ဆူပွက်နေသောရေ
Vol. 46 Ch. 685
ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်ကလည်း ကျူးကျော်လာသူ ဆူဇီမို၏ ခွန်အားကို သတိထားမိသွားပုံရပြီး ဘာကိုမှ ထိန်ချန်မနေတော့ဘဲ သူတို့အတွင်းအမြုတေများကို ချက်ချင်း ထုတ်ဖော်လိုက်ကြ၏။
ချက်ချင်းပင် ရေကန်ထဲရှိ အပူချိန်က ထိုးဆင်းသွား၏။
ရေခဲတုံးနှင့်တူသော အတွင်းအမြုတေက သိပ်သည်းသော သားရဲချီများနှင့် လွှမ်းခြုံနေပြီး အဆုံးမဲ့နှင်းခဲများကို ထုတ်ပေးနေ၏။
အေးစိမ့်နေသော အော်ရာက ပျံ့လွင့်လာပြီး ဆူဇီမို၏ ကိုယ်ပေါ်တွင် နှင်းခဲတစ်လွှာက ဖြစ်ပေါ်လာလေသည်။
နောက်ခဏ၌ ရေခဲသလင်းများက သူ့ခြေလက်များကနေ သူ့ခန္ဓာကိုယ်တစ်ခုလုံးထိ တွယ်တက်လာပြီး နောက်ဆုံး သူ့ခေါင်းထိပါ ရောက်သွားလေသည်။ သူတို့က အရာရာတိုင်းအပေါ် တစ်လွှာပြီးတစ်လွှာ သိပ်သည်းစွာ အထပ်ထပ် ဖုံးအုပ်လာလေသည်။
ချမ်းစိမ့်သောအော်ရာက အရမ်းကို ပြင်းထန်သည့်အတွက် ဆူဇီမို ဆင့်ခေါ်ထားသော သူ့ဘေးပတ်လည်ရှိ ကြမ်းကြုတ်၍ ကြောက်စရာကောင်းသော သားရဲချီများကပါ အေးခဲကုန်၏။
ရေဖျက်ပုတီး၏ အကာအရံအလွှာထဲရှိ လူတိုင်းသည် ထိန်လန့်တုန်လှုပ်လာကြလေသည်။
အကာအရံအလွှာက သူတို့ကို ကာပေးထားသော်လည်း ချမ်းစိမ့်သောအော်ရာကို သူတို့ ခံစားမိလေသည်။
ပတ်ဝန်းကျင်အနေအထားအရ.. အလွန်တရာ သိပ်သည်းပြင်းထန် အေးစက်လှသော ဤနေရာသို့ ရောက်လာသူ မည်သည့်ပြင်ပသက်ရှိမဆို.. ကျင့်ကြံသူဖြစ်စေ၊ သားရဲတောကောင်ဖြစ်စေ.. သူတို့၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
သူတို့က သူတို့မူလတိုက်ခိုက်ရည်ခွန်အား၏ ထက်ဝက်လောက်ကို ထိန်းထားနိုင်ရင်တောင် အတော်လေး ကောင်းလှပြီဟု သတ်မှတ်ရပေမည်။
ရှေးဟောင်းနှင်းခဲမိချောင်းများကတော့ သူတို့သည် သည်နေရာမှာ ရှင်သန်နေထိုင်ကြသည်ဖြစ်သောကြောင့် သူတို့၏ တိုက်ခိုက်ရည်ကို အမြင့်ဆုံး အတိုင်းအတာအထိ ထုတ်ဖော်နိုင်ပေလိမ့်မည်။
သူအတွက် အရေးမသာသော အခြေအနေများကြောင့်.. ဆူဇီမိုသည် ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်၏ တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလားဆိုတာ လူတိုင်းမှာ ယုံကြည်မှု မရှိကြပေ။
ရှေးဟောင်းနှင်းခဲမိချောင်းတစ်ကောင်က သူ့အမြီးကို လွှဲရမ်းလိုက်၏။ သူက အလွန်ကြီးမားသော ကိုယ်ထည်ရှိသော်လည်း ရေထဲမှာ တစ်မူထူးအောင်ကို ပေါ့ပါးနေပြီး တုန်လှုပ်ဖွယ်ရာ အမြန်နှုန်းနှင့်အတူ ဆူဇီမိုရှေ့သို့ ချက်ချင်း ရောက်လာလေသည်။
ချပ်.. ချပ်.. ချပ်.. ဖြောက်.. ဖြောက်..
ရုတ်တရက်.. ဆူဇီမို၏ ကိုယ်တွင်းမှ တဖြောက်ဖြောက်မြည်သံများက ထွက်ပေါ်လာ၏။
လူပုံစံ ရေခဲရုပ်ထုပေါ်မှာ အက်ကွဲကြောင်းများက စတင်ပေါ်လာလေသည်။
ဝုန်း..
ထို့နောက် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသံတစ်သံက ထွက်လာ၏။
မျောက်နှင့် အခြားသူများ၏ ရှေ့မှောက်မှာပင်.. ရေခဲသလင်းကျောက်များထဲမှ ကြီးမားသည့် ပုံရိပ်ကြီးတစ်ခုက ခုန်ထွက်လာပြီး လေထဲသို့ ပျံတက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ့အရွတ်များနှင့် အရိုးများထဲမှ အသံဗလံများက ထွက်ပေါ်လာပြီး သူ့သွေးချီက တဝုန်းဝုန်းထလာလေသည်။
နောက်ခဏ၌ ဆူဇီမို၏ ခန္ဓာကိုယ်က ပေတစ်ရာအမြင့်ထိ ထိုးတက်သွားပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေ၏။ နောက်ကျိနေသော ရေထဲမှာပင် သူ့မျက်လုံးနှစ်လုံးက ကြောက်စရာကောင်းလောက်အောင် တောက်ပနေပြီး ငွားငွားစွင့်စွင့်နှင့် နတ်ဘုရားသက်ရှိတစ်ပါးလို ဖြစ်နေ၏။
ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်က ဆူဇီမိုထင်ထားသည်ထက် များစွာပို၍ သန်မာနေ၏။
သူ့အတွင်းအမြုတေကို လှည့်ပတ်လိုက်သောအခါ သူ့သွေးချီက တလိပ်လိပ်တက်လာပြီး သူ့ခန္ဓာကိုယ်က မီးဖိုတစ်လုံးကဲ့သို့ ဖြစ်လာ၏။ ထိုသို့ဆိုလျှင်တောင် ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်က သူ့ကို အေးခဲထားစေနိုင်သေးလေသည်။
ယခုဆို သူသည် ဆက်လက်၍ ထိန်ချန်မနေတော့ဘဲ သူ့သွေးချီနှင့် အတွင်းအမြုတေစွမ်းအားကို လုံးလုံးလျားလျား ထုတ်ဖော်လိုက်၏။
ဝေါ..
ဆူဇီမိုသည် သွေးသောက်သူကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူ့ထံသို့ ဝင်ရောက်လာနေသော ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်ကို စိုက်ကြည့်ကာ ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။
ဝဲဂယက်တစ်တန်းက ရေထဲမှာ ဖြန့်ကျက်ထွက်သွား၏။ သူတို့က နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော်လည်း ကြောက်စရာကေင်းသည့် သတ်ဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ရှေးဟောင်းနှင်းခဲမိချောင်းက ပါးနပ်၏။ သူက မရှောင်နိုင်တော့ဘူဆိုတာ သိလိုက်သောအခါ သူ့အတွင်းအမြုတေစွမ်းအားကို ရူးသွပ်စွာ လှည့်ပတ်ပြီး မမြင်ရသော ရေခဲတံတိုင်းတစ်ခုကို သူ့ဘာသာသူ ဖန်တီးလိုက်လေသည်။
ဖျောင်း..
ဝဲဂယက်များက ရေခဲတံတိုင်းကို ရိုက်ချလိုက်၏။
ထို့နောက် ချက်ချင်းပင် နောက်ထပ်ရေခဲတံတိုင်းတစ်ခုက မြင့်တက်လာပြန်၏။
ရေခဲတံတိုင်းများက တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာ၏။
ဝဲဂယက်များကလည်း ရှေ့သို့ ဆက်တက်သွားပြီး ရေခဲတံတိုင်းများကို တစ်ခုပြီးတစ်ခု ပစ်တိုက်ချေမွသွား၏။ နောက်ဆုံး ခုနှစ်ခုမြောက်ရေခဲတံတိုင်းအရောက်မှာတော့ ခုတ်ချက်၏ စွမ်အားက အရှိန်သေသွားပြီး လုံးဝ ပျက်ပြယ်သွားလေသည်။
“မဆိုးဘူးဟ”
ဆူဇီမိုသည် အနည်းငယ် အံ့အားသင့်ကာ ခေါင်းညိတ်လိုက်၏။
ဝဲဂယက်တိုက်ကွက်က ဆေဘာဧကရာဇ်ကိုယ်တိုင် ဖန်တီးထားခဲ့သော ဆေဘာကွက် ဖြစ်လေသည်။ ထိုခုတ်ချက်က သက်ရောက်အားကို ပိုင်ဆိုင်ထားပြီး တော်တန်ရုံ သားရဲအများစု ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
သို့သော်လည်း ရှေးဟောင်းနှင်းခဲမိချောင်းက ဝဲဂယက်တိုက်ကွက်ကို မထိမခိုက် ခုခံနိုင်သည့်အတွက် အတော်လေးစွမ်းသည်ဟု ဆိုရပေမည်။
နောက်ထပ်ရှေးဟောင်းနှင်းခဲမိချောင်းတစ်ကောင်ကလည်း အခွင့်အရေးကို အမိအရ အသုံးချ၍ ဒေါသတကြီး ပြေးဝင်ချလာ၏။
“ရွှစ်..”
ဆူဇီမိုက မလှုပ်မယှက်ပင် ရပ်နေပြီး နောက်တစ်ဖန် ခုတ်ချက်တစ်ချက်ကို ထုတ်လိုက်၏။
ရွှစ်..
တန်ပြန်စီးကြောင်းက ထွက်ပေါ်လာ၏။
ရေကန်ထဲတွင်.. တည်ငြိမ်ပင်လယ်ကျမ်းမှ ဆေဘာတိုက်ကွက်များက လေးကန်နေမှု မရှိသည့်အပြင် သူတို့၏ ခွန်အားကို အမြင့်ဆုံးထိပါ ထုတ်ဖော်နိုင်လေသည်။
တန်ပြန်စီးကြောင်းက တည်ငြိမ်ပင်လယ်ကျမ်းတွင် စွမ်းအားအကြီးဆုံး တိုက်ကွက်တစ်ခုဖြစ်လေသည်။ ထိုခုတ်ချက်တွင် ရှေးဟောင်းနှင်းခဲမိချောင်းက ရှောင်လည်းမရှောင်၊ နောက်လည်းမဆုတ်ပေ။ ထို့အစား ၎င်းက ရှေ့သို့ခုန်တက်ပြီး ၎င်း၏ အေးစိမ့်နေသော အတွင်းအမြုတေကို ၎င်းရှေ့သို့ ထွေးထုတ်လိုက်လေသည်။
ခလန်း..
အတွင်းအမြုတေကနေ ထွက်ပေါ်လာသော သားရဲချီက ရေခဲဒိုင်းကာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
သွေးသောက်သူက ဒိုင်းကာကို ရိုက်ခတ်လိုက်သောအခါ ဒိုင်းကာက ချက်ချင်း ပေါက်ကွဲထွက်သွား၏။ ၎င်းက သွေးသောက်သူ၏ ထက်ရှမှုနှင့် တန်ပြန်စီးကြောင်း၏ စွမ်းအားကို ခုခံနိုင်ခြင်း မရှိပေ။
အတွင်းအမြုတေက ပြန်ကန်ထွက်သွား၏။ ၎င်းက သိသိသာသာ အရောင်မှိန်ကျသွားပြီး ရှေးဟောင်းနှင်းခဲမိချောင်းက ၎င်းကို သူ့အစာအိမ်ထဲသို့ ပြန်မျိုချလိုက်လေသည်။
သွေးသောက်သူက ဆင်းသက်လာ၏။
ရှေးဟောင်းနှင်းခဲမိချောင်းက အဲ့ဒါကို ကြိုတင်မျှော်လင့်ထားသည့်အလား ကြောက်လန့်ခြင်း တစ်စွန်းတစ်စ မရှိဘဲ အလွန်တရာ တည်ငြိမ်နေ၏။ သူ့ပါးစပ်ကြီးကိုဟပြီး သွေးသောက်သူကို လှမ်းကိုက်လိုက်လေသည်။
ထိပ်တိုက်ရင်ဆိုင်ခြင်း..
ဤရှေးဟောင်းနှင်းခဲမိချောင်းက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်လေသည်။
ဆူဇီမို၏ အကြည့်က အေးစက်လာပြီး သူ့လက်ထဲရှိ ဆေဘာအလင်းက သိပ်သည်းစုဖွဲ့လာ၏။
ဖျောင်း.. ဖျောင်း.. ဖျောင်း..
ထိုခုတ်ချက်တစ်ချက်က ရှေးဟောင်းနှင်းခဲမိချောင်း၏ ထက်ရှသော သွားအချောင်းတစ်ရာလောက်ကို ပြင်းထန်စွာ ပြတ်ကျလုနီးပါး ဖြစ်သွားစေလေသည်။
ကျန်ရှိနေသော သွားအချောင်း သုံးရာလောက်ကလည်း ယိုင်နဲ့သွားပြီး သူ့ပါးစပ်ထဲမှ သွေးများက ယိုစီးကျလာကာ ရေထုကို နီစွေးသွားစေ၏။
သို့သော်လည်း ရှေးဟောင်းနှင်းခဲမိချောင်း၏ ပါးစပ်ထဲတွင် ထက်ရှသော သွားစွယ်များက ဓါးတောင်ကြားတစ်ခုကဲ့သို့ မြွေလိမ်မြွေကောက်ပုံစံဖြင့် ထောင့်ဖြတ်ကန့်လန့်ဖြတ် ရှိနေကြ၏။
ဆူဇီမို၏ ခုတ်ချက်စွမ်းအားက လျော့ကျသွားပြီး သွေးသောက်သူကို ထက်ရှသော သွားစွယ်များကြားမှ ညှပ်သွားစေလေသည်။
“သတိထား”
ချင်ချင်နှင့် အခြားသူများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး ရေဖျက်ပုတီး၏ အကာအရံအလွှာ အတွင်းကနေ ဆူဇီမို၏ နောက်ကျောဘက်ကို လက်ညိုးထိုးပြလိုက်ကြ၏။
နက်မှောင်သော အရိပ်တစ်ခုက ဆူဇီမို၏ ဦးခေါင်းပေါ်ကို အုပ်မိုးလာလေသည်။
သူ့နောက်တွင် နောက်ထပ်ရှေးဟောင်းနှင်းခဲမိချောင်းတစ်ကောင်က ပါးစပ်ကြီးကိုဖြဲ၍ ခုန်အုပ်လာပြီး ပေတစ်ရာလောက်ရှည်သော ဆူဇီမိုကို တစ်လုပ်တည်းဖြင့် ဝါးမျိုဖို့ ကြိုးစားလာလေသည်။
ထိုအခါမှသာ သူ့ရှေ့ရှိ ရှေးဟောင်းနှင်းခဲမိချောင်းက သူ၏ တိုက်ခိုက်မှုကို ဘာကြောင့် အရဲစွန့်ပြီး ထိတ်တိုက်ရင်ဆိုင်ခဲ့တာလဲ.. နောက်ဆုံး ဆူဇီမို နားလည်လာလေသည်။
ရှေးဟောင်းနှင်းခဲမိချောင်းနှစ်ကောင်က သူ့ခွန်အားကို သတိထားမိသည့်အတွက် တစ်ကောင်က ဘယ်လိုပင် ဒဏ်ရာရပါစေ အန္တရာယ်ကို လက်ခံယူ၍ အခြားတစ်ကောင် တိုက်ခိုက်ဖို့ ဟာကွက်ကို ဖန်တီးပေးလိုခြင်း ဖြစ်လေသည်။
“နောင်ကြီး”
“အစ်ကိုဆူ”
ဖက်တီးလေးနှင့် ရှစ်ကျန့်က ထိတ်လန့်တကြား အော်ဟစ်ပြီး အကာအရံအလွှာထဲကနေ ပြေးထွက်ဖို့ လုပ်လိုက်ကြ၏။
“မသွားနဲ့ဦး”
အရမ်မြင့်မြင့်ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်ရှေ့မှာ ပိတ်ရပ်လိုက်၏။ သူက အပြင်ဘက်ရှိ ရှေးဟောင်းနှင်းခဲမိချောင်းကို သွေးနီရောင်မျက်လုံးဖြင့် စိုက်ကြည့်ပြီး အက်ကွဲကွဲလေသံဖြင့် ပြောလိုက်၏။
“အရင်စောင့်ကြည့်ဦး”
သူတို့အုပ်စုထဲတွင် မျောက်နှင့် စိတ်ဝိညာဉ်ကျားက ရှေးဟောင်းတိုက်ပွဲမြေမှာ ဆူဇီမိုနှင့်အတူ များစွာသော တိုက်ပွဲများကို အတူတွဲပြီးတိုက်ခိုက်လာခဲ့ကြ၍ သူ့ခွန်အားကို သူတို့နှစ်ယောက်က အသိဆုံး၊ နားအလည်ဆုံး ဖြစ်ကြလေသည်။
ဖက်တီးလေးနှင့် ရှစ်ကျန့်က ဆူဇီမိုနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့လေပြီ။
ရေကန်ထဲတွင်..
ဆူဇီမိုကို ဝါးမျိုပြီးနောက် ရှေးဟောင်းနှင်းခဲမိချောင်းက သူ၏ မူလနေရာမှာပင် မလှုပ်မယှက် ငြိမ်နေပြီး တစ်ခုခုကို ခံစားဖို့ ကြိုးစားနေသည့်အလားပင်။
ခဏနေပြီးနောက် ၎င်းက ရုတ်တရက် ပါးစပ်ကြီးကိုဖြဲပြီး ဝမ်းနည်းဖွယ်ရာ စူးစူးရှရှ အော်ဟစ်လိုက်၏။ ၎င်း၏ မျက်လုံးများထဲမှာ အဆုံးမဲ့နာကျင်မှုများက ပြည့်နှက်လာလေသည်။
အားလုံး၏ ရှေ့မှောက်မှာပင် ရှေးဟောင်းနှင်းခဲမိချောင်း၏ ပါးစပ်ထဲမှ ရေစီးကြောင်းတစ်ခုက စီးထွက်လာပြီး ၎င်းပေါ်မှာ ခပ်ပါးပါး မီးတောက်တစ်လွှာက ကခုန်လာ၏။
ရှဲ..
ရှေးဟောင်းနှင်းခဲမိချောင်း၏ ကိုယ်တွင်းမှ အလျှံညီးညီး မီးတောက်တစ်ခုက ဖြာတက်လာပြီးနောက် ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံးသို့ ကူးစက်လောင်ကျွမ်းသွားကာ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက အပူအားဖြင့် နီရဲကြည်လင်လာလေသည်။
ရှေးဟောင်းနှင်းခဲမိချောင်း၏ ကိုယ်တွင်းတွင် နဂါးတစ်ကောင်နှင့်တူသော သားရဲတစ်ကောင်ကို ပုံရိပ်ကို ခပ်ဖျော့ဖျော့ မြင်နိုင်လေသည်။ ၎င်းက သူ၏ တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်ပြီး မိချောင်း၏ ပါးစပ်ထဲကနေ ချော်ရည်ပူများနှင့်အတူ အပေါ်ဘက်သို့ ပျံတက်လာ၏။
“အား”
ဖက်တီးလေးသည် နားလည်သဘောပေါက်သွားပြီး အော်ဟစ်လိုက်၏။
“အဲ့ဒါက ဒဏ္ဍာရီလာ ကမ္ဘာဦးမိုးပျံမြွေနဂါးပဲ”
“မဆိုးဘူး”
မျောက်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြ၏။
ရှေးဟောင်းနှင်းခဲမိချောင်းက လွန်ကဲသော အအေးဓါတ်ကို ပိုင်ဆိုင်ပြီး မိုးပျံမြွေနဂါးကတော့ မီတောက်များကို ထိန်းချုပ်နိုင်သော လွန်ကဲအပူဓါတ်ကို ပိုင်ဆိုင်သည့် နတ်ဘုရားသက်ရှိ ဖြစ်လေသည်။
အအေးနှင့် အပူကြား တိုက်ခိုက်မှုက ရှေးဟောင်းနှင်းခဲမိချောင်း၏ ကိုယ်ကို ပြင်းထန်စွာ ပျက်စီးသွားစေလေသည်။
အသက်ရှူချိန်အနည်းငယ်အတွင်း နှင်းခဲမိချောင်း၏ အသက်ဓါတ်က လုံးဝ ဆုတ်ခွာသွားလေတော့သည်။
ဆူဇီမိုသည် ကမ္ဘာဦးမိုးပျံမြွေနဂါး၏ အမြုတေနယ်မြေထဲကနေ ဖောက်ထွက်လာပြီး မီးတောက်မီးလျှံများကြားထဲမှာ အံ့မခန်းအော်ရာနှင့်အတူ ရပ်နေလေသည်။
အစက အရိုးကွဲလောက်အောင် အေးစက်နေသော ရေကန်ထဲရှိ ရေများက စတင်၍ ပွက်လာလေပြီ။
ရေကန်က အခုဆို ဆူပွက်နေလေပြီ။