လုံးလုံးလျားလျား အရှက်မဲ့ခြင်း
Vol. 46 Ch. 683
ရှစ်ကျန့်က စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ကြယ်တာရာနဂါးခံတွင်းဆိုတာ ဘာကြီးလဲ”
ဖက်တီးလေးက အဲ့ဒါကို တွေးရင်းတွေးရင်းနှင့် ပိုပိုပြီးတော့ စိတ်လှုပ်ရှားလာလေသည်။
“အဲ့ဒါက ရှေးဟောင်းခေတ်က မြှုပ်နှံခြင်းနည်းစနစ်တစ်ခုပဲ.. အဲ့ဒါက ပျောက်ဆုံးသွားတာ တော်တော်ကြာနေပြီ.. ဒီစီနီယာက အဲ့ဒီနည်းစနစ်ကို သုံးပြီး ဒါကို ခင်းကျင်းထားခဲ့တယ်ဆိုတော့..”
တဖြည်းဖြည်းနှင့် ဖက်တီးလေးသည် သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိမ်ပြီး ပြန်မေးလိုက်၏။
“ကျုပ်တို့လာတဲ့လမ်းမှာ အာရုံလွှဲလိုဏ်ဂူခန်းဝါတွေ အတော်များများ တွေ့ခဲ့ရတာကို ခင်ဗျားတို့ မှတ်မိတယ်မလား”
လူတိုင်းက ခေါင်းညိတ်ပြလိုက်ကြ၏။
ဖက်တီးလေးက ဟက်ကနဲ ရယ်လိုက်လေသည်။
“အဲ့ဒီလိုဏ်ဂူခန်းဝါတွေက အာရုံလွှဲဖို့အတွက် ဆိုပေမယ့်လဲ.. တစ်ကယ်တော့ သူတို့က ဒီအုတ်ဂူဝင်္ကပါရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပဲ.. အဲ့ဒါထက် သူတို့က အုတ်ဂူကို ရှာဖွေဖို့အတွက် သော့ချက်တွေပဲ”
“အဲ့ဒီအာရုံလွှဲအုတ်ဂူတွေကို ကောင်းကင်က ကြယ်တာရာတွေနဲ့ ချိန်ညှိပြီး ချမှတ်ထားတာဗျ.. သူတို့က ဒီတိုင်းပွစာကြဲနေတယ်လို့ ထင်ရပေမယ့်.. သူတို့က နဂါးကြောကွန်ယက်တစ်ခုကို ဖွဲ့စည်းထားကြတာ.. အဲ့ဒါက ဂိုဏ်းက ပြောခဲ့တဲ့ နဂါးကြောပဲ”
နဂါးကြောများက နှစ်မျိုးရှိလေသည်။ တစ်ခုက သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ လူဖန်တီးထားခြင်း ဖြစ်လေသည်။
နဂါးကြောတစ်ခုကို ကံကြမ္မာ စုစည်းဖို့အတွက်နှင့် ဖုန့်ရွှေကို ပြောင်းလဲဖို့အတွက် အသုံးပြုနိုင်လေသည်။ အဲ့ဒါက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး လူတစ်ယောက်က နဂါးကြောတစ်ခုကို ဖန်တီးဖို့က မဖြစ်နိုင်သလောက်နီးပါး ခက်ခဲလေသည်။
သာမန်ကျင့်ကြံသူများအနေဖြင့် နဂါးကြောတစ်ခုကို ခွဲခြားသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အုတ်ဂူဂိုဏ်း၏ အမွေခံတပည့်များကတော့ နဂါးကြောတစ်ခု၏ တည်ရှိမှုကို အာရုံခံနိုင်ပြီး ၎င်း၏ စွမ်းအားကိုပင် အသုံးချကာ သူတို့၏ ရန်သူများကို သတ်ဖြတ်နိုင်လေသည်။ အဲ့ဒါက တစ်ကယ့်ကို အံ့မခန်းပင်။
လူတိုင်းသည် ဖက်တီးလေး၏ အကြည့်နောက်သို့ လိုက်ပါ၍ အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
ယခုအခါ ကောင်းကင်က မှောင်မဲနေ၏။
ကောင်းကင်ယံတွင် ကြယ်များက အစက်အပြောက်များအဖြစ် ရှိနေလေသည်။
သူတို့ရောက်နေသောနေရာ၏ အထက်မှာ ကြယ်များက အထူးတလည် ကွက်၍ တောက်ပနေ၏။ သူတို့သည် အာရုံလွှဲလိုဏ်ဂူခန်းဝါများနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ချိတ်ဆက်ထားသည့်အလား တဖျပ်ဖျပ်လက်နေ၏။
ကြယ်များက ကစင်ကလျားပုံစံနှင့် ရှိနေသည်ဟု ထင်ရသော်လည်း သူတို့ကို အစဉ်လိုက် မျဉ်းကြောင်းဆွဲ ချိတ်ဆက်ကြည့်လျှင် နဂါးကြောတစ်ခု၏ ပုံစံ ပေါ်လာသည်ကို တွေ့မြင်ရပေမည်။
နဂါးအမြီး၊ လက်သည်း၊ ဦးခေါင်း၊ ကိုယ်ထည်.. အစိတ်အပိုင်း အစုံအလင် တည်ရှိလေသည်။
ဆူဇီမိုသည် သူ့မျက်လုံးများကို မှိတ်ချပြီး ကောင်းကင်ထက်မှာ ရစ်ဝဲ၍ ကမ္ဘာမြေပြင်ကို အေးစက်မောက်မာစွာ ငုံ့ကြည့်နေသော ခမ်းနားထည်ဝါသည့် ဦးချိုနှစ်ဖက်နှင့် ဧရာမနဂါးကြီးတစ်ကောင်၏ ပုံစံကို စိတ်ကူးပုံဖော်ကြည့်လိုက်၏။
ရုတ်တရက်.. ကောင်းကင်ထက်မှ ဧရာမနဂါးကြီးနှင့် မပီမသ ချိတ်ဆက်မှုတစ်ခု ရရှိသွားသည့်အလား.. ဆူဇီမို၏ ကိုယ်တွင်းရှိ သွေးချီများက တလိပ်လိပ်တက်လာပြီး ခပ်သဲ့သဲ့ဟိန်းသံတစ်ခုကို သူခံစားမိလိုက်၏။
သူသည် တသိမ့်သိမ့်တုန်ယင်သွားပြီး သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်၏။
ထိုခံစားချက်က ဖျတ်ကနဲ ခဏတာ ပေါ်လာခဲ့ခြင်းပင်။
ဆူဇီမိုသည် အဲ့အကြောင်းကို များစွာစဉ်းစားတွေးတောမနေတော့ဘဲ သူကျင့်ကြံထားသော ရှေးဟောင်းနဂါးအသွင်ပြောင်း ပညာရပ်မှာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်ဟုသာ ယူဆလိုက်၏။
အတန်ကြာ စဉ်းစားတွေးတောပြီးနောက်.. ဖက်တီးလေးက တစ်ခုခုကို အတွေးပေါက်သွားသည့်အလား လွှတ်ကနဲ ပြောလိုက်၏။
“ငါ သိပြီကွ”
“ဘာလဲဟင်”
လူတိုင်းက သိချင်စိတ် ပြင်းပြစွာဖြင့် လှည့်ကြည့်လိုက်ကြ၏။
သူက ဖြည်းဖြည်းချင်း ပြောလေသည်။
“ဒီအုတ်ဂူက ဒီနေရာမှာ ဒီလောက်အကြာကြီး မြှပ်နှံလာခဲ့ပြီး အခုမှ ပြန်ပေါ်လာတယ်ဆိုတာ.. ဒီနဂါးကြောက အခုမှ ဖွဲ့တည်ကာစမို့ပဲ”
“နဂါးကြော အကုန်လုံးနီးပါးက သဘာဝကနေ ဖြစ်ပေါ်လာတာပဲ.. အဲ့ဒါကို တုပပြုုလုပ်ဖို့က မလွယ်ကူလှဘူး”
“အုတ်ဂူဂိုဏ်းရဲ့ ဒီစီနီယာက ကောင်းကင်နဲ့ မြေကြီးကို ချိတ်ဆက်ဖို့ ကြယ်တာရာနဂါးခံတွင်းကို ချခင်းခဲ့တာပဲ.. သူက ကြယ်တာရာတွေရဲ့ စွမ်းအားကို ဒီနေရာကိုဆွဲယူ၊ စကြာဝဠာက ကံကြမ္မာကောင်းတွေကို စုဆောင်းပြီးတော့ နဂါးကြောကို ဖွဲ့တည်ဖို့ ကြိုးစားခဲ့တာပဲ.. နောက်ဆုံး အခုခေတ်ကို ရောက်မှ နဂါးကြောက နောက်ဆုံး ဖြစ်တည်လာခဲ့တာ”
ရှစ်ကျန့်က သိချင်စိတ်ဖြင့် မေးလိုက်၏။
“အဲ့ဒီစီနီယာက ဘယ်တုန်းကထဲက ကွယ်လွန်သွားခဲ့တာလဲ”
ဖက်တီးလေးက တည်တံ့စွာ ပြန်ဖြေလိုက်၏။
“အနည်းဆုံးတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာပေါ့”
“အာ”
လူတိုင်းသည် တုန်လှုပ်စွာနှင့် မှင်တက်သွားကြ၏။
“အဲ့ဒါက အံ့မခန်းပဲ”
ဆူဇီမိုသည် စိတ်ထဲကနေ ရေရွတ်လိုက်၏။
ရှေးဟောင်းလျှို့ဝှက်ပညာရပ်တစ်ခုဖြင့် နဂါးကြောတစ်ခု ဖြစ်လာစေဖို့အတွက် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပြီး နှစ်ထောင်ပေါင်းများစွာကြာမြင့်မှ ပေးနိုင်မည့် အမွေအနှစ်တစ်ခုကို ချန်ထားရစ်ခဲ့၏။
အုတ်ဂူဂိုဏ်း၏ ဤစွမ်းအားကြီးပုဂ္ဂိုလ်က မဟာယာနအဆင့်သို့ မတက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ နည်းလမ်းများက နတ်ဘုရားဆန်သည်ဟု ပြောလို့ ရလေသည်။
“အစ်ကိုဖက်တီး.. ရှင်ပြောတဲ့ နဂါးခံတွင်းဆိုတာ ဘာလဲဟင်” မြေခွေးလေးက သူမ၏ မျက်လုံးဝိုင်းကို ပုတ်ခတ်ပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။
စိတ်ဝိညာဉ်ကျားကလည်း လောဆော်လိုက်၏။
“ဖက်တီး.. မင်းပြောတဲ့ ဟာတွေကို ထားပါဦး.. အုတ်ဂူရဲ့ ဝင်ပေါက်က ဘယ်မှာလဲ”
သူသည် ရတနာအချို့ ရနိုင်မလား မျှော်လင့်ချက်ဖြင့် အုတ်ဂူထဲသို့ ဝင်ရောက်ဖို့ စိတ်မရှည်နိုင် ဖြစ်နေလေပြီ။
စိတ်ဝိညာဉ်ကျား၏ သဘောထားကို သတိထားမိသည့်အတွက် ချင်ချင်က သတိပေးသည့်အနေဖြင့် မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်၏။
ဆူဇီမိုကတော့ ပြုံးစစဖြင့်သာ ရှိနေ၏။
ဘာပဲပြောပြော စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်က ဆန်းကြယ်တောင်ထွတ်မှာ အတန်ကြာ အတူနေလာခဲ့ကြသည့်အတွက် တစ်ယောက်အပြုအမူကိုတစ်ယောက် နားလည်ထားကြလေသည်။
ဖက်တီးလေးက အုတ်ဂူထဲသို့ ရောက်လျှင် သူတို့အလိုရှိရာ ရတနာများကို ယူနိုင်သည်ဟု ကတိပေးထားသော်လည်း.. ဘာပဲပြောပြော အဲ့ဒါက အုတ်ဂူဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်၏ အုတ်ဂူသာလျှင် ဖြစ်လေသည်။
အုတ်ဂူထဲမှ ကောင်းနိုးရာရာ ရတနာများအားလုံးကို သူတို့၏ သိုလှောင်အိတ်ထဲသို့ စွတ်ရွတ်ထည့်လျှင် အဲ့ဒါက လောဘကြီးရာ ကျနေပေလိမ့်မည်။
ဒါ့အပြင် အုတ်ဂူတွင်း၌ ကြုံတွေ့ရမည် အခြေအနေများကိုလည်း လောလောဆယ် သူတို့ မသိရသေးပေ။
သူ့စိတ်ဆန္ဒကို ဖော်ထုတ်ခံလိုက်ရသည့်အတွက် စိတ်ဝိညာဉ်ကျားသည် ရှက်ရွံ့သည့်ပုံ ပေါက်သွားပြီး ချောင်းဟန့်ကာ ဣန္ဒြေပြန်ဆယ်ဖို့ ကြိုးစားလိုက်၏။
ဖက်တီးလေးက မလှမ်းမကမ်းရှိ ရေကန်ကို လက်ညိုးထိုးပြလိုက်၏။
“ကျုပ်ထင်တာ မမှားဘူးဆို.. အုတ်ဂူရဲ့ ဝင်ပေါက်က အဲ့ရေကန်ပဲ”
“ရေကန်အောက်မှာလား”
ရွှေခြင်္သေ့က မယုံကြည်နိုင်မှုဖြင့် မေးလိုက်၏။
ရေကန်က ညစ်ပေသော ရေများဖြင့် သာမန်သာ ဖြစ်လေသည်။ ကြည့်ရသလောက်တော့ ဘာမှ ထူးခြားနေတာ မရှိပေ။
ဖက်တီးလေးက ကောင်းကင်ထက်ကို လက်ညိုးထိုးပြလိုက်၏။
“နဂါးကြောရဲ့ ဦးတည်ဘက်ကို စစ်ဆေးကြည့်လိုက်”
လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြ၏။
ဖက်တီးလေးက ဆက်ပြောလေသည်။
“ဟိုဟာက နဂါးရဲ့အမြီး.. ဟိုဟာက နဂါးရဲ့ကိုယ်.. အဲ့တိုင်း ဆက်သွားမယ်ဆိုရင် ကြယ်တွေက စုပြုံနေတဲ့ နေရာက နဂါးရဲ့ ဦးခေါင်း ဖြစ်ရမယ်မလား”
“ခေါင်းရဲ့ အောက်ဘက်နားက နဂါးခံတွင်းရှိမယ့် ပါးစပ်ပေါက်ပဲ.. ဒီရေကန်က နဂါးရဲ့ခံတွင်းကို တည့်တည့်ညွှန်ပြနေတာပဲ”
လူတိုင်း နားလည်သဘောပေါက်လာကြ၏။
ရှစ်ကျန့်တစ်ယောက်တည်းသာလျှင် ရှုပ်ထွေးနေသော အမူအယာဖြင့် ခေါင်းခါလိုက်၏။
“ကျုပ်ကတော့ ဘယ်လိုမှ နားမလည်နိုင်ဘူး.. ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့သွားတဲ့နောက်တော့ လိုက်ခဲ့မှာပဲ”
“ကျုပ်နောက်က လိုက်ခဲ့ကြ”
ဖက်တီးလေးက လက်ပြ၍ မလှမ်းမကမ်းရှိ ရေကန်ဆီသို့ ဦးဆောင်သွားလေသည်။
ရေကန်နားသို့ သူတို့ ချဉ်းကပ်လာသောအခါ တစ်ခုခု ထူးခြားနေတာကို လူတိုင်းစတင် သတိထားမိလာ၏။
ရေကန်၏ မျက်နှာပြင်က အေးစက်ပြီး မသတီစရာကောင်းနေ၏။
မြေခွေးလေးသည် အလိုလို တဆတ်ဆတ် တုန်ယင်လာလေသည်။
သူမသည် ဆူဇီမို၏ နောက်သို့ ဝင်ပုန်းပြီး သူ့အင်္ကျီလက်စကို တိတ်တိတ်လေး ဆုပ်ကိုင်ထားလိုက်၏။
ဆူဇီမိုက ငဲ့ကြည့်လိုက်၏။
မြေခွေးလေးက မော့လိုက်ပြီး သူမ၏ နူးညံ့သော လည်တိုင်ကို ထုတ်ဖော်ကာ သူ့ကို သနားစဖွယ် မျက်လုံးများဖြင့် ပြန်ငေးကြည့်နေ၏။ သူမသည် ကြောက်နေသည်မှာ သိသာသော်လည်း သူမ၏ ချယ်ရီနှုတ်ခမ်းဖူးဖူးကို ကိုက်ကာ ဘာမှ မပြောပေ။
ဆူဇီမိုက ပြုံးလိုက်၏။ မြေခွေးလေး၏ စိတ်ထဲတွင် ဘာရှိသလဲ သူသိတာပေါ့..
“လာခဲ့.. ဒါပေမယ့် ဒီတစ်ခါပဲ ရမယ်နော်”
မြေခွေးလေးက ခစ်ကနဲ ရယ်ပြီး သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလိုက်လေသည်။
မီးတောက်နီရောင်မြေခွေးလေးက သူမ၏ အမွေးပွပွအမြီးကို ဝေ့ရမ်းပြီး ဆူဇီမို၏ ခြေထောက်ကနေ ရင်ခွင်ထဲထိ ပြုလုပ်နေကျပုံစံဖြင့် တွယ်တက်သွား၏။ သူမ၏ ချစ်စရာ ဦးခေါင်းကိုသာ အပြင်ဘက်သို့ ပြူထွက်ထားပြီး သူမ၏ လှပသော မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။
ဆူဇီမို၏ ရင်ခွင်ထဲသို့ ရောက်သည်နှင့် သူမသည် နွေးထွေးမှုကို ခံစားလိုက်ရ၏။
ရေကန်မှ ချမ်းစိမ့်နေသော အော်ရာက ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်က ပူနွေးနေသော ဒယ်စောက်တစ်လုံးနှင့် တူလေသည်။ သူတို့သာ အုတ်ဂူဆီသို့ မသွားကြသေးဘူးဆို သူမက တစ်မှေးလောက်တောင် အိပ်စက်ချင်မိသွားလေသည်။
ထိုသည်ကို မြင်သောအခါ စိတ်ဝိညာဉ်ကျား၏ စိတ်ထဲတွင် အတွေးတစ်ခုက ကပ်ငြိဝင်ရောက်လာသည့်အလား သူ့မျက်လုံးများက ဂနာမငြိမ် ဖြစ်လာ၏။ သူက ချင်ချင်ဘေးသို့ လျှောက်သွားပြီး သူ့ရင်ဘတ်ကို ပုတ်ပြကာ ရဲရင့်ပြတ်သားစွာ ကြေညာလိုက်၏။
“ချင်ချင်.. ဘာမှ မကြောက်နဲ့.. ဟူပါးထျန်ရဲ့ ရင်ခွင်က မင်းအတွက် နွေးထွေးစေရမယ်.. မြန်မြန်လာတက်လိုက် လာ”
ထိုသို့ပြောပြီးသည်နှင့် စိတ်ဝိညာဉ်ကျားက သူ့ရင်ဘတ်ကို ဖွင့်ပြီး သူ၏ အနက်နှင့်အဝါ ကျားထားသော ရင်ဘတ်မွေးများကို ထုတ်ပြလိုက်၏။
မျောက်က မျက်လုံး စွေကြည့်လိုက်၏။
မြေခွေးလေးက အံ့အားသင့်သွားပြီး တခစ်ခစ် ရယ်မောလိုက်၏။
“လခွမ်း.. ဒီဘဲက အတည်ပေါက်ကြီး လုပ်နေတာပဲဟ”
ရွှေခြင်္သေ့က မျက်မှောင်ကြုတ်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေ၏။
ချင်ချင်၏ မျက်နှာက မာကြောခက်ထန်လာပြီး သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ မာန်မဲလိုက်၏။
“သွားစမ်း”
စိတ်ဝိညာဉ်ကျား၏ သူ့ခေါင်းကို ကုတ်၍ သူ၏ ဆိုးညစ်သော မျက်လုံးများက လှိုက်ဖိုနေသော ချင်ချင်၏ ရင်ဘတ်ဆီသို့ ရောက်သွားပြီး တတွတ်တွတ်ပြောလိုက်၏။
“ချင်ချင်ရယ်.. ငါ့ရင်ထဲကို မင်းမလာချင်ဘူးဆိုလဲ ရပါတယ်.. ဒီလိုလုပ်လေ.. အဲ့အစား မင်းရင်ခွင်ထဲကို ငါလာလိုက်မယ်.. ငါ့အတွက် မင်းရင်ခွင်ကို ဖွင့်ပေးပါလား”
သူတို့၏ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွား၏။
ရွှေခြင်္သေ့က စိတ်ထဲကနေ ညည်းတွားလိုက်၏။
“ငါ့တစ်သက်မှာတော့ ဒီလောက် အရှက်မဲ့တဲ့သူမျိုး တစ်ခါမှ ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူး”
ချင်ချင်က ဘာစကားမှ ပြောမနေတော့ဘဲ သူမ၏ ခြေထောက်ကို မြှောက်ကာ စိတ်ဝိညာဉ်ကျား၏ တင်ပါးဆုံကို မညှာမတာ ပစ်ကန်ချလိုက်၏။
ဖောင်း..
စိတ်ဝိညာဉ်ကျားသည် ချက်ချင်းလက်ငင်း ရေကဲ့သို့ စင်ကျသွားပြီး အလွန်တရာ ဆိုးဆိုးရွားရွားပုံ ပေါက်သွားလေသည်။
လူတိုင်းက ဟားတိုက်ရယ်မောလိုက်ကြ၏။
စောစောက အနိဋ္ဌာရုံဆန်နေသော လေထုက သိသိသာသာ ပေါ့ပါးသွားလေသည်။
ဖက်တီးလေးက သူ့လက်ကို ဝေ့ရမ်းပြလိုက်၏။
“လာဟေ့.. ကျုပ်တို့လဲ ဆင်းကြရအောင်”