ကြယ်တာရာနဂါးခံတွင်း
Vol. 46 Ch. 682
“ဖက်တီးလေး.. ငါလဲ လိုက်မှာနော်”
ရှစ်ကျန့်က ရူးကြောင်ကြောင်ပြုံး၍ ပြောလိုက်၏။
“ငါက သိပ်မသန်မာပေမယ့်လို့ မင်းကို အကူအညီတော့ ပေးနိုင်ပါတယ်”
“အစ်ကိုဖက်တီး.. ကျမတို့လဲ ရှင့်ကို ကူညီပေးမယ်”
မြေခွေးလေးသည် အစကတည်းက သံယောဇဉ်တွယ်တာတတ်သူဖြစ်၏။ ထိုအချိန်၌ သူမသည် သူမ၏ အမွေးမွပွလက်ကလေးနှစ်ဖက်ကို မြှောက်ပြီး ဖက်တီးလေးကို အားပေးလိုက်၏။ သူမ၏ အသံက အရမ်းကို ချိုသာပြီး နှစ်သိမ့်ချော့မြှူနေသည့်အတိုင်းပင်။
ဤအချိန်များ အတောအတွင်း သူမသည် ဆူဇီမိုနှင့်အတူ ခရီးသွားလာပြီး ကမ္ဘာပေါ်ရှိ အရေးကိစ္စများစွာကို မျက်မြင်ကြုံတွေ့ခဲ့ရ၏။ သူမသည် အရင်ကလို ရှက်ရွံ့ကြောက်လန့်မနေတော့ဘဲ များစွာ ပို၍ သက်ဝင်လှုပ်ရှားလာပြီဖြစ်၏။
ဆူဇီမိုက ဟက်ကနဲ ရယ်လိုက်၏။
“ဖက်တီး.. မင်းစိတ်မရှိဘူးဆိုရင် ငါတို့ ညီကိုခုနှစ်ယောက်စလုံးက မင်းဘက်ကနေ ရပ်တည်ပေးမယ်”
“နောင်ကြီး ခင်ဗျား ဘယ်လို ပြောလိုက်တာလဲ”
ဖက်တီးလေးက သူ့အင်္ကျီလက်စကိုသူ လိပ်တင်ပြီး သူ့မျက်ရည်များကို ကပျာကယာ သုတ်လိုက်၏။ သူက သူ့ရင်ဘတ်ကိုသူ တဖုန်းဖုန်းပုတ်ပြီး ကြေညာလိုက်၏။
“နောင်ကြီး.. အဲ့ဒီအုတ်ဂူမှာ ဂိုဏ်းရဲ့ အဆုံးစွန်ရတနာအပြင် ခင်ဗျားတို့တွေအတွက် တခြားရတနာတွေလဲ ရှိသေးတယ်”
“အဲ့ဒါ မလိုပါဘူးကွာ.. ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေက အုတ်ဂူဂိုဏ်းရဲ့ ပစ္စည်းတွေပဲလေ” ဆူဇီမိုက ခေါင်းခါလိုက်၏။
“မရဘူး.. ခင်ဗျားတို့အားလုံး အဲ့ဒါတွေကို ယူကိုယူရမယ်”
ဖက်တီးလေးက မျက်လုံးပြူး၍ တည်တံ့စွာ ပြောလိုက်၏။
“ကျုပ်တို့က အဲ့လမ်းတစ်လျှောက်မှာ အန္တရာယ်တွေ အများကြီးနဲ့ ကြုံတွေ့ရမှာ.. ပြီးတော့ လမ့်မင်တို့အု့ပ်စုနဲ့တိုးရင် ကျုပ်တို့က သေချာပေါက် အသေအကြေ သတ်ဖြတ်ကြရမှာ.. ခင်ဗျားတို့တွေ အကုန်လုံးက အုတ်ဂူထဲက ရတနာတွေကို ရသင့်တယ်”
လမ့်မင်က ဖက်တီးလေး၏ စီနီယာအစ်ကို ဖြစ်လေသည်။
ဖက်တီးလေး၏ စကားအရဆို.. သူတို့နှစ်ယောက်က ဆက်ဆံရေး တော်တော် အဆင်မပြေကြပုံပင်။
ဆူဇီမိုက ဆိတ်ဆိတ်သာနေ၏။
အဲ့ဒါက ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်၏ အုတ်ဂူဖြစ်၏။
ဒါ့အပြင် ဤပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်သည် တစ်ခါက မည်ကာမတ္တတပည့်တစ်ဦး ဖြစ်ခဲ့ဖူး၏။ ထိုအုတ်ဂူထဲရှိ ရတနာများအားလုံးက တစ်ကယ့်ကို ရှားရှားပါးပါး ရတနာများ သေချာပေါက် ဖြစ်ရပေမည်။
အပြင်ဘက်ရှိ အာရုံလွှဲဖို့ စီစဉ်ထားခဲ့သော အုတ်ဂူများကပင် လူတိုင်း၏ လောဘမီးကို အပြင်းအထန် လောင်ကျွမ်းစေဖို့ လုံလောက်နေပြီးဖြစ်၏။ တစ်ကယ့်အစစ်အမှန် အုတ်ဂူထဲရှိ ရတနာများက ဘယ်လောက်တောင် အံ့ဩဘနန်းဖြစ်မလဲ ပြောနေစရာပင် လိုမည် မဟုတ်ပေ။
ဆူဇီမိုက တွေဝေနေဆဲဖြစ်သည်ကို တွေ့သောအခါ ဖက်တီးလေးက စိတ်တိုလာ၏။
“နောင်ကြီး.. ခင်ဗျားထပ်ပြီး ငြင်းမနေနဲ့တော့ဗျာ.. ကျုပ်ပြောရဲတယ်.. လမ့်မင်ကလဲ အုတ်ဂူထဲက ရတနာတွေနဲ့ အလဲအထပ် ကတိပေးပြီးတော့ ထိပ်သီးဂိုဏ်းက တပည့်တွေကို အကူအညီတောင်းပြီး ခေါ်လာခဲ့မှာပဲ”
“ကျုပ်တို့နှစ်ယောက်အတွက်တော့ ကျုပ်တို့ဂိုဏ်းက အဆုံးစွန်ရတနာကို ရယူနိုင်တာနဲ့ လုံလောက်သွားပြီ”
“ဟုတ်ပြီလေ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ငါ့အတွက် အဆင်ပြေတာ တစ်ခုခုတွေ့ရင် အဲ့ဒါကို ငါ ယူပါ့မယ်”
“ကဲ အဆင်ပြေပြီဆိုလဲ သွားကြရအောင်”
ဖက်တီးလေးက အားမာန်တက်ကြွသွားပြီး စက်ဝိုင်းပုံစံမြေတိုင်းအိမ်မြှောင်တစ်ခုကို ဆွဲထုတ်လိုက်၏။
မြေတိုင်းအိမ်မြှောင်က များပြားလှစွာသော စက်ဝိုင်းနှင့်ကြယ်များ၊ ဓါတ်ငါးမျိုးနှင့် ယင်ယန် စသည်တို့ဖြင့် ပြည့်နှက်နေ၏။ ထိုအထဲမှာ မဆုံးမသတ်နိုင်သော လျှို့ဝှက်ချက်များစွာကို ထည့်သွင်းထားသလိုပင်။
ဖက်တီးလေးက မြေတိုင်းအိမ်မြှောင်ကို ဖတ်၍ လမ်းကြောင်းတစ်ခုကို အတည်ပြုလိုက်ပြီး အရှေ့တောင်ဘက်အရပ်သို့ လက်ညိုးထိုးလိုက်၏။
“အဲ့လမ်းပဲ”
ဆူဇီမိုနှင့် အခြားသူများကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။
တစ်နာရီနီးပါး အပြင်းနှင်ကြပြီးနောက် ဖက်တီးလေးက ရုတ်တရက် ရပ်တန့်၍ မြေတိုင်းအိမ်မြှောင်ကို တစ်ဖန်ပြန်ကြည့်လိုက်၏။ ခဏနေပြီးနောက် သူက နောက်ထပ်အရပ်တစ်ဖက်ကို ညွှန်လိုက်ပြန်၏။
“ဒီလမ်း”
ဆူဇီမိုနှင့် အခြားသူများကလည်း ကန့်ကွက်စရာ မရှိပေ။
သူက တိုက်ခိုက်ရည်မှာ သန်မာသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးမှာ ဘာမှ မသိပေ။
လူတိုင်းမှာ သူတို့ကိုယ်ပိုင် ကျွမ်းကျင်ရာလိမ်မာရာ ရှိကြလေသည်။
ဤကဲ့သို့ တည်နေရာ ရှာဖွေခြင်းနှင့် အိမ်မြှောင်အသုံးပြုခြင်းတို့မှာ ဆူဇီမိုသည် ဖက်တီးလေးကို ဘယ်လိုမှ လိုက်မမီနိုင်ပေ။
ရုပ်သေးများကို ထိန်းချုပ်ပြီး အလုပ်များစွာ ခွဲဝေခြင်းမှာ သူသည် ရှစ်ကျန့်ကို မမီနိုင်ပေ။
ရှစ်ကျန့်က ရိုးသားပြီး သိပ်မထက်မြက်ပေ။ တစ်ကယ်ဆို သူက နည်းနည်းတောင် လေးကွေး၏။ သို့သော်လည်း သူ့ကို မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲမှ တစ်ခုဖြစ်သည့် ရုပ်သေးဂိုဏ်းက အသိအမှတ်ပြုပြီး သူတို့၏ တပည့်ဂိုဏ်းသားအဖြစ် စုဆောင်းခေါ်ယူသွား၏။
ထိုအချိန်တုန်းက သူတို့၏ ဆုံးဖြတ်ချက်အတွက် ဆူဇီမိုက ခဏတာ သံသယတောင် ဝင်ခဲ့ဖူး၏။
ရုပ်သေးဂိုဏ်းက ဘာကြောင့် ရှစ်ကျန့်ကို ရွေးချယ်သွားတာလဲ သူသိချင်မိခဲ့လေသည်။
သို့သော်လည်း ဤခရီးစဉ်အတွင် သူ၏ သံသယကို ရှစ်ကျန့်က ရှင်းလင်းပေးခဲ့၏။
လူတစ်ယောက်က ရုပ်သေးများအား ထိန်းချုပ်ခြင်းအတတ်ကို ကျင့်ကြံချင်လျှင် အလုပ်များစွာကို ခွဲဝေကိုင်တွယ်နိုင်ဖို့ လိုလေသည်။
လူတစ်ယောက်က ထက်ရှပြီး အသွက်လွန်နေလျှင် အလုပ်များစွာကို ခွဲဝေထိန်းချုပ်ဖို့ အခက်အခဲ ရှိလေသည်။
ရှစ်ကျန့်က ဆူဇီမိုကို ရုပ်သေးငါးရုပ်မဟုတ်ဘဲ နှစ်ရုပ်ကိုသာ ထိန်းချုပ်ခိုင်းကြည့်၏။
ရှစ်ကျန့်ကို ဆူဇီမိုကို မြေပြင်ပေါ်မှာ စက်ဝိုင်းပုံနှင့် စတုရန်းပုံကို တစ်ပြိုင်နက်တည်း ရေးဆွဲခိုင်းကြည့်၏။ သို့သော် ဆူဇီမိုသည် ဘယ်လိုပင် ကြိုးစားကြည့်ပါစေ.. မည်သို့မှ အဆင်မပြေဘဲ မချင့်မရဲနှင့် ရယ်နေရုံသာ တတ်နိုင်လေသည်။
သူ့ကို သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဟု ခေါ်ဆိုသမုတ်ကြသော်လည်း သူက အရာရာတိုင်းမှာတော့ တော်မနေနိုင်ပေ။
ဖက်တီးလေးသည် အစစ်အမှန်အုတ်ဂူကို ရှာဖွေနေချိန်တွင်.. သူ့မျက်နှာက ပြုံးမနေတော့ပေ။ ထို့အစား သူ့က အရမ်းကို တည်တံ့နေ၏။
ဖက်တီးလေး၏ ဦးဆောင်မှုအောက်တွင် သူတို့အုပ်စုသည် ကျယ်ပြန့်သော လွင်ပြင်များ၊ သဲကန္တာရများ၊ ရွှံ့ညွန်များ၊ တောင်တန်းများနှင့် တောအုပ်များကို ဖြတ်သန်းသွားလာခဲ့ကြ၏။
တစ်ခါတစ်ရံမှာ သူတို့သည် အရှေ့ဘက်သို့ ဦးတည်ကြပြီး တစ်ခါတစ်ရံမှာ မြောက်ဘက်သို့ ဦးတည်ကြလေသည်။ ဦးတည်ဘက်က ဘယ်တော့မှ အတည်တကျ မရှိဘဲ အမြဲတမ်း ပြောင်းလဲနေတတ်၏။
ဖက်တီးလေး မှန်းဆထားခဲ့သလိုပင် သူတို့သည် လမ်းတစ်လျှောက်မှာ ပိုပိုများလာသော လိုဏ်ဂူခန်းဝါများကို ကြုံတွေ့ခဲ့ရ၏။ အဲ့ဒါက အနည်းဆုံး ဆယ်ခုအထက် ရှိလေသည်။
ထိုအုတ်ဂူများပတ်လည်မှာ တိုက်ခိုက်နေကြသော ကျင့်ကြံသူများစွာ ရှိကြလေသည်။
“ဒါက အုတ်ဂူဂိုဏ်းက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းပကားပေါ့လေ”
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
“ဒီနယ်မြေက အရမ်းကို ရှုပ်ထွေးပွေလီပြီးတော့ အာရုံလွှဲအုတ်ဂူတွေကလဲ မရေမတွက်နိုင်အောင်ပဲ.. အမှတ်တမဲ့နဲ့ တော်တော်ကြီး တိုက်ဆိုင်တာကြောင့်သာ မဟုတ်ရင် ဘယ်သူ့မှ သူ့အုတ်ဂူကို ရှာတွေ့ကြမှာ မဟုတ်ဘူး”
သို့သော်လည်း နောက်တစ်ဖန် ပြန်တွေးပြီးနောက် ဆူဇီမိုသည် နောက်ကွယ်က အကြောင်းပြချက်ကို သဘောပေါက်နားလည်သွား၏။
ဤစွမ်းအားကြီးပုဂ္ဂိုလ်က အုတ်ဂူဂိုဏ်းမှ အရိုက်အရာဆက်ခံသူများအတွက် သူ့အုတ်ဂူကို သေချာပြင်ဆင်ခဲ့ခြင်း ဖြစ်ရပေမည်။
အုတ်ဂူဂိုဏ်းမှ အရိုက်အရာဆက်ခံသူများသာလျှင် အာရုံလွှဲအုတ်ဂူများကြားမှ အစစ်အမှန်အုတ်ဂူကို ရှာဖွေတွေ့နိုင်မည်ဖြစ်လေသည်။
တစ်ခဏအတွင်း ခြောက်နာရီက ကုန်ဆုံးသွား၏။
အဲဒါက ညနက်ပိုင်းသို့ ရောက်နေလေပြီ။
သူတို့အုပ်စုသည် လုံးဝ မနားကြဘဲ တစ်ချိန်လုံး ကွေ့လိုက်ပတ်လိုက်နှင့် သွားလာနေကြ၏။ သူတို့၏ ခရီးစဉ်က ရှည်လျားသော်လည်း တစ်ကယ်တမ်းတော့ သူတို့သည် ဤနယ်မြေကနေ မထွက်ရသေးပေ။
ရှေ့သို့တက်ပြီးနောက် ဖက်တီးလေးသည် ရုတ်တရက်ရပ်တန့်ကာ မြေတိုင်းအိမ်မြှောင်ကို လေးနက်တည်ကြည်စွာ စိုက်ကြည့်လိုက်၏။
“ဘာမှားနေလို့လဲ”
ဖက်တီးလေးက ရပ်တန့်နေသည်မှာ အတော်ကြာပြီဖြစ်သည့်အတွက် ဆူဇီမိုက မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
“ကျုပ်တို့ လမ်းပျောက်နေပြီ”
ဖက်တီးလေး၏ ပုံက အနည်းငယ် ကူကယ်ရာမဲ့၍ ငေးငိုင်နေ၏။
“အာ”
လူတိုင်း ကြောင်အသွားကြ၏။
ဖက်တီးလေးတောင် လမ်းပျောက်နေပြီဆိုလျှင် ကျန်သောသူများက ဘာလုပ်တတ်ပါမည်နည်း။
ဆူဇီမိုက ဖက်တီးလေး၏ လက်ထဲရှိ မြေတိုင်းအိမ်မြှောင်ကို လှမ်းကြည့်လိုက်၏။
အစတုန်းကတော့ သံလိုက်လက်တံကလေးသည် မြေတိုင်းအိမ်မြှောင်၏ ဒိုင်ခွက်ထဲတွင် ဦးတည်ဘက်တစ်ခုကို ညွှန်ပြမြဲဖြစ်၏။
သို့သော် ယခုအခါ သံလိုက်လက်တံက ရူးသွပ်သွားသည့်အလား ဒိုင်ခွက်ထဲမှာ ဟိုဟိဒီဒီ ဆောက်တည်ရာမရ လှည့်ပတ်နေလေသည်။
သူတို့သည် အုတ်ဂူ၏ တည်နေရာကို မပြောနှင့်.. သူတို့လက်ရှိ ရောက်နေရာကိုတောင် ခွဲခြားလို့ မရတော့ပေ။
ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အိမ်မြှောင်က ဘာဖြစ်သွားတာလဲ”
“ကျုပ်လဲ မပြောတတ်တော့ပါဘူးဗျာ”
ဖက်တီးလေးက ဦးနှောက်ခြောက်နေသော ပုံစံဖြင့် ပြောလိုက်၏။
“ကျုပ်တို့ ဒီနေရာကိုလဲ ရောက်ရော အဲ့ဒါက ရုတ်တရက် အခုလို ဖြစ်သွားတာပဲ”
ထိုသို့ပြောပြီးသည်နှင့် ဖက်တီးလေး၏ မျက်လုံးများက ဆူဇီမိုနှင့် အကြည့်ချင်း ဖလှယ်ရင်း ဝင်းလက်လာ၏။ သူတို့နှစ်ယောက်စလုံးသည် တစ်ပြိုင်နက်တည်း လွှတ်ကနဲ ပြောလိုက်ကြ၏။
“အုတ်ဂူက ဒီနေရာမှာ”
လူတိုင်းငုံ့ကြည့်လိုက်ကြ၏။
မလှမ်းမကမ်းတွင် စိမ်းလန်းစိုပြေသော တောင်ထွတ်တစ်ခုရှိပြီး သူတို့ကို စိမ်းလန်းသော သစ်ပင်ဝါးပင်များက ဝန်းရံထားလေသည်။
မလှမ်းမကမ်းတွင် ရေကန်လေးတစ်ကန်လည်းရှိပြီး ထိုစဉ် တောကောင်လေးတစ်ကောင်က ရေလာသောက်နေ၏။ အရာရာတိုင်းက စိမ်းလန်းစိုပြေ၍ အေးချမ်းသာယာသော မြင်ကွင်းများ ဖြစ်လေသည်။
ဒီနားတစ်ဝိုက်မှာ အုတ်ဂူက ရှိရမည်ဟု သူတို့ ကောက်ချက်ချလိုက်သော်လည်း နေရာအတိအကျကို မည်သူမှ မသိကြပေ။
စိတ်ဝိညာဉ်ကျားက ကျယ်လောင်စွာ ပြောလိုက်၏။
“အုတ်ဂူက ဒီနေရာမှာ ဆိုမှတော့ ငါတို့အတူပေါင်းပြီး မြေလှန်ကြမယ်.. အနှေးနဲ့အမြန်ဆိုသလို ငါတို့ တွင်းတစ်တွင်းကိုတော့ တွေ့ရမှာပဲ”
“ဟင့်အင်း.. အဲ့လို လုပ်လို့ မရဘူး”
ဆူဇီမိုက ခေါင်းခါလိုက်၏။
“ဒီနေရာက အရမ်း မကျယ်ဝန်းဘူးဆိုပေမယ့်လို့ သိပ်တော့ဘဲ မကျဉ်းဘူး.. အုတ်ဂူက ဘယ်လောက်နက်နက်မှာ မြှုုပ်ထားလဲဆိုတာလဲ ငါတို့ သိရတာ မဟုတ်ဘူး.. ငါတို့က အဲ့ဒါကို ဘယ်လောက်ကြာကြာ တူးနေရမှာလဲ”
“အမှန်ပဲ.. ငါတို့ အဲ့လိုလုပ်ရင် အုတ်ဂူကိုတောင် ရှာမတွေ့သေးဘူး.. ဘေးနားက ကျင့်ကြံသူတွေက ဝိုင်းအုံလာကြလိမ့်မယ်” ချင်ချင်က ခေါင်းညိတ်၍ ဆူဇီမိုကို ထောက်ခံလိုက်၏။
“ကျုပ်တို့ လုပ်လို့ ရကို မရတာ”
ဖက်တီးလေးက တည့်တံ့စွာဖြင့် ပြောလိုက်၏။
“အဲ့ဒီစီနီယာရဲ့ အုတ်ဂူပတ်လည်မှာ ချိတ်စည်းတွေ အများကြီး ခင်းကျင်းထားလိမ့်မယ်.. ကျုပ်တို့က အားသုံးပြီး အဲ့ဒါကို ချိုးဖျက်မိရင်.. ချိတ်စည်းတွေက ကျုပ်တို့်ကို ပြန်လှန်တိုက်ခိုက်လိမ့်မယ်”
ထိုစကားကို ကြားသောအခါ စိတ်ဝိညာဉ်ကျားသည် ဆတ်ကနဲ တုန်သွားပြီး ဆက်လက်၍ အကြံမပြုရဲတော့ပေ။
ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ခင်းကျင်းထားခဲ့သော ချိတ်စည်းကို သူတို့က သွားရောက်နှိုးဆွမိပါက သူတို့မှာ အသက်ဆယ်သက် ရှိလျှင်တောင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
ဖက်တီးလေးက ကောင်းကင်ထက်သို့ မျှော်ကြည့်ရင်း သူ့မျက်လုံးများထဲမှာ နားလည်သဘောပေါက်မှုက တဖြည်းဖြည်း ဝင်ရောက်လာ၏။
“ကျုပ်သိပြီ”
ခဏနေပြီးနောက် သူက ဝမ်းသာအားရ ထခုန်လိုက်၏။
“ဒါက ဒဏ္ဍာရီလာကြယ်တာရာနဂါးခံတွင်းပဲ”