါဘူး... ငါ့မှာ အဆင့်ငါးဝိညာဉ် နည်းစနစ် မရှိပါဘူး.. ငါ သူ့ကို နည်းနည်းလောက် ကျီစားကြည့်တာပါ"
"ငါထင်သားပဲ"
ဝေ့ကျစ် ခေါင်းညိတ်လိုက်သည်။
ယနေ့ခေတ်တွင် အဆင့်လေး ဝိညာဥ်သားရဲ နည်းစနစ်များသည်ပင် ရှားပါးလွန်းနေသည် မဟုတ်ပါလား။
အဆင့်ငါး ဝိညာဉ်သားရဲနည်းစနစ်၏ မူပိုင်ခွင့် ဆိုလျှင် ကျင့်ဟွာမြို့၏ အကောင်းဆုံး အိမ်ရာ၌ ပထမတန်းစား တိုက်ခန်းနှစ်ခန်းကို ဝယ်ယူနိုင်မည် ဖြစ်၏။
"အဆင့်ငါးနည်းစနစ် ဖြစ်တဲ့ ဝိညာဉ်သားရဲ အသွင်ပြောင်း နည်းစနစ်ကိုပဲ ငါ့တစ်သက်မှာ မြင်ဖူးခဲ့တယ်.. အဲဒီ နည်းစနစ်က အော်ရာထုတ်ဖော်တဲ့ နည်းစနစ်က လွဲရင် ကျင့်ကြံသူတွေရဲ့ အသွင်ပြောင်း နည်းစနစ်နဲ့ နည်းနည်း ဆင်တူတယ်"
"ဒီလိုမျိုး နည်းစနစ် ရှိတယ်လား"
ထွင်ထျန်းဟာက ရေရွတ်လိုက်သည်။
"အင်း ဒီနည်းစနစ်ကို ငိုကြွေးခြင်း အင်မော်တယ်လို့ ခေါ်တဲ့ လူတစ်ယောက် ဖန်တီးခဲ့တာပဲ.. သူက ငါတို့အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူများ အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဌလည်း ဖြစ်တယ်"
ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။
"ငါနားလည်ပြီ... ဒါနဲ့ ဒီဝိညာဥ်သားရဲ အသွင်ပြောင်း နည်းစနစ်ကို ဘယ်လိုနာမည်ပေးထားလဲ"
ဝေ့ကျစ် "ယင်လေးရဲ့ အသွင်ပြောင်းလဲခြင်း100 လို့ ပေးထားတယ်"
ထွင်ထျန်းဟာ "..........."
၎င်းက "Cardcaptor Sakura" မှော်မိန်းကလေး စီးရီးမှ ယင်လေးကို ရည်ညွှန်းသည်။