စွမ်းအားကြီးပုဂ္ဂိုလ်အရိုးစု
Vol. 46 Ch. 688
ဤကဲ့သို့ အနိဋ္ဌာရုံဆန်သော ခန်းဆောင်ထဲတွင် ဆူဇီမို၏ အာရုံခံသတိစိတ်က သိပ်ပြီး အသုံးမဝင်တော့ပေ။
သို့သော်လည်း ခန်းဆောင်ကို မြင်လိုက်ရသည့်အချိန်၌ သူသည် အန္တရာယ်အငွေ့အသက်ကို ဖျတ်ကနဲ ခံစားလိုက်ရပြီးနောက် ချက်ချင်း ပြန်လည်ပျောက်ကွယ်သွား၏။
လောက၌ ဆူဇီမို၏ အာရုံခံသတိစိတ်ကနေ လွတ်မြောက်နိုင်သော အရာများစွာ ရှိလေသည်။
“အဆင်ပြေပါတယ်.. ကျုပ်နောက်က လိုက်ခဲ့ကြ”
ဖက်တီးလေးက ပြုံး၍ ခုနှစ်ခုမြောက် စင်္ကြံလမ်းဆီသို့ ဦးတည်လိုက်၏။
ဆူဇီမိုနှင့် အခြားသူများကလည်း လိုက်ပါသွားကြ၏။
စိတ်ဝိညာဉ်ကျားက ခိုးကြောင်ခိုးဝှက်ဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။
“ခေါင်းဆောင်၊ ဖက်တီး.. ခေါင်းတလားလေးခုက အရမ်း အိုဟောင်းနေပြီဆိုပေမယ့် အရင်က ဘယ်သူ့မှ ဖွင့်မကြည့်ခဲ့ကြဘူးထင်တယ်.. အထဲမှာ ရတနာတစ်ခုခုများ ဝှက်ထားသလား ကျုပ်သွားစစ်ဆေးကြည့်လိုက်မယ်လေ”
စိတ်ဝိညာဉ်ကျားက ဟက်ကနဲ ရယ်လိုက်၏။
“မသွားနဲ့”
ဆူဇီမိုက ပြင်းထန်ခိုင်မာသော အကြည့်ဖြင့် ခေါင်းရမ်းပြလိုက်၏။
ဆူဇီမို၏ အကြည့်နှင့် ဆုံချိန်တွင် စိတ်ဝိညာဉ်ကျားသည် ချက်ချင်းကျောမတ်သွားပြီး သူ့အတွေးများကို ဆက်လက်ဖော်ဆောင်ရဲခြင်း မရှိတော့ပေ။
ရုတ်တရတ် ခန်းဆောင်၏ ထောင့်လေးထောင့်မှ အသံဗလံတချို့က ထွက်ပေါ်လာ၏။
ကျွိ.. ကျွိ.. ကျွိ..
ခေါင်းတလားအဖုံးများက တွန်းဖယ်ခြင်း ခံလိုက်ရသည့်အလား စူးစူးရှရှ အသံများက ထွက်ပေါ်လာ၏။
ဖျောက်.. ဖောက်.. ဖောက်..
နောက်ခဏ၌ ကျောချမ်းဖွယ်ရာ အသံများက ခန်းဆောင်ထဲမှာ ဟိန်းထွက်လာလေသည်။
လူတိုင်းသည် အသံများ ထွက်ပေါ်လာရာဘက်သို့ အလိုလို လှမ်းကြည့်လိုက်ကြ၏။
သူတို့ကို တစ်ယောက်ယောက်က ဖယ်ထုတ်လိုက်သည့်အလား ခေါင်းတလားလေးခုက အတော်လေး ကျယ်လောင်စွာ ဟသွားပြီး အတွင်းကနေ ပြွတ်သိပ်နေသော အနက်ရောင်အရိပ်များက တွားသွား၍ ထွက်လာကြ၏။ ရေလှိုင်းလုံးများကဲ့သို့ သူတို့သည် လူတိုင်းဆီသို့ ကြောက်စရာအမြန်နှုန်းဖြင့် ပြုံဝင်လာကြ၏။
“ပုပ်သေကောင်ပိုးတောင်မာတွေ”
ဖက်တီးလေးသည် ထိတ်လန့်တကြား ရေရွတ်လိုက်၏။
ထိုအရိပ်များက အုံလိုက်ကျင်းလိုက် ချီတက်လာကြသော ပုပ်သေကောင်ပိုးတောင်မာများ ဖြစ်ကြလေသည်။
သူတို့တစ်ကောင်ချင်းစီက မင်ကဲ့သို့ နက်မှောင်နေပြီး လက်တစ်ဝါးအရွယ်လောက်ရှိကာ သူတို့၏ကိုယ်ကို ခွံမာတစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။ သူတို့၏ ခြေခြောက်ချောင်းက နီရဲကခုန်နေပြီး အလွန်တရာ ထက်ရှကြလေသည်။ သူတို့မှာ မျက်လုံးနှင့် နားများ မပါကြသော်လည်း သူတို့က လူတိုင်း၏ တည်နေရာကို တိကျစွာ ထောက်လှမ်းနိုင်ကြလေသည်။
အားလုံး၏ မျက်နှာများက ဖြူလျော့သွားကြ၏။
မြေခွေးလေးက အတော်လေး ထိတ်လန့်နေပြီး ဆူဇီမို၏ ရင်ခွင်ထဲ ဝင်ပုန်းနေသည်မှာ အတော်ကြာခဲ့လေပြီ။
“မြန်မြန် သွားကြဟေ့”
ဆူဇီမိုက အော်ဟစ်လိုက်၏။
လူတိုင်းသည် လေထဲသို့ ပျံတက်၍ ခုနှစ်ခုမြောက် စင်္ကြံလမ်းဆီသို့ ပြေးလွှားလိုက်ကြ၏။
ပုပ်သေကောင်ပိုတောင်မာများကလည်း သူတို့နှင့်အတူ လေထဲသို့ ပျံတက်လိုက်ကြပြီး အနက်ရောင် ရေစီးကြောင်းများကဲ့သို့ အဘက်ဘက်ရှိ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်ကြ၏။
ဆူဇီမိုက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ချင်ချင်က သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလိုက်သည်ကို တွေ့လိုက်ရလေသည်။ သူမက ခေါင်းကိုမော့၍ အော်မြည်လိုက်ပြီး သူမ၏ မျိုးဆက်သွေးကို ရုန်းကြွစေကာ ဘေးပတ်လည်ရှိ အပူချိန်ကို လျှင်မြန်စွာ မြှင့်တင်လိုက်၏။
ထို့နောက် သူမ၏ ပါးစပ်ကို ဟ၍ သူမခေါင်း လှည့်ပြောင်းသွားရာတစ်လျှောက် အစိမ်းရောင်မီးတောက်များကို မှုတ်ထုတ်လိုက်၏။
အစိမ်းရောင်မီးတောက်များက ထိုးဖောက်လို့ မရနိုင်သော အကာအရံအလွှာတစ်ခု ဖြစ်လာလေသည်။
ပုပ်သေကောင်ပိုးတောင်မာများက အကြီးအကျယ် ဒုက္ခပေးနိုင်သော်လည်း သက်ရှိတိုင်းမှာ တန်ပြန်ဝိပါက်ဆိုတာ ရှိလေသည်။
သူတို့က မီးတောက်များကို ကြောက်ရွံ့သော သက်ရှိများ ဖြစ်ကြလေသည်။
ချင်ချင်၏ မျိုးဆက်သွေးကနေ ထုတ်လွှတ်လိုက်သော မီးတောက်များက မော်တယ်ဘုံမှာ တွေ့ရတတ်သော သာမန်မီးတောက်မျိုး မဟုတ်ပေ။
အဲ့ဒါက ဒဏ္ဍာရီလာ ပီဖန်ငှက် အသုံးပြုသော မီးတောက်မျိုးဖြစ်ပြီး မိုးပျံမြွေနဂါး၏ မီးတောက်များနှင့်ပင် နှိုင်းယှဉ်လို့ ရလေသည်။
အုံလိုက်ကျင်းလိုက် ဝင်ချလာသော အနက်ရောင်ပုပ်သေကောင်ပိုးတောင်မာများက အစိမ်းရောင်အကာအရံနှင့် တွေ့ချိန်တွင် ချက်ချင်း ရပ်တန့်လိုက်ကြ၏။ ရှေ့ဆုံးရှိ ပုပ်သေကောင်ပိုးတောင်မာများစွာမှာ မီးတောက်များကြားထဲတွင် စူးစူးဝါးဝါး အော်မြည်လိုက်ကြ၏။ သူတို့က လဲကျရုန်းကန်ရင်း ပြာကျသွားကြ၏။
လူတိုင်း တက်ကြွသွားကြလေသည်။
ပီဖန်၏ မီးတောက်များနှင့်ဆိုပါက.. သူတို့သည် ပုပ်သေကောင်ပိုးတောင်မာများ၏ အဟန့်အတားကို သေချာပေါက် ဖောက်ထွက်နိုင်တော့မည်ဖြစ်ပြီး တစ်ဖက်ရှိ စင်္ကြံလမ်းထဲသို့ ဝင်ရောက်နိုင်ပေတော့မည်။
ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း..
ရုတ်တရက်.. ခန်းဆောင်၏ ထောင့်လေးထောင့်မှ ကျယ်လောင်သော မြည်ဟည်းသံများက ပဲ့တင်ထပ် ထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ်ရာ အော်ရာက ဆင်းသက်လာကာ ခန်းဆောင်၏ နေရာတိုင်းကို လွှမ်းခြုံလာလေသည်။
လူတိုင်း တသိမ့်သိမ့် တုန်ယင်သွားကြ၏။
ထိုအော်ရာအောက်တွင်.. ပီဖန်၏ အလျှံညီးညီးမီးတောက်များကပါ ငြိမ်းသေတော့မည့် လက္ခဏာ ပြလာ၏။
“သန်မာလိုက်တာ”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူသည် များစွာ စဉ်းစားတွေးတောနေဖို့ အချိန်မရှိဘဲ သူ့ရွှေအမြုတေကို နောက်ဆုံးအကန့်အသတ်ထိ ချက်ချင်းလှည့်ပတ်ကာ သူ၏ အမြုတေနယ်မြေကို ချက်ချင်းထုတ်ဖော်လိုက်၏။
ဘန်း.. ဘုန်း.. ဘုန်း..
မိုးကောင်းကင်က အက်ကွဲပွင့်ကျပြီး မိုးကြိုးများက ပစ်ချကာ လျှပ်စီးများက တဖျပ်ဖျပ်လက်လာ၏။
တလိပ်လိပ်တက်လာသော မြစ်ရေစီးကြောင်းများနှင့်အတူ မရေမတွက်နိုင်သော ကြယ်များနှင့် ဥက္ကာခဲများက ကြွေကျလာလေသည်။
ကြီးမားသည့် သားရဲတောကောင်ကြီးက ဆင်းသက်လာပြီး ဒေါသူပုန်ထနေသော ဒီရေစီးကြောင်းများကို သူ၏ ခြေလက်များဖြင့် ဖိနှိမ်ကာ ကျိုးပဲ့လာသော မိုးကောင်းကင်ကို သူ့ကျောနှင့် ထမ်းထားရင်း သူ့အောက်ဘက်ရှိ လူတိုင်းကို ကာကွယ်ပေးနေ၏။ ၎င်းက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ့မျက်လုံးများက မယိမ်းမယိုင် တည်ကြည်ခိုင်မာနေ၏။
ကမ္ဘာဦးနတ်လိပ်က ဆင်းသက်လာလေပြီ။
တစ်ချိန်တည်းမှာပင် စွမ်းအားကြီးမားသော အော်ရာလေးခုက ပုပ်သေကောင်ပိုးတောင်မာများနှင့် ပီဖန်၏ မီးတောက်များကို ဆုတ်ဖြဲထိုးဖောက်၍ လူတိုင်း၏ ရှေ့သို့ ရောက်ရှိလာ၏။
အဲ့ဒါက အရိုးစု လေးစုံပင် ဖြစ်လေသည်။
အတိအကျ ပြောရလျှင် အဲ့ဒါတွေသည် လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်က အရိုးစုလေးစု ဖြစ်လေသည်။
နှစ်ပေါင်းသောင်းချီ ကြာခဲ့တာတောင် အရိုးတိုင်များက မပျက်မစီး အကောင်းပကတိ ရှိနေသေး၏။ ထိုအချက်ကနေ သွယ်ဝိုက်ဖော်ပြနေသည်မှာ အရိုးစု လေးစု၏ ပိုင်ရှင်များသည် အတိတ်ကာလ သူတို့အသက်ရှင်ခဲ့စဉ်က သေချာပေါက် ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ခဲ့ပေမည်။
ပေါင်းစည်းခန္ဓာများက နှစ်ပေါင်းသောင်းချီ ကျင့်ကြံခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များက သူတို့၏ ဓမ္မစွမ်းအားများနှင့် ပေါင်းစည်းသွားပြီဖြစ်၍ သူတို့၏ အရိုးများက ယခုကဲ့သို့ မဆွေးမြည့်နိုင်တော့ပေ။
ဝုန်း..
အရိုးစုများက အမူအယာကင်းမဲ့နေပြီး ကမ္ဘာဦးနတ်လိပ်ကို ရင်ဆိုင်လိုက်ကြ၏။ သူတို့၏ နဖူးနေရာကနေ မကောင်းဆိုးဝါးဆန်ဆန်အလင်းက တောက်ပလာပြီး နတ်လိပ်ကို ချက်ချင်း ကြေမွသွားစေ၏။
ရွှေအမြုတေနယ်မြေက ထုတ်ဖော်လိုက်သည့် ခဏမှာပင် ကြေမွပျက်စီးသွားရလေပြီ။
အရိုးစုလေးစုက သူတို့၏ ဓမ္မစွမ်းအားများကို ဆုံးရှုံးထားသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း သူတို့၏ အရိုးများထဲရှိ စွမ်းအားကပင် ရွှေအမြုတေနယ်မြေကို လွယ်လင့်တကူ ဖျက်ဆီးခြေမွှပစ်ဖို့ လုံလောက်လေသည်။
လက်ရှိလူတိုင်းကို သတ်ဖြတ်ပစ်ဖို့ အရိုးစုလေးစုမဟုတ် တစ်ခုတည်းနှင့်ပင် လုံလောက်လေသည်။
ဆူဇီမို၏ ရွှေအမြုတေက ကမ္ဘာဦးနတ်လိပ်နှင့် အပြန်အလှန် ချိတ်ဆက်ထား၏။ နတ်လိပ်၏ ကြေမွသွားခြင်းက သူ့ကိုလည်း ရိုတ်ခတ်လာပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရကာ သူသည် ဤပြဿကို ကိုင်ဖွယ်ဖို့ နည်းလမ်းတစ်ခု အလျှင်အမြန် စဉ်းစားနေရ၏။
မျောက်၏ မျက်လုံးများထဲရှိ သွေးနီရောင်အလင်းစက်က တဖျပ်ဖျပ်လက်လာပြီး သူက ဒေါသယမ်းမီးပေါက်ကွဲသည့်အဆင့်သို့ အချိန်မရွေး ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေ၏။
ဖက်တီးလေးက အကြောက်လွန်ပြီး ရပ်နေသလို ငေးငိုင်၍ တစ်ခုခုကို စဉ်းစားဖော်ထုတ်နေပုံရ၏။
အခြားလူတိုင်း၏ မျက်နှာများကလည်း ကြောက်လန့်တကြား ဖြူလျော့လာပြီး သူတို့၏ မျက်လုံးများထဲမှာ ကူကယ်ရာမဲ့မှုက ဝင်ရောက်လာကြ၏။
စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အရိုးစုများရှေ့တွင် သူတို့၏ စွမ်းအားများက ပုရွက်ဆိတ်များကဲ့သို့ အရေးမပါ အရာမရောက်တော့ပေ။
“အို့.. အဲ့ဒါပဲ”
ရုတ်တရက်..
ဖက်တီးလေးက တစ်ခုခုကို အမှတ်ရသွားပုံရပြီး အံ့အားတသင့် ထအော်လိုက်၏။ သူက သူ့လျှာကို ကိုက်၍ လတ်ဆတ်သော သွေးများကို ထွေးထုတ်လိုက်ပြီး ရှုပ်ထွေးနက်နဲသော မန္တရားတစ်ခုကို စတင်ရွတ်ဖတ်လိုက်၏။
ဂါထာမန္တရား၏ အာနိသင်ဖြင့် လေထဲတွင် သွေးတစ်လုတ်စာက တန့်နေပြီး ပျက်ပြယ်မသွားပေ။
အရိုးစုလေးစုကလည်း သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြ၏။
သို့သော်လည်း သူတို့၏ နဖူးများမှ အလင်းစက်များက တဖျပ်ဖျပ် ဖြစ်လာ၏။
ဂါထာမန္တရားရွတ်ဖတ်သံကလည်း မြန်ဆန်ပြင်းထန်လာလေသည်။
ဖက်တီးလေး၏ နဖူးတွင် ချွေးစက်များက သီးလာလေသည်။
တဖြည်းဖြည်း လေထဲရှိ သွေးတစ်လုတ်က သွေးစက်လေးစက်အဖြစ် ကွဲထွက်သွားပြီး အရိုးစုလေးစု၏ ဦးခေါင်းများထက် လွင့်မျောကာ ဖြည်းဖြည်းချင်း ဆင်းသက်သွားကြ၏။
အရိုးစုလေးစု၏ နဖူးများပေါ်ရှိ အလင်းစက်များက တဖြည်းဖြည်း ငြိမ်းသေသွားကြလေသည်။
အရိုးစုလေးစုက ပြန်လှည့်သွားပြီး ခန်းဆောင်၏ ထောင့်လေးထောင့်ရှိ သူတို့၏ ခေါင်းတလားများထဲသို့ ပြန်လည်ဝင်ရောက်ကာ ခေါင်းတလားအဖုံးများကို သူတို့ဘာသာသူတို့ ပြန်ပိတ်လိုက်ကြ၏။
ဘေးပတ်လည်ရှိ ပုပ်သေကောင်ပိုးတောင်မာများကလည်း ခေါင်းတလားများစီသို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားပြီး ပျောက်ကွယ်သွားကြလေသည်။
ဝုန်း..
ခေါင်းတလားများက တစ်ဖန်ပြန်ပိတ်သွားလေပြီ။
ခန်းဆောင်က ပြန်လည်တိတ်ဆိတ်အေးချမ်းသွား၏။
မြေပြင်ပေါ်တွင် မီးကျွမ်း၍ ကျန်ရစ်ခဲ့သော ပုပ်သေကောင်ပိုးတောင်မာများကြောင့်သာ မဟုတ်လျှင် စောစောက ဖြစ်ပျက်ခဲ့သမျှက ပုံရိပ်ယောင်တစ်ခုဟု ထင်မှတ်စရာပင်။
“ဘာ-ဘာလဲဟ”
တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသော ရှစ်ကျန့်က မောဟိုက်နေရင်း မေးလိုက်၏။
“အဲ့ဒီခေါင်းတလားလေးခုက အုတ်ဂူသခင် ချန်ထားရစ်ခဲ့တဲ့ ဝှက်ဖဲလို့ ပြောလို့ ရတယ်.. အပြင်လူတွေသာ ဒီနေရာကို ကျူးကျော်ဝင်ရောက်လာမယ်ဆို.. အဲ့ဒီအရိုးစုတွေက နိုးထလာပြီးတော့ သူတို့ကို သတ်ဖြတ်ပစ်လိမ့်မယ်”
ဖက်တီးလေးက အမောမပြေသေးဟန်ဖြင့် ရှင်းပြလိုက်၏။
အသက်တစ်ချက်ရှူပြီးနောက် သူက ဆက်ပြောပြ၏။
“စောစောက ဂါထာမန္တန်က အုတ်ဂူဂိုဏ်းရဲ့ အန္တိမဂန္တဝင်ပညာရပ်ပဲ.. အမွေခံတပည့်တိုင်း အဲ့ဒါကို ကျက်မှတ်လေ့ကျင့်ထားရတယ်.. ဒါပေမယ့် အဲ့ဒါကို ဘယ်နေရာမှာ အသုံးချရမလဲ ဘယ်သူမှ မသိကြဘူး”
“ဒါပေမယ့်လို့ ဆရာကတော့ တစ်ခါပြောဖူးတယ်.. တစ်ကယ့်တစ်ကယ် သေရေးရှင်ရေး အခြေအနေကျရင် အဲ့ဒီဂါထာမန္တန်က အုတ်ဂူဂိုဏ်းရဲ့ တပည့်တစ်ယောက်ဆိုတာကို အတည်ပြု သက်သေပြပေးနိုင်လိမ့်မယ်တဲ့”
ပုံမှန်အားဖြင့်ဆိုလျှင် အခြားသော ကျင့်ကြံသူများ၏ အုတ်ဂူများမှာ ဤကဲ့သို့ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းနည်းစနစ်များကို ချန်ထားရစ်ခဲ့ကြမှာ မဟုတ်ပေ။
ထို့ကြောင့် ထိုဂါထာမန္တန်ကို သုံးစရာမလိုဘဲ အချိန်အများစုမှာ အဲ့ဒါက သုံးစားမရသလို ဖြစ်နေလေသည်။
သို့သော်လည်း ဤအုတ်ဂူ၏ ပိုင်ရှင်ကတော့ သူ၏ အမွေအနှစ်ကို အုတ်ဂူဂိုဏ်း၏ အမွေခံတပည့်များသာ စိတ်ချသေချာစွာ လက်ခံယူနိုင်ဖို့အတွက် အကန့်အသတ် အချုပ်အနှောင်နှင့် အစီအရင်များစွာကို စီမံချခင်းထားခဲ့လေသည်။
ထိုသို့နှင့် ထိုဂါထာမန္တန်ကို အသုံးချဖို့ ဖြစ်လာခဲ့၏။
ဒီတစ်ခေါက်မှာတော့ ရှစ်ကျန့်သည် နားလည်သဘောပေါက်သွားပြီး အကြောက်မပြေသေးဟန်ဖြင့် ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ်ကွာ.. အုတ်ဂူဂိုဏ်းက နောက်ထပ်အုတ်ဂူတစ်လုံးထဲတော့ ငါဘယ်တော့မှာ လိုက်ဝင်မှာ မဟုတ်တော့ဘူး”
ရုတ်တရက် ဆူဇီမိုက ဝင်ပြောလိုက်၏။
“ကဲ အဲ့ဒါတွေကို နောက်မှ ပြောကြတာပေါ့.. ဖက်တီးလေး.. ပင်မအုတ်ဂူကို မြန်မြန်ရှာတော့.. စောစောက ဒီအုတ်ဂူရဲ့ အနက်ပိုင်းထဲမှာ လှုပ်ရှားမှုတစ်ခုကို ငါအာရုံခံမိခဲ့တယ်.. ဒီနေရာမှာ အခြားလူတွေလဲ ရှိနေကြသေးပုံပဲ”
“ခင်ဗျား.. ပြောချင်တာက...” ဖက်တီးလေး၏ မျက်လုံးများက ဝင်းလက်သွား၏။
ဒါဆို.. သူ့စီနီယာအစ်ကိုက သူတို့ထက် အနည်းငယ်ပဲ စောရောက်လာတာဖြစ်ပြီး အခုထိ ပြန်မထွက်ရသေးပုံပင်။