ဘိုးဘေးလိုဏ်ဂူခန်းဝါ
Vol. 46 Ch. 676
သူတို့ခုနှစ်ယောက်တွင် ဆူဇီမိုကလွဲလျှင် ကျန်သူများက သားရဲများဖြစ်ကြပြီး ပွင့်လင်း၍ ပေါင်းသင်းရလွယ်သော စိတ်နေစရိုက် ရှိကြ၏။ သူတို့အတွက် ရှုပ်ထွေးပွေလီသော ဓလေ့ထုံးတမ်း အခမ်းအနားတွေဘာတွေ မလိုပေ။
အကြံပြုချက်များပြီးနောက် လူတိုင်းသည် အမွှေးနံ့သာမြေအဖြစ် လက်ရှိမြေပြင်ကိုသာ သုံးပြီး စီးတန်းထိုင်ကာ ကောင်းကင်ကို ဦးချလိုက်ကြ၏။ ထိုအပြုအမူတစ်ခုတည်းကပင် သူတို့အကြား သစ္စာကျိန်ဆိုမှုကို အထမြောက်သွားစေခဲ့လေသည်။
အဲ့ဒီနောက် လူတိုင်းသည် ပို၍ ရင်းနှီးလာကြပြီး ချင်ချင်စိတ်ခံစားချက် အခြေအနေကလည်း တိုးတက်ကောင်းမွန်လာလေသည်။
စိတ်ဝိညာဉ်ကျားက နေ့စဉ်နေတိုင်း ကြိုးကြာလေးနောက်ကနေ လိုက်ပြီး အသုံးတော်ခံ ဖျော်ဖြေပေးနေ၏။
စိတ်ဝိညာဉ်ကျား၏ တည်ရှိမှုကြောင့် သူတို့၏ ခရီးစဉ်က များစွာပို၍ ပျော်စရာကောင်းလာလေသည်။
ဤနေ့မှာတော့ သူတို့သည် လွင်ပြင်ကျယ်တစ်ခုသို့ ရောက်လာခဲ့၏။
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး သူ့ခြေလှမ်းကို ရပ်တန့်ကာ နားစွင့်လိုက်၏။
သူတို့ခုနှစ်ယောက်ထဲတွင် သူ၏ အာရုံငါးပါးက အထက်ရှဆုံးဖြစ်ပြီး အခြားခြောက်ယောက်စလုံးထက် အဆင့်တစ်ခုလုံးလုံး ပိုမြင့်လေသည်။
တစ်ခုခု လွဲမှားနေတာရှိလျှင် အရင်ဆုံး သတိပြုမိသူမှာ သူသာလျှင် ဖြစ်လေသည်။
“ပထမ ဘာဖြစ်လို့လဲ”
ရွှေခြင်္သေ့က မေးလိုက်၏။
ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။
“အရှေ့ဘက်မှာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်.. ဆိုတော့.. အဲ့မှာ လူအရေအတွက် အတော်များများ ရှိကြလိမ့်မယ်.. အဲ့ဒါ ကျင့်ကြံသူတွေတင် မကဘူး.. သားရဲတောကောင်တွေရဲ့ ဟိန်းသံတွေပါ ပါနေတယ်”
ရုတ်တရက်.. မြေပြင်က ညင်သာစွာ တုန်ခါလာ၏။
ဒုံ.. ဒုံ.. ဒုံ..
တစ်ယောက်ယောက်က ကောင်းကင်ဗုံများကို တီးခတ်နေသည့်အလား အရှေ့ဘက်မှ လှုပ်ရှားသံ ခပ်သဲ့သဲ့များကို ဆက်တိုက် ကြားလာရ၏။
နောက်ခဏ၌ လေထဲသို့ တဖျတ်ဖျတ်တလက်လက် အလင်းတစ်ခုက ထိုးတက်လာပြီး လောကကို ထိန်ထိန်လင်းသွားစေလေသည်။
ရတနာတစ်ခုက မွေးဖွားလာလေပြီ။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများက သူတို့၏ ကျင့်ကြံသူများကို ရှေးဟောင်းတိုက်ပွဲမြေသို့ စိတ်လိုလက်ရ လွှတ်လိုရခြင်းမှာလည်း သည်နေရာမှာ ဘိုးဘေးကျင့်ကြံသူများ ချန်ထားရစ်ခဲ့သော လိုဏ်ဂူခန်းဝါများစွာ ရှိနေသောကြောင့် ဖြစ်လေသည်။
အဲ့ဒီမှာ အမွေအနှစ်ကုန်းမြေအချို့၊ များစွာသော ရှေးဟောင်းလျှို့ဝှက်ကုန်းမြေများနှင့် လျှို့ဝှက်ဆန်းကြယ်သော ရတနာများ ပါရှိသည့် အုတ်ဂူသင်္ချိုင်းမြောက်များစွာလည်း ရှိလေသည်။
မည်သူမဆို လျှို့ဝှက်ပညာရပ်အချို့ သို့မဟုတ် ဂမ္ဘီရလက်နက်အချို့ကို ရရှိနိုင်ခဲ့လျှင် သူတို့သည် ညတွင်းချင်း အလွန်တရာ စွမ်းအားကြီးလာဖို့ အခွင့်အရေး ရှိလေသည်။
ထိုပစ္စည်းများက သူတို့ကိုယ်တိုင် အသုံးပြုဖို့ မကိုက်ညီဘူးဆိုလျှင်တောင် သူတို့သည် အဲ့ဒါကို သူတို့၏ ဂိုဏ်းများသို့ လက်ဆောင်ပေးပြီး ထူးကဲသော ဆုလာဘ်များကို ပြန်လည်လက်ခံရယူနိုင်လေသည်။
အချို့သော ဂိုဏ်းနှင့် အဖွဲ့အစည်းများမှာ အခွင့်အလမ်းတစ်ခုကြောင့် သူတို့၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီး အမည်မရှိ ဂိုဏ်းလေးဘဝမှ စွမ်းအားကြီးသော ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုအဖြစ်သို့ မြင့်တက်နိုင်ခဲ့သည့် သာဓကများလည်း ရှိလေသည်။
တစ်ကယ်ဆို သူတို့သည် အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းကြားမှာ ချက်ချင်း အဆင့်ဝင်သွားနိုင်သည့် အခွင့်အရေးတစ်ခုကိုတောင် ရရှိသွားနိုင်လေသည်။
ဆူဇီမိုသည် သူ့အကြည့်ကို မှေးကျဉ်းပြီး တိုးတိုးပြောလိုက်၏။
“အခြေအနေကို သွားပြီး စစ်ဆေးကြည့်ကြရအောင်”
ထိုသို့ပြောပြီး သူက လှစ်ကနဲ ပြေးချသွား၏။
မျောက်နှင့် အခြားသူများက နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားကြလေသည်။
သိပ်မကြာမီ ဆူဇီမိုသည် တဖြည်းဖြည်း အရှိန်လျှော့ချလိုက်ပြီး ခပ်လှမ်းလှမ်းသို့ ငေးကြည့်လိုက်၏။
ရှေ့မလှမ်းမကမ်းတွင် တိမ်လွှာများကြားထိ ငွားငွားစွင့်စွင့် မြင့်မားသော တောင်ထွတ်တစ်ခု ရှိနေ၏။
တောင်ထွတ်၏ ပတ်လည်တွင် ကျင့်ကြံသူများစွာ ရှိကြလေသည်။
တောင်ထွတ်၏ အထက်နှင့်အောက်တွင် များပြားလှစွာသော သားရဲတောကောင်များ၏ ဟိန်းဟောက်သံများကိုလည်း ကြားရပြန်၏။
ကျင့်ကြံသူများနှင့် သားရဲများကြားမှာ ကြီးမားသည့် ပဋိပက္ခတစ်ခုက ဖြစ်နေပုံပင်။
လေထဲမှာ စိတ်ဝိညာဉ်စွမ်းအင်များက တလိပ်လိပ်တက်လာနေပြီး ခြစ်ခြစ်တောက်အပူလှိုင်းများကို ထုတ်ပေးနေ၏။
ရှေးကျသော သစ်ပင် မြောက်များစွာက ပြတ်ကျပြီး ဖုန်များ သဲများက လွင့်ပျံနေ၏။
ထိုတိုက်ပွဲက ဖြစ်ပွားနေတာ ဘယ်လောက်ကြာပြီလဲ ဘယ်သူမှ မသိကြပေ။ သို့သော် တောင်ထွတ်တစ်ခုလုံး ရွှဲစိုနေသော သွေးများကို ကြည့်ရသည်မှာ ထိုမြင်ကွင်းက အတော်လေး သွေးပျက်ဝမ်းနည်းဖွယ်ရာပင်။
ထိုတောင်ထွတ်မှာ တစ်ခုခု ထူးဆန်းတာ ရှိနေသည်ကို ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားမိ၏။ တောင်ထွတ်ကို မမြင်ရသော လက်နှစ်ဖက်က ဆွဲဖြဲထားသည့်အလား တောင်ထွတ်က အလယ်ကနေ ကွဲထွက်နေလေသည်။
သို့သော်လည်း တောင်ထွတ်၏ အလယ်မှာ တောင်တန်းများနှင့် ကျောက်ဆောင်များ ရှိရမည့်အစား လူလုပ်ထားသည်နှင့် မတူသော ဧရာမနန်းတော်ကြီးတစ်ခု ရှိနေ၏။ အဲ့ဒါက နတ်ဘုရားလက်ရာတစ်ခုပင်။
နန်းတော်က အပေါက်များစွာဖြင့် ဇကာပေါက်တစ်ခုလို ဖြစ်နေပြီဖြစ်၏။ သို့သော် အတွင်းမှာ ရှေးကျသော လက်နက်များကို တစ်ခုပြီးတစ်ခု ချခင်းထားလေသည်။
အဲ့ဒီမှာ ဖုန်များ၊ သဲများ လူးနေသော ဆေးလုံးများစွာနှင့် ရှေးဟောင်းကျမ်းစာအုပ်အချို့လည်း ရှိနေသေး၏။
ဆူဇီမိုက တိုးတိုးပြောလိုက်၏။
“အဲ့ဒါက ဘိုးဘေးလိုဏ်ဂူခန်းဝါတစ်ခု ပေါ်ပေါက်လာပြီးတော့ အထဲမှာ အဖွဲ့အစည်းကြီးနှစ်ခုက ရတနာတွေအတွက် တိုက်ခိုက်နေကြတာပဲ”
“တိုက်ပွဲက အုန်းဆန်နေတာပဲ.. အထဲမှာ ဘာတွေရှိလဲ ငါတို့ မမြင်ရဘူး”
မျောက်က မျက်မှောင်ကြုတ်လိုက်၏။
“အခုနေ ငါတို့ ဝင်သွားရင် ငါတို့ကို သေချာပေါက် ဝိုင်းပြီး ပစ်မှတ်ထားကြလိမ့်မယ်”
မြေခွေးလေး၏ အကြည့်က ရွေ့လျားသွားပြီး ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်၏။
“ဘေးဘက်တွေမှာ အခွင့်အရေး ရတာနဲ့ ဝင်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေကြတဲ့ ကျင့်ကြံသူတွေနဲ့ ကြမ်းကြုတ်တောကောင်တွေ အတော်များများ ရှိနေမှာ ပြောစရာတောင် မလိုဘူး”
“နဲနဲလောက် ထပ်စောင့်ကြည့်ရတာပေါ့.. ငါတို့ ဝင်တိုက်ခိုက်ရလောက်အောင် ထိုက်တန်တဲ့ ရတနာ မရှိဘူးဆိုရင်တော့ ငါတို့ ဒီအရှုပ်အထွေးထဲမှာ ဝင်ပါမှာ မဟုတ်ဘူး”
ဆူဇီမို၏ အမူအယာက တည်ငြိမ်နေ၏။
နန်းတော်က တောင်ထွတ်၏ အလယ်မှာ လျှိုးနေပြီး သိပ်မရိုးရှင်းပေ။
သို့သော်လည်း ဆူဇီမိုက အလောတန် ရှိမနေပေ။
ရတနာတစ်ခုက တစ်ကယ့်တစ်ကယ် ပေါ်လာမှဆိုလျှင်တောင် တိုက်ခိုက်ဖို့ နောက်ကျဦးမည် မဟုတ်ပေ။
ဝုန်း..
လူသားပြိုင်စံရှားတစ်ယောက်က သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး ကြမ်းကြုတ်တောကောင်အချို့ကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။ စွမ်းအားများက ဖြန့်ကျက်သွားပြီး နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေ၏။
ထိုကစင်ကလျားစွမ်းအားက များစွာသော လက်နက်များအပေါ် သက်ရောက်ရိုက်ခတ်သွားပြီး ၎င်းတို့က လေထဲသို့ ပြန့်ကျဲ လွင့်ပျံသွား၏။
လူသားပြိုင်စံရှား၏ မျက်လုံးက ဝင်းလက်သွားပြီး ဓါးတစ်လက်ကို ဆွဲဖမ်းယူကာ အထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်၏။ ဓါးက စိတ်ဝိညာဉ်အင်းကွက်ငါးခုနှင့်အတူ လင်းလက်တောက်ပလာလေသည်။
အဲ့ဒါက ပကတိစိတ်ဝိညာဉ်လက်နက်ပင်။
“ဝေါ”
လူသားပြိုင်စံရှားက ဟိန်းဟောက်၍ သူ့ဓါးကို ဝေ့ရမ်းလိုက်၏။
တဖျတ်ဖျတ်တလက်လက် ဓါးအလင်းတန်းက သက်တံတစ်ခုလို လေထဲမှာ ဖြတ်သန်းသွားပြီး သူ့ရှေ့ရှိ ကြမ်းကြုတ်တောကောင်အချို့၏ ခန္ဓာကိုယ်များကို နှစ်ပိုင်းပြတ်ကျသွားစေကာ လေထဲမှာ သွေးမြူများကို မွှန်ထူသွားစေ၏။
“ဟဟ.. ကောင်းလိုက်တဲ့ဓါး”
လူသားပြိုင်စံရှားက ဝမ်းသာပျော်ရွှင်သွား၏။
ထိုဓါးနှင့်ဆိုပါက သူ့ခွန်အားက မြောက်များစွာ တိုးတက်လာပြီး အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ နေရာတစ်နေရာ ရနိုင်ဖို့ အခွင့်ပိုများလာပေတော့မည်။
များစွာသော ကျင့်ကြံသူများကလည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြပြီး လေထဲမှာ ပြန့်ကျဲနေသော လက်နက်များကို ဝင်လုကြလေသည်။
အဲ့ဒီမှာ အဆင့်အနိမ့်ဆုံးလက်နက်များက သာလွန်အဆင့်ဖြစ်ပြီး ပကတိစိတ်ဝိညာဉ်လက်နက်များပင် ဆယ်ခုကျော်လောက် ရှိသည်ကို ဆူဇီမိုသည် ရှင်းလင်းစွာ မြင်နေရ၏။
နန်းတော်တစ်ခုတည်းမှာကို ရတနာများက များပြားလွန်းလှ၏။
ကျင့်ကြံသူအများစုအတွက်တော့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်လက် ထပ်ပေါင်း ရရှိခြင်းက သူတို့၏ ခွန်အားကို တိုးပွားလာစေပေလိမ့်မည်။
ပကတိစိတ်ဝိညာဉ်လက်နက်တစ်လက်ကို ထပ်ပေါင်းရရှိမည်ဆိုလျှင်တော့ သူတို့၏ ခွန်အားက နောက်ထပ်အဆင့်တစ်ခုသို့ ခုန်တက်သွားပေလိမ့်မည်။
သို့သော်လည်း ထိပ်တန်းအဆင့်ဖြစ်စေ၊ ပကတိအဆင့်ဖြစ်စေ.. အခုအချိန်မှာ ဆူဇီမို၏ အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိတော့ပေ။
ဤခရီးစဉ်အတွက် သူ၏ အဓိက မျှော်မှန်းချက်မှာ.. အဆင့်မြင့်ဓမ္မလက်နက်တစ်ခုခုများ ရရှိနိုင်မလားဟူ၍ ဖြစ်လေသည်။
အဲ့ဒါက သူ့အတွက်သာလျှင် မဟုတ်ဘဲ.. မျောက်နှင့် အခြားသူများအတွက်လည်း ထည့်သွင်းစဉ်းစားထားလေသည်။
မျောက်နှင့် အခြားသူများက သားရဲများဆိုသော်လည်း သူတို့၏ အတွင်းအမြုတေကို ချိုးဖျက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံလာနိုင်မည်ဆိုလျှင် သူတို့ကိုယ်ပိုင်ဓမ္မလက်နက်များကို သန့်စင်ကိုင်တွယ်ဖို့ လိုလာပေတော့မည်။
သူတို့နိုးထဝိညာဉ်အဆင့်သို့ မတက်လှမ်းခင် သူတို့အတွက် သင့်လျော်မည့် ဓမ္မလက်နက်တစ်ခုစီကို ရယူထားနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်လေသည်။
ဝုန်း..
အဲ့ဒီမှာ နောက်ထပ်ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာပြန်၏။
နန်းတော်၏ နံရံတစ်ဖက်က ပြိုကျသွားပြီး ပြန့်ကျဲနေသော လက်နက်များစွာသည် အပေါ်သို့ ကန်တက်လာ၏။
ထိုလက်နက်များက စိတ်ဝိညာဉ်လက်နက်များနှင့် မတူသည်မှာ သိသာထင်ရှားလေသည်။ သူတို့သည် မည်သည့်စိတ်ဝိညာဉ်စွမ်းအင် အတက်အကျမှ မပါရှိဘဲ လေထဲမှာ လွင့်မျောနေ၏။ သူတို့အပေါ်ရှိ အင်းကွက်များက များစွာပို၍ ရှုပ်ထွေးနက်နဲနေ၏။
ဓမ္မလက်နက်များ..
အဲ့ဒီနန်းတော်ထဲမှာ ဓမ္မလက်နက်များပါ ရှိနေလေသည်။
“ကြည့်စမ်း.. ဟိုမှာ.. အဲ့ဒီဓါးပျံပေါ်မှာ ဓမ္မအင်းကွက်နှစ်ခုနဲ့”
“အဲ့ဒါက အလယ်အလတ်အဆင့် ဓမ္မလက်နက်ပဲ”
များစွာသော ရွှေအမြုတေများနှင့် စိတ်ဝိညာဉ်သားရဲများအတွက်တော့ အလယ်အလတ်အဆင့်ဓမ္မလက်နက်တစ်ခုက သူတို့ကို လောဘတက်လာစေဖို့ လုံလောက်လေသည်။
ဆိုလိုသည်မှာ သူတို့သည် နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်သည်နှင့် အလယ်အလတ်အဆင့် ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ရပေတော့မည်။
“အား.. ဓမ္မအင်းကွက် သုံးခုတောင်.. အဲ့ဒါက သာလွန်အဆင့် ဓမ္မလက်နက်ဟ”
“တိုက်ကွာ”
လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
သွေးနီရောင်လှံတစ်လက်က လေထဲမှာ လွင့်မျောနေ၏။ သူ့အပေါ်၌ တစ်ကယ်ပင် ဓမ္မအင်းကွက် သုံးခုတောင် ရှိနေလေသည်။
ဝုန်း..
ဧရာမသားရဲတောကောင်ကြီးတစ်ကောင်က လေထဲသို့ တက်လာ၏။ သူသည် ကျားတစ်ကောင်နှင့် ဆင်တူသော်လည်း သူ့ကျောမှာကား တောင်ပံတစ်စုံ ပါရှိလေသည်။ သူက ကြောက်မက်ဖွယ်ရာ အကြည့်နှင့် အကန့်အသတ်မဲ့ ကြမ်းကြုတ်မှုအော်ရာကို ထုတ်ပေးနေ၏။
“ရှေးဟောင်းကြမ်းကြုတ်တောကောင် လေးကောင်ထဲက တစ်ကောင်.. ချွမ်ချီ”
ရွှေခြင်္သေ့က သုန်မှုန်နေသော အမူအယာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များကြားမှာတောင် ခွန်အား ကွာဟချက်များ ရှိလေသည်။
ဥပမာအားဖြင့်.. ဒဏ္ဍာရီလာ ရှေးဟောင်းကြမ်းကြုတ်တောကောင်များက အခြားသော ကြမ်းကြုတ်တောကောင်များထက် များစွာပို၍ သန်မာလေသည်။
“ဖွီး”
ချွမ်ချီက ပေါ်လာသည်နှင့်.. သူ့ပါးစပ်ကြီးကို ဟပြီး အမြုတေနယ်မြေထုတ်ဖော်ထားသော ကျင့်ကြံသူတစ်ယောက်ကို ဝါးမျိုချလိုက်၏။ သူက လေးငါးခြောက်ချက်ဝါး၍ ထိုကျင့်ကြံသူကို အပိုင်းပိုင်းဖြစ်သွားစေပြီး သူ့အစာအိမ်ထဲသို့ မျိုချလိုက်၏။ သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။
အဲ့ဒါက အရမ်းရက်စက်ပြီး ရွှေအမြုတေနယ်မြေတစ်ခုကတောင် သူ့ကို လုံးဝ မခုခံနိုင်ခဲ့ပေ။
“ဒေါသူပုန်မြို့တော်မီးလျှံ”
မြေပြင်မှ ကျယ်လောင်သော ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။
မီးတောက်ဝတ်ရုံကို ဝတ်ဆင်ထားသော လူသားပြိုင်စံရှားတစ်ယောက်က တိုက်ပွဲမြေထဲသို့ ပြေးဝင်လာပြီး သူ့နောက်မှာ ဧရာမရှေးဟောင်းမြို့တော်ကြီးတစ်မြို့က ပေါ်လာလေသည်။
ရှေးဟောင်းမြို့တော်အတွင်းမှ မီးတောက်များက အရူးအမူး လောင်ကျွမ်းနေပြီး ကောင်းကင်ထက်သို့ မီးညွှန့်များက တက်ကာ သက်ရှိအားလုံးကို လောင်ကျွမ်းပြာချပစ်နေ၏။
ရှေးဟောင်းမြို့တော်က အခြားသော မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်ပေါ်သို့ ဆင်းသက်လာပြီး သွေးသံရဲရဲပျော့ဖတ်တစ်ခုအဖြစ်သို့ ဖိနှိမ်ချလိုက်၏။ ချက်ချင်းပင် ၎င်းက မီးလောင်ပြာကျသွားပြီး အလောင်းတောင် မကျန်ခဲ့တော့ပေ။
အဲ့ဒါကတော့ မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းထဲမှာ တစ်ဂိုဏ်းဖြစ်သော မီးလျှံကိုလံဘတ်တောင်ကြား၏ ပြိုင်စံရှားတစ်ဦး ဖြစ်လေသည်။
သာလွန်အဆင့် ဓမ္မလက်နက်တစ်ခုက မွေးဖွားလာ၏။
များစွာသော ပြိုင်စံရှားများနှင့် ကြမ်းကြုတ်တောကောင်များက တိုက်ပွဲထဲသို့ ဝင်ရောက်လာကြလေပြီ။