← Chapters

အရင်ရောက်တာ ဘယ်သူလဲ

Vol. 46 Ch. 687

အရင်ရောက်တာ ဘယ်သူလဲ

Vol. 46 Ch. 687

အုတ်ဂူတွင်းတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးက ရှိနေပုံရ၏။

ဝင်ပေါက်တံခါးက ပွင့်သွားပြီဖြစ်သော်လည်း ရေကန်ထဲရှိ ရေများက အထဲသို့ တိုးဝင်မသွားပေ။

“မြန်မြန်.. ဝင်ကြမယ်ဟေ့”

ဖက်တီးလေးက လက်ပြပြီး အားလုံးကို ခေါ်ဆောင်သွား၏။

ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည်လည်း သွေးဆာငွေငါးများနှင့် ဆက်လက်တိုက်ခိုက်မနေတော့ပေ။ သူသည် နောက်သို့ ခုန်ဆုတ်ပြီး ငါးတစ်ကောင်အလား ရေထဲမှာ လျှင်မြန်စွာ ကူးခတ်သွား၍ သူ့နောက်မှာ လှိုင်းဂယက်များသာ ကျန်ရစ်ခဲ့လေသည်။

နောက်ခဏ၌ သူသည် အုတ်ဂူထဲသို့ ဝင်ရောက်သွားပြီဖြစ်၏။

လူတိုင်း၏ မျက်လုံးက ဝင်းလက်သွားကြ၏။

ရှစ်ကျန့်က မနေနိုင်ဘဲ ချီးမွမ်းလိုက်လေသည်။

“အစ်ကိုဆူ.. ခင်ဗျားရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ လှုပ်ရှားမှုနည်းစနစ်က ရေထဲမှာတောင် ပုံမှန်အတိုင်းပဲနော်.. အထင်ကြီးစရာပါပဲဗျာ”

ထိုအချက်နှင့် ပတ်သတ်၍ ဆူဇီမိုသည်လည်း ဝေခွဲမရ ဖြစ်နေ၏။

ပုံမှန်အားဖြင့်ဆို.. သားရဲတောကောင် သို့မဟုတ် လူသားကျင့်ကြံသူများက ကုန်းနေသတ္တဝါများ ဖြစ်ကြပြီး ရေထဲသို့ ဝင်ရောက်သည့်အခါ သူတို့၏ တိုက်ခိုက်ရည်ခွန်အားနှင့် လှုပ်ရှားမှုနည်းစနစ်က သက်ရောက်ခြင်း ခံရပေလိမ့်မည်။

ဘာပဲပြောပြော.. သားရဲတောကောင်အများစုနှင့် ကျင်ကြံသူများက ကုန်းနေသတ္တဝါများ ဖြစ်ကြပြီး သူတို့၏ ကိုယ်ကာယတည်ဆောက်ပုံနှင့် အလေ့အထတို့က ရေအောက်နေ သက်ရှိများနှင့် သိသာစွာ ခြားနားကြလေသည်။

သူတို့အတွက်တော့ စိမ်းသက်သော ရေအောက်ပတ်ဝန်းကျင်မှာ အသားကျဖို့ မဖြစ်နိုင်ပေ။

ဒါ့အပြင် သူတို့ရောက်နေသော ရေအောက်က ပို၍ နက်လာလေလေ.. ရေခုခံအားကလည်း ပို၍ ကြီးမားလာလေ ဖြစ်ပေမည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ဆူဇီမိုသည် ရေထဲတွင် ရှိနေစဉ် ရေခုခံအားကို မခံစားရဘဲ ထိုနေရာနှင့် ချက်ချင်း အသားကျလုနီးပါး ဖြစ်နေခဲ့၏။

သူ့ခန္ဓာကိုယ်က သူ့ဘေးပတ်လည်ရှိ ရေထုနှင့် တစ်သားတည်း ကျနေသလိုပင်။

သူက ရေအောက်မှာ ရှင်သန်နေထိုင်လာခဲ့သော သက်ရှိတစ်မျိုးလိုပင်။

တစ်ကယ်တော့ အဲ့ဒါက ဆူဇီမို၏ စိတ်ထဲ လျှပ်တစ်ပြက် ပေါ်လာသော အတွေးစတချို့သာဖြစ်ပြီး များစွာ အရေးတယူလုပ်နေခြင်း မရှိပေ။

လူတိုင်း အုတ်ဂူထဲသို့ ဝင်ရောက်လိုက်ပြီးနောက် သွေးဆာငွေငါးများက သူတို့နောက်ကနေ ပြေးလိုက်လာကြသေး၏။ သို့သော်လည်း နန်းတော်ကိုးဆောင်းပုံစံကားချပ်ရှေ့အရောက်တွင် သူတို့အားလုံးက စိုးရိမ်ထိတ်လန့်နေသည့် အမူအယာဖြင့် ရပ်တန့်သွားကြပြီး ရှေ့သို့ ဆက်တက်မလာကြတော့ပေ။

ခဏတာ ကြန့်ကြာနေပြီးနောက် သွေးဆာငွေငါးများက တဖြည်းဖြည်း ကျဲပါးသွားကြလေသည်။

ဘန်း.. ဘုန်း.. ဘုန်း..

ထိုစဉ်မှာပင် ကျောက်တံခါးက တဖြည်းဖြည်း ပြန်ပိတ်သွားပြီး အုတ်ဂူကို တစ်ဖန်ချိတ်ပိတ်လိုက်၏။

လူတိုင်းသည် စိတ်သက်သာရာရကာ သူတို့၏ ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်ကြ၏။

အဲ့ဒီမှာ အတော်လေး ကျယ်ဝန်း၍ ထည်ဝါသော စင်္ကြံလမ်းတစ်ခုက သူတို့ကို ကြိုဆိုနေ၏။

စင်္ကြံ၏ တစ်ဖက်တစ်ချက်စီတွင် လက်သီးဆုပ်အရွယ်ရှိ ညလင်းပုတီးများကို နံရံပေါ်မှာ ချိတ်ဆွဲထားပြီး တစ်ခုနှင့်တစ်ခု ပေတစ်ရာစီ ခြားထားလေသည်။

ညလင်းပုတီးများက စင်္ကြံလမ်းတစ်လျှောက်ကို နေ့ဘက်အလား ရောင်ပြန်ဟပ်ပေးထား၏။

“ဝိုး.. ပစ္စည်းကောင်းလေးတွေပဲ”

စိတ်ဝိညာဉ်ကျားက သူ့ဦးခေါင်းထက်ရှိ ညလင်းပုတီးများကို ငေးကြည့်ပြီး သွားရည်ကျလုနီးပါး ဖြစ်လာ၏။

“ဖက်တီး.. မင်းကတော့ တစ်ကယ့်ကောင်ပဲ”

ရှစ်ကျန့်က ဖက်တီးလေး၏ ပုခုံးကိုပုတ်ပြီး ချီးကျူးလိုက်၏။

“မင်းက ဒီနှစ်တွေထဲ အုတ်ဂူဂိုဏ်းမှာ နေရင်းနဲ့.. အတော်များများကို သင်ယူနိုင်ခဲ့တာပဲ”

အုတ်ဂူကို ရှာဖွေရာတွင်ဖြစ်စေ သို့မဟုတ် စောစောက ဝင်ပေါက်ဝမှာ ရှုပ်ထွေးနက်နဲ့သည့် ခြေလှမ်းများကို လှမ်းတာတွင်ဖြစ်စေ.. လူတိုင်းအတွက် အဲ့ဒါက အထင်ကြီးစရာပင်။

ဖက်တီးလေးသာ ဤလမ်းကို ဦးဆောင်မလာလျှင်.. သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေထဲမှာ နှစ်တစ်ရာလောက် နေရလျှင်တောင် ဤလမ်းကို ဘယ်တော့မှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့က အဲ့ဒါကို ရှာတွေ့နိုင်ခဲ့လျှင်တောင် အထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ပေ။

ကြီးမားသည့် ဤအခွင့်အလမ်းကို ဖက်တီးလေးက အဓိက ဖော်ဆောင်ပေးခဲ့ခြင်း ဖြစ်လေသည်။

“ဟဲဟဲ”

ဖက်တီးလေးက ပြုံးရုံသာပြုံး၍ ဘာမှ မပြောပေ။

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ဖက်တီးလေး၏ ပြုမူနေပုံက တစ်ခုခု မှားယွင်းနေပုံ ရလေသည်။

စောစောက အုတ်ဂူ၏ ဝင်ပေါက်ဝ၌ ဖက်တီးလေးသည် နန်းတော်ကိုးဆောင်ပုံစံကားချပ်ကို မြင်ကတည်းက သူ့အမူအယာက သုန်မှုန်၍ ငြိမ်သက်နေခဲ့ပြီးဖြစ်၏။

သူ၏ စိတ်နေစရိုက်အရဆို.. အုတ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် အတော်လေး စိတ်အားထက်သန် တက်ကြွနေသင့်လေသည်။

သို့သော်လည်း ဤအခိုက်၌ သူက တစ်နည်းတစ်ဖုံ အလိုမကျ စိတ်ပျက်နေသည်ဟု ထင်ရလေသည်။

“ဘာအဆင်မပြေတာ ရှိလို့လဲ”

ဆူဇီမိုက မေးလိုက်၏။

“တစ်ခုခု ဖြစ်ပျက်ထားလို့လား”

ဖက်တီးလေးက သွားဖြဲပြလိုက်၏။

“ကျုပ်တို့ နောက်ကျသွားပြီထင်တယ်”

ထိုစကားကို ကြားချိန်တွင် စိတ်ဝိညာဉ်ကျားက ရှူးရှူးရှဲရှဲ ဖြစ်သွားပြီး ထမေးလိုက်၏။

“နောက်ကျသွားပြီဆိုတာ ဘာအဓိပ္ပါယ်လဲ”

ဖက်တီးလေးက တည်ကြည်စွာ ပြန်ဖြေပေးလိုက်လေသည်။

“လမ်းတစ်လျှောက်မှာ ကျုပ်က သံသယဝင်စရာ ဘာကိုမှ မတွေ့ခဲ့ရဘူး.. အဲ့ဒါနဲ့ ကျုပ်တို့က ဒီနေရာကို အရင်ရောက်လာတာလို့ တွေးထားတာ.. ဒါပေမယ့်လို့ ဝင်ပေါက်ဝက နန်းတော်ကိုးဆောင်ပုံစံကားချပ်ရှေ့ကို ရောက်တဲ့အခါမှာတော့ ဒီနေရာကို ကျုပ်တို့အရင် တစ်ယောက်ယောက်က ရောက်ထားနှင့်ပြီဆိုတာ သိသာသွားတယ်”

“အာ”

လူတိုင်း တုန်လှုပ်သွားကြ၏။

ဖက်တီးလေးက ဆက်ရှင်းပြ၏။

“နှစ်ပေါင်းက သောင်းနဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့အတွက် အုတ်ဂူရဲ့ ဝင်ပေါက်ဝမြေပြင်က ဖုန်ထူထူတက်နေသင့်တယ်မလား.. ဒါပေမယ့်လို့ နန်းတော်ကိုးဆောင်ပုံစံကားချပ်ပေါ်မှာ ဖုန်တွေက ရှင်းနေတဲ့အတွက် တစ်ယောက်ယောက် ကျုပ်တို့အရင် ရောက်ထားနှင့်ပြီဆိုတာ သိသာသွားတယ်”

“သူက ဖုန်တွေကို ရှင်းထုတ်ခဲ့တယ်ဆိုရင်တောင် ဒီနေရာကို ဝင်နိုင်ချင်မှ ဝင်နိုင်ဦးမှာပေါ့”

ရွှေခြင်္သေ့က ပြောလိုက်ခြင်းဖြစ်၏။

“နန်းတော်ကိုးဆောင်ပုံစံကားချပ်က အရမ်းကို ရှုပ်ထွေးတာလေ.. ဒီကမ္ဘာပေါ်မှာ အဲ့ဒါကို ဖြေရှင်းဖော်ထုတ်နိုင်တဲ့သူက အနည်းအကျဉ်းလောက်ပဲ....”

ထိုနေရာအရောက်၌ ရွှေခြင်္သေ့၏ အသံက တိမ်ဝင်သွားလေသည်။

လူတိုင်းသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ စိတ်အာရုံထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာကြ၏။

ဖက်တီးလေးက ဤနေရာကို ရှာနိုင်ပြီး နန်းတော်ကိုးဆောင်ပုံစံကားချပ်၏ ချိတ်စည်းကို ဖြေရှင်းနိုင်သည်ဆိုလျှင် သူ၏ စီနီယာအစ်ကိုဆိုသူကလည်း အဲ့ဒါကို လုပ်နိုင်ဖို့ များလေသည်။

ချက်ချင်းပင် စောစောက လူတိုင်း၏ ပျော်ရွှင်မှုများက ပျက်ပြယ်သွားကြလေသည်။

ဖက်တီးလေး၏ စီနီယာအစ်ကိုကသာ သူတို့အရင် ရောက်သွားခဲ့လျှင် သူက အဖိုးတန်ရတနာများကို သူတို့အတွက် ဘယ်လိုမှ ချန်ထားခဲ့မှာ မဟုတ်ပေ။ အုတ်ဂူဂိုဏ်း၏ အဆုံးစွန်ရတနာဆိုတာကလည်း သူနဲ့အတူ ပါသွားလောက်လေပြီ။

“ဟာကွာ”

စိတ်ဝိညာဉ်ကျားက သက်ပြင်းချပြီး စိတ်ပျက်လက်ပျက် ရေရွတ်လိုက်၏။

“ဘယ်လောက်တောင် ရူးမိုက်လိုက်သလဲကွာ.. ငါတို့က ဘာမှ မဟုတ်ဘဲနဲ့ ဒီခရီးကို လာခဲ့ကြတာပဲ”

သူက ညလင်းပုတီးများကို မော့ကြည့်လိုက်၏။

“ငါတို့ ဒီညလင်းပုတီးတွေကို ဖြုတ်ယူသွားကြမယ်ဆိုရင်ရော.. ဘယ်လိုလဲ.. အဲ့ဒါဆို ငါတို့ လာခဲ့ရတာက အလကားမဖြစ်....”

ချင်ချင်က မျက်မှောင်ကြုတ်ပြီး စိတ်ဝိညာဉ်ကျားကို ဆက်မပြောနိုင်တော့စေရန် ပစ်ကန်ချလိုက်၏။

“မင်းရဲ့စီနီယာအစ်ကိုက အရင်ရောက်အောင် လာနိုင်ခဲ့တယ်ဆိုရင် သူက တော်တော်တော့ စွမ်းတယ် ပြောရမှာပဲ”

ဆူဇီမိုက တည်တံ့စွာ ပြောလိုက်၏။

“ငါတို့ ရေကန်ထဲ ဆင်းလာတဲ့လမ်းမှာ.. တိုက်ခိုက်ထားတဲ့ လက္ခဏာတွေနဲ့၊ သွေးရနံ့တစ်စွန်းတစ်စ ဘာကိုမှ မတွေ့ခဲ့ရဘူး”

“အဲ့ဒါက ဘာကို သက်သေပြပေးနေလဲဆိုတော့.. သူက ရှေးဟောင်းနှင်းခဲမိချောင်း၊ သွေးဆာငွေငါးနဲ့ တခြားသက်ရှိတွေရဲ့ ထောက်လှမ်းမှုကနေ လုံးဝ ရှောင်ရှားနိုင်ပြီးတော့ ဒီအုတ်ဂူထဲကို အောင်အောင်မြင်မြင် ဝင်သွားနိုင်ခဲ့တာပဲ”

ထိုနေရာအရောက်၌ ဆူဇီမို၏ စိတ်ထဲတွင် ဝိုးတဝါး အတွေးတစ်ခုက ဖျတ်ကနဲ ပေါ်လာခဲ့၏။

သို့သော်လည်း သူ့စဉ်းစားနေသော အရာကို အတိအကျ ပုံမဖော်နိုင်ခဲ့ပေ။

ဖက်တီးလေးက ခေါင်းခါလိုက်၏။

“ကျုပ်ရဲ့စီနီယာအစ်ကိုအကြောင်း ကျုပ်ကောင်းကောင်းသိတယ်.. သူက သေချာပေါက် ကျုပ်ထက် သန်မာတယ်ဆိုပေမယ့်.. ဒီရေအောက်မှာရှိတဲ့ သက်ရှိတွေရဲ့ ထောက်လှမ်းမှုကနေ လုံးဝ ရှောင်ရှားနိုင်တဲ့အဆင့်တော့ မဟုတ်ဘူး.. သေချာပေါက် ပညာရှင်တစ်ယောက်ယောက်က သူ့ကို ကူညီပေးနေတာပဲ”

“သွားရအောင်”

ဆူဇီမိုက မှတ်ချက်ပေးလိုက်၏။

“ငါတို့ ဒီနေရာထိ ရောက်လာပြီးမှတော့ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်သွားကြည့်ရမှာပဲ.. ဒီတိုင်းတော့ ပြန်မလှည့်နိုင်ဘူး”

ဖက်တီးလေးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ခေါင်းညိတ်လိုက်၏။

“နောင်ကြီးပြောတာ မှန်ပါတယ်.. ဆက်သွားကြတာပေါ့”

အပြောင်းအလဲ တစ်စုံတစ်ရာကို အာရုံခံ တုံ့ပြန်နိုင်ရန် သူက ရှေ့ဆုံးကနေ သွားလိုက်၏။

ဘာပဲပြောပြော.. ဤအုတ်ဂူထဲရှိ ထောင်ချောက်၊ ချိတ်စည်းနှင့် ဝင်္ကပါအမျိုးအစားများကို သူက အသိနိုင်ဆုံး ဖြစ်လေသည်။

ဆူဇီမိုသည် အုပ်စု၏ နောက်ကနေ လိုက်လာခဲ့၏။

စင်္ကြံလမ်းက အလွန်တရာ ရှည်လျားပြီး အဲ့ဒါက လင်းထိန်နေသော်လည်း သူတို့၏ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်၍ သူတို့ခြေသံများက ပဲ့တင်ထပ်နေသည်မှာ အနိဋ္ဌာရုံဆန်နေလေသည်။

ဆူဇီမိုက သုန်မှုန်နေပြီး.. သူ့သတိကို လုံးဝ လျှော့မချထားပေ။

ဖက်တီးလေး၏ စီနီယာအစ်ကိုက သူထင်ထားသည်ထက် များစွာပို၍ ကြောက်စရာကောင်းနေ၏။

ဤလမ်းတစ်လျှောက်တွင် သူသည် အခြားတစ်ယောက်ယောက်၏ တည်ရှိခဲ့မှုလက္ခဏာမျိုးကို လုံးဝ သတိမထားမိခဲ့ပေ။

အုတ်ဂူဝင်ပေါက်ဝ၌ မူမမှန်သော တစ်စုံတစ်ရာကို ဖက်တီးလေးက သတိထားမိခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သည်နေရာသို့ အခြားတစ်ယောက်ယောက် ရောက်ခဲ့ပြီးပြီဆိုတာကို မည်သူမှ သိနိုင်ကြမှာ မဟုတ်ပေ။

ခဏကြာပြီးနောက် နောက်ဆုံး သူတို့သည် စင်္ကြံလမ်း၏ အဆုံးသတ်ကို ရောက်ရှိလာပြီး နေရာက ဟင်းလင်းပွင့်သွားလေသည်။

သူတို့သည် ခမ်းနားထည်ဝါပြီး ကျယ်ဝန်းသော ခန်းဆောင်ကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့ကြ၏။

ခန်းဆောင်၏ ထောင့်လေးထောင့်တွင် စိမ်းဖန့်ဖန့်ကြေးခေါင်းတလားလေးခုကို ချထားပြီး နေရာက အနိဋ္ဌာရုံအော်ရာဖြင့် လွှမ်းခြုံနေ၏။

အုတ်ဂူခန်းဆောင်၏ မျက်နှာချင်းဆိုင် တစ်ဖက်ခြမ်းမှာ နောက်ထပ်စင်္ကြံလမ်း ၁၆ ခု ရှိနေ၏။ တစ်ခုချင်းစီက နက်မှောင်၍ မကောင်းသည့် အငွေ့အသက်များဖြင့် ပြည့်နေပြီး မည်သည့်ညလင်းပုတီးမှလည်း ရှိမနေပေ။

အုတ်ဂူသခင် ရည်ရွယ်ထားခဲ့သော အရာနှင့်ပတ်သတ်၍ လူတိုင်းသည် အကြမ်ဖျင်း ခန့်မှန်းမိလိုက်ကြ၏။

လက်ရှိသူတို့ရှေ့ရှိခန်းဆောင်က သေချောပေါက် ပင်မအုတ်ဂူ မဖြစ်နိုင်ပေ။ ဟိုဘက်ခြမ်းရှိ စင်္ကြံလမ်း ၁၆ ခုထဲမှ တစ်ခုကသာလျှင် မှန်ကန်သော အုတ်ဂူဆီသို့ ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။

သူတို့သည် လမ်းမှားတစ်ခုကို ရွေးချယ်ခဲ့မိလျှင် ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့လည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဖက်တီးလေးက နေရာမှာပင် ရပ်တန့်၍ အတန်ကြာအောင် တွက်ချက်ပြီးနောက် ဘယ်ဘက်မှရေလျှင် ခုနှစ်ခုမြောက်စင်္ကြံလမ်းကို လက်ညိုးထိုးလိုက်၏။

“ဒီလမ်းပဲ”

ထိုသို့ပြောရင်း.. သူက ခန်းဆောင်ထဲသို့ လှမ်းဝင်ဖို့ ပြင်လိုက်၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်၍ သုန်မှုန်နေသော အမူအယာဖြင့် ပြောလိုက်၏။

“ဒီခန်းဆောင်က သိပ်တော့ မူမမှန်ချင်ဘူး.. အားလုံးပဲ သတိထားကြပါ”

All Chapters