သေလမ်းနဲ့ ရှင်လမ်း
Vol. 46 Ch. 689
ဖက်တီးလေး၏ ဦးဆောင်မှုဖြင့် လူတိုင်းသည် ခုနှစ်ခုမြောက်စင်္ကြံလမ်းဆီသို့ ပြေးဝင်ချသွားကြ၏။
အချို့အကွေ့များစွာကို ဖြတ်ကျော်ပြီးနောက် ရှေ့တွင် အလင်းပြောက်တစ်ခုက ပေါ်လာ၏။ အဲ့ဒါက စင်္ကြံလမ်း၏ အဆုံးသတ်ဆိုတာ သိသာလေသည်။
လူတိုင်း အားမာန်တက်ကြွသွားပြီး ခပ်မြန်မြန် သုတ်ခြေတင်လိုက်ကြ၏။
စင်္ကြံလမ်းကနေ ထွက်လာပြီးနောက် သူတို့၏ မြင်ကွင်းက ဟင်းလင်းပွင့်သွားပြီး အုတ်ဂူ၏ နောက်ထပ်ခန်းဆောင်တစ်ခုထဲ ရောက်လာတာကို သူတို့တွေ့လိုက်ရ၏။
ဒီတစ်ကြိမ်တွင်လည်း ခန်းဆောင်၏ အခြားတစ်ဖက်စွန်းမှာ နက်မှောင်နေသော စင်္ကြံလမ်းရှစ်ပေါက် ရှိနေသည်ကို သူတို့တွေ့လိုက်ရ၏။ သူတို့က နောက်ထပ်ရွေးချယ်ဆုံးဖြတ်ချက်တစ်ခုကို ချရပေဦးမည်။
လူတိုင်းသည် ဖက်တီးလေးကို အတူတူလှည့်ကြည့်လိုက်ကြ၏။
သူက မြေတိုင်းအိမ်မြှောင်ကို ထုတ်ယူပြီး အဲ့ဒါကို အုတ်ဂူဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်အတိုင်း ချိန်ညှိပြင်ဆင်လိုက်၏၏။ သူက အဲ့ဒါကို ဖွင့်လိုက်သောအခါ သံလိုက်လက်တံက တဖြည်းဖြည်း တည်ငြိမ်လာပြီး အရပ်တစ်ဖက်ကို ရည်ညွှန်းပြသလိုက်၏။
ဖက်တီးလေက လွှတ်ကနဲ အော်လိုက်၏။
“ဒီလမ်းပဲ”
သူ့စကား မဆုံးသေးခင်မှာပင် သူက အထဲသို့ ပြေးဝင်သွားလေပြီ။
ထိုစင်္ကြံလမ်း၏ အဆုံးသတ်၌ သူတို့သည် နောက်ထပ်ခန်းဆောင်တစ်ခုထဲသို့ ရောက်လာပြန်လေသည်။
တစ်ဖက်ခြမ်းမှာက စင်္ကြံလမ်း လေးပေါက် ရှိနေ၏။
ရှစ်ကျန့်က အမောတကောနှင့် ပြောစရာစကားမဲ့သွားရ၏။
“မင်းတို့ အုတ်ဂူဂိုဏ်းက လူတွေရဲ့ ခေါင်းထဲမှာ တစ်ခုခုတော့ မှားနေကြတာလား မသိဘူး.. ဘာလဲကွာ.. အဲ့ဒါက အရမ်းကို စိုးရိမ်စိတ်လွန်ကဲရာ ကျမနေဘူးလား”
ဖက်တီးလေးက မြေတိုင်းအိမ်မြှောင်ကို တစ်ဖန်ထုတ်ယူပြီး သိပ်မကြာမီ လမ်းကြောင်းတစ်ခုကို အတည်ပြုလိုက်၏။ သူက ဘယ်ဘက်အစွန်ဆုံးလမ်းထဲသို့ ပြေးဝင်သွားပြီး လူတိုင်းကလည်း သူ့နောက်ကို ထပ်ကြပ်မကွာ လိုက်သွားကြ၏။
စိတ်ဝိညာဉ်ကျားက သူ့ခေါင်းကို တွန့်ခါရမ်း၍ ယုံကြည်မှုရှိရှိ ပြောလိုက်၏။
“ငါထင်တာ မမှားဘူးဆို.. ဒီလမ်းရဲ့ အဆုံးသတ်မှာ စင်္ကြံလမ်းနှစ်ပေါက်ပါတဲ့ နောက်ထပ်ခန်းဆောင်တစ်ခု ရှိရမယ်ကွာ”
ဖက်တီးလေးက ခေါင်းညိတ်လိုက်လေသည်။
“ခင်ဗျားမှန်ပါတယ်.. အပြင်ဘက်မှာ အာရုံလွှဲအုတ်ဂူက စုစုပေါင်း ၃၂ ခု ရှိတယ်.. စောစောက အဲ့ဒီမှာ စင်္ကြံလမ်း ၁၆ ခု၊ ၈ ခုနဲ့ ၄ ခုဆိုတော့.. ဒီလမ်းရဲ့ အဆုံးမှာက ၂ ခု ဖြစ်ရမှာပေါ့”
“ငါက ဆရာကြီးပဲကွ.. ဟုတ်တယ်မလား” စိတ်ဝိညာဉ်ကျားက ချင်ချင်နားသို့ ကပ်သွားပြီး အူမြူးစွာ ပြောလိုက်၏။
ချင်ချင်က နှုတ်ခမ်းစူလိုက်လေသည်။
ထိုလမ်းကနေ သူတို့ထွက်သောအခါ တစ်ကယ်လည်း အခြားတစ်ဖက်မှာ စင်္ကြံလမ်းနှစ်ပေါက်နှင့် ခန်းဆောင်တစ်ခုကို တွေ့ရလေသည်။
ဘယ်ဘက်က စင်္ကြံလမ်း၏ အထက်တွင် ‘ရှင်ခြင်း’ဟူသော ကြီးမားသည့် စာလုံးကြီးကို တွေ့လိုက်ရ၏။
ညာဘက်က စင်္ကြံလမ်း၏ အထက်မှာတော့ ‘သေခြင်း’ဟူသော ကြီးမားသည့် စားလုံးကြီး ရှိနေပြန်၏။
သေလမ်းနှင့် ရှင်လမ်းက သူတို့ရှေ့မှောက်မှာပင်.. လူတိုင်းသည် နောက်တစ်ဖန် ရွေးချယ်မှုတစ်ခု ပြုလုပ်ရပေတော့မည်။
သူတို့အားလုံး၏ ဦးခေါင်းများက ဖက်တီးလေး၏ လက်ထဲရှိ မြေတိုင်းအိမ်မြှောင်ဆီသို့ တစ်ပြိုင်နက်တည်း လှည့်လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် မြေတိုင်းအိမ်မြှောင်၏ သံလိုက်လက်တံက လုံးဝကို ကပြောင်းကပြန် ဖြစ်နေပြီး ရူးသွပ်စွာ လှည့်ပတ်နေလေသည်။
“ဘာဖြစ်နေတာလဲ” ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ဖက်တီးလေး၏ အမူအယာက သုန်မှုန်နေပြီး တည်တံ့စွာ ပြောလိုက်၏။
“ဒီနေရာမှာရှိတဲ့ ဖုန့်ရွှေက အရမ်းကို ကစင်ကလျား ဖြစ်နေတယ်.. အိမ်တိုင်းအိမ်မြှောင်က အလုပ် မလုပ်နိုင်တော့ဘူး.. ဒါက အုတ်ဂူသခင် ချန်ထားခဲ့တဲ့ နောက်ဆုံးစမ်းသပ်ချက် ဖြစ်လိမ့်မယ်ထင်တယ်.. ဒီလမ်းနှစ်လမ်းထဲ တစ်လမ်းကတော့ အစစ်အမှန်ပင်မအုတ်ဂူဆီကို ခေါ်သွားပေးလိမ့်မယ်”
“အဲ့ဒါဆို ငါတို့က ဘယ်လို ရွေးချယ်ရမှာလဲ” ဆူဇီမိုက မေးလိုက်၏။
“ကျုပ်လဲ မသိဘူး” ဖက်တီးလေးက ခေါင်းခါရမ်းပြီး တွေးဆနေ၏။
“ဟေး.. နင်က ဆရာကြီးဆို.. အဲ့ဒါဆိုလဲ ဘယ်လမ်းလဲ ရွေးပေးဦးလေ” ချင်ချင်က စိတ်ဝိညာဉ်ကျား၏ နံဘေးကို တံတောင်ဖြင့်တွတ်ပြီး ရှေ့သို့လက်ညိုးထိုးပြကာ တိုးတိုးပြောလိုက်၏။
စိတ်ဝိညာဉ်ကျားက ညင်သာစွာ ချောင်းဟန့်လိုက်၏။
“ရှင်ခြင်းလမ်းကြောင်းက တစ်ကယ့်ရှင်ခြင်းဆီကို ခေါ်သွားပေးမှာ မဟုတ်ဘူး.. သေခြင်းလမ်းကြောင်းကလဲ တစ်ကယ်သေခြင်းဆီသို့ ခေါ်သွားမှာ မဟုတ်ဘူး.. အပေါ်က စကားလုံး နှစ်လုံးက နောက်ပိုင်းမျိုးဆက်တွေ စိတ်ရှုပ်သွားအောင်လို့ အုတ်ဂူသခင်က သက်သက် ချန်ထားခဲ့တာပဲ.. ကျုပ်အထင်တော့.. သေလမ်းကမှ တစ်ကယ့် ရှင်သန်ခြင်း ဖြစ်လိမ့်မယ်”
“ရယ်လွန်းရင် ငိုရတတ်တယ်တဲ့.. ဝမ်းနည်းစရာတွေရဲ့ အလွန်မှာ ပျော်ရွှင်ခြင်းဆီကို ပြန်ရောက်တယ်တဲ့”
မျောက်က စိတ်ဝိညာဉ်ကျား၏ ပုခုံးကို ပုတ်လိုက်၏။
“မဆိုးဘူးပဲ ငကျားရ”
“ကျုပ်ကိုယ်ကျုပ် သိပါတယ်”
စိတ်ဝိညာဉ်ကျားက ခေါင်းမော့ရင်ကော့လိုက်၏။
ဖက်တီးလေးက တွေးတွေးဆဆ အမူအယာဖြင့် ရှိနေလေသည်။
အုတ်ဂူသခင်၏ စိုးရိမ်ပူပန်တတ်သော သဘာဝအရ.. ယခင် သူခင်းကျင်းထားခဲ့သော ထောင်ချောက်များနှင့် ဝင်္ကပါများကိုပါ ထည့်သွင်းစဉ်းစားကြည့်ပါက.. စိတ်ဝိညာဉ်ကျား၏ ကောက်ချက်စကားက မှန်ကန်သလိုလို ရှိလေသည်။
မြေခွေးလေးက ဆူဇီမို၏ ရင်ခွင်ထဲကနေ ခုန်ထွက်ပြီး မိန်းမပျိုလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲလိုက်၏။ သူမသည် ဘယ်ဘက်ရှိ ရှင်ခြင်းလမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားပြီး ပတ်ဝန်းကျင်ကို တိတ်တဆိတ် အာရုံခံကြည့်လိုက်၏။
ခဏနေပြီးနောက် သူမက သေခြင်းလမ်းကြောင်းဆီသို့ ချဉ်းကပ်သွားပြန်၏။
ထိုနေရာသို့ ချဉ်းကပ်မိသွားသည့် ခဏမှာပင် သူမ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး ဒယီးဒယိုင်နှင့် နောက်ပြန်ဆုတ်ပြေးလာ၏။
“ဘာဖြစ်လို့လဲ”
လူတိုင်းက ရှေ့သို့ ပြုံတက်သွားပြီး မေးလိုက်၏။
သေခြင်းလမ်းကြောင်းရှေ့သို့ သူတို့ရောက်ရှိသွားချိန်တွင် သူတို့၏ အမူအယာများကလည်း ပြောင်းလဲသွားကြ၏။
အတွင်းထဲမှ အားကောင်းသည့် သွေးရနံ့ကို လူတိုင်း ခံမိလိုက်ကြ၏။ ပြောရလျှင်.. ထိုလမ်း၏ အနက်ပိုင်းထဲမှ တစ္ဆေနှင့် ဝံပုလွေများ၏ ညည်းတွားအော်ဟစ်သံများကိုပင် ဝိုးတဝါး ကြားနေရ၏။ မြောက်များလှစွာသော သက်ရှိများက ဆိုးဆိုးရွားရွား ရုန်းကန်နေကြသလိုပင်။ အဲ့ဒါက တစ်ကယ့်ကို သွေးပျက်ချောက်ချားဖွယ်ရာပင်။
ထိုလမ်းက ငရဲဂိတ်တံခါးနှင့် တူနေလေသည်။
ရှင်ခြင်းလမ်းမှာတော့.. နွေဦးလေပြေက တိုက်ခတ်နေပြီး အသက်ဓါတ်ဖြင့် ပြည့်ဝနေ၏။ အဲ့ဒါက သုခဘုံတစ်ခုနှင့် တူနေလေသည်။
သူတို့ကို သေခြင်း နှင့် ရှင်ခြင်း ဟူပြီး ခွဲခြားထားရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ချင်ချင်က ဆန်းစစ်ကြည့်လိုက်၏။
“ရှင်ခြင်းလမ်းရဲ့ အဆုံးသတ်မှာ တစ်ကယ်ပဲ အစစ်အမှန်အုတ်ဂူက ရှိနေတာ ဖြစ်ဖို့ များမယ်ထင်တယ်.. အဲ့ဒါကမှ ပင်မအုတ်ဂူတည်ရှိမယ့်နေရာဖြစ်မယ် ထင်တယ်နော်”
“အမှန်ပဲ.. ငါတို့က အတွေးသွားတူနေပြန်ပြီ” စိတ်ဝိညာဉ်ကျားက တွေးတွေးဆဆ အမူအယာဖြင့် ပြုံးစစ လုပ်လိုက်၏။
ရွှေခြင်္သေ့ကလည်း ဝင်ပြော၏။
“ကျုပ်တို့ ဗြောင်းဗြန်ကောက်မှ အမှန်ရမယ်ထင်တယ်.. သွေးရနံ့နဲ့ ပြည့်နှက်နေတဲ့ လမ်းကပဲ တစ်ကယ့် ရှင်သန်ခြင်းဆီကို ပို့ပေးနိုင်လိမ့်မယ် ထင်တယ်”
“အဲ့ဒါတွေက မဖြစ်နိုင်ဘူး”
ရုတ်တရက် ဆူဇီမိုက ခေါင်းခါ၍ လူတိုင်း၏ ခန့်မှန်းချက်များကို ပယ်ချလိုက်၏။
“လမ်းကြောင်းတွေမှာရှိတဲ့ အော်ရာတွေက ဒီလောက် ထင်ရှား ရှင်းလင်းနေတာကို.. အုတ်ဂူသခင်က သေခြင်း ရှင်ခြင်းဆိုတဲ့ စာတွေကို ဘာလို့ အပိုထပ်ပြီး ချိတ်ဆွဲပြထားစရာ လိုမှာလဲ”
လူတိုင်း မှင်တက်သွားကြ၏။
ဆူဇီမိုပြောတာ မှန်လေသည်။ မျက်မြင်အနေအထားအရ.. အုတ်ဂူသခင်သည် ထိုကဲ့သို့သော စာများကို ချန်ထားခဲ့စရာ မလိုပေ။
ဖက်တီးလေးက မေးလိုက်၏။
“နောင်ကြီးက ဘယ်လိုထင်လို့လဲ”
ဆူဇီမိုက တည်တံ့စွာ ပြော၏။
“အဲ့ဒီစာတွေကို အုတ်ဂူသခင်က နောက်ပိုင်းမျိုးဆက်တွေအတွက် လမ်းညွှန်မှု တစ်ရပ်အနေနဲ့ ချန်ထားခဲ့တာ ဖြစ်လိမ့်မယ်ထင်တယ်.. ရှင်ခြင်းလမ်းက တစ်ကယ့် ရှင်သန်ခြင်း လမ်းဖြစ်ပြီးတော့.. သေခြင်းလမ်းကလဲ တစ်ကယ့် ပြန်လမ်းမဲ့သေဆုံးခြင်းလမ်း ဖြစ်လိမ့်မယ်”
လူတိုင်းသည် ဤကိစ္စနှင့်ပတ်သတ်၍ ပို၍ ရှုပ်ထွေးလာကြ၏။
သို့သော်လည်း ရှင်ခြင်းလမ်းက တစ်ကယ့် ရှင်သန်ခြင်းဆီကို ပိုပေးမှာလား.. သေခြင်းလမ်းက တစ်ကယ့် သေခြင်းတရားဆီကို ပို့ပေးမှာလည်း မည်သူမှ သေချာ မပြောနိုင်ကြပေ။
ဖက်တီးလေးက သူ့ပေါင်ကိုသူ ပုတ်လိုက်၏။
“ကျုပ် နောင်ကြီးကို ယုံတယ်.. လာကြ.. ရှင်ခြင်းလမ်းကနေပဲ သွားကြတာပေါ့”
“ဒီလိုဆိုရင်ရော..”
ဆူဇီမိုက ထပ်ပြောလိုက်၏။
“ငါနဲ့ ဖက်တီးလေးက ဒီလမ်းအတိုင်း အရင်ဆင်းကြည့်မယ်.. မင်းတို့တွေက အပြင်ကနေ စောင့်နေကြ.. နောက်တစ်နာရီအတွင်း ငါတို့ ပြန်မလာကြဘူးဆိုရင်တော့....”
“အဲ့လိုလုပ်စရာ မလိုပါဘူး”
မျောက်က လက်ကာပြလိုက်၏။
“လူတစ်ယောက် ပိုပါလာရင် လက်တစ်စုံစာ ပိုအားကိုးရတယ်.. ဒီလမ်းရဲ့ အဆုံးသတ်က ငရဲဆိုရင်တောင် ငါတို့အတူတူ ဖောက်ထွက်ရမှာပဲ”
“အဲ့ဒါ ဟုတ်တယ်”
“ငါတို့ အတူသွားကြမယ်”
စိတ်ဝိညာဉ်ကျားနှင့် အခြားလူများကလည်း ထရပ်ကာ အော်လိုက်ကြ၏။
“ကောင်းပြီလေ.. အဲ့ဒါဆိုလဲ အဲ့လိုပဲ လုပ်ကြတာပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြီး သိုလှောင်အိတ်ထဲကနေ သွေးသောက်သူကို ဆွဲထုတ်ကာ ဖက်တီးလေးနှင့်အတူ ရှေ့ကနေ ဝင်သွားလိုက်၏။
သူတို့က အုတ်ဂူတွင်းရှိ အန္တရာယ်များကိုသာမက.. သူတို့ရှေ့က သွားနှင့်သော လူများနှင့်ပါ ရင်ဆိုင်ရနိုင်လေသည်။
၁၅ မိနစ် မပြည့်ခင်မှာပင် ဥမင်၏ ရှေ့မှာ အလင်းရောင်တစ်ခုကို တွေ့လိုက်ရ၏။
လူတိုင်း စိတ်အား တက်ကြွသွားကြ၏။
သူတို့က မှန်ကန်သော လမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ဖို့ သေချာသလောက် ရှိလာလေပြီ။
ရှပ်.. ရှပ်.. ရှပ်..
လူတိုင်းသည် ရှေ့သို့ အရှိန်တင်၍ ပြေးလိုက်ကြ၏။ သူတို့ ဝင်ပေါက်ဝသို့ ရောက်ချိန်မှာပင် ဆူဇီမို၏ စိတ်ထဲမှာ အန္တရာယ် သတိပေးသံက ပေါ်လာပြီး သူက အော်ဟစ်လိုက်၏။
“သတိထားကြ”
လက်ညိုးအရွယ် အရိပ်တစ်ခုက စိတ်ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ ပျံသန်းဝင်ရောက်လာ၏။
သွေးသောက်သူက တုန်ခါသွားပြီး သွေးနီရောင်ဖြင့် တောက်ပသွား၏။
ဆူဇီမိုသည် အရိပ်ဆီသို့ ခုတ်ပိုင်းချလိုက်၏။
“ဟမ့်”
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
သူသည် ထိုခုတ်ချက်ဖြင့် အရိပ်ကို မဖြတ်တောက်နိုင်ခဲ့ပေ။
ထို့အစား အရိပ်က သွေးသောက်သူကို ရစ်ခွေ၍ ဆူဇီမိုထံသို့ တွယ်တက်လာ၏။
ဆူဇီမိုက ပြတ်သားစွာနှင့် သွေးသောက်သူကို လွှတ်ချလိုက်၏။ သူက မြေပြင်ပေါ်သို့ ပစ်လဲချပြီး အနာကွန်ဒါတစ်ကောင်ကဲ့သို့ လျှောထိုးလိုက်၏။
တိုက်ခိုက်သူ၏ သွင်ပြင်ကို ဖမ်းမိခြင်း မရှိဘဲ.. ဆူဇီမိုသည် သူ့ရှေ့ရှိ အရိပ်နောက်ကိုလိုက်ကာ ပစ်ထိုးချလိုက်၏။ လက်သီးက လေထဲမှာ ချိတ်စည်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ပြင်းထန်စွာ ဆင်းသက်လာလေသည်။
အဲ့ဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်၏။
မီးခိုးရောင်ဝတ်ရုံနှင့် တစ်ဖက်လူက ထိတ်ပျာခြင်း ကြောက်လန့်ခြင်း လုံးဝ မရှိပေ။ သူက သံပေတံတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး အလွန်တရာ လျှင်မြန်စွာနှင့် ဆူဇီမို၏ လက်ကောက်ဝတ်ကို ဖမ်းရိုက်လိုက်၏။
“အ..”
ဆူဇီမို၏ မျက်လုံးများထဲတွင် ဝေခွဲမရ ဖြစ်မှုက ထင်ဟပ်လာ၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ လှုပ်ရှားပုံများကို သူ မြင်ဖူးနေသလိုပင်။