နန်းတော်ကိုးဆောင်ပုံစံကားချပ်
Vol. 46 Ch. 686
ဖက်တီးလေးနှင့် ရှစ်ကျန့်တို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားကြ၏။
အဲ့ဒါက ကောင်းကင်ကိုပြာချပြီး သမုဒ္ဒရာကို ဆူပွက်စေနိုင်သော ဒဏ္ဍာရီလာနတ်ဘုရားစွမ်းအားနှင့် အများကြီး ဝေးကွာသေးလေသည်။ အလွန်ဆုံးအနေနှင့် အဲ့ဒါက ရေကန်တစ်ကန်ကိုသာ ဆူပွက်စေနိုင်လေသည်။ သို့သော်လည်း ထိုမြင်ကွင်းကပင် အရမ်းကို တုန်လှုပ်ဖွယ်ရာ ကောင်းနေပြီဖြစ်၏။
အခြားရှေးဟောင်းနှင်းခဲမိချောင်း၏ မျက်လုံးထဲတွင် အကြောက်တရားများက ဝင်ရောက်လာပြီး လှည့်ပြေးလေတော့သည်။
“လိုက်”
ဆူဇီမိုက သူ့လက်ကို မြှောက်ပြီး ရှေ့သို့ ညွှန်လိုက်၏။
သူ့နောက်ရှိ ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ့တောင်ပံများကို ဖြန့်ကျက်ပြီး ရေလှိုင်းများကြား ပျံသန်းလိုက်၏။ သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ရေများက ဆူပွက်၍ ကျန်ခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် မိုးပျံမြွေနဂါးက ရှေးဟောင်းနှင်းခဲမိချောင်း၏ အထက်သို့ ရောက်ရှိသွားပြီး ၎င်းကို ထိုးသုတ်ကာ တစ်ကိုက်တည်းဖြင့် ဝါးမျိုချလိုက်၏။
ရွှစ်..
ရှေးဟောင်းနှင်းခဲမိချောင်းက မိုးပျံမြွေနဂါး၏ အစာအိမ်တွင်းမှာ ဆိုးဆိုးရွားရွား အော်ဟစ်ရုန်းကန်လိုက်၏။ သို့သော် သူ့ခန္ဓာကိုယ်၏ အတွင်းရောအပြင်ရောမှ မီးတောက်များက အတောမသတ် လောင်ကျွမ်းထွက်ပေါ်လာ၏။ သိပ်မကြာမီ ၎င်းက လောင်ကျွမ်းပြာကျသွားပြီး ရေကန်ထဲသို့ ပြန့်ကျဲကျသွားလေသည်။
ရှေးဟောင်းနှင်းခဲမိချောင်းက ဘယ်လိုပင် ကြမ်းကြုတ်၍ ဘယ်လိုပင် သန်မာသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပါစေ.. ကမ္ဘာဦးမိုးပျံမြွေနဂါး၏ ရှေ့မှာတော့ သူဘာမှ လုပ်နိုင်စွမ်း မရှိတော့ပေ။
မိုးပျံမြွေနဂါးက မီးတောက်များကို ထိန်းချုပ်နိုင်သော နတ်ဘုရားသက်ရှိ ဖြစ်လေသည်။ ကမ္ဘာဦးခေတ်တုန်းက ၎င်းသည် ဤကဲ့သို့ ရေကန်လေးတစ်ကန်ကို မပြောနှင့် နက်ရှိင်းသော သမုဒ္ဒရာတွင်းမှာပါ ကျင်လည်ကျက်စားခဲ့သော သက်ရှိ ဖြစ်လေသည်။
ရေဖျက်ပုတီးထဲရှိ လူတိုင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။
ရှေးဟောင်းနှင်းခဲမိချောင်း၏ ခြိမ်းခြောက်မှု မရှိတော့ပါက.. ရေဖျက်ပုတီးသည် အချိန်အတိုင်းအတာတစ်ခုအထိတော့ ဆက်လက်တောင့်ခံထားနိုင်ဦးမည် ဖြစ်လေသည်။
ရုတ်တရက်.. ရေကန်အနက်ပိုင်းထဲရှိ ရေစီးကြောင်းများထဲမှ တစ်စုံတစ်ရာက လှုပ်ရှားလာ၏။
ရေဖျက်ပုတီးအကာအရံထဲရှိ လူတိုင်းသည် နောက်တစ်ဖန် ထိတ်လန့်သွားကြပြီး လှုပ်ရှားမှု ထွက်ပေါ်လာရာဘက်သို့ မျက်လုံးပြူးမျက်ဆံပြူးဖြင့် လှမ်းကြည့်လိုက်ကြ၏။
သူတို့သည် ရေကန်ထဲသို့ ဆင်းသက်လာပြီးနောက် အထဲတွင်ရှိသော ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို နှိုးဆွမိသွားသလိုပင်။
လှုပ်ရှားမှုများက ပြင်းထန်အားကောင်းပြီး အဘက်ဘက်ကနေ ဝင်ရောက်လာသလိုပင်။
သို့သော်လည်း ထူးဆန်းသည့်အချက်မှာ သူတို့က ဘယ်လိုပင် ကြိုးစားကြည့်ကြပါစေ.. မည်သည့်အသက်ဓါတ်လက္ခဏာကိုမှ ထောက်လှမ်းလို့ မရပေ။ သူတို့မြင်ရသည်မှာ ရေစီးကြောင်းများက ရေဖျက်ပုတီးအကာအရံအလွှာဆီသို့ တလိပ်လိပ်တက်လာနေတာကိုပင်။
ဆူဇီမို၏ အာရုံခံသတိစိတ်က အလွန်သန်မာပြီး အန္တရာယ်ရှိသည်ကို သူက အစောကြီးကတည်းက သတိပြုမိပြီးဖြစ်၏။
သို့သော်လည်း သူ၏ အားကောင်းသော အမြင်နှင့်တောင်.. သူက ထိုအန္တရာယ်၏ ဇာစ်မြစ်ကို အတည်မပြုနိုင်ပေ။
ရွှီး.. ရွှီး..
ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ့ခေါင်းကိုမော့ပြီး သူ၏ အေးစက်စက်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ထောက်လှမ်းကာ သတိပေးသည့်ပုံစံဖြင့် တွန်မြည်လိုက်၏။
ရွှစ်..
ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ့ပါးစပ်ကိုဖြဲပြီး တလိပ်လိပ်တက်လာနေသော ထိုရေလှိုင်းများဆီသို့ ချော်ရည်ပူများကို မှုတ်ထုတ်လိုက်၏။
“ကျွိ.. ကျွိ..”
သက်ရှိအချို့က စူးစူးဝါးဝါး အော်ဟစ်နေသည့်အလား သူတို့ရှေ့ ရေလှိုင်းများဆီမှ ထူးဆန်းသည့် အသံတချို့ကို ရုတ်တရက် ကြားလိုက်ကြရ၏။
ဆူဇီမိုက အာရုံစိုက် ကြည့်လိုက်၏။
ရေလှိုင်းများအတွင်းတွင်.. လက်မောင်းလုံးလောက်တုတ်ပြီး ဆယ်ပေလောက်ရှည်သော ငါးသားရဲများက စူးစူးဝါးဝါးအော်မြည်၍ ပြေးလာနေကြ၏။ (သူပြောသည့် အရွယ်အစားအရဆို မြွေနှင့်တောင် ခပ်ဆင်ဆင်။ ဥပမာ - ငါးရှဉ့်၊ ငါးလင်ပန်း။) သူတို့၏ ဟဖြဲထားသော ပါးစပ်များထဲတွင် အေးစက်စက်အလင်းဖြင့် တဖျပ်ဖျပ်လက်နေသော ထက်ရှသည့် သွားများကို အတန်းလိုက် မြင်နေရလေသည်။
ထိုငါးသားရဲများ၏ ခန္ဓာကိုယ်က ထွင်းဖောက်မတတ် ကြည်လင်နေပြီး ရေစီးကြောင်းနှင့်အတူ တစ်သားတည်းကျကာ လှုပ်ရှားလာသောကြောင့် သူတို့ကို ခွဲခြားဖို့ ခက်ခဲလေသည်။
မိုးပျံမြွေနဂါးကြောင့် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် နီရဲတောက်လောင်နေသော ချော်ရည်များကြောင့်သာ မဟုတ်လျှင် သူတို့၏ တည်ရှိမှုကို ဆူဇီမိုလည်း ခွဲခြားနိုင်လိမ့်မည် မဟုတ်ပေ။
“သွေးဆာငွေငါးတွေ”
ဆူဇီမိုသည် ထိတ်လန့်သွား၏။
သွေးဆာငွေငါးနှင့် မိုးပျံမြွေနဂါးတို့က နှစ်မျိုးစလုံး ကမ္ဘာဦးခေတ်က သက်ရှိများ ဖြစ်ကြလေသည်။ သွေးဆာငွေငါးက ကြမ်းကြုတ်၍ သွေးအလွန်ဆာပြီး သူတို့ဖြတ်သန်းလာရာတစ်လျှောက် အရာရာတိုင်းကို ကိုက်ဖြတ်စားသောက်တတ်ကြလေသည်။ သူတို့က အကျိုးအကြောင်း ဘာမှ မစဉ်းစားတတ်ဘဲ လုံးဝ မကြောက်တတ်သော ကြမ်းကြုတ်သားရဲများ ဖြစ်ကြလေသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ ထိုသွေးဆာငွေငါးများက အုံလိုက်ကျင်းလိုက် သွားလာတတ်ကြခြင်းပင်။
မည်သည့်အခါမဆို သွေးဆာငွေငါးများကို ရာချီ သို့မဟုတ် ထောင်ချီ၍ တစ်ခါတည်း တွေ့ရတတ်လေသည်။
သူတို့ဖြတ်သွားရာ နေရာတိုင်း အသက်ဓါတ်က ကင်းမဲ့သွားပြီး အလောင်းများသာ ကျန်ရစ်ခဲ့လေသည်။
သွေးဆာငွေငါးများနှင့် ကြုံတွေ့လျှင် အသွေးအသားများကို မပြောနှင့်.. ပကတိစိတ်ဝိညာဉ်လက်နက်ပင် အပိုင်းပိုင်းကြေမွသွားပေလိမ့်မည်။
ကမ္ဘာဦးခေတ်က နက်ရှိုင်းသော သမုဒ္ဒရာထဲမှာ အသန်မာဆုံး သားရဲများတောင်မှ သွေးဆာငွေငါးများကို ဝေးဝေးက ရှောင်လေသည်။
ကမ္ဘာဦးမိုးပျံမြွေနဂါးကို ဆင့်ခေါ်ပြီးနောက် အဲ့ဒါက သွေးဆာငွေငါးများ၏ အာရုံကို ဆွဲဆောင်မိသွားလိမ့်မည်ဟု ဆူဇီမို ထင်မှတ်မထားခဲ့မိပေ။
သွေးဆာငွေငါးများ၏ မျက်လုံးများထဲတွင် သူတို့ ရင်ဆိုင်ရမည်က မိုးပျံမြွေနဂါးဖြစ်စေ၊ နတ်လိပ်ဖြစ်စေ.. ကိစ္စမရှိပေ။ အသက်ဓါတ်လက္ခဏာရှိသည့် မည်သည့်အရာကိုမဆို သူတို့က ပစ်ဝင်ကိုက်ခဲကြမည် ဖြစ်လေသည်။
“ကျွိ.. ကျွိ..”
မိုးပျံမြွေနဂါး မှုတ်ထုတ်လိုက်သော ချော်ရည်ပူများကြောင့် များစွာသော သွေးဆာငွေငါးများသည် လောင်ကျွမ်းသေဆုံးကုန်ကြ၏။
သို့သော်လည်း နောက်ထပ်ပို၍ များလာသော သွေးဆာငွေငါးများက ရှေ့သို့ ဆက်တက်လာကြပြီး ဆူဇီမို၏ ရွှေအမြုတေနယ်မြေကို အငမ်းမရ ကိုက်ခဲလိုက်ကြ၏။
သွေးဆာငွေငါးအနည်းအကျဉ်းကတော့ မျောက်နှင့် အခြားသူများ ရှိရာဘက်သို့ ချီတက်သွားပြီး ရေဖျက်ပုတီး၏ အကာအရံအလွှာကို စတင်တိုက်ခိုက်လိုက်ကြ၏။
အကာအရံအလွှာက စတင်၍ ပျက်ပြယ်တော့မည့် လက္ခဏာ ပြလာလေသည်။
ရေဖျက်ပုတီးပေါ်တွင် နောက်ထပ်အက်ကွဲကြောင်းတစ်ခုက ပေါ်လာ၏။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်၍ သူ့ရွှေအမြုတေနယ်မြေကို ထိန်းချုပ်ပြီး ရေဖျက်ပုတီးအနီးအနားရှိ သွေးဆာငွေငါးများကို တွန်းဖယ်ထုတ်ကာ လှမ်းအော်လိုက်၏။
“မြန်မြန် အောက်ကို ဆင်းကြ.. ရေကန်ရဲ့ အောက်ခြေကို ရောက်တော့မယ်.. ပြီးရင် အုတ်ဂူရဲ့ ဝင်ပေါက်ကို မြန်မြန်လိုက်ရှာကြ”
စောစောက ရှေးဟောင်းနှင်းခဲမိချောင်းနှင့် တိုက်ခိုက်ခဲ့စဉ်က ဆူဇီမို၏ ခန္ဓာကိုယ်က ပေတစ်ရာထိ ရှည်လျားသွားပြီး သူ့ခြေထောက်က ရေကန်အောက်ခြေကို သွားထိခဲ့လေသည်။ အဲ့ဒါကြောင့် အောက်ခြေက မဝေးတော့ဘူးဆိုတာ သူသိခဲ့၏။
လူတိုင်း၏ မျက်လုံးများက ဝင်းလဲ့သွားပြီး မျှော်လင့်ချက်က တစ်ဖန် နိုးထလာ၏။
ဇီ.. ဇီ..
များစွာသော သွေးဆာငွေငါးများသည် ရှေ့သို့ တက်လာကြပြီး ဆူဇီမို၏ ရွှေအမြုတေနယ်မြေကို အသည်းအသန် ကိုက်ခဲနေကြ၏။
ကမ္ဘာဦးမိုးပျံမြွေနဂါး၏ အရောင်အဝါက စတင်၍ သိသိသာသာ လျော့ကျလာလေပြီ။
ရွှေအမြုတေနယ်မြေက ပြိုကျပျက်ပြယ်တော့မည့်ဆဲဆဲ ဖြစ်လာ၏။
ဘာပဲပြောပြော အဲ့ဒါက စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော အမြုတေနယ်မြေတစ်ခုသာ ဖြစ်လေသည်။ မိုးပျံမြွေနဂါး၏ တစ်ကယ့်အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ပေ။ တစ်ကယ့် သက်ရှိထင်ရှား မိုးပျံမြွေနဂါးဆိုလျှင်တောင် သွေးဆာငွေငါးများ၏ ဆက်တိုက် အဆက်မပြတ် ကိုက်ခဲမှုဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
“ငါတွေ့ပြီကွ”
ထိုစဉ်မှာပင် ရေကန်အောက်ခြေမှ ဖက်တီးလေး၏ စိတ်လှုပ်ရှားစွာ အော်လိုက်သော အသံက ထွက်လာ၏။
ရေကန်အောက်ခြေ၏ အနောက်ဘက်တွင် အကျယ် ပေ ၂၀ နှင့် အမြင့် ပေ ၅၀ ရှိသော စက်ဝိုင်းခြမ်းပုံစံ အုတ်ဂူဆီသို့ ဝင်ပေါက်တစ်ခုက ရှိနေလေသည်။ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အဲ့ဒါက အလွန်တရာ ခမ်းနားထည်ဝါနေဆဲဖြစ်၏။
ဖက်တီးလေးက ရေဖျက်ပုတီးကို ထိန်းချုပ်ပြီး ဝင်ပေါက်ဆီသို့ ချဉ်းကပ်လိုက်၏။
အုတ်ဂူဝင်ပေါက်ဝမှာ လက်ကိုင် မပါရှိသော ဧရာမ ကျောက်တံခါးကြီး တစ်ချပ်က ရှိနေ၏။
“ဒီကျောက်တံခါးကို ငါကြိုးစားပြီး မ,ပေးမယ်”
စိတ်ဝိညာဉ်ကျားက ရဲ့ဝံ့စွာ ကြေညာလိုက်၏။
ချင်ချင်က စိတ်ဝိညာဉ်ကျားကို မျက်စောင်းထိုးပြီး ဆူပူလိုက်၏။
“ဘေးမှာ ရပ်နေစမ်း.. နင် မသေချင်သေးဘူးဆိုရင် နေရာတကာ ဝင်မပါချင်နဲ့”
ထိုသို့ပြောရင်း ချင်ချင်က ဖက်တီးလေးကို လှည့်ကြည့်လိုက်၏။
စိတ်ဝိညာဉ်ကျားကလည်း အလိုလို လှမ်းကြည့်လိုက်လေသည်။
ဖက်တီးလေးက နေရာမှာတင် ရပ်နေပြီး ဈာန်ဝင်သွားသည့်အလား မလှုပ်မယှက်နှင့် အုတ်ဂူဝင်ပေါက်ရှေ့ရှိ မြေပြင်ကို စိုက်ကြည့်နေ၏။
သူ့မျက်နှာက သုန်မှုန်နေပြီး အခြေအနေ သိပ်ကောင်းသည့်ပုံ မပေါက်ပေ။
အုတ်ဂူဝင်ပေါက်ရှေ့မြေပြင်ပေါ်တွင် ထပ်တူညီသော စတုရန်းကွက်ကိုးကွက် ပါရှိသည့် ရာဇမတ်ကွက်ကားချပ်တစ်ခုကို ရေးဆွဲထားပြီး အဲ့ဒါက အလွန်တရာကို နက်နဲဆန်းကြယ်နေလေသည်။
စိတ်ဝိညာဉ်ကျားသည် ရင်ထဲမှာ တလျှပ်လျှပ် ခံစားလိုက်ရ၏။
အဲ့ဒါက အုတ်ဂူပိုင်ရှင် ချန်ထားရစ်ခဲ့သော ချိတ်စည်းတစ်ခု ဖြစ်သည်မှာ ထင်ရှားလေသည်။ သူသာ စောစောက အရမ်းကာရော ရှေ့သို့ တက်ခဲ့မိလျှင် ချိတ်စည်း၏ စွမ်းအားကို နှိုးဆွမိသွားပြီး နေရာမှာပင် ပွဲချင်းပြီး သေသွားနိုင်လေသည်။
“စိတ်မပူနဲ့.. ဒီငွေငါးတွေကို ငါထိန်းပေးထားမယ်.. အဲ့ဒါကိုသာ မြန်မြန်ကြိုးစားပြီး ပျက်ပြယ်အောင်လုပ်”
ဆူဇီမိုက သူတို့ကို ကျောပေး၍ သူ့ရှေ့ရှိ သွေးဆာငွေငါးများကို တိုက်ခိုက်နေပြီး ဖက်တီးလေးအတွက် အကောင်းဆုံးကြိုးစား၍ အချိန်ဆွဲပေးနေ၏။
ဖက်တီးလေး၏ မျက်လုံးများက ဉာဏ်ပညာထက်မြက်မှုဖြင့် တလက်လက် တောက်ပလာ၏။
သူ့ဦးနှောက်က အရူးအမူး အလုပ် လုပ်လာလေသည်။
သူတို့ရှေ့ရှိ ပုံစံကားချပ်က စတုရန်းကွက်ကိုးကွက်နှင့် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အုတ်ဂူသခင်၏ ချိန်စည်းကို ပယ်ဖျက်ချင်သည်ဆိုလျှင် အတော်ကို မြောက်များသည့် စဉ်းစားတွက်ချက်မှုများကို ထည့်သွင်းဆုံးဖြတ်ဖို့ လိုအပ်လေသည်။
ဤနန်းတော်ကိုးဆောင်ပုံစံကားချပ်သည် ဒဏ္ဍာရီလာ မြစ်ပုံစံကားချပ်ကနေ ဆင်းသက်လာခြင်း ဖြစ်လေသည်။
မြစ်ပုံစံကားချပ်သည် ကမ္ဘာဦးခေတ်က အလျှို့ဝှက်အဆန်းကြယ်ဆုံး ရတနာတွေထဲမှ တစ်ခု ဖြစ်လေသည်။
လူအချို့သည် မြစ်ပုံစံကားချပ်ကနေ ကျင့်ကြံရေးနည်းစနစ်များကို နားလည်သဘောပေါက်ခဲ့ကြ၏။ တချို့ကတော့ လျှို့ဝှက်ပညာရပ်များကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီး တခြားသူများကတော့ ဝင်္ကပါအစီအရင် နည်းစနစ်များကို နားလည်ဆင်ခြင်နိုင်ခဲ့ကြလေသည်။
ကောလာဟလအရဆို.. ထိုမြစ်ပုံစံကားချပ်မှာ စကြာဝဠာ၏ လျှို့ဝှက်နက်နဲမှုများနှင့် ကောင်းကင်နှင့် မြေကြီး၏ ပကတိအမှန်တရားတို့ ပါဝင်သည်ဟု ဆိုကြလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် မြစ်ပုံစံကားချပ်ကို ကြည့်ရှုရုံနှင့် လူများသည် တစ်ခုခုကို နားလည်သဘောနိုင်ခဲ့ကြသည်မှာ အသေအချာပင် ဖြစ်လေသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။
ဆူဇီမိုက တစ်ယောက်တည်းဖြင့် သွေးဆာငွေငါးများကို တိုက်ခိုက်နေရဆဲဖြစ်၏။
သွေးဆာငွေငါးများ၏ အရူးအမူး တိုက်ခိုက်မှုဖြင့် ကမ္ဘာဦးမိုးပျံမြွေနဂါးက အက်ကွဲလာကာ အချိန်မရွေး ပျက်ပြယ်တော့မည် ဖြစ်လာ၏။
အနောက်ဘက်တွင် ဖက်တီးလေးက မျက်မှောင်ကိုကြုတ်ထားပြီး သူ့ဦးနှောက်ကို ဖျစ်ညှစ်၍ ထုတ်သုံးနေ၏။
မည်သူမှ သူ့ကို ကူညီမပေးနိုင်ကြပေ။
နောက်ဆုံးမှာတော့...
“ဟုတ်ပြီကွ”
ဖက်တီးလေး၏ မျက်လုံးများက ဝင်းလက်သွား၏။
သူက ခြေထောက်တစ်ဖက်ကို မြှောက်၍ နန်းတော်ကိုးဆောင်ပုံစံကားချပ်ပေါ်သို့ ခြေလှမ်းလိုက်ပြီး ယုံကြည်မှုရှိစွာ လျှောက်လိုက်၏။
လေးလံဝဖိုင့်သည်ဟု ထင်ရသော သူ့ကိုယ်လုံးက အလွန်တရာ ပေါ့ပါးနေပြီး နန်းတော်ကိုးဆောင်ပုံစံကားချပ်ပေါ်မှာ လျှောက်လှမ်းနေ၏။ သူသည် ဘယ်သို့ညာသို့၊ ရှေ့သို့နောက်သို့.. ချာလပတ်လည်ကာ လျှင်မြန်စွာ လျှောက်လှမ်းနေပြီး ရှုပ်ထွေးပွေလီ၍ လိုက်မှတ်ဖို့ မဖြစ်နိုင်ပေ။
“ပွင့်စမ်းကွာ”
နောက်ဆုံးခြေလှမ်းမှာ ဖက်တီးလေးက အော်ဟစ်လိုက်၏။
ဘန်း.. ဘုန်း.. ဘုန်း..
အလွန်ကျယ်လောင်စွာ မြည်ဟည်း၍ ကျောက်တံခါးက မြောက်တက်လာလေသည်။