← Chapters

ရှေးဟောင်းနှင်းခဲမိချောင်း

Vol. 46 Ch. 684

ရှေးဟောင်းနှင်းခဲမိချောင်း

Vol. 46 Ch. 684

သူတို့အားလုံးက ရွှေအမြုတေများ ဖြစ်ကြ၏။

ရေအောက်ထဲသို့ ငုပ်လျှိုးပြီးနောက် မျောက်နှင့် အခြားသူများသည် သူတို့၏ အတွင်းအမြုတေများကို လှည့်ပတ်ကာ သားရဲချီများကို ထုတ်ဖော်ပြီး သူတို့၏ ဘေးပတ်လည်က ရေများကို တားဆီးဖို့အတွက် အကာအရံအလင်းလွှာများကို ဖန်တီးလိုက်ကြ၏။

ဖက်တီးလေးနှင့် ရှစ်ကျန့်သည်လည်း သူတို့ လွယ်ကူစွာ အသက်ရှူနိုင်ဖို့အတွက် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ အကာအရံအလွှာတစ်ခုစီကို ဖန်တီးလိုက်ကြ၏။

ရေကန်၏ အောက်က မှောင်မိုက်နေ၏။

ရေကန်ထဲရှိ ရေများကို အရမ်းကို နောက်ကျိနေလေသည်။ ဆူဇီမို၏ အမြင်အာရုံက ထက်ရှသော်လည်း အကန့်အသတ်တော့ ရှိလေသည်။ ယခုအခါ သူ့မြင်ကွင်းကို နောက်ကျိသော ရေများက ပိတ်ဆို့ထားပြီး သူသည်လည်း ကောင်းစွာ မမြင်နိုင်ပေ။

ဆူဇီမိုသည် အရမ်းကို သတိထားနေပြီး နမော်နမဲ့ မလုပ်ရဲဘဲ သေချာစူးစိုက်ကြည့်ရှု၍ သူ့နားကိုလည်း စွင့်ထား၏။

သူတို့သည် အုတ်ဂူတည်နေရာကို အတည်ပြုနိုင်သော်လည်း ရေကန်ထဲမှာ ဘာတွေ ရှိနေမလဲ ဘယ်သူ့မှ မသိကြပေ။

ရှေးဟောင်းတိုက်ပွဲမြေ၏ ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဌာန်က သက်တမ်းအလွန်ရှည်ကြာခဲ့ပြီဖြစ်၍ ဤကဲ့သို့သော မသတီစရာ ရေကန်ထဲမှာ မွန်းစတားတစ်ကောင်ကောင် မွေးဖွားထားမည်ဆိုပါက အံ့ဩစရာ မဟုတ်ပေ။

ဒါ့အပြင် အခုအချိန်ထိ သူတို့သည် ဖက်တီးလေး၏ စီနီယာအစ်ကိုဆိုသူ လမ့်မင်၏ အရိပ်အယောင်ကိုလည်း တစ်စွန်းတစ်စမှ မမြင်တွေ့ရပေ။

သူက သည်နေရာကို သူတို့ထက်အရင် ရောက်နေမလား.. ဘယ်သူမှ မသိပေ။

မြေခွေးလေးက ဆူဇီမို၏ ရင်ခွင်ထဲ ရောက်နေပြီး ကျန်သူတို့ခုနှစ်ယောက်က ချင်ချင်ကို အလယ်မှာထား၍ စက်ဝိုင်းတစ်ခုလို ဝိုင်းပတ်ပြီး တဖြည်းဖြည်း အောက်သို့ ငုပ်လျှိုးလိုက်ကြ၏။

သူတို့ဝင်ရောက်ကာစမှာပင် ရေက အေးစက်နေပြီးဖြစ်၏။ သို့သော် လူတိုင်း၏ ကျင့်ကြံမှုအဆင့်က မြင့်မားသည့်အတွက် သူတို့က အဲ့ဒါကို တောင့်ခံနိုင်လေသည်။

သူတို့ ရေအနက်ပိုင်းထဲသို့ ရောက်လာလေလေ.. ရေ၏ အအေးဓါတ်ကလည်း လွန်ကဲလာလေလေ ဖြစ်၏။ တစ်ကယ်ဆို အဲ့ဒါက အရမ်းကို ချမ်းစိမ့်လွန်းသောကြောင့် အအေးဓါတ်က သူတို့ရဲ့ သားရဲချီအကာအရံနှင့် စိတ်ဝိညာဉ်စွမ်းအင်အကာအရံတို့ကိုပင် ထိုးဖောက်ဝင်ရောက်လာနေပြီဖြစ်၏။

ထိုမျှသာမက ရေအနက်ပိုင်းထဲသို့ ရောက်လာလေလေ.. သူတို့၏ ဘေးပတ်လည်ရှိ ရေဖိအားကလည်း ပို၍ သိပ်သည်းပြင်းထန်လာလေဖြစ်၏။

အခုဆို ဆူဇီမိုကလွဲလျှင် မျောက်တောင်မှ ဖိအားဒဏ်ကို စတင်ခံစားလာရပြီဖြစ်ပြီး အသက်ရှူဖို့ပင် ခက်ခဲလာ၏။

“ဒီရေကန်က ကြည့်တော့တာ သာမန်ပုံစံနဲ့.. တစ်ကယ့်တစ်ကယ်ကျတော့ တော်တော်နက်တာပဲဟ” စိတ်ဝိညာဉ်ကျားက တိတ်တဆိတ် တုန်လှုပ်လာ၏။

မျောက်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ငါတို့ အခု ဘယ်လောက်အနက်ကို ရောက်နေပြီလဲ”

ဆူဇီမိုက အလေးအနက် ဖြေလိုက်၏။

“ငါတို့အခု ပေသုံးထောင်ကျော်အနက်ကို ရောက်နေပြီ”

ဆိုလိုသည်မှာ သူတို့က တစ်ကီလိုမီတာလောက် အောက်ဆင်းလာခဲ့လေပြီ။

တစ်ကီလိုမီတာအနက် ရေ၏ ဖိအားက တုန်လှုပ်စရာကောင်းလောက်အောင်ကို ပြင်းထန်လေသည်။ သာမန်ရွှေအမြုတေများဆိုလျှင် သူတို့၏ ဒွာရများမှ သွေးများထွက်၍ သေနေလောက်လေပြီ။

ဒါ့အပြင် ဤနေရာရှိ ရေက အရိုးခိုက်အောင် စူးစူးရှရှ ချမ်းစိမ့်လွန်းလှ၏။

စိတ်ဝိညာဉ်ကျားသည် တစ်ခုခုကို တွေးမိကာ စိတ်သက်သာရာ ရသွား၏။

သူအကြံပြုခဲ့သလို မြေလှန်ရှာကြမည်ဆိုလျှင် သူတို့က တစ်နှစ်ပတ်လုံး မြေပြင်ကို တူးဆွနေလျှင်တောင် ဤနေရာကို ရှာတွေ့ကြလိမ့်မည် မဟုတ်ပေ။

ရေတွေက ညစ်ပေ၍ ဝန်းကျင်က မှောင်မည်းနေပြီး.. သူတို့ဆင်းသက်နစ်မြုပ်လာမှာကို စောင့်ဆိုင်းနေသော အဆုံးမဲ ချောက်ချားဖွယ်ရာ အသူတစ်ရာချောက်နက်ကြီးနှင့် တူလေသည်။

ပတ်ဝန်းကျင်ဖိအားက သိပ်သည်းပြင်းထန်လာနေဆဲဖြစ်၏။ ဆူဇီမိုသာလျှင် ဣန္ဒြေရနေဆဲဖြစ်ပြီး တခြားလူတိုင်း၏ ဘေးပတ်လည်ရှိ သားရဲချီနှင့် စိတ်ဝိညာဉ်စွမ်းအင်တို့က စတင်၍ ကျုံ့ဝင်လာနေပြီဖြစ်၏။

ရွှေခြင်္သေ့က အနည်းငယ် စိုးရိမ်စိတ်ဝင်လာပြီဖြစ်၏။

ဒီတိုင်းသာ ဆက်သွားနေလျှင် အဲ့ဒါက ဘယ်နေရာမှာ အဆုံးသတ်မှာလဲ..

သူတို့နောက်ထပ် တစ်ကီလိုမီတာလောက် ထပ်ဆင်းရဦးမည်ဆိုလျှင် ဆူဇီမိုတောင် ခံနိုင်ရည် ရှိတော့မည် မဟုတ်ဘဲ အားလုံးအေးခဲပေါက်ကွဲ၍ သေကုန်ပေတော့မည်။

“အဲ့ဒါ ဘယ်လောက် ဝေးဦးမှာလဲ”

ရွှေခြင်္သေ့က မောဟိုက်လာပြီး စကားပြောဖို့ပင် ခက်ခဲလာ၏။

ဆူဇီမိုက ခေါင်းခါပြလိုက်လေသည်။

ဤပတ်ဝန်းကျင်၌ သူ၏ အာရုံများကပင် ခိုင်မာစွာ ဖိနှိမ်ခံထားရလေပြီ။

သူက လေးနက်စွာ ပြောလိုက်၏။

“နောက်ခဏနေလို့မှ ငါတို့ ရေကန်အောက်ခြေကို မရောက်သေးဆိုရင်.. မင်းတို့တွေ အရင်ဆုံး အပေါ်ပြန်တက်ကြ.. ငါတစ်ယောက်ထဲ သွားပြီး စစ်ဆေးကြည့်မယ်”

ဖက်တီးလေးက သူ့နဖူးထက်မှ ချွေးများကို လက်ဖြင့် သပ်ချလိုက်၏။ သူက စကားမပြောနိုင်တော့ဘဲ သိုလှောင်အိတ်ထဲကနေ အဇူရာပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်၏။

ပုတီးစေ့က ကလေးလက်သီးဆုပ်အရွယ်လောက်ရှိပြီး အဇူရာစီးကြောင်းတစ်ခုနှင့်အတူ ချာလပတ်လည်၍ လှပကြည့်ကောင်းစွာ တဖျတ်ဖျတ်လက်တောက်ပနေ၏။

ထိုပုတီးစေ့က ထွက်ပေါ်လာသည်နှင့် ၎င်းထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုက ထွက်ပေါ်လာပြီး သူတို့ကိုးယောက်ပတ်လည်ရှိ ရေများကို တွန်းဖယ်ထုတ်ကာ အလွန်ကြီးမားသည့် အဇူရာအလင်းရောင် အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ ထိုအလင်းအလွှာက လူအတော်များများကို ဝင်ဆံ့နိုင်လေသည်။

အကာအရံအလင်းလွှာက ရေ၏ဖိအားကို ဖိနှိမ်နိုင်ရုံသာမက.. ရေထဲမှ ချမ်းစိမ့်နေသော အအေးဓါတ်အော်ရာ၏ ထက်ဝက်ကျော်ကိုလည်း စစ်ထုတ်ပေးထားလေသည်။

လူတိုင်းသည် ရွှင်လန်းတက်ကြွသွားပြီး အလိုလိုစိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားလေသည်။

“ရေဖျက်ပုတီး”

ရေဖျက်ပုတီးကို များသောအားဖြင့် မြစ် သို့်မဟုတ် ပင်လယ်နေ သားရဲများ၏ အတွင်းအမြုတေကနေ သန့်စင်ထုတ်လုပ်ရလေသည်။

ဤရေဖျက်ပုတီးက ဤမျှစွမ်းအားကြီးသော ခွန်အားကို ပြသပေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် အဲ့ဒါက သေချာပေါက် ပင်လယ်သမုဒ္ဒရာနေ သားရဲတစ်ကောင်၏ အတွင်းအမြုတေကနေ သန့်စင်ထုတ်လုပ်ထားတာ ဖြစ်ရပေမည်။

ထိုသားရဲများက လူသားများ နေထိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်သော သမုဒ္ဒရာနယ်မြေများတွင်သာ ရှင်သန်နေထိုင်ကြလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် များစွာသော သားရဲမျိုးနွယ်များ ရှင်သန်နေထိုင်ကြသော နက်ရှိုင်းသည့် သမုဒ္ဒရာသုံးစင်းရှိ၏။ သူတို့၏ တစ်မူထူးခြားသည့် ပတ်ဝန်းကျင်အနေအထားကြောင့် ကျင့်ကြံသူအများစုသည် ထိုနယ်မြေများသို့ လွယ်လင့်တကူ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။

ထိုသမုဒ္ဒရာသုံးစင်းက သားရဲနယ်မြေရှစ်ခွင်ထဲတွင်လည်း အကျုံးဝင်လေသည်။

“အစ်ကိုဖက်တီးက အရမ်း မိုက်တာပဲဟေ့”

မြေခွေးလေးက ဆူဇီမို၏ ရင်ခွင်ထဲကနေ ခေါင်းထွက်ပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးလိုက်၏။

ရှစ်ကျန့်က မကျေမနပ် အပြစ်တင်လိုက်၏။

“မင်းမှာ ဒီလောက်ကောင်းတဲ့ ရတနာရှိနေတာ စောစောထဲက ဘာလို့ မထုတ်တာလဲ.. နောက်ထပ် နဲနဲလောက် ထပ်ကြာရင် ငါဒီမှာ သတိလစ်တော့မှာ”

“ဒီရေဖျက်ပုတီးမှာ အက်ကွဲရာတစ်ခု ရှိနေပြီးသား.. အဲ့ဒါက သိပ်ကြာကြာ ခံမှာ မဟုတ်ဘူး.. အဲ့ဒါမို့ တစ်ကယ့်သေရေးရှင်ရေး အခြေအနေရောက်မှပဲ ဒါကို ငါထုတ်သုံးရတာ” ဖက်တီးလေးက သူ့နဖူးပေါ်မှ ချွေးများကို သုတ်ပြီး ရှင်းပြလိုက်၏။

တစ်ကယ်တော့ သူ့မှာ ယုံကြည်မှု သိပ်မရှိပေ။

ရေဖျက်ပုတီးက ပျက်စီးသွားသည့် အချိန်ထိတိုင် သူတို့က ရေကန်အောက်ခြေကို မရောက်နိုင်သေးဘူးဆို.. သူတို့အဖွဲ့က လုံးဝဥဿုံ ကျရှုံးရပေတော့မည်။

ရုတ်တရက် ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး လူတိုင်းကို အလောတကြီး သတိပေးလိုက်၏။

“သတိထားကြဟေ့”

မလှမ်းမကမ်းတွင် ရေစီးကြောင်းများက ရွေ့လျားလာပြီး ဧရာမသတ္တဝါကြီးတစ်ကောင်က သူတို့ရှိရာသို့ ချဉ်းကပ်လာနေသည့်အတိုင်းပင်။

အခြားသူများက သူ့လောက် မထက်ရှသော်လည်း သူတို့ နားလည်သွားသည့်အချိန်မှာ ကြီးမားသည့် အရိပ်ကြီးတစ်ခုက သူတို့ကို လွှမ်းခြုံသွားလေပြီ။

ဝုန်း..

အရိပ်ကြီးက ရေဖျက်ပုတီး၏ အကာအရံအလွှာကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး အထဲရှိ လူတိုင်းကို တုန်ခါသွားစေလေသည်။

ရေဖျက်ပုတီးပေါ်တွင် နောက်ထပ်အက်ကွဲကြောင်းတစ်ခုက ပေါ်လာလေသည်။

ဖက်တီးလေး၏ မျက်နှာက ကြောက်လန့်တကြား ဖြူဆုတ်သွား၏။

သည်တိုင်းသာ ဆက်သွားလျှင် ထိုသတ္တဝါထံမှ တိုက်ခိုက်မှုက ဆယ်ကြိမ်မပြည့်ခင်မှာပင် ရေဖျက်ပုတီးက ပျက်စီးသွားပေလိမ့်မည်။

လူတိုင်းသည် လှမ်းမျှော်ကြည့်လိုက်ကြ၏။

အကာအရံအလင်းလွှာ၏ အပြင်ဘက်တွင် တစ်ကိုယ်လုံး ငွေဖြူရောင်နှင့် ကြီးမားသည့် သားရဲကြီးတစ်ကောင်က ကြောက်မက်ဖွယ်ရာ ကြည့်ရှုနေ၏။ ၎င်းထံမှ ချမ်းစိမ့်နေသော အော်ရာက ဖြာထွက်နေပြီး ထက်ရှသော သွားချောင်းများက ဓါးမြှောင်များဖြင့် ဆင်တူနေလေသည်။

“ရှေးဟောင်းနှင်းခဲမိချောင်း”

ရွှေခြင်္သေ့၏ အမူအယာက ပျက်ယွင်းသွား၏။

“ဒဏ္ဍာရီအရတော့.. ဒီနှင်းခဲမိချောင်းတွေက ပင်လယ်ရဲ့ အအေးဆုံး၊ အနက်ဆုံး နေရာတွေမှာ ရှင်သန်ကြပြီးတော့ အရမ်းကို ကြမ်းကြုတ်ရက်စက်တာတဲ့.. သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပျောက်ကွယ်သွားတာ ကြာလှပြီ.. အခုအဲ့တစ်ကောင်က ဒီရေကန်ထဲမှာ ပြန်ပေါ်လာတယ်ဆိုတော့...”

ထိုသို့ သူပြောလိုက်ချိန်တွင် အခြားတစ်ဖက်ရှိ ရေထုက ဝုန်းဆန်လာ၏။

နောက်ထပ်အရိပ်တစ်ခုက သူတို့ကို လွှမ်းခြုံလာလေသည်။

အဲ့ဒါက နောက်ထပ် ရှေးဟောင်းနှင်းခဲမိချောင်းတစ်ကောင်ဖြစ်၏။

ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်က ရေဖျက်ပုတီး၏ အကာအရံအလွှာကို ဖျက်ဆီးချေမွပစ်ဖို့ အသက်သုံးရှိုက်စာတောင် ကြာမည် မထင်ပေ။

“မင်းတို့တွေ.. ဂရုစိုက်ကြ.. ငါ အပြင်ထွက်မယ်”

ဆူဇီမို၏ အမူအယာက အေးစက်လာပြီး ထိုသို့ ပြောပြီးသည်နှင့် သူက ရေဖျက်ပုတီး၏ အကာအရံအလွှာထဲကနေ လှစ်ကနဲ ပြေးထွက်သွားလေသည်။

ထိုအချိန်တွင် သူတို့က ရေအောက် တစ်ကီလိုမီတာအနက်မှာ ရောက်နေကြခြင်းဖြစ်၏။ စူးရှချမ်းစိမ့်နေသော အအေးဓါတ်အော်ရာကို အသာထား.. ရေထုဖိအားသက်သက်ကပင် သက်ရှိအများစုကို သတ်ဖြတ်ပစ်နိုင်လေသည်။

ရှေးဟောင်းနှင်းခဲမိချောင်းများက ဤအနက်၌ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြသည်မှာ သူတို့က အစကတည်းက အင်အားကြီးမားသည့်အပြင် တစ်ချိန်တည်းမှာပင် ဒီနေရာမှာ ပထမဆုံး ရှင်သန်နေထိုင်လာခဲ့သော သက်ရှိများ ဖြစ်ကြသောကြောင့်ပင်။

နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်၍ ဆင့်ကဲပြောင်းလဲလာခဲ့ပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက ဤနေရာပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိလာခဲ့လေသည်။

ထိုအချိန်၌ မျောက်နှင့် အခြားသူများသည် ရေဖျက်ပုတီး၏ အကာအကွယ်ကနေ မထွက်နိုင်ဘဲ ဖြစ်ပျက်သမျှကို အကာအရံအလွှာ၏ အထဲကနေသာ ကြည့်နေကြရ၏။

ဆူဇီမို၏ အတွင်းအမြုတေက ရူးသွပ်စွာ လည်ပတ်လာပြီး သူ့သွေးချီကလည်း ကြောက်စရာစွမ်းပကားဖြင့် တလိပ်လိပ်ထကြွလာ၏။ သူ့ဘေးပတ်လည်ရှိ ရေထုအပေါ်မှာပင် သက်ရောက်သွားလေသည်။

“ဥုံ!”

သူ့အသံ မဆုံးသေးခင်မှာပင် ဆူဇီမို၏ လက်ထဲသို့ သွေးနီရောင်ဆေဘာတစ်လက်က ရောက်ရှိလာလေပြီ။

သွေးသောက်သူက တုန်ခါနေပြီး တလက်လက်တောက်ပကာ ကြီးမားသော သွေးအလင်းတန်းက ဖြာထွက်သွား၏။

ရေကန်ထဲတွင် ဆူဇီမိုက သွေးသောက်သူကို ကိုင်စွဲထားပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်ကာ သူ့မျက်လုံးများက ဝင်းလက်တောက်ပနေ၏။

သူ့နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်မှ သားရဲချီများက တဝုန်းဝုန်း ထကြွလာလေသည်။ ရေစီးကြောင်းများက ရိုက်ခတ်လာသော်လည်း သူက နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ မယိမ်းမယိုင် ခိုင်မာစွာ ရပ်တည်နေလေသည်။

သူတို့က ဒေါသူပုန်ထလာသည့်အလား.. ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူတို့ရှေ့မှ ရေဖျက်ပုတီးကို လက်လွှတ်ကာ ဆူဇီမိုထံသို့ ပြေးဝင်ချသွားကြလေသည်။

All Chapters