ထွင်ထျန်းဟာနှင့်ပတ်သက်၍တွေးတောခြင်း
Vol. 32 Ch. 477
မကြာသေးမီက စာမေးပွဲများနှင့် အလုပ်များနေသောကြောင့် ဝမ်လင်းအနေဖြင့် အခြားအရာများ အပေါ် အာရုံစိုက်မှု မရှိသလောက်ပင်။
သို့သော်လည်း ဘာသာရပ်နှစ်ခု ဖြေပြီးသွားသော အခါတွင် သူက စိတ်ဖိစီးမှု နည်းပါးသွားခဲ့သည်။
ဘာသာရပ်တစ်ခု ဖြေပြီးတိုင်းတွင် ဖိအားက လျော့သွားလေ့ရှိသည် မဟုတ်ပါလား။
ဤအရွယ် ဆယ်ကျော်သက်များ၏ စာမေးပွဲနှင့် ပတ်သက်သည့် အတွေးအမြင်သည်လည်း ဝမ်လင်းကဲ့သို့ပင်။
ဘာသာရပ်အကုန် ဖြေဆို၍ မပြီးသေးဘဲ နောက်ဆုံးတစ်ဘာသာ ကျန်နေသေးလျှင်ပင် ဝန်ထုပ်ဝန်ပိုးများကို စတင်လွှတ်ချလေ့ ရှိကြသည်။
ထို့ကြောင့် ဖိအားများ လျော့ပါးသွားပြီး နောက်တွင် ဝမ်လင်းက သေချာ ပြန်စဉ်းစားကြည့်ရာ ထွင်ထျန်းဟာ တစ်စုံတစ်ရာ မူမမှန်သည်ကို တွေးမိလာခဲ့သည်။
ထို့အပြင် ထွင်ထျန်းဟာသည် ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အစအဆုံးကြည့်ရှုခဲ့ပြီး လက်ဆောင်များပင် ပေးပို့ခဲ့သည်။
ယင်းလက်ဆောင် အားလုံး၏ စုစုပေါင်းတန်ဖိုးသည် HNY တစ်ထောင် အထိ ရှိလောက်သည်ဟု ဝမ်လင်း တွက်ချက်ခဲ့သည်။
ထိုနှုန်းထားက သူ့မုန့်ဖိုး တစ်လစာနှင့် ညီမျှ၏။
ပထမဆုံးအချက် အနေဖြင့် ဤ ငွေတွေကို ထွင်ထျန်းဟာ ဘယ်က ရလာပါသနည်း။
ဝမ်လင်းက အကြောင်းင်းကို သူသိဖို့ လိုအပ်သည်ဟု ခံစားမိသည်။
ဒုတိယအချက် အနေဖြင့် ထွင်ထျန်းဟာသည် မကြာသေးမီကစပြီး ကျင့်ကြံရာ၌ အထူးပင် လုံ့လဝီရိယ ရှိခဲ့ကြောင်း သူသိရှိခဲ့သည်။
လွန်ခဲ့သည့် တစ်ပတ်လောက်က ဆိုလျှင် ထိုခွေးလေးသည် မွန်းတည့်ချိန်မှ နေဝင်ချိန်အထိ ပန်းခြံထဲတွင် အိပ်စက်၍ ကောင်းနေဆဲပင်။
ဟုတ်ပါသည်။ ၎င်းက အိပ်စက်ခြင်းရောဂါ နှင့် အနည်းငယ်သာ သက်ဆိုင်နေ၏။
"သူတော်စင်သားရဲသွေး"တွင် စိမ်ခြင်းသည် ရောဂါများကို သက်သာစေနိုင်သော်လည်း ငပျင်းကို လုံ့လဝီရိယရှိသူ အဖြစ် ပြောင်းလဲပေးနိုင်ရန်မှာ သိပ္ပံနည်းကျ မဟုတ်ဟု ဝမ်လင်း ခံစားခဲ့ရသည်။
"အမွေဆက်ခံ အစီအရင်ကြောင့်များလား"
ဝမ်လင်းက မေးစေ့ကို ပွတ်သပ်၍ လေးလေးနက်နက် တွေးတောလိုက်သည်။
သို့သော် ပြဿနာမှာ အမွေဆက်ခံ အစီအရင်သည် ပျင်းရိသောခွေးကို လုံ့လဝီရိယ ရှိစေသည်အထိ အကျိုးသက်ရောက်မှု မရှိပေ။
ထွင်ထျန်းဟာက သူ့ကို တစ်စုံတစ်ရာ ဖုံးကွယ်ထားသည်ဟု ဝမ်လင်း ခံစားရသည်။
၎င်းက ကိစ္စ ကြီးကြီးမားမား ဖြစ်ရပေမည်။
အဓိကအချက်မှာ ထွင်ထျန်းဟာ၏ လက်ရှိအပြုအမူကို သုံးသပ်ကြည့်လျှင် ထိုပြဿနာကို သူ့ဘာသာသူ ဖြေရှင်းလိုနေပုံရသည်။
ခွေးတစ်ကောင်က ပိုင်ရှင်ကို ဒုက္ခမပေးဘဲ ပိုင်ရှင်၏ စိုးရိမ်ပူပန်မှုကို သက်သာစေသည်က ကောင်းသည်ဟု ဆို၍ ရသော်လည်း သူတို့ကြားတွင် စာချုပ်တစ်ခု ချုပ်ဆိုထားတာကြောင့် ခွေးပိုင်ရှင် အနေဖြင့် တာဝန်ရှိသည်ဟု ဝမ်လင်း သူ့ကိုယ်သူ ခံစားခဲ့ရသည်။
တစ်စုံတစ်ရာ ဖြစ်ပျက်မလာအောင် သူ့အနေဖြင့် ထွင်ထျန်းဟာကို ကိုယ်တိုင် ကိုင်တွယ်ခွင့် မပြုနိုင်ပေ။
သို့သော် ဝမ်လင်းက ထွင်ထျန်းဟာကို လွှမ်းမိုးချုပ်ကိုင်ပြီး ထိုကိစ္စအား ပြောထွက်လာစေရန် အတင်းအကြပ် လုပ်ဆောင်မည်တော့ မဟုတ်ပေ။
ဝမ်လင်းက ပုံမှန်အားဖြင့် အေးတိအေးစက် မျက်နှာထားရှိသော်လည်း တကယ်တမ်းတွင် အလွန်နူးညံ့သိမ်မွေ့သည်။
ဖိုးဖိုးဝမ်က ဆယ်နာရီကျော်သည် အထိ အပင်များနှင့် ပန်းများကို ပြုစုရင်း အလုပ်များနေခဲ့၏။
ယခုမူ ငါးဝယ်ရန်အတွက် သုံးဘီးဆိုင်ကယ်ဖြင့် စျေးသွားရန် ပြင်ဆင်နေသည်။
ဖိုးဖိုးဝမ် နှင့် မီးဖိုချောင်သုံး ဓားဂိုဏ်း၏ ခေါင်းဆောင် ကျန်းဟိုင်ဖူ တို့ကြား ချိန်းဆိုထားသည့် ပြိုင်ပွဲက မပေါ်ပေါက်သေးပေ။
ဤအချိန်တွင် ဖိုးဖိုးဝမ်သည် ပြိုင်ပွဲအတွက် ဟင်းချက်နည်းများကို စမ်းသပ်နေပြီး ငါးဟင်းအသစ်ကို တီထွင်ရန် ပြင်ဆင်နေသည်။
ငါးဟင်းလျာများကို တီထွင်နေသောကြောင့် လတ်ဆတ်သောငါးများကို ဝယ်ယူရန် လိုအပ်၏။
အေးခဲထားသည့် ငါးများက လတ်ဆတ်မှု မရှိသည်မှာ သေချာသည် မဟုတ်ပါလား။
ထို့အပြင် ဟင်းချက်သည့်အခါတွင် နှလုံးသား တစ်ခုလုံး နှစ်ထားသရွေ့ လူတိုင်းက ခံစား၍ရမည် ဖြစ်သည်။
A Bite of China ၏ Season 3 သည် season 1 နှင့် 2 ထက် အဆင့်သတ်မှတ်ချက် မြင့်မားနေသော်လည်း အဘယ်ကြောင့် လှောင်ပြောင်ခံရသနည်း ဆိုသော် ဟင်းချက်သည့်သူများက ဟင်းချက်ရာတွင် စိတ်နှစ်၍ မချက်သောကြောင့် ဖြစ်သည်။
ပရိသတ်များက အရူးမဟုတ်ပေ။
ဖိုးဖိုးဝမ် စျေးသို့သွားလျှင် များသောအားဖြင့် ထွင်ထျန်းဟာကို သူနှင့်အတူ ခေါ်သွားလေ့ရှိသည်။
သို့သော် ပြီးခဲ့သည့် နှစ်ရက်တွင် ထွင်ထျန်းဟာ အိမ်၌ မရှိသည်ကို သူ သတိပြုမိခဲ့သည်။
"ဘာလို့ ဒီတလော အပြင်ကို အမြဲတမ်း ထွက်နေရတာလဲ"
ဖိုးဖိုးဝမ်က ခေါင်းကုတ်၍ ရေရွတ်လိုက်သည်။
မေမေဝမ်က ရယ်မော၍ ပြောလိုက်သည်။
"အဖေ.. ထွင်ထျန်းဟာက သာမန် ခွေးတစ်ကောင် မဟုတ်ဘူးလေ.. သူ့ကို သာမန် အိမ်မွေးတိရစ္ဆာန်လို သဘောထားလို့ဘယ်ရမှာလဲ"
"ဟုတ်သားပဲ.. ဒီကောင်က ဝိညာဥ်ခွေး ဆိုတာ ငါ မေ့တော့မလို့"
အဖိုးအိုက ခေါင်းညိတ်သည်။
"ဝိညာဥ်သားရဲက တော်တော် အစားကြီးတယ်လို့ ငါကြားဖူးတယ်.. ဒါပေမဲ့ ထွင်ထျန်းဟာ အတွက် ပိုက်ဆံမကုန်သလိုပဲ"
မေမေဝမ် ခေါင်းညိတ်လိုက်သည်။
"လင်းလင်းတို့ ကျောင်းမှာ သူ့ကို ဂရုစိုက်တဲ့ ကျောင်းသားတွေအများကြီး ရှိတယ်.. အဲဒီထဲက ကော်ဟောက်ဆိုတဲ့ ကလေးရဲ့မိဘတွေက ဝိညာဥ်သားရဲစတိုးဆိုင် ဖွင့်ထားတာလေ.. သူက ထွင်ထျန်းဟာ အတွက် ခွေးစာတွေ အပတ်စဥ် ပို့ပေးလေ့ရှိတယ်"
"ဒီခွေးစာတွေက အပြင်မှာရောင်းတဲ့ အစားအစာတွေနဲ့ မတူတာ အံ့သြစရာ မဟုတ်တော့ဘူး"
ထိုစကားကိုပြောရင်း ဖိုးဖိုးဝမ်က ကုန်ကျစရိတ်ကို တွက်ချက်ပြီး ကော်ဟောက်ကို ပြန်ပေးရန် မေမေဝမ်ကို အထူး တိုက်တွန်းခဲ့သည်။
ရက်ရောမှုက ရက်ရောမှုသာ ဖြစ်သော်လည်း အမြဲတစေ လက်ခံခြင်းက မကောင်းကြောင်း ဖိုးဖိုးဝမ် ခံစားခဲ့ရသည်။
ကော်ဟောက်က ပိုက်ဆံ အားလုံးကို ပြန်မယူလျှင်ပင် တချို့တစ်ဝက်ကို မရရအောင် ပြန်ပေးရပေမည်။
"စိတ်မပူပါနဲ့ အဖေ.. သမီး နောက်ဆုံးအကြိမ်က ပိုက်ဆံပေးခဲ့ပေမယ့် ကျောင်းသားကော်တို့ မိသားစု စတိုးဆိုင်ရဲ့ လက်ထောက်က လက်မခံခဲ့ပါဘူး.. ဒါကြောင့် သူတို့ဆိုင်က ဦးစီးနေတဲ့ ပရဟိတ အစီအစဥ်မှာ ခွေးစာ၊ ကြောင်စာနဲ့၊ တခြား လိုအပ်တဲ့ ပစ္စည်းတွေကို တစ်ပတ်တစ်ခါ ထောက်ပံ့ခဲ့ပါတယ်"
ယင်း ပရဟိတ အစီအစဥ်က အိမ်ယာမဲ့ ဝိညာဉ်သားရဲများစွာကို ထောက်ပံ့သည့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများအဖွဲ့အစည်း လက်အောက်ရှိ အစီအစဉ်တစ်ခု ဖြစ်သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် မေမေဝမ်သည် လောက၏ နည်းလမ်းများကို ကောင်းစွာ နားလည်ပြီး ကိစ္စရပ်များအား လိမ္မာပါးနပ်စွာ ကိုင်တွယ်နည်းကို သိလာခဲ့သည်။
ကော်ဟောက်က ပိုက်ဆံမယူချင်သော်လည်း မေမေဝမ်က ကော်ဟောက်တို့ စတိုးဆိုင်သို့ အပတ်စဥ် လာလည်ပြီး လှူဒါန်းခဲ့သည်။
ပိုင်းခြားသိမြင်သူတိုင်းက မေမေဝမ်၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်နိုင်ပေသည်။
စတိုးဆိုင်၏ လက်ထောက်များက မေမေဝမ် အကြောင်းကို အချိန်ကြာလာသည်နှင့် အမျှ သိလာခဲ့ပြီး သူမက အလွန်လိမ္မာပါးနပ်သည်ဟု ခံစားခဲ့ရ၏။
ဤသည်မှာ ဝမ်မိသားစု၏ ပုံရိပ်ကို တိုက်ရိုက် ကိုယ်စားပြုခြင်း ဖြစ်သည်။
"တော်တယ် ငါ့သမီးလေး"
ဖိုးဖိုးဝမ်က မေမေဝမ်ကို မချီးမွှမ်းဘဲ မနေနိုင်တော့ပေ။
တကယ်တမ်းတွင် မေမေဝမ် ထံတွင် ဤသို့ လုပ်ရခြင်း အတွက် တခြားအကြောင်းပြချက် မရှိပေ။
သူမက ကြင်နာမှုကို ပြသခြင်းသာ။
ကော်ဟောက်တွင်လည်း ရည်ရွယ်ချက်ကောင်းများ ရှိခဲ့သည် မဟုတ်ပါလော။
အပေါ်ထပ်ကနေ ဖိုးဖိုးဝမ် နှင့် မေမေဝမ်တို့၏ စကားများကို တိတ်တဆိတ် နားထောင်ရင်း ဝမ်လင်း၏ နှလုံးသားထဲတွင် နွေးထွေးသွားခဲ့သည်။
သန်မာသည့် ယောက်ျားတိုင်း၏ နောက်ကွယ်တွင် သန်မာသော အမျိုးသမီး ရှိသည် ဆိုသော စကားမှာ အမှန်တရားပင်။
ဝမ်လင်းအနေဖြင့် ကျင့်ကြံခြင်း နယ်ပယ်အဆင့် မည်မျှ မြင့်မားပါစေ၊ ဤမိသားစုတွင် အသန်မာဆုံးမှာ သူမဟုတ်ဘဲ ဖေဖေဝမ် ဖြစ်သည်ဟု ခံစားမိသည်။
ထို့ကြောင့် ဖေဖေဝမ်၏ ပုံရိပ်သည် ဝမ်လင်း၏ စိတ်ထဲတွင် ထာဝရ မြင့်မားနေခဲ့သည်။
သန်မာသော ယောက်ျားနောက်ကွယ်မှ အမျိုးသမီး တစ်ဦးအနေဖြင့် ဝမ်လင်း၏ စိတ်ကူးထဲတွင် မေမေဝမ်၏ ပုံရိပ်သည် ပို၍ပင် မြင့်မြတ်လာခဲ့သည်။
မေမေဝမ်၏ ကျမ်းစာမှတဆင့် ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့် လူသတ်သမားများ ဖြစ်သည့် လေလွင့်ကိုယ်လူချော နှင့် တာအိုဆရာ တောက်တိတို့က ကျင့်ကြံခဲ့ရသည်။
ထို့ကြောင့် မေမေဝမ်က အိမ်ရှင်မ တစ်ဦး ဖြစ်လျှင်ပင် အလွန်သန်မာသော အိမ်ရှင်မ တစ်ဦးဟု ဆိုရပေမည်။
သင့်အနေဖြင့် အိမ်ရှင်မများကို ဘယ်သောအခါမှ မထီမဲ့မြင် မလုပ်မိပါစေနှင့်။
အကြောင်းရင်းမှာ အိမ်မှုကိစ္စ မလုပ်သည့်အချိန်တွင် အိမ်ရှင်မ တစ်ယောက် ဘာလုပ်နေမှန်း သင်ဘယ်တုန်းကမှ မသိနိုင်၍ ဖြစ်သည်။
...................
ဝမ်လင်းက စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်နေချိန်တွင် ဖိုးဖိုးဝမ် ပြောသည်ကို ကြားလိုက်ရသည်။
"ဒါပေမယ့် ငါတို့ ခွေးလေး တစ်နေကုန် အပြင်ထွက်နေတဲ့ကိစ္စက အသေးအမွှား ကိစ္စတော့ မဟုတ်ဘူး.. ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကလည်း ကြောင်တစ်ကောင်ကိုမွေးထားတယ်.. သူ နည်းနည်းလေး ဂရုမစိုက်မိတဲ့ အချိန်မှာပဲ ကြောင်က ကိုယ်ဝန်ရှိနေတဲ့ ကြောင်မ တစ်ကောင်ကို အပြင်ကနေ ခေါ်လာခဲ့တယ်"
မေမေက ရုတ်တရက် မှင်တက်သွားပြီးမှ ပြောလိုက်သည်။
"ဒါပေမဲ့ ထွင်ထျန်းဟာလေးက ဒီလိုမျိုး မလုပ်လောက်ပါဘူး"
"ဒါက ပြောရခက်တယ်.. တစ်ခါတရံမှာ ခံစားချက်တွေ ပေါက်ထွက်လာနိုင်ပြီး ချစ်စရာကောင်းတဲ့ ခွေးမတစ်ကောင် အပေါ် ကျရောက်သွားနိုင်တယ်.. ဒါကြောင့် ငါ အကြံပေးချင်တာက ရှေ့ဆက်ပြီး လုပ်သင့်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့ပဲ"
စကားပြောရင်း ဖိုးဖိုးဝမ်က သူ့လက်ကို ကတ်ကြေးသဏ္ဌာန် လုပ်ပြလိုက်သည်။
"သူ့ဂွေးဥကို ရှင်းထုတ်ပစ်ရမယ်"
ဝမ်လင်း"............."
ထိုအချိန်တွင် ဝမ်လင်း နှင့် မေမေဝမ်တို့က ထွင်ထျန်းဟာအတွက် ရည်စူး၍ စိတ်ထဲကနေ သီချင်းတစ်ပုဒ် သီဆိုခဲ့ကြသည်။
မြန်မြန် ပြန်လာပါ..
သင်းကွပ်လိုက်ရင် မင်း ဘာမှတတ်နိုင်တော့မှာ မဟုတ်ဘူး..