အလောင်းကောင်များကို ဖိနှိမ်ခြင်း
Vol. 46 Ch. 679
“အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းနဲ့ ဒီနေရာမှာ လာရှုပ်ရဲရအောင် ဘယ်ကရောက်လာတဲ့ သောက်ရူးနားကန်းလဲကွ”
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများ၏ ခေါင်းဆောင်က ငါးသေကောင်နှင့်တူသော သူ့မျက်လုံးများကို ပြူး၍ ဆူဇီမိုတို့အုပ်စုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူ့အသံက မကောင်းဆိုးဝါးဆန်နေပြီး သူ့မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
နောက်ထပ်တစ်ယောက်က အေးစက်စွာ ဝင်ပြောလိုက်၏။
“မင်းတို့တောကောင်တွေ ဝေးဝေးလစ်လိုက်ရင် ကောင်းလိမ့်မယ်နော်.. မဟုတ်ရင်တော့.....”
“ဟီးဟီး.. ငါတို့အလောင်းသန့်စင်ကျင့်ထုံးရဲ့ ထိပ်တန်းလျှို့ဝှက်ပညာရပ်နဲ့ဆို.. မင်းတို့ကောင်တွေကို အသာလေး တိုက်ပွဲဝင်အလောင်းကောင်တွေဖြစ်အောင် ပြောင်းပစ်လိုက်လို့ရတယ်နော်.. အဲ့ကျမှ သေတာထက်ဆိုးတဲ့ ဘဝကို ခံစားသွားရလိမ့်မယ်”
“အဲ့လိုလား”
ဆူဇီမိုက မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။ သူဘယ်လိုလှုပ်ရှားလိုက်သည်ကို မည်သူမှ မမြင်လိုက်ရပေ။ သို့သော် သူက မျက်တစ်မှိတ်မှာပင် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများဆီသို့ မြားတစ်စင်းလို ပစ်ဝင်သွားပြီ ဖြစ်လေသည်။
သူက အရမ်းကို မြန်လွန်းလေသည်။
နှစ်ဖက်အကြား အကွာအဝေးသည် အစကတည်းက သိပ်ပြီး ဝေးလှသည် မဟုတ်ပေ။
ဆူဇီမို၏ အတွင်းအမြုတေကော ရွှေအမြုတေကောက ပကတိအဆင့်သို့ ရောက်နေပြီးဖြစ်၏။ သူ၏ အမြုတေနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လှည့်ပတ်၍ သားရဲစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းကိုလည်း ထုတ်ဖော်ပြီး သူ၏ သွေးချီစွမ်အားကိုပါ ထပ်ပေါင်းလိုက်သောအခါ...
ထက်ရှသော အာရုံများနှင့် သန်မာကြံ့ခိုင်သော ကိုယ်ကာယရှိသည့် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များတောင်မှ ထိုကဲ့သို့သော ရုန်းကန်ပေါက်ကွဲအားကို တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ ကျင့်ကြံသူများဆိုလျှင်တော့ ပြောနေစရာပင် မလိုပေ။
ဖောင်း.. ဖောင်း.. ဖောင်း..
အဲ့ဒီမှာ မည်သည့်လှုပ်ရှားမှု နည်းစနစ် သို့မဟုတ် စိတ်ဝိညာဉ်ပညာရပ်ကိုမှ ထုတ်ဖော်ခြင်း မရှိပေ။
သူ၏ ကိုယ်ကာယခွန်အားသက်သက်ဖြင့် ရှေ့သို့ ပစ်ဝင်ချသွားရုံသာ ဖြစ်လေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇီမိုရှေ့ရှိ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းသားများသည် ဖရီသီးလုံးများကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး သွေးမြူများသာ ကျန်ရစ်ခဲ့လေသည်။
သူက လူသားလက်နက် တစ်ခုပင်။
သူသည် လူအုပ်ကြီးထဲသို့ ပစ်ဝင်တိုက်ချသွားပြီး လမ်းတစ်လျှောက် သူ၏ ခွန်အားကို မည်သူမှ ခံနိုင်ရည် မရှိကြပေ။
စောစောကတင် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းသား ခုနှစ်ယောက်သည် လှောင်ပြောင်ရယ်မောနေခဲ့ကြ၏။ ထို့နောက်ချက်ချင်းဆိုသလိုပင် သူတို့ကိုယ်သူတို့ ဘယ်လိုသေသွားရသည်ကိုပင် သေချာမသိလိုက်ရဘဲ အပိုင်းပိုင်း ကျိုးကြေမွကာ သေဆုံးကုန်ကြ၏။
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းသားတစ်ယောက်က အဲ့ဒါကို တုံ့ပြန်၍ ကစင်ကလျားအမြုတေသံတောင်ဝှေးကို သူ့ရှေ့သို့ အလိုလို မြှောက်တင်ကာ ခုခံလိုက်၏။
ကံမကောင်းစွာနောက် အနက်ရောင်အရိပ်တစ်ခုက လှစ်ကနဲ ပြေးချလာ၏။
ဝုန်း..
သူ့လက်ထဲရှိ သံတောင်ဝှေးက နှစ်ပိုင်း ကျိုးထွက်သွား၏။
ကျိုးထွက်သွားသော အပိုင်းက လှံတံတစ်ချောင်းအလား ထက်ရှစွာဖြင့် သူ့ရင်အုပ်ကို တည့်တည့်ထိုးဖောက်သွား၏။
နောက်ထပ်အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူတစ်ယောက်က မာန်သွင်းအော်ဟစ်၍ သူ့သိုလှောင်အိတ်ထဲကနေ တလက်လက်တောက်ပနေသော ငွေရောင်ဒိုင်းကာတစ်ခုကို ဆွဲထုတ်ကာ စိတ်ဝိညာဉ်စွမ်းအင်ကို အသည်းအသန် ထိုးသွင်းလိုက်၏။
ချက်ချင်းပင် တောက်ပသော အလင်းရောင်တစ်ခုက ဖြာထွက်လာ၏။
ဒိုင်းကာက ပြန့်ကားသွားပြီး ထိုလူ၏ ရှေ့ကနေ တောင်တစ်လုံးလို ခိုင်မာစွာ ကာကွယ်ပေးလိုက်၏။ အဲ့ဒါက တဖျတ်ဖျတ်တလက်လက် စိတ်ဝိညာဉ်အလင်း ငါးခုဖြင့် တောက်ပလာလေသည်။
ပကတိအဆင့် ခုခံကာကွယ်ရေး စိတ်ဝိညာဉ်လက်နက်တစ်ခု။
မဟာကျိုးအင်ပါယာက ကျင့်ကြံရေးလောကမှာဆိုလျှင် ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုကို ထုတ်ပြလာပါက သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပေလိမ့်မည်။
သို့သော် ဆူဇီမိုက အမူအယာက ပြောင်းလဲမသွားပေ။ သူ့မျက်လုံးများထဲမှာ ခံစားချက် အတက်အကျ နည်းနည်းလေးတောင် ရှိမနေပေ။
သူသည် ဤကဲ့သို့သော လက်နက်ပေါင်းများစွာကို မြင်ဖူးခဲ့ပေါင်း များလေပြီ။
အခုအချိန် သူ့သိုလှောင်အိတ်ထဲမှာတောင် ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်ပေါင်း သုံးလေးဆယ်လောက် ရှိလေသည်။
ဆူဇီမို၏ အရှိန်အဟုန်က ပြောင်းလဲမသွားပေ။ သူ့မျက်လုံးများက အေးစက်နေပြီး မှင်သေသေသာ ရှိနေ၏။ သူသည် အပေါ်သို့ အနည်းငယ်ခုန်၍ ရှေ့သို့ ခြေတစ်လှမ်းယူကာ ငွေရောင်ဒိုင်းကာကြီးပေါ်ကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
ကောင်းကင်ထယ်သွားခြေလှမ်း..
ဆူဇီမို၏ ခန္ဓာကိုယ်မှ မွန်းစတားဆန်သော အော်ရာတစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။
ဝုန်း..
ဆူဇီမိုက တလက်လက်တောက်ပနေသော ငွေရောင်ဒိုင်းကာကို သူ့ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်၏။
ဆူဇီမို၏ ခြေထောက်က ငွေရောင်ဒိုင်းကာကို ဖိနင်းလိုက်သည့်အတွက် ဒိုင်းကာနောက်မှာ ပုန်းနေသော ကျင့်ကြံသူသည် သူ့ဒိုင်းကာနှင့်ပင် သူပြန်ပိပြီး အသံတစ်ချက်တောင် မထွက်လိုက်နိုင်ဘဲ အသားပျော့ဖတ်ဖြစ်ကာ အလောင်းတောင် အကောင်းပကတိ မကျန်ခဲ့ပေ။
ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်များစွာနှင့် ပိုပို၍ ရင်းနှီးကျွမ်းဝင်လာပြီဖြစ်၏။
သူ၏ သားရဲကျင့်ကြံမှုက နက်ရှိုင်းလာသည်နှင့်အမျှ ထိုသတ်ဖြတ်ကွက်များ၏ စွမ်းအားကလည်း များစွာပို၍ ကြောက်စရာကောင်းလာပြီဖြစ်၏။
မလှမ်းမကမ်းတွင် များစွာသော ကျင့်ကြံသူများသည် တိုက်ပွဲတွင် ဝင်ပါဖို့ ပြင်ဆင်နေကြပြီးဖြစ်၏။ သို့သော် မြင်လိုက်သော မြင်ကွင်းက သူတို့ကို အံ့ဩမှင်တက်သွားစေပြီး သူတို့အားလုံး အလိုလို ရပ်တန့်မိသွားကြ၏။
ထိုနည်းလမ်းများက အရမ်းကို ကြမ်းကြုတ်လွန်း၏။
တစ်ခဏအတွင်းမှာပင် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူ ကိုးယောက်က ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ လက်ချက်ဖြင့် အသက်ပျောက်ကုန်ကြလေပြီ။
ကြောက်စရာကောင်းသည့်အချက်မှာ သူတို့ကိုးယောက်က သူ့ရှေ့မှာ လုံးဝ ကူကယ်ရာမဲ့စွာ သေဆုံးခဲ့ကြခြင်းပင်။
“သူက ဘယ်သူလဲဟ.. သူ့နောက်ခံက ဘာလဲ”
“ငါလဲ မသိဘူးလေ.. ရှေးဟောင်းတိုက်ပွဲမြေက တစ်ကယ်ကို ပြိုင်စံရှားတွေ၊ မွန်းစတားတွေ ကျင်လည်ကျက်စားကြတဲ့နေရာပဲ.. အရမ်းကြောက်ဖို့ ကောင်းတာပဲ”
“အမှန်ပဲ.. ထိပ်သီးဂိုဏ်းကြီးတွေက အမွေခံတပည့်တွေကို အသာထားဦး.. ငါကြားတာ သမိုင်းထဲမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ပုံစံနဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက်တောင်မှ မြောက်ပိုင်းဒေသမှာ ပေါ်လာခဲ့တယ်တဲ့”
“အဲ့ဒါကို ငါလဲ ကြားမိတယ်ကွ.. သူက ဖန်သားနန်းတော်ကို စစ်ကြေညာခဲ့ပြီးတော့ တစ်ကယ်လဲ ရှေးဟောင်းတိုက်ပွဲမြေထဲ ဝင်ရောက်လာတဲ့ ဖန်သားနန်းတော်က ကျင့်ကြံသူအကုန်လုံးကို သတ်ဖြတ်ပစ်လိုက်တယ်တဲ့”
“ဘုရားရေ.. အဲ့ဒါကတော့ တော်တော်ကြီး ကြမ်းလွန်းသွားပြီ”
ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးငြင်းခုန်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာကြ၏။
တိုက်ပွဲနေရာတွင်..
ကျန်ရှိနေသော အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း ကျင့်ကြံသူများသည် တုန်လှုပ်ချောက်ချားသွားကြပြီး သူတို့ထိန်းချုပ်ထားသော တိုက်ပွဲဝင်အလောင်းများနှင့်အတူ နောက်သို့ အလောတကြီး ဆုတ်လိုက်ကြ၏။
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများသည် သူတို့၏ တိုက်ပွဲဝင်အလောင်းကောင်များ၏ ခွန်အားအပေါ်တွင်သာ လုံးလုံးလျားလျားနီးပါး မှီခိုထားရလေသည်။
သူတို့အလောင်းကောင်များ၏ ကာကွယ်မှု မရှိလျှင် သူတို့၏ ကိုယ်ကာယက အရမ်းကို အားနည်းပြီး သူတို့၏ တစ်ကယ့်ခွန်အားက သာမန်ကျင့်ကြံသူများနှင့် သိပ်မကွာခြားပေ။
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများ၏ ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏။
“မင်းက တစ်ကယ်ကို သေချင်နေတဲ့ကောင်ပဲ.. ငါတို့ဂိုဏ်းက ကျင့်ကြံသူတွေက သူတို့ရဲ့နေ့ရက်တွေကို သူတို့ရဲ့ အလောင်းကောင်တွေနဲ့ပဲ အဖော်ပြုပြီး ကုန်ဆုံးခဲ့ရတာ.. သူတို့ရဲ့တစ်ကိုယ်လုံးက အဆိပ်တွေချည်းပဲ.. သူတို့ရဲ့ ခန္ဓာကိုယ်တွေနဲ့ ထိတွေ့ပြီးရင် မင်းလဲ အသက်ဆက်ရှင်နိုင်လိမ့်မယ် မထင်နဲ့”
“ဟုတ်တာပေါ့”
နောက်ထပ်အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူတစ်ယောက်က လှောင်ရယ်လိုက်၏။
“တောကောင်.. မင်းခန္ဓာကိုယ်ထဲက သွေးချီတွေ ယိုယွင်းဖောက်ပြန်လာတာကို မင်းအခုထိ သတိမထားမိသေးဘူးလား.. ဟီးဟီး”
“ဟဟဟားဟား”
ဆူဇီမိုက ခေါင်းမော့ပြီး ကျယ်လောင်စွာ ရယ်ချလိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ သွေးချီများက စွမ်းအားကြီးမားသော ဆူနာမီအသံနှင့်အတူ ရုန်းကြွလာ၏။
သူ့ပုံစံက အဆိပ်မိထားသည်နှင့် နည်းနည်းလေးမှ တူမနေပေ။
သူ့မျိုးဆက်သွေးက မီးတောက်မီးလျှံများဖြင့် တောက်လောင်နေသော မီးဖိုတစ်လုံးနှင့် တူလေသည်။
အဲ့ဒါက အရာရာတိုင်းကို လောင်ကျွမ်းပြာချ၍ အငွေ့ပျံသွားစေ၏။
ထိုအလောင်းများမှ အဆိပ်ကို မပြောနှင်.. အဆိပ်ဂိုဏ်းမှ အဆိပ်တောင်မှ သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“မင်း....”
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများ၏ မျက်နှာများက ဖြူဆုတ်သွားကြ၏။
ထိုစဉ်မှာပင် အရပ်ရှည်ရှည် စွမ်းအားကြီးသော ပုံရိပ်တစ်ခုက သူတို့ရှေ့သို့ ပြေးဝင်ချလာပြီး တူကြီးကဲ့သို့ သူ၏ လက်သီးနှစ်ဖက်ကို လွှဲရမ်းကာ လူအုပ်ကြီးထဲသို့ ဘယ်သို့ညာသို့ ပစ်သွင်းလိုက်၏။
အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းသားများက မျောက်၏ သံမဏိလက်သီးများကို ခံနိုင်ရည်ရှိစရာ အကြောင်းမရှိပေ။
ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် လွင့်စင်ထွက်သွားကြ၏။
သူတို့က မြေကြီးပေါ်သို့ ပြန်ကျချိန်တွင် အသက်မဲ့အလောင်းကောင်များ ဖြစ်သွားကြလေပြီ။
မကောင်းဆိုးဝါး လေပြင်းတစ်ချက်က ဖြတ်တိုက်လာ၏။
ဆိုးယုတ်ချီများ တဝုန်းဝုန်းဖြင့် ကြမ်းကြုတ်ကျားတစ်ကောင်က ခြင်္သေ့ပေါ်ကနေ ခုန်အုပ်ဆင်းလာပြီး အလောင်းသန့်စင်ဂိုဏ်းကျင့်ကြံသူတစ်ယောက်၏ ဝမ်းဗိုက်ကို ဆွဲခွဲစုတ်ဖြဲပစ်လိုက်၏။
ထိုအလောင်းမှ အဆိပ်များက စိတ်ဝိညာဉ်ကျား၏ သားမွေးဖြင့် ထိလိုက်ချိန်တွင် လျှပ်စီးကြောင်းတစ်ခုက ပေါ်လာပြီး ထိုအဆိပ်များကို ဘာမှ မကျန်အောင် ရှင်းလင်းပစ်လိုက်၏။
“ဝေါင်း”
ရွှေခြင်္သေ့က ကျယ်လောင်စွာ တစ်ချက်ဟိန်းဟောက်၍ ခံ့ညားထည်ဝါသော စွမ်းအားဖြင့် လူအုပ်ကြီးထဲသို့ ပြေးဝင်ချသွား၏။
သူနှင့် အနီးဆုံးမှာရှိသည့် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူအချို့မှာ သူတို့၏ မျက်လုံး၊ နှာခေါင်း၊ နားနှင့် ပါးစပ်ပေါက်တို့မှ သွေးများက စတင်စီးကျလာ၏။
သူတို့၏ ဒွာရများအားလုံးမှ သွေးများက စီးကျလာလေသည်။
ထိုကျင့်ကြံသူများ၏ ဦးနှောက်များမှာလည်း လှုပ်ခါကြေမွကုန်ပြီဖြစ်၏။
ချင်ချင်နှင့် မြေခွေးလေးတို့ကတော့ ရှေ့မတက်ကြပေ။
သူတို့နှစ်ယောက်သည် ပုပ်အက်အက်အနံ့ဆိုးရှိသည့် အလောင်းကောင်များနှင့် မသတီစရာထိုကျင့်ကြံသူများထံမှ ဝေးဝေးသာ ခွာနေလိုကြလေသည်။
သူတို့ မပါလျှင်တောင် ဆူဇီမို၊ မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့အတွက် ကျန်ရှိနေသော အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း ကျင့်ကြံသူများကို အပြီးသတ် ရှင်းလင်းဖို့အတွက် အသက်ဆယ်ရှိုက်စာ ကျော်ကျော်သာ ကြာလေသည်။
ဖက်တီးလေးနှင့် ရှစ်ကျန့်ကို ဝိုင်းရံတိုက်ခိုက်နေကြသော တိုက်ပွဲဝင်အလောင်းကောင်များက သူတို့၏ ထိန်းချုပ်သူများကို ကူညီပေးဖို့ အချိန်မီ နောက်ပြန်မဆုတ်နိုင်ခင်မှာပင် အရာအားလုံးက အဆုံးသတ်သွားပြီဖြစ်၏။
တစ်ကယ်တော့ ကျင့်ကြံရေးလောကတွင် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများကို ကိုင်တွယ်ရ လွန်စွာ ခက်ခဲလေသည်။
တစ်ကယ်တမ်း လိုအပ်လို့ မဟုတ်လျှင် အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများမှ တပည့်များက သူတို့ကို တမင်သက်သက်သွား၍ ရန်မစလိုကြပေ။
တိုက်ပွဲဝင်အလောင်းကောင်များက ရေမီးနှင့် လက်နက်များပီး၍ သန်မာလွန်းသောကြောင့် ပကတိပြီးပြည့်စုံပြီး မူလစိတ်ဝိညာဉ်လက်နက်များနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။
သူတို့ရှေ့မှာ တိုက်ပွဲဝင်အလောင်းကောင်တစ်ကောင် ရှိနေသရွေ့.. အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကျင့်ကြံသူများကို အနိုင်ယူဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။
သို့သော် ထိုကျင့်ကြံသူများ၏ အားနည်းချက်ကလည်း ထင်ရှားလေသည်။
သူတို့လဲကျသွားသည်နှင့် သူတို့၏ တိုက်ပွဲဝင်အလောင်းကောင်များကလည်း ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ဆက်လက်စိုးရိမ်စရာ မလိုတော့ပေ။
ထိုအားနည်းချက်ကို သိထားသည့်အတွက် ဆူဇီမိုနှင့် အခြားသူများက သူတို့ကို အသက်ရှူခွင့်တောင် မပေးဘဲ ဝုန်းဒိုင်းကြဲ ဝင်ရောက်ကာ အသက်ရှူချိန် အနည်းငယ်အတွင်း သူတို့အုပ်စုကို အပြီးသတ် လက်စဖျောက်ပစ်လိုက်ခြင်းဖြစ်လေသည်။
တိုက်ပွဲဝင်အလောင်းသုံးဆယ်လောက်က တောင့်တောင့်ကြီး ပစ်လဲကျသွားကြပြီး အခုမှ တစ်ကယ့် အစစ်အမှန်အလောင်းကောင်များ ဖြစ်သွားကြလေသည်။