သူလာပြီ၊ လက်ကိုင်ရိုးရှည်တူလက်နက်ကြီးနဲ့ သူရောက်လာပြီ!
Vol. 16 Ch. 221
“မင်း…!”
လူငယ်လေး၏စကားအဆုံး၌ တစ္ဆေဘုရင်မုသည် ဒေါသမာန်ဟုန်ထကြွလာတော့သည်။ ဤအင်အားကြီးမားသောတာ့အိုဘုရင်သည် မီးတောက်မှ အကျိုးအမြတ်ရယူသည်အထိ အရှက်ကင်းမဲ့၍ စက်ဆုပ်ဖွယ်ကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
ဒေါသနှင့်အတူ တစ္ဆေဘုရင်မု၏နှလုံးအိမ်မှာ ဝမ်းနည်းမှုအနည်းငယ်လည်း ရောယှက်နေခဲ့၏။ သူ၏တစ္ဆေဂိုဏ်းသည် ထျန်းလန်မြောက်ပိုင်းဒေသတွင် အထွတ်အထိပ်၌ ရပ်တည်နေသည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် နားလည်သွားရသည်မှာ သူ၏တစ္ဆေဂိုဏ်းသည် အင်အားကြီးမားပုံရသော်ငြား အမှန်တကယ်အင်အားကြီးမားသူ၏ ရှေ့မှောက်တွင်တော့ ဆန္ဒအလျောက် အနိုင်ကျင့်ခံရနိုင်သည့် ပုရွက်ဆိတ်တစ်အုပ်မျှသာ ဖြစ်နေခဲ့သည်။
အင်အားကြီးမားသူ၏ လုယက်မှုနှင့်ရင်ဆိုင်ရသောအခါ မစွမ်းဆောင်နိုင်သဖြင့် ဒေါသထွက်နေရန်သာ တတ်နိုင်ပေသည်။ ထို့ပြင် မဆင်မခြင်တိုက်ခိုက်ခြင်းလည်း မပြုလိုပါချေ။ ၎င်းမှာ သေဆုံးမှုကို တောင်းခံနေခြင်းသာဖြစ်၏။
ဝမ်ဖုန်း မောက်မာထောင်လွှားသည့်လူငယ်လေးကို ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းထောင့်များ ကွေးညွှတ်လျက် အဓိပ္ပာယ်ပြည့်ဝသည့် အပြုံးတစ်ခုဖြစ်တည်လာ၏။ လင်းယွမ်ဂိုဏ်းတပည့်တစ်ဦးမျှ မရှာဖွေနိုင်မည်ကို ဝမ်ဖုန်း စိုးရိမ်နေခဲ့ခြင်းဖြစ်၏။ သို့သော် ဤလူသည် မိမိခြေထောက်ဖြင့် တံခါးဝသို့ရောက်လာခဲ့ပေသည်။
“ဒင်! ဒီလူကိုစစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ်တစ်သောင်း အသုံးပြုလိုက်ပါပြီ။ အမည်မှာ ဝူဖုန်း၊ လင်းယွမ်ဂိုဏ်းတပည့်၊ တာ့အိုဘုရင်အစောပိုင်းအဆင့်ဖြစ်ပါတယ်”
တာ့အိုဘုရင်အဆင့်တွေကရော?
ဝမ်ဖုန်းသည် တာ့အိုဘုရင်အဆင့်နှစ်ဦးနှင့် တာ့အိုအရှင်သခင့်အဆင့်တို့ကို သတ်ခဲ့၏။ ယခုလက်ရှိတွင် ဝမ်ဖုန်းဘက်၌ လွီပုရှိမနေသော်ငြား လင်းယွမ်ဂိုဏ်း၏ ဤတပည့်ကိုသတ်ရန်အတွက်မူ ယုံကြည်ချက်ရှိပေသည်။
“ငါသခင်လေးရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ အညံ့ခံမလား သေမလား?”
ဝူဖုန်းသည် တစ္ဆေဘုရင်မုကို အရေးမထားဟန် ကြည့်လျက် အေးစက်စွာ လှောင်ရယ်၏။ အကြီးအကဲ၏ အထူးတလည်ရှင်းပြချက်ကြောင့် မဟုတ်ပါလျှင် ထျန်းလန်မြောက်ပိုင်းဒေသ၏ ထိပ်တန်းဂိုဏ်းများကို လင်းယွမ်ဂိုဏ်းမှ ထျန်းလန်အလယ်ပိုင်းဒေသကို တိုက်ခိုက်ရာတွင် အမြောက်စာအဖြစ် ပြုလုပ်အသုံးချခဲ့ပြီး ဖြစ်ချေမည်။ ဝူဖုန်း၏ စိတ်ရှည်မှုမှာ ကုန်ဆုံးလုနီးဖြစ်နေခဲ့ပြီဖြစ်၏။
ဝူဖုန်း၏ သတ်ဖြတ်လိုခြင်းပြင်းပြနေသော စကားလုံးများသည် တစ္ဆေဘုရင်မုအား တုန်လှုပ်စေခဲ့၏။ တစ္ဆေဘုရင်မု၏ မျက်နှာအမူအရာမှာ မလိုလားခြင်းတို့ သိသာထင်ရှားနေခဲ့သော်ငြား အဆုံးတွင်တော့ ဦးညွှတ်ရန်သာ တတ်နိုင်ခဲ့လေသည်။
ယောက်ျားသားတစ်ယောက်သည် ဂုဏ်သိက္ခာအတွက် အသက်ပင်စွန့်စားဝံ့သည်ဟူ၏! ၎င်းမှာ ထုတ်ပြောရန်လွယ်ကူသော်ငြား သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်တွင် အမှန်တကယ်လုပ်ဆောင်နိုင်သူမှာ အနည်းငယ်သာရှိသည်။
ထျန်းလန်မြောက်ပိုင်းဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သည့် တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် တစ္ဆေဘုရင်မု၏အဆင့်အတန်းမှာ ထျန်းလန်မြောက်ပိုင်းဒေသတွင် ထိပ်တန်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ တစ္ဆေဘုရင်မုသည် အရာအားလုံးကို အထင်မြင်သေး၍ မောက်မာထောင်လွှားတတ်သူဖြစ်သည်။ သို့သော် သေခြင်းတရားကိုဖြင့် လျစ်လျူမရှုနိုင်ပါချေ။
တနည်းဆိုရသော် တစ္ဆေဘုရင်မုသည် ဂုဏ်သိက္ခာအတွက် အသက်ပေးနိုင်ပါ၏။ သို့သော် တစ္ဆေဂိုဏ်း၏ များစွာသောတပည့်များကိုမူ ဂုဏ်သိက္ခာအတွက် အသက်ပေးရန် ခွင့်မပြုနိုင်ပါချေ။
မိမိမှာ တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးတွင် ရှိနေသည်ဖြစ်ရာ ဂိုဏ်းတစ်ခုလုံး၏ တပည့်များအတွက်ပါ တာဝန်ရှိသည်ဖြစ်သောကြောင့် မိမိတစ်ကိုယ်တည်းအတွက် လုပ်ဆောင်၍မရချေ။
“ငါမင်းကို ကတိပေးတယ်”
တစ္ဆေဘုရင်မု၏နှုတ်မှ ထိုစကားများထွက်အံကျလာချိန်တွင် တစ္ဆေဘုရင်မု၏ ပုံပန်းသွင်ပြင်မှာ ယိုယွင်းပျက်စီးနေသည့်အလား သက်လတ်ပိုင်းအရွယ်လူကြီးမှာ အတော်လေးအိုမင်းလာသည်ထင်ရ၏။
“အချိန်အခါကိုသိတတ်သူဟာ ပညာရှိသူပါပဲ။ မစိုးရိမ်ပါနဲ့.. ငါသခင်လေးဆီ အညံ့ခံလိုက်ပြီဆိုမှတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့တစ္ဆေဂိုဏ်းက အခုအချိန်ကစပြီး ပိုကောင်းမွန်လာတော့မှာပါ”
တစ္ဆေဘုရင်မု၏ အဖြေကိုကြားသိရပြီးနောက်တွင် ဝူဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်၏။
“မင်းကရော? အညံ့ခံမလား သေမလား?”
ထို့နောက်တွင် ဝူဖုန်းသည် တုကူချိုးပိုင်နှင့်အခြားသူများသို့ ကြည့်လာခဲ့၍ အရေးမထားဟန်ပြော၏။
တုကူချိုးပိုင်တို့သည် သာလွန်ထူးကဲသည့်အင်အားတို့ကို ပြသခဲ့သော်ငြား ဝူဖုန်းသည်တော့ အလေးထားမနေပါချေ။ မိမိမှာ တာ့အိုဘုရင်အဆင့်ကျင့်ကြံသူ မဟုတ်ပါလော။ သို့ဖြစ်ရာ တာ့အိုဘိုးဘေးအဆင့်ကျင့်ကြံသူမှ သူ့အား အဘယ်သို့များ ခုခံတိုက်ခိုက်နိုင်ပါမည်နည်း။
မနီးမဝေးရှိ ဝမ်ဖုန်းကိုလည်း ဝူဖုန်း ဂရုမထားချေ။ မိမိမှာ တာ့အိုဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ရုံမျှမက မူလလင်းယွမ်နယ်မြေ၏ အကြီးဆုံးဂိုဏ်းဖြစ်သော လင်းယွမ်ဂိုဏ်းတပည့်တစ်ဦးလည်း ဖြစ်သည်။ မိမိမှ ထိုပုရွက်ဆိတ်များကို စကားပြောပေးခြင်းသည်ပင် ထိုပုရွက်ဆိတ်များအတွက် ဂုဏ်ယူဖွယ်တစ်ရပ် ဖြစ်သင့်ပေသည်။
ဘုန်း!
ဝူဖုန်းမှ အရာအားလုံးကို လျစ်လျူရှု၍ အထင်မြင်သေးနေစဉ်တွင် အဝေးတစ်နေရာမှ ကြောက်မက်ဖွယ်အသံကျယ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ မြင့်မားသောသစ်ပင်ကြီးများမှာ တစ်စုံတစ်ရာ၏တွန်းအားကြောင့် လွင့်ထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်တွန်းအားကြီးသည် အလွန်လျင်မြန်စွာသောအရှိန်ဖြင့် တစ္ဆေဂိုဏ်းသို့ ဦးတည်လာခဲ့သည်။
မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် ထိုကြောက်မက်ဖွယ်အရာကြီးသည် တစ္ဆေဂိုဏ်းသို့ ဦးတည်ပျံသန်းလာ၏။ တစ္ဆေဂိုဏ်းတပည့်များမှာ ရှောင်တိမ်းချိန်မရလိုက်ချေ။ ကြောက်မက်ဖွယ်အရာကြီး၏ တွန်းတိုက်မှုကြောင့် လွင့်ထွက်ကုန်ကြရသည်။
တစ္ဆေဂိုဏ်းတပည့်များသည် ကြောက်မက်ဖွယ်အရာကြီး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်တွင် သူတို့၏ဦးခေါင်းမှာ အဘယ်အရပ်သို့ လွင့်ထွက်သွားခဲ့သည်ကိုပင် မသိတော့ပေ။ သစ်ပင်ပင်စည်များမှာ နေရာအနှံ့အပြားတွင် ပြန့်ကျဲနေတော့သည်။
တစ္ဆေဂိုဏ်းတပည့်များသည် ထိခိုက်ဒဏ်ရာမရခဲ့ကြပါ။ သူတို့သည် အားကုန်ပြန်ဆုတ်ကြပြီးနောက် ထိုကြောက်မက်ဖွယ်အရာကြီးအား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေခဲ့ကြသည်။
ကနဦးတွင် ဝမ်ဖုန်းတို့အား ပုရွက်ဆိတ်တစ်အုပ်အလား သဘောထား၍ မောက်မာထောင်လွှားနေသည့် ဝူဖုန်းသည် ထိုမသဲမကွဲပုံရိပ်အား မျက်လုံးများမှေးကျဉ်း၍ ကြည့်နေ၏။
လူအားလုံးမှာ ကြက်သွေးဖြင့်ပက်ဖျန်းခံထားရသည်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ဝမ်ဖုန်းတစ်ဦးတည်းသာလျှင် ပျော်ရွှင်ဝမ်းမြောက်သည့် မျက်နှာအမူအရာဖြင့် ထိုပုံရိပ်အား မျှော်လင့်ချက်ကြီးစွာ ကြည့်နေခဲ့သည်။
အားလုံး၏ရှေ့၌ ဖျော့တော့သည့်မျက်နှာဖြင့် ပိန်းပါးကြုံလှီသော ခန္ဓာကိုယ်ဖြင့် လက်နှစ်ဖက်မှ ရေပုံးအရွယ်တူကြီးနှစ်လက်ကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးပေါ်ထွက်လာ၏။ အရာအားလုံးကို ဖျက်ဆီးပစ်လိုဟန်ဖြင့် ထိုလူငယ်သည် သူ၏လမ်းကို တားဆီးလာသည့်အရာဟူသမျှအား ထိုတူကြီးဖြင့် အစိတ်စိတ်အမွှာမွှာ ထုချေပစ်ပေလိမ့်မည်။
လီယွမ်ပသည် လျှာဇောင်းထက်သူဖြစ်သည်။ အလယ်တွင် ဆံပင်ဝါတို့ကို စုချည်ထားပြီး ရွှေနက်ဦးဆောင်းကို တန်ဆာဆင်ထား၏။ ထူးခြားသည့်ပုံသဏ္ဍာန်တို့ဖြင့် ရတနာစီခြယ်ထားသော ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး အနီးတစ်ဝိုက်၌ အဖြူရောင်မြူခိုးငွေ့များဖြင့် လွှမ်းခြုံနေပေသည်။ သွေးရည်များပက်ဖျန်းလျက်ရှိရာ သူ၏ခန္ဓာကိုယ်ကို ထိကိုင်ရန်မှာ မဖြစ်နိုင်ချေ။
လီယွမ်ပကို မြင်တွေ့ရသည်တွင် ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၏။
တူနတ်ဘုရားကြီး.. သူလာပြီ လက်ကိုင်ရိုးရှည်တူကြီးနဲ့ သူရောက်လာပြီ!
လောကပြိုင်ဘက်ကင်းပုဂ္ဂိုလ်သည် ကောင်းကင်ဘုံနှင့်ပထဝီမြေကြီးတိုင် ထုချေ၍ အလောင်းနှင့်သွေးပင်လယ်မှ မိစ္ဆာဝင်စီးနေသည့် မကောင်းဆိုးဝါးတစ်ကောင်အလား လျှောက်လာနေခဲ့သည်။
ဘုန်း!
လီယွမ်ပသည် ဝမ့်လီယန်ယွမ်ကျိုကို စီးနှင်၍ တစ္ဆေဂိုဏ်းအတွင်းသို့ ဦးတည်လာ၏။ သူ၏လက်ကိုင်ရိုးရှည်တူကြီးသည်လည်း မြေပြင်ထက်သို့ကျရောက်လာခဲ့၍ တွင်းနက်ကြီးဖြစ်သွားစေခဲ့သည်။ လီယွမ်ပသည် သူ၏စီးတော်မြင်းထက်မှ ဝူဖုန်းအား စိုက်ကြည့်နေ၏။
“မင်းလို ပျော့တိပျော့ဖတ်နဲ့ အားနည်းတဲ့ကောင်စုတ်လေးက ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို အနိုင်ကျင့်ချင်တယ်ပေါ့လေ”
အဟက်! ပျော့တိပျော့ဖတ်နဲ့အားနည်းတယ်တဲ့လား?!
လီယွမ်ပ၏စကားကြောင့် ဝမ်ဖုန်း မထိန်းချုပ်နိုင်စွာ ရယ်မောမိသွားရသည်။
“ဟေး ဒါက… ဒါက လူရာဟုတ်ရဲ့လား”
“ဒီလူက အရမ်းကြောက်ဖို့ကောင်းတာပဲ”
“သူက လူသဏ္ဍာန်နဲ့မိစ္ဆာများလား”
တစ္ဆေဂိုဏ်းတပည့်များသည် လီယွမ်ပအား ကြောက်ရွံ့စွာဖြင့် ကြည့်နေကြလျက် အဖန်ဖန်အခါခါ အံ့အားသင့်နေကြလေသည်။ လီယွမ်ပလာခဲ့ရာအရပ်မျက်နှာမှာ တစ္ဆေဂိုဏ်းအကြီးအကဲများ အမြောက်အများရှိနေသောအရပ်ဖြစ်၏။
သို့သော် ၎င်းအကြီးအကဲများသည် လီယွမ်ပကို မတားဆီးနိုင်ခဲ့ဘဲ အစိတ်စိတ်အမွှာမွှာ ထုချေခံလိုက်ရ၏။ ထိုတူလက်နက်ကြီးအား တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းသည်ပင် နတ်ဘုရားများနှင့်ဗုဒ္ဓအား ဟန့်တားနိုင်စွမ်းရှိသည့်အလား အင်အားကြီးမားလှသည်။ လီယွမ်ပနှင့် မည်သူမျှ မယှဉ်နိုင်စွမ်းချေ။
တစ္ဆေဘုရင်မုနှင့် အခြားသောအကြီးအကဲများသည်လည်း အံ့ဩမင်သက်ကုန်ကြ၏။ ဤမျှ ရိုင်းပျထောင်လွှား၍ကြမ်းကြုတ်သူကို မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပါ၏။
“သေချင်နေတာပဲ!”
အားလုံး အံ့အားသင့်နေစဉ်တွင် ဝူဖုန်းသည်တော့ ဒေါသထွက်နေခဲ့၏။ မိမိသည် ဝိဉာဉ်ရင်းမြစ်လောက၏ ပထမဆုံးသောတပည့်ဖြစ်သည်။ သူ၏အဆင့်အတန်းမှာ မည်မျှမြင့်မားလိုက်သနည်း? ထိုအဆင့်အတန်းမရှိလျှင်သော်မှ မိမိမှာ တာ့အိုဘုရင်အဆင့်ကျင့်ကြံသူဖြစ်၏။
သို့သော် ထိုကောင်စုတ်လေးသည်တော့ တာ့အိုနန်းတော်အထွတ်အထိပ်အဆင့်ပင် မဟုတ်နေချေ။ သူ၏အရှိန်အဝါသည် အနည်းငယ် အံ့ချီးဖွယ်ဖြစ်ပါ၏။ သို့သော် ၎င်းသည် ထိုကောင်စုတ်လေးမှာ မိမိရှေ့၌ ရဲတင်းဝံ့ကြွားနိုင်သည်ဟု မဆိုလိုပေ။
“ကောင်စုတ်လေး! ဒီနေ့ ဒီသခင်လေးက တကယ့်စွမ်းအားမြင့်ပုဂ္ဂိုလ်က ဘယ်လိုမျိုးလဲဆိုတာ ပြသပေးမယ်! တစ်ခုခုလေး အောင်မြင်တာရှိတာနဲ့ အရမ်းတွေ ထောင်လွှားမနေစမ်းနဲ့”
ဝူဖုန်းသည် လီယွမ်ပအား စူးရဲစွာကြည့်လျက် အေးစက်စွာပြော၏။ တာ့အိုဘုရင်အဆင့်ဟူသည် စော်ကားပြစ်မှားကောင်းသည့်အရာ မဟုတ်ချေ။
စော်ကားပြစ်မှားသူသည် သေချာပေါက် အသက်ဆုံးရှုံးရပေမည်!
စကားဆုံးသည်နှင့် ဝူဖုန်းသည် လက်ကိုဆန့်ထုတ်၍ လက်သီးဆုပ်လိုက်ကာ လက်သီးထိုးလးချက်တစ်ခု ပစ်လွှတ်လိုက်၏။ ဖြစ်စဉ်မှာ ချောမွေ့စွာဖြင့် ရိုးရှင်းဟန်ရသော်ငြား ကြောက်မက်ထိတ်လန့်ဖွယ်သောစွမ်းအင်များဖြင့် ဖြာထွက်သွားခဲ့လေသည်။
ထိုလက်သီးချက်အား ပစ်လွှတ်လိုက်ခြင်းနှင့်အတူ ကမ္ဘာလောကတစ်ခုလုံး တုန်ခါသွားလျက် ဝူဖုန်း၏ရှေ့ လေဟာပြင်၌ ဧရာမအက်ကွဲကြောင်းကြီး ဖြစ်တည်သွားခဲ့သည်။ မိုင်တစ်သောင်းဝန်းကျင်ရှိ ချီစွမ်းအင်များမှာ အလျင်အမြန် သိပ်သည်းစုဝေးသွားကာ ကောင်းကင်ကိုပင် ကာဆီးနိုင်သည့် ဧရာမလက်သီးသဏ္ဍာန်ကြီး ဖြစ်တည်လာခဲ့သည်။
အလွန်ကြီးမားလှသော ထိုဧရာမလက်သီးကြီးသည် ပြင်းထန်လှစွာသောအဟုန်ဖြင့် လီယွမ်ပသို့ ဦးတည်သွားခဲ့သည်။