ဤဓါးထွက်ပေါ်လာသည့်အခါ အရာအားလုံး တုန်လှုပ်ကြရမည်။
Vol. 16 Ch. 211
ဤဓါးမှာ မည်သို့သောအရာဖြစ်သနည်း? ဘယ်သူကမှမသိကြပေ။ ဤသည်မှာ လက်ဝါးတစ်ချက်သာဖြစ်ပြီး ဓါးတစ်ချောင်းမဟုတ်မှန်း လူတိုင်းသိထားကြသော်လည်း ရှိသမျှလူတိုင်းသည် ဤအရာကြောင့်ဘဲ ထိန်လန့်တုန်လှုပ်သွားကြရသည်။
ကောင်းကင်နှင့်မြေကြီးတောင်မှ တုန်လှုပ်သွားရပုံပေါ်သည်။ ဤဓါးအလင်းတန်းထွက်ပေါ်လာသည့်အခါ မိုင်းတစ်သောင်းပတ်ပတ်လည်ရှိ ဆန်းကြယ်သော ချီစွမ်းအင်များမှာ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားကြရသည်။
ဤသာမန်ဆန်သော ဓါးချက်တွင် တုကူချိုးပိုင်၏ ဓါးလမ်းစဥ်အပေါ် နားလည်သဘောပေါက်မှုများ ပါဝင်နေသည်။ တူကူချိုးပိုင်၏ ဓါးလမ်းစဥ်အပေါ် နားလည်သဘောပေါက်မှုမှာ သာမန်ဓါးသမားများ မယှဥ်ပြိုင်နိုင်လောက်အောင် မြင့်မားနေပြီဖြစ်သည်။
ဤဓါးထွက်ပေါ်လာသည့်အခါ ကျန်းစန်ဖုန်း ၊ တုကူကျန်းနှင့် အခြားသော ဓါးကျင့်ကြံသူများအားလုံးထိတ်လန့်သွားကြသည်။ ထုတ်လွှတ်နေသော ဓါးဆန္ဒအရှိန်အဝါများက သူတို့၏ ခန္ဓာကိုယ်များကို တုန်ခါလာစေခဲ့သည်။
ယဲ့ရှီးပိုင်၏ မျက်လုံးများမှာ တုန်လှုပ်သွားပြီး သူ၏မျက်လုံးအတွင်းပိုင်း၌ နက်နဲသော အကြောက်တရားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤဓါးမှ သူ့ကိုသန်မာသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားရစေခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူ၏ဝှက်ဖဲများကတောင် ဤဓါးကို တားဆီးနိုင်မည်မဟုတ်မှန်း သိရှိလိုက်ရသည်။
တုကူချိုးပိုင်၏ ဓါးကိုတွေ့မြင်လိုက်ရသည့်အခါ ယဲ့ရှီးပိုင်တစ်ယောက် အကြပ်တွေ့သွားရသည်။ သူသည် ချက်ခြင်းပဲ ငွေဒင်္ဂါးပြားနှစ်ပြားကို ထုတ်ယူလိုက်ပြီး လုံချင်ဓါးအပေါ်သို့ ပစ်တင်လိုက်သည်။
သူဟာ ဓါးချက်တစ်ချက်ကို ထပ်မံထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ် ဓါးအလင်းတန်းကြီးတစ်ခုသည် ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ မျက်တောင်တခတ်အတွင်းမှာဘဲ ကြောက်မက်ဖွယ်ဓါးအလင်းတန်းကြီးတစ်ခု မွေးဖွားလာပြီး တုကူချိုးပိုင် ထုတ်လွှတ်လိုက်သော ဓါးအလင်းတန်းကြီးနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။
ယဲ့ရှီးပိုင်ကို ပိုလို့တောင် ထိတ်လန့်သွားစေသည်က တုကူချိုးပိုင်၏ တိုက်ခိုက်မှုကို တွေ့မြင်လိုက်ရပြီးနောက် သူသည် တုကူချိုးပိုင်၏ ကျင့်ကြံဆင့်မှာ တာအိုနန်းတော် အထွတ်အထိပ်အဆင့်၌သာ ရှိသေးကြောင်း သိရှိလိုက်ရခြင်းဖြစ်သည်။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဤအချိန်တွင် ယဲ့ရှီးပိုင်၏ နှလုံးသားတစ်ခုလုံး၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ တာအိုနန်းတော် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကိုတောင် သေစေနိုင်လောက်သည်အထိ ခြိမ်းခြောက်နိုင်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်သည်တဲ့လား?။
သည်လူက ဘယ်လိုမကောင်းဆိုးဝါးမျိုးပါလိမ့်။
ဒီလိုမကောင်းဆိုးဝါးမျိုးကိုပိုင်ဆိုင်ထားတဲ့ ရှန်ရှန့်ကျုံဂိုဏ်းကရော ဘယ်လိုကြောက်စရာအင်အားစုကြီးပါလိမ့်?။
ဘုံး....
ယဲ့ရှီးပိုင်သည် တုကူချိုးပိုင်နှင့် ရှန်ရှန့်ကျုံအကြောင်းကို တွေးတောနေစဥ်မှာဘဲ တိုက်ခိုက်မှုကြီးသုံးခုသည် လေထုအတွင်း၌ ထိတွေ့မိသွားကြသည်။
သို့ပါသော်လည်း ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီး ဖြစ်သွားရမည့်အစား လေထုသည် အလွန်အမင်း ငြိမ်သက်နေခဲ့ပေသည်။ ဓါးအလင်းတန်းသုံးခုသည် လေထုအတွင်း၌ တွန့်လိမ်နေကြကာ တစ်ခုနဲ့တစ်ခု ဝါးမြိုစားသောက်ရန် ကြိုးပမ်းနေသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ ချက်ချင်းပဲ အက်ကွဲသွားရသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဓါးအလင်းတန်းကြီးသုံးခုတည်ရှိနေသော နေရာအတွင်း၌ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် ကောင်းကင်ကြီးသည် ဓါးအလင်းတန်းသုံးခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပုံပေါ်သည်။
မည်သည့်ထိတ်လန့်ဖွယ်ပေါက်ကွဲမှုမှ ဖြစ်ပေါ်မသွားခဲ့သော်လည်း ဓါးအလင်းတန်းသုံးခုသည် တစ်ခုနှင့်တစ်ခုအားပြိုင်နေကြပြီး အချင်းချင်းဝါးမြိုရန် ကြိုးစားနေခဲ့ကြသည်။ ပြိုင်ဘက်ကင်းသော ထက်မြမှု အရှိန်အဝါများ ထွက်ပေါ်လာပြီး လူတိုင်း၏ ခန္ဓာကိုယ်များသားမက စိတ်နှလုံးသားများပင် တုန်ယင်သွားကြရသည်။
ဟွမ်...
ဒီအချိန်မှာဘဲ တုကူချိုးပိုင်၏ ဓါးချက်မှ ဓါးဟိန်းသံသဲ့သဲ့တစ်ခုထွက်ပေါ်လာခဲ့ပြီး မိုင်ထောင်ပေါင်းများစွာကို ပျံ့နှံ့သွားခဲ့သည်။ ယင်းနောက် မြေပြင်ပေါ်ရှိ သစ်ရွက်ကြွေများမှာ တစ်စုံတစ်ခု၏ ဆွဲညို့ခြင်းခံလိုက်ရသလိုမျိုး ရုတ်ချည်း လွင့်မြောမြောက်တက်သွားကြသည်။
သိပ်သည်းသော သစ်ရွက်များက တုကူချိုးပိုင်၏ ဓါးပတ်ပတ်လည်၌ စုစည်းမိသွားကြသည်။ ၄င်းတို့မှာ အလွယ်တကူခြေမွဖျက်စီးနိုင်သော သစ်ရွက်ကလေးများဖြစ်ကြသော်လည်း လက်ရှိအချိန်တွင်တော့ အဆိုပါသစ်ရွက်များ၏ အစွန်းမှ တုနှိုင်းမရအောင်ထက်မြသော အရှိန်အဝါများ ထွက်ပေါ်လျက်ရှိသည်။ သစ်ရွက်တစ်ရွက်ချင်းစီတိုင်းသည် ဓါးတစ်ချောင်းအသွင် ပြောင်းလဲသွားသည့်အလားပင်။
ဓါးမရှိသော အဆင့်တွင် အပင်များ ၊ သစ်ပင်ကြီးများ ၊ ဝါးပင်များနှင့် ကျောက်တုံးများ စသည့်အရာအားလုံးသည် ဓါးများအဖြစ်ပြောင်းလဲသွားနိုင်သည်။ ထိုသို့သောဓါးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာလောကကြီးသည် တုန်လှုပ်သွားရပေလိမ့်မည်!
ဤအချိန်တွင် တုကူချိုးပိုင်ထံမှ အစစ်အမှန်ပြိုင်ဘက်ကင်းသော ဓါးလမ်းစဥ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါဓါးလမ်းစဥ်တွင် မည်သူမှ နှိုင်းယှဥ်မရအောင် နက်ရှိုင်းသောသဘောသဘာဝများ ပါဝင်နေပေသည်။ ယဲ့ရှီးပိုင်၏ တိုက်ခိုက်မှုနှစ်ခုမှာ တွန့်လိမ်သွားပြီး အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့ရသည်။
ယင်းနောက် ချက်ချင်းဆိုသလိုပဲ သစ်ရွက်များ ဝန်းရံခံထားရသော တုကူချိုးပိုင်၏ ဓါးချက်သည် ယဲ့ရှီးပိုင်ထံသို့ ပြိုင်ဘက်ကင်းသော အရှိန်အဟုန်ဖြင့် ပြေးဝင်ခုတ်ပိုင်းသွားခဲ့သည်။
တုကူချိုးပိုင်၏ အစစ်အမှန်စွမ်းအားများကို ဤကမ္ဘာလောကြီးအတွင်း၌ တွေ့မြင်လိုက်ရပြီဖြစ်သည်။
ဤမြင်ကွင်းကို အဝေးတစ်နေရာမှ တွေ့မြင်လိုက်ရသော ဝမ်ဖုန်းသည် တီးတိုးမရေရွတ်ဘဲ မနေနိုင်တော့ပါ...
"ပြိုင်ဘက်ကင်းတဲ့ ဓါးနတ်ဆိုးပါလား..."
"ဒါဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ?"
ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲက ယဲ့ရှီးပိုင်ကို ထိတ်လန့်သွားစေခဲ့သည်။ သူ၏မျက်လုံးများမှာ ပြူးကျယ်လာပြီး သူ့မျက်နာတစ်ခုလုံး၌ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လျက်ရှိသည်။
သို့ပါသော်လည်း သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခံစားခဲ့ဖူးပြီး သူ၏ တိုက်ပွဲဝင်စွမ်းရည်မှာလည်း လုံးဝအားမနည်းပေ။ သူ၏နှလုံးသားမှာ တုန်လှုပ်သွားသော်လည်း သူဟာ တန်ပြန်တိုက်ကွက်တစ်ခုကို ချက်ခြင်းပဲ ထုတ်ဖော်လိုက်နိုင်သေးသည်။
လူငယ်ပါရမီရှင်များကို ပါရမီရှင်များဟု ခေါ်ဆိုရခြင်းမှာ သူတို့သည် အခက်အခဲများနှင့် တွေ့ကြုံရသော်လည်း အချိန်တိုအတွင်း လျှင်မြန်ပြတ်သားသော ဆုံးဖြတ်ချက်ကို ချနိုင်သေးသောကြောင့်ဖြစ်သည်။
ယဲ့ရှီးပိုင်သည်လည်း သံသယဖြစ်စရာမလိုသော လူငယ်ပါရမီရှင်တစ်ယောက်ပဲ ဖြစ်လေသည်။
သူသည် သူထံတွင် နောက်ဆုံးကျန်နေသေးသော ချမ်းသာကြွယ်ဝမှု စွန့်ကြဲဒင်္ဂါးပြားသုံးပြားကို ချက်ချင်းထုတ်ယူလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ လုံချင်ဓါးအပေါ်သို့ ပစ်တင်လိုက်လေသည်။
ဤသည်မှာ သူ တာအိုဘိုးဘေး အထွတ်အထိပ်အဆင့်ကိုရောက်ရှိပြီးနောက် ချမ်းသာကြွယ်ဝမှု စွန့်ကြဲဒင်္ဂါးပြား ခြောက်ပြားစလုံးကို အသုံးပြုလိုက်သည့် ပထမဆုံးအကြိမ်ပဲဖြစ်သည်။ ထိုဒင်္ဂါးပြားခြောက်ပြားလုံးကို တစ်ကြိမ်တစ်ခါအသုံးပြုပြီးပါက နောက်တစ်ခါ ထပ်မံအသုံးပြုရန် မလွယ်ကူတော့ချေ။
သို့သော်လည်း ယဲ့ရှီးပိုင်မှာ ဤတစ်ကြိမ်တွင် တုံ့ဆိုင်းနေခြင်းမရှိခဲ့ပေ။ ဝှက်ဖဲများဆိုသည်က သူ၏ အသက်ကို ကာကွယ်ဖို့ပဲမဟုတ်ပါလော?
ချမ်းသာကြွယ်ဝမှု စွန့်ကြဲဒင်္ဂါးပြားအားလုံးအသုံးပြုထားသော ယဲ့ရှီးပိုင်၏ ဓါးအလင်းတန်းသည် တာအိုဘုရင်အဆင့်တစ်ယောက်၏ တိုက််ခိုက်မှုနှင့်တောင် ရင်ဆိုင်နိုင်နေပြီဖြစ်သည်။ လူတိုင်း၏ အကြည့်များအောက်မှာပဲ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးနှစ်ခုသည် လေထုတစ်နေရာ၌ ပြင်းပြင်းထန်ထန်ထိတွေ့မိသွားကြသည်။
ဘုံး...
မိုးချိန်းသံကဲ့သို့သော ကျယ်လောင်သော မြည်ဟည်းသံကြီးသည် လေကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ကြောက်မက်ဖွယ်အသံလှိုင်းကြီးသည် အရပ်မျက်နာအသီးသီးသို့ ပျံ့နှံ့သွားလေသည်။ ထိုအသံလှိုင်းဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် အရာအားလုံးဟာ ပျက်စီးသွားကြရသည်။
ဤနေရာတစ်ခုလုံးသည် အပျက်အစီးများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားပြီး မူလအစကရေကန်ကြီးသည်လည်း ဧရာမတွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားရသည် ရေကန်အတွင်းရှိ ရေများအားလုံးမှာ ကြောက်မက်ဖွယ်အသံလှိုင်းကြီး၏ အောက်တွင် အငွေ့ပျံသွားကြခြင်းဖြစ်သည်။
ကောင်းကင်နှင့် မြေပြင်အကြားတွင် မိုးဖွဲဖွဲလေးများ ရွာကျလျက်ရှိသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်စီးလိုက်သော အနှီမြင်ကွင်းက ရွှယ်ဖေးတို့ အစေခံလေးယောက်ကို ကြောင်အသွားစေခဲ့သည်။ သူတို့၏ လှပသော မျက်နာကလေးများမှာ ထိတ်လန့်မှုများဖြင့် တုန်လှုပ်လျက်ရှိသည်။
သူတို့ကံကြမ္မာသားတော်အနောက်ကို လိုက်လာပြီးသည့်နောက်တွင် ကံကြမ္မာသားတော်ကို ဤမျှအခြေနေထိတိုင်အောင် ရင်ဆိုင်နိုင်သည့်သူတစ်ယောက်ကို ပထမဆုံးတွေ့မြင်ဖူးခြင်းပဲ ဖြစ်သည်။ ကံကြမ္မာသားတော်သည် ဝှက်ဖဲကို အသုံးပြုခဲ့သော်လည်း ထိုလူ၏ တိုက်ခိုက်မှုကို ချေပရုံသာချေပနိုင်ခဲ့သည်။ ရွှယ်ဖေးတို့ကို ပို၍ထိတ်လန့်သွားစေခဲ့သည်မှာ ကံကြမ္မာသားတော်၏ ရန်သူသည် တာအိုနန်းတော်အထွတ်အထိပ်အဆင့်၌သာ ရှိနေသေးခြင်းဖြစ်သည်။
ရွှယ်ဖေးတို့ အစေခံလေးယောက်သည် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်နေသောအကြည့်များဖြင့် စူးစိုက်ကြည့်မိလိုက်ကြသည်။ ဤတိုက်ပွဲအကြောင်းသာ သတင်းပျံ့သွားပါက ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံး၌ မုန်တိုင်းထန်ပေတော့မည်။
"ဖစ်..."
ဖုန်မှုံ့များအားလုံးရှင်းလင်းသွားသည့်အခါ ယဲ့ရှီးပိုင်၏ ဖြူဖျော့နေသော မျက်နာကို တွေ့မြင်လိုက်ကြသည်။ သူသည် အနောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလိုက်ရပေသည်။ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်းတွင် မြေပြင်ပေါ်၌ ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်မှလည်း နီစွေးစွေးသွေးများ စီးကျလျက်ရှိသည်။ သို့သော်လည်း သူဟာအရာအားလုံးကို လျစ်လျူရှုထားပြီး လက်နှစ်ဖက်ကို နောက်ပစ်လျှက် မတ်တက်ရပ်နေသော တုကူချိုးပိုင်ကိုသာ စူးစိုက်ကြည့်နေမိသည်။ သူ၏နှလုံးသားအတွင်း၌ ထိတ်လန့်သွားခဲ့ရသည်။
သည်မကောင်းဆိုးဝါးက ဘယ်ကထွက်လာတာလဲ?။
ယဲ့ရှီးပိုင်သည် ဤအချိန်တွင် စိတ်ပျက်အားလျော့ခြင်းကို ခံစားလိုက်ရသည်။ တုကူချိုးပိုင်ကိုယ်တိုင်ကိုက ဓါးတစ်ချောင်းပဲဖြစ်သည်။ သူ့နှလုံးသားအတွင်းရှိ မာန်မာနတရားများအားလုံးသည် အပိုင်းပိုင်းအစစကြေကွဲသွားရသည်။ ပထမဆုံးအနေဖြင့် သူဟာ 'ရေတွင်းထဲကဖားသူငယ်' သာဖြစ်ကြောင်း ယဲ့ရှီးပိုင်တစ်ယောက် နားလည်လိုက်ရပေသည်။
ဤအချိန်တွင် သူသည် ဝိညာဥ်ပုလဲအမြုတေကို လုယူတိုက်ခိုက်ရန်တောင် မတွေးတောနိုင်တော့ပေ။
တုကူချိုးပိုင်တစ်ယောက်ထဲကပင် သူ့ကိုမျှော်လင့်ချက်မဲ့စေခဲ့သည်။ ထိုသူ၏နောက်တွင် ပြိုင်ဘက်ကင်း ကျန်းစန်ဖုန်းနှင့် ဝိညာဥ်ပုလဲအမြုတေကို လုယူသွားသော တည်ရှိမှုကြီးတစ်ခုလည်း ရှိနေသေးသည်။ ဤတစ်ကြိမ်တွင် သူဟာအန္တရာယ်ကြီးတစ်ခုအတွင်းကျရောက်နေမိမှာကို စိုးရိမ်နေမိသည်။
"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်..."
ယဲ့ရှီးပိုင်တစ်ယောက် သူ၏ကိုယ်ပိုင်အသက်ကို မည်သို့မည်ပုံကာကွယ်ရမည်မှန်း တွေးတောနေစဥ်မှာပဲ သူ့ကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့သော တုကူချိုးပိုင်နှင့် ကျန်းစန်ဖုန်းတို့သည် အရပ်မျက်နှာတစ်ခုကို စူးစိုက်ကြည့်ကာ လေးလေးစားစားဂါရဝပြုလိုက်ပေသည်။