စိတ်အာရုံကို လွှဲပြောင်းဖို့
Vol. 46 Ch. 680
ဖက်တီးလေးက အခုတင် ဆေးလုံးအချို့ကို ထုတ်စားပြီး မောဟိုက်နေ၏။ သူ့စိတ် မငြိမ်သက်ခင်မှာပင် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းသားများအားလုံးက အပြီးသတ် သုတ်သင်ခံလိုက်ရသည်ကို သူတွေ့လိုက်ရ၏။
သူ့မျက်လုံးများက ပြူးကျယ်၍ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
“ကောလာဟလတွေက မမှားဘူးဟ.. အစ်ကိုဆူက တစ်ကယ်ကို ကြမ်းထော်နေတာပဲ”
ရှစ်ကျန့်ကို တံတွေးကို မျိုချပြီး သူ့အတွေးများဖြင့် ထုတ်ပြောလိုက်၏။
“နောင်ကြီး.. ခင်ဗျားကို ပြန်တွေ့ရတာ ဝမ်းသာသဗျာ.. ကျုပ်က ခင်ဗျားကို လွမ်းလွန်းလို့ သေတော့မယ်”
ဖက်တီးလေးက စိတ်နေစရိုက်က ပြောင်းလဲသွားခြင်း မရှိဘဲ ဧရာမ အသားလုံးကြီးတစ်လုံးကဲ့သို့ တလိမ့်လိမ့်နှင့် ကတိုက်ကရိုက် ပြေးချလာ၏။ သူက မျက်ရည်များ၊ နှာရည်များနှင့်အတူ စိတ်ခံစားချက် မြင့်မားစွာဖြင့် ဆူဇီမို၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာ၏။
ဆူဇီမိုက ထိုဝဝဖိုင့်ဖိုင့်မျက်နှာကို တွန်းဖယ်၍ ဟက်ကနဲရယ်ကာ ငေါက်ငမ်းလိုက်၏။
“သရုပ်ဆောင် မနေနဲ့တော့”
ရှစ်ကျန့်ကလည်း ရောက်ချလာပြီး ဆူဇီမိုကို လက်နှစ်ဖက်ဆုပ်၍ ပြုံးပြလိုက်၏။
“ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုဆူ”
“မတွေ့ရတာဖြင့် နှစ် ၂၀ လောက် ရှိသေးတာကို ဘာလို့များ တယဉ်တကျေးတွေ လုပ်နေရတာလဲဗျာ”
ဆူဇီမိုက စိတ်အေးသက်သာ အမူအယာဖြင့် ရယ်မောလိုက်၏။
အခြေခံရှေးဟောင်းတိုက်ပွဲမြေ.. ရွှမ်ထျန်းမြို့တော်မှာတုန်းက ဆူဇီမိုသည် သားရဲစီးဓါးပြလေးဦးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့၏။ သို့သော်လည်း ဖက်တီးလေး၊ လမ့်ရို၊ ကျိချန်းရှန်နှင့် ရှစ်ကျန့်တို့သည် သူတို့၏ အသက်ကို ပဓာနမထားဘဲ သူနှင့်အတူ ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် သူရဲကောင်းဆန်ဆန် ပြန်လာခဲ့ကြ၏။
သူတို့က သေရေးရှင်ရေး ကိစ္စများကို အတူရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသော ညီအစ်ကိုများ ဖြစ်လာခဲ့ကြလေသည်။
ဖက်တီးလေးက ရယ်မောလိုက်၏။
“အဲ့ဒီငတုံးကျန့်ကတော့ အမြဲတမ်း အဲ့လို ကြောင်တောင်တောင်ပဲ.. နောင်ကြီး ခင်ဗျား သူ့ကို လွှတ်သာပေးထားလိုက်”
အချိန်အတော်ကြာခဲ့ပြီးမှ သူတို့သုံးယောက် ပြန်ဆုံတွေ့ကြချိန်.. ဖက်တီးလေး၏ ပျော်ရွှင်မှုက စကားလုံးများဖြင့် ဖော်ပြလို့ မတတ်နိုင်ပေ။
ရှစ်ကျန့်ကလည်း စကား သိပ်မများတတ်သည့်အတွက် တစ်ချိန်လုံး ရူးသွပ်စွာဖြင့် ပြုံးဖြီး၍သာ နေလေသည်။
ဆူဇီမိုက ဣန္ဒြေရနေသည်ဟု ထင်ရသော်လည်း သူက ခါတိုင်းထက် ပို၍ ပြုံးရွှင်နေလေသည်။
“သားရဲမျိုးနွယ်က ညီကိုရောင်းရင်းတို့ကိုလည်း ကူညီပေးကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျ”
ဖက်တီးလေးက သွားဖြီး၍ မျောက်နှင့် အခြားသူများကိုလည်း လက်သီးနှစ်ဖက်ဆုပ်ကာ လိုက်လံနှုတ်ဆက်လိုက်၏။
သူသည် အစကတည်းက ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူတစ်ယောက်ဖြစ်၏။ ဒါ့အပြင် သူသည် ဆန်းကြယ်တောင်ထွတ်မှာကတည်းက မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့နှင့် သိထားနှင့်ပြီးဖြစ်၏။
“နောင်ကြီး.. ကျုပ် ငတုံးကျန့်ဆီကနေ မြောက်ပိုင်းဒေသက အဖြစ်အပျက်တွေ အကုန်လုံးကို ကြားပြီးပါပြီ”
ဖက်တီးလေးက နှစ်သိမ့်လိုက်၏။
“ဘာမှ မပူနဲ့.. ဒီတစ်ခေါက် ကျုပ်တို့ဂိုဏ်းကိုသာ ကျုပ်နဲ့ပြန်လိုက်ခဲ့.. ခင်ဗျားကို လက်ခံဖို့ ကျုပ်ဆရာကို ပြောပေးမယ်.. အုတ်ဂူဂိုဏ်းရဲ့ အမွေအနှစ်က သိပ်မသန်မာဘူးဆိုပေမယ့်လို့.. ကျုပ်တို့ဂိုဏ်း ရပ်တည်လာခဲ့တဲ့ သမိုင်းကြောင်းက ရှည်ကြာခဲ့ပြီဆိုတော့ အခြေခံအုတ်မြစ် အတန်အသင့်တော့ ရှိပါတယ်”
“နောက်ပြီး အုတ်ဂူဂိုဏ်းက သိုသိုဝှက်ဝှက်နေကြတဲ့နေရာမှာ အကောင်းဆုံးပဲ.. ကျုပ်တို့ နေကြတဲ့ နေရာကို တခြားအပြင်လူတွေ သိစရာ အကြောင်း မရှိဘူး”
ဆူဇီမိုနှင့် ဖန်သားနန်းတော်ကြားက ရန်ငြိုးရန်စကို မြောက်ပိုင်းဒေသတစ်ခုလုံးနီးပါးက သိရှိကြလေသည်။
သာမန်ကျင့်ကြံသူများမှာ ရောယောင်ညှပ်ပါမည်ကို စိုးသောကြောင့် ဆူဇီမိုနှင့် တတ်နိုင်သမျှ ဝေးဝေးသာ ခွာနေလိုကြလေသည်။
သို့သော်လည်း ဖက်တီးလေးကတော့ အဲ့ဒါတွေကို လုံးဝ ဂရုမစိုက်ပေ။ ထို့အစား သူက ဆူဇီမို၏ ပြဿနာကိုပါ ဖြေရှင်းပေးဖို့ စဉ်းစားပေးနေ၏။
ဆူဇီမိုက ဖက်တီးလေး၏ ပုခုံးကို ကျေးဇူးတင်စွာ ပုတ်လိုက်၏။
သူပြောသည့် စကားက ဖြစ်နိုင်ခြေရှိသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်း လက်တွေ့ မကျပေ။
ဖက်တီးလေးက ရွှေအမြုတေတစ်ယောက်သာ ဖြစ်၏။ သူက အမွေခံတပည့်တစ်ယောက်ဆိုလျှင်တောင် သူ့စကားများက ဂိုဏ်းထဲမှာ သိပ်ပြီးတော့ အရေးပါ အရာရောက်လိမ့်မည် မဟုတ်ပေ။
ဂိုဏ်းအများစုက သူကဲ့သို့သော လူတစ်ယောက်အတွက်နှင့် ဖန်သားနန်းတော်ကဲ့သို့ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းကို သေချာပေါက် ဆန့်ကျင်လိုကြလိမ့်မည် မဟုတ်ပေ။ ထိုအချက်တစ်ချက်တည်းက သူ၏ ကျန်အားသာချက်များအားလုံးကို ချေဖျက်ပစ်နိုင်လေသည်။
“အစ်ကိုဆူ.. ကျုပ်-ကျုပ်လဲ ရုပ်သေးဂိုဏ်းကို အကျိုးသင့်အကြောင်းသင့် ပြန်ရှင်းပြပေးလို့ ရပါတယ်”
ရှစ်ကျန့်ကလည်း သူ့သတ္တိကို စုစည်း၍ ဆူဇီမို၏ ပြဿနာကို ဖြေရှင်းပေးချင်မိ၏။
ဆူဇီမိုက ပြုံး၍ လက်ကာပြပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။
“အဲ့ဒါက အဆင်ပြေပါတယ်.. နောက်မှ ငါတို့ အဲ့ဒါကို ဆက်ပြောရတာပေါ့.. ဪ ဒါနဲ့.. မင်းတို့နဲ့ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းက ကောင်တွေက ဘယ်လိုဖြစ်ကြတာလဲ”
ရှစ်ကျန့်က သူ့လက်သီးနှစ်ဖက်ကို ဆုပ်ပြီး မုန်းတီးစွာ ပြောလိုက်၏။
“အစကထဲက ရုပ်သေးဂိုဏ်းနဲ့ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းက နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ ရှိကြတာလေ.. သူတို့ကို ကျုပ်ကို မြင်တာနဲ့ ဘယ်လိုမှ ဒီတိုင်း လွှတ်ပေးကြမှာ မဟုတ်ဘူး”
“ဪ”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ.. အင်မော်တယ်ကိုးဂိုဏ်း၊ မိစ္ဆာခုနှစ်ဂိုဏ်း၊ ဗုဒ္ဓကျောင်းတော်ခြောက်ကျောင်း၊ မိစ္ဆာဒိဋ္ဌိငါးဝါဒီနှင့် တစ်သီးပုဂ္ဂလလေးအုပ်စုတို့ ရှိရာ... တချို့ထိပ်သီးဂိုဏ်းကြီးများကြားမှာ တစ်ကယ့်ကို နက်ရှိုင်းသော ရန်ငြိုးရန်စများ ရှိကြပြီး ဘယ်လိုမှ နောက်ပြန်လှည့်လို့ မရကြတော့ပေ။
ဥပမာအားဖြင့် ကောင်းကင်ဇင်ယော်အင်မော်တယ်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာမိစ္ဆာဂိုဏ်းတို့သည် နှစ်ပေါင်းရှည်ကြာ ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြလေသည်။
အင်မော်တယ်ဂိုဏ်းများအကြားမှာလည်း အလားတူ ပဋိပက္ခများ ရှိကြလေသည်။
ဖန်သားနန်းတော်သည် အလယ်ပိုင်းတိုက်ရှိ နှင်းပုံတောင်ကြားနှင့် အတော်လေး ဆိုးရွားသည့် ဆက်ဆံရေး ရှိလေသည်။
ရှစ်ကျန့်က ဆက်ပြော၏။
“ဟိုး နဂိုတုန်းက မိစ္ဆာဒိဋ္ဌိဝါဒီက ငါးဝါဒီ မဟုတ်ဘူး.. ရုပ်သေးဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ကနေ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကို တည်ထောင်လိုက်တာ”
“သူက ရုပ်သေးဂိုဏ်းရဲ့ ပါရမီအရှိဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပြီးတော့ ဆက်ပြီးတော့ ကျင့်ကြံသွားရင် ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ထိ အလားအလာ ရှိခဲ့တယ်.. ဒါပေမယ့်လို့ သူက လမ်းမှားကို သွေဖယ်သွားပြီးတော့ သူ့စိတ်အာရုံက အလောင်းကောင်တွေပေါ်ကို လုံးလုံးလျားလျား ရောက်သွားတော့တာပဲ”
“အလောင်းသန့်စင်ဖို့အတွက်နဲ့ သူက သတ်ဖြတ်ရတာကို စွဲလမ်းခုံမင်လာပြီးတော့ အပြစ်တွေ အမှားတွေကို ဆက်တိုက်ကျူးလွန်လာတယ်.. တဖြည်းဖြည်း သူက ကျင့်ကြံရင်းနဲ့ လူမဟုတ် တစ္ဆေမဟုတ်တဲ့ အဆင့်ထိ ရောက်လာခဲ့တယ်.. နောက်ဆုံးမှာတော့ သူက ဂိုဏ်းရဲ့ အမျက်သင့်တာကို ခံရတော့တာပဲ”
လူတိုင်းသည် ရှစ်ကျန့်ပြောသော ရုပ်သေးဂိုဏ်း၏ သမိုင်းကြောင်းမှာ မျောသွားကြ၏။
ရှစ်ကျန့်က ခဏမျှ ရပ်နားလိုက်သောအခါ မြေခွေးလေးက မနေနိုင်ဘဲ မေးလိုက်၏။
“အဲ့နောက် ဘာဆက်ဖြစ်သွားလဲဟင်”
ရှစ်ကျန့်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
“ဂိုဏ်းက ပညာရှင်တစ်ယောက်က သူ့ရဲ့ ပါရမီကို နှမြောတဲ့အတွက် သူ့ကျင့်ကြံမှုအဆင့် ဖျက်ဆီးခံရမှာကို ဒီတိုင်း ကြည့်မနေရက်ခဲ့ဘူး.. အဲ့ပညာရှင်က သူ့ကို အကြိမ်ပေါင်းများစွာ ဖျောင်းဖျဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူကပဲ ပြန်အသတ်ခံလိုက်ရတယ်”
“အား သူက တစ်ကယ်ကို စွမ်းအားကြီးတဲ့လူပဲ.. ဂိုဏ်းက ပညာရှင်တွေ အများကြီး ပူးပေါင်းတိုက်ခိုက်တာတောင် သူက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်”
“ဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က နောက်ဆုံး ကိုယ်တိုင် လှုပ်ရှားဖို့ လုပ်ခဲ့ပေမယ့်.. အဲ့လူက သူ့ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီးတော့ အခြားမိစ္ဆာဒိဋ္ဌိဝါဒီတစ်ခုဖြစ်တဲ့ အဆိပ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့တယ်.. ကျုပ်တို့က ရှိသမျှ အကုန်ထုတ်သုံးပြီး သူ့ကို သတ်ဖို့ လုပ်မယ်ဆိုရင်တောင် ရုပ်သေးဂိုဏ်းက ကြီးကြီးမားမား ဆုံးရှုံးနစ်နာနိုင်တဲ့အပြင် ဖျက်ဆီးချေမှုန်းခံရမယ့်အရေးကိုပါ ရင်ဆိုင်ရနိုင်တဲ့ အနေအထား ဖြစ်လာခဲ့တယ်”
“နောက်ဆုံးတော့ ဘာမှ မတတ်နိုင်တော့ဘဲ သူ့ကို ထွက်ခွာခွင့် ပေးလိုက်ရတယ်.. သိပ်မကြာဘူး သူက ထျန်ဟွမ်ကုန်းမြေတိုက်မှာ အလောင်းသန့်စင်ကျင့်ထုံးကျင့်ထုံးဂိုဏ်းကို တည်ထောင်ပြီးတော့ ပိုပို သန်မာလာရင်း နောက်ဆုံး အဲ့ဒါက မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲက တစ်ခု ဖြစ်လာတော့တာပဲ”
“မထူးဆန်းတော့ဘူးပဲ”
ထိုနေရာအရောက်တွင် ဆူဇီမို၏ မျက်လုံးများထဲမှာ နားလည်သဘောပေါက်ခြင်းက ထင်ဟပ်လာ၏။
“စောစောထဲက အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းက သူတို့ရဲ့ တိုက်ပွဲဝင်အလောင်းကောင်တွေကို သန့်စင်ထိန်းချုပ်တဲ့နည်းလမ်းက ရုပ်သေးဂိုဏ်းက နည်းစနစ်နဲ့ ဆင်တူသလိုလိုပဲလို့ ငါတွေးမိနေတာ.. ကွာသွားတာက တစ်ခုက မိစ္ဆာဆန်ပြီးတော့ နောက်တစ်ခုက သမာသမတ်ကျနေတာပဲ.. လက်စသတ်တော့ သူ့တို့ရဲ့ နောက်ခံက သွားတူနေတာကိုး”
“ကံဆိုးစွာနဲ့ ကျုပ်တို့ရဲ့ နောက်ခံက တူပေမယ့်လို့.. လက်ရှိ ကျုပ်တို့နဲ့ သူတို့ကြားက အခြေအနေကတော့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ” ရှစ်ကျန့်က ပြောလိုက်၏။
ဖက်တီးလေးက သူ၏ သေးငယ်ဝိုင်းစက်သော မျက်လုံးကို ရွှေ့၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ ဤနေရာသို့ ကျင့်ကြံသူများက ပိုပိုစုလာသည်ကို တွေ့သောအခါ သူက တိုးတိုးပြောလိုက်၏။
“ကျုပ်တို့ ဒီနေရာကနေ အရင်ထွက်ရအောင်.. ဒါက သိပ်ပြီး ကြာကြာနေလို့ ကောင်းတဲ့နေရာ မဟုတ်ဘူး”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“မင်းတို့တွေ အရင်သွားနှင့်ကြ.. ငါကတော့ အဲ့ဒီသံတောင်ဝှေးကို သွားယူလိုက်ဦးမယ်”
သူတို့နှင့် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းအကြား တိုက်ပွဲက ပြီးသွားပြီ ဖြစ်သော်လည်း ထိုတိုက်ပွဲ၏ အုတ်အော်သောင်းတင်းကြောင့် ကျင့်ကြံသူများက ပို၍ စုဝေးလာကြပြီဖြစ်၏။
အခုဆို များစွာသော ကျင့်ကြံသူများနှင့် သားရဲတောကောင်များက တိုက်ခိုက်နေကြပြီဖြစ်ပြီး အဲ့ဒါတွေအားလုံးက လေထဲရှိ ဓမ္မအင်းကွက်လေးခုနှင့် ထိပ်တန်းအဆင့်ဓမ္မလက်နက်ကြောင့် ဖြစ်လေသည်။
ဆူဇီမို၏ မျက်လုံးကလည်း ထိုပစ္စည်းအပေါ်တွင် ရောက်နေ၏။
သူတို့သည် တစ်ရက်လုံးလုံး ခရီးသွားခဲ့ကြပြီး လိုဏ်ဂူခန်းဝါပေါင်း ၁၀ ခုကျော်ကို ဖြတ်လာခဲ့သော်လည်း ဤလက်နက်ကသာ အဆင့်အမြင့်ဆုံး ဓမ္မလက်နက် ဖြစ်လေသည်။
“ဟင့်အင်း.. မသွားနဲ့”
ဖက်တီးလေးက ဆူဇီမိုကို လက်ကနေ ကိုင်ပြီး တိုးတိုးပြောလိုက်၏။
“အဲ့လိုသံချေးတက်သတ္တုပျက်အတွက်နဲ့ ကျုပ်တို့ တိုက်ခိုက်နေစရာ မလိုပါဘူး.. လာလာ တခြားတစ်နေရာကို သွားရအောင်”
“အာ”
ဆူဇီမိုက ခဏမျှ ကြောင်အသွား၏။
သူ့လေသံက အရမ်းကို မောက်မာလွန်းရာ မကျဘူးလား..
ထိပ်တန်းအဆင့်ဓမ္မလက်နက်တစ်ခုကတောင် ဖက်တီးလေးရဲ့ မျက်လုံးထဲမှာ သံချေးတက်သတ္တုပျက်တဲ့လား..
ဖက်တီးလေးက ဆန်းကြယ်အသိရခက်သော ပုံစံဖြင့် ပြောလိုက်၏။
“ကျုပ်နောက်ကသာ လိုက်ခဲ့.. ခင်ဗျားတို့တွေကို ကျုပ် အခြားတစ်နေရာ ခေါ်သွားပေးမယ်”
“ဘာလဲဟ”
ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်၏။
ဖက်တီးလေးက ပြန်လှန်မေးလိုက်လေသည်။
“ခင်ဗျားတို့ ဒီနေ့ လိုဏ်ဂူခန်းဝါ ဘယ်လောက်များများ မြင်ခဲ့ကြလဲ”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“ဆယ်ခုကျော်..”
“အင်း”
ဖက်တီးလေးက အံ့အားသင့်မသွားပေ။
“ကျုပ်ရဲ့ တွက်ဆချက်အရဆို.. အဲ့လိုမျိုး လိုဏ်ဂူခန်းဝါပေါင်း နောက်ထပ် ဆယ်ခုကျော်ကျော်လောက်က ထပ်ပေါ်လာလိမ့်ဦးမယ်”
“များလှချေလား”
ဆူဇီမိုက အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“အဲ့လောက်များတဲ့ လိုဏ်ဂူခန်းဝါတွေက ဘာလို့ ရုတ်တရက်ကြီး ပေါ်လာကြတာလဲ.. ဒီနေရာမှာ တစ်ခုခု ဖြစ်ခဲ့တာလား”
“ပြောရမယ် ဆိုရင်တော့...”
ဖက်တီးလေးက သူ့အပြုံးကို ပြန်ရုတ်ပြီး ရှားရှားပါးပါး တည်တံ့စွာဖြင့် ပြောလိုက်၏။
“ဒီနယ်မြေတစ်ဝိုက်ရဲ့ အောက်မှာ တစ်ကယ့်အစစ်အမှန် ရတနာတွေကို မြှုပ်နှံထားတဲ့ ကြီးမားတဲ့ အုတ်ဂူကြီးတစ်လုံး ရှိတယ်”
“ဒီလိုဏ်ဂူခန်းဝါတွေက ဘာမှ မဟုတ်ဘူး.. အုတ်ဂူသခင်က လူတွေကို သက်သက်အာရုံလွှဲဖို့ စီမံထားခဲ့ရုံပဲ”