မင်းက ပြာကျသွားရင်တောင် မင်းကို ငါမှတ်မိတယ်
Vol. 46 Ch. 690
ဆူဇီမို၏ လက်သီးကနေ ဆင့်ခေါ်လိုက်သော ဧရာမချိတ်စည်းကြီးကို ဆက်လက်ကျဆင်းစေမည်ဆိုလျှင် မီးခိုးရောင်ဝတ်လူက ဒဏ်ရာမရခင်မှာပင် သူ့ပေတံက ဆူဇီမို၏ လက်ကောက်ဝတ်ကို ချိုးပစ်လိုက်ပေလိမ့်မည်။
ဆူဇီမိုက အေးစက်စက် နှာတစ်ချက်မှုတ်၍ သူ့မျက်လုံးများက တောက်ပသွား၏။ သူက နည်းဗျူဟာကို ချက်ချင်းပြောင်းလဲလိုက်ပြီး ပစ်မထိုးတော့ဘဲ သူ့လက်ချောင်းများကို ဖြန့်ကာ မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ သံပေတံကို လှမ်းဆွဲလိုက်၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူကလည်း ဖြစ်လာမည့် အကျိုးဆက်ကို ကြိုသိထားလေသည်။ ဆူဇီမို၏ လက်ကသာ ကျဆင်းလာလျှင် သူ့ပေတံက လုယူခံရပေတော့မည်။
ရွှစ်..
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ သူ၏ တိုက်ခိုက်မှုကို ပြန်ရုတ်ပြီး နောက်သို့ ဆုတ်လိုက်၏။
အဲ့ဒါကို မျှော်လင့်ထားပြီးဖြစ်သည့်အလား ဆူဇီမိုက ထပ်ကြပ်မကွာ လိုက်ပါသွားပြီး နောက်တစ်ဖန် ပစ်ထိုးချလိုက်၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ အခြားလက်တစ်ဖက်က လျှင်မြန်ဖျတ်လတ်စွာ လှုပ်ရှားသွားပြီး သူက လက်ဝါးထဲသို့ ကြီးမားသည့် စစ်တုရင်ခုံတစ်ခုကို ဆင့်ခေါ်ကာ အဲ့ဒါနှင့် ဆူဇီမို၏ ထိုးချက်ကို ခုခံလိုက်၏။
ထိုစိတ်ဝိညာဉ်အတတ်က အရမ်းကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိလေသည်။ စစ်တုရင်ခုံက ပေါ်လာသည့်အချိန်မှာပင် ဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီအားလုံးနီးပါးက ထိုအထဲသို့ စုပ်ယူသွင်းခြင်း ခံလိုက်ရလေသည်။
ဘုန်း..
ဆူဇီမို၏ လက်သီးက စစ်တုရင်ခုံပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ကျယ်လောင်သည့် မြည်သံကြီးက ထွက်ပေါ်လာ၏။
ဝုန်း..
စစ်တုရင်ခုံက ကြေမွသွား၏။
မီးခိုးရောင်ဝတ်လူသည် ယိုင်တိုင်တိုင်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသော်လည်း သူက ဒဏ်ရာရရှိသွားခြင်း မရှိပေ။
ဆူဇီမိုထံမှ အင်အားအပြည့် တိုက်ခိုက်မှုကို ထိပ်တိုက်ဆိုင်၍ ခုခံနိုင်သည့်သူက သိပ်များများစားစား မရှိပေ။
သူ၏ ထုံကျင်ထားသောလက်ကို ခါပြီး မီးခိုးရောင်ဝတ်လူက ဆူဇီမိုကို လှမ်းကြည့်လိုက်၏။ ရုတ်တရက် သူ့အမူအယာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
“အဲ့ဒါ မင်းကိုး”
ဆူဇီမိုက မလှုပ်မယှက်ရပ်၍ ဆက်လက် မတိုက်ခိုက်တော့ပေ။ သူက တစ်ဖက်ရှိ မီးခိုးရောင်ဝတ်ကျင့်ကြံသူကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက အနည်းငယ် လုံးဝန်းပြီး သာမန်သွင်ပြင်သာ ရှိလေသည်။ သူက သံပေတံတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး သူ့ကိုယ်ပေါ်မှာ မည်သည့်ဂိုဏ်းတံဆိပ်ပြား သို့မဟုတ် အမှတ်အသားလက္ခဏာမှ ရှိမနေပေ။
ဆူဇီမိုက မျက်ခုံးပင့်ပြီး မေးလိုက်၏။
“မင်းက ငါ့ကို သိတယ်လား”
“ဟွမ်း”
မီးခိုးရောင်ဝတ်လူက ဆူဇီမို၏ အကြည့်ကို ရှောင်ပြီး နှာတစ်ချက်မှုတ်လိုက်၏။
ခြေသံများက ထွက်ပေါ်လာကြ၏။
မျောက်နှင့် အခြားသူများသည် ရှေ့သို့ ပြေးတက်လာကြပြီး စိမ်းသက်ကြမ်းကြုတ်သော အကြည့်များနှင့် မီးခိုးရောင်ဝတ်လူကို ဝိုင်းပတ်လိုက်ကြ၏။
ဖက်တီးလေးက စီးပိုးသောအော်ရာနှင့်အတူ ပြေးချလာ၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူကို မြင်လိုက်ရချိန်တွင် ဖက်တီးလေးက ခဏမျှ ကြောင်အသွားပြီးနောက် တွေဝေစွာနှင့် မေးလိုက်၏။
“မင်း ဘယ်သူလဲ”
“အမ်”
စိတ်ဝိညာဉ်ကျားက ပိုလို့ပင် ကြောင်အသွား၏။
“ဒီငနဲက မင်းရဲ့စီနီယာအစ်ကို မဟုတ်ဘူးလား.. ဘာလဲ လမ့်မင်ဆိုလား”
“မဟုတ်ဘူး”
ဖက်တီးလေးက ခေါင်းခါလိုက်၏။
ရွှေခြင်္သေ့က ထပ်မေးလိုက်၏။
“သူက မင်းရဲ့စီနီယာအစ်ကို မဟုတ်ဘူးဆို.. ဒီနေရာကို ဘယ်လို ဝင်လာတာလဲ.. ဒီလူက ရှေးဟောင်းနှင်းခဲမိချောင်းနဲ့ သွေးဆာငွေငါးတွေကို ဘယ်လို ဖြတ်ကျော်ခဲ့တာလဲ.. သူက နန်းတော်ကိုးဆောင်ပုံစံကားချပ်ကို ဘယ်လို ဖြေရှင်းခဲ့တာလဲ.. နောက်ပြီး သူက ဒီနေရာထိ မှန်ကန်တဲ့ စင်္ကြံလမ်းတွေကိုရော ဘယ်လို ရွေးချယ်ခဲ့တာလဲ..”
ဖက်တီးလေးသည်လည်း အဲ့ဒါနှင့် ပတ်သတ်၍ ဝေခွဲမရ ဖြစ်နေ၏။
မျောက်က လက်ကာပြပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“သူ့ဟာသူ ဘယ်သူဖြစ်ဖြစ်ကွာ.. ငါတို့ သူ့ကို သတ်ပစ်လိုက်ရုံပဲကို.. အဲ့ဒါဆို နောက်ထပ်ပြဿနာ ထပ်ရှိလာမှာ မဟုတ်တော့ဘူး”
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် တုန်လှုပ်မှုဖြင့် ဆတ်ကနဲ တွန့်သွား၏။
“အရင် မတိုက်ခိုက်ကြပါနဲ့ဦး”
ဖက်တီးလေးက မျောက်ကို ပြန်ဆွဲထားပြီး မီးခိုးရောင်ဝတ်ကျင့်ကြံသူကို ချိန်ဆကြည့်လိုက်၏။ ထို့နောက် သူက စိမ်းသက်သော အမူအယာဖြင့် မျက်လုံးပြူးကာ မေးလိုက်၏။
“နန်းတော်ကိုးဆောင်ပုံစံကားချပ်ကို မင်း ဘယ်လို ဖြေရှင်းခဲ့တာလဲ”
“အဲ့လောက် ရိုးရှင်းတဲ့ဟာတွေကို ငါ ရှစ်နှစ်သားလောက်ထဲက ဖြေရှင်းနိုင်တယ်” မီးခိုးရောင်ဝတ်ကျင့်ကြံသူက အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။
“အို့.. ငါ့.. ထဲမှပဲ”
စိတ်ဝိညာဉ်ကျားက လှောင်ရယ်၍ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
“ဒီကောင်က သေခါနီးဆဲဆဲတောင် ငါ့ထက် ပိုပြီး စိတ်ကြီးဝင်နေသေးတယ်”
ဖက်တီးလေးသည် မကျေမနပ် ဖြစ်သွားသော်လည်း ဘယ်လို ခွန်းတုံ့ပြန်ရမလဲ သူမသိတော့ပေ။
ဘာပဲပြောပြော ဤလူက ဒီနေရာကို သူ့ထက်အရင် ဝင်ရောက်နိုင်ခဲ့၏။
ဖက်တီးလေးက အံကိုကြိတ်ပြီး မလိုမုန်းထားစွာဖြင့် ထပ်မေးလိုက်၏။
“မင်း ဒီနေရာကိုရော ဘယ်လို ရှာတွေ့တာလဲ”
“ကြယ်တာရာနဂါးခံတွင်းကိုပြောတာလား.. အဲ့လောက် မှတ်ရလွယ်တဲ့ဟာကို ငါ့က သတိမထားမိဘဲ နေပါ့မလား” မီးခိုးရောင်ဝတ်ကျင့်ကြံသူက အရေးမပါဟန်ဖြင့် ပြေဖြေလိုက်၏။
ဖက်တီးလေးသည် သူ့ရင်ထဲက ဒေါသများကို ဖိနှိမ်ရင်း အမောတကောဖြင့် ထပ်မေးလိုက်၏။
“ပထမဆုံးခန်းဆောင်ကို အုတ်ဂူဂိုဏ်းက တပည့်တွေကို ဖြတ်သန်းလို့ ရနိုင်လိမ့်မယ်.. အဲ့ဒါကိုရော မင်းဘယ်လို ဖြတ်ကျော်ခဲ့တာလဲ”
“ငါ ဒီတိုင်း လမ်းလျှောက်ဝင်လာပေါ့ဟ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက လှောင်ပြောင်နေသည့် မျက်လုံးများဖြင့် ဟက်ကနဲ ရယ်လိုက်၏။
“မင်းတို့ကောင်တွေ ထောင့်လေးထောင့်က ခေါင်းတလားလေးခုကို သွားနှိုးဆွမိလောက်အောင် နုံအခဲ့တယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်”
“ငါ လ....”
ဖက်တီးလေး၏ ရင်ထဲမှာ ဒေါသမီးများက တလိပ်လိပ်တက်လာနေပြီဖြစ်၏။
သူသည် မေးခွန်းများစွာ မေးမြန်းခဲ့သော်လည်း အဖြေတစ်ခုမှ မရခဲ့ပေ။
သူတို့သည် ဤမီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ နောက်ခံကို ဖော်မထုတ်နိုင်သေးပေ။
ဤလူက ဒီနေရာကို ဘယ်လိုပုံစံနဲ့ ရောက်လာနိုင်ခဲ့သလဲ.. သူတို့မှာ ဘာသဲလွန်စမှ မရပေ။
ဆူဇီမိုက ဖက်တီးလေး၏ ပုခုံးကိုပုတ်ပြီး နောက်ဆုတ်ဖို့ အချက်ပြလိုက်၏။ သူက မလှမ်းမကမ်းရှိ မီးခိုးရောင်ဝတ်ကျင့်ကြံသူကို ပြုံးစစဖြင့် စိုက်ကြည့်ပြီး ထပ်မေးလိုက်၏။
“မင်း ငါ့ကို သိတာလား”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက မျက်လုံးစွေကြည့်ပြီး နှုတ်ခမ်းစူလိုက်၏။
“နတ်ဖီးနစ်ကျွန်းက မဟာပြန်ဝင်စားမွန်းစတား.. ရှေးဟောင်းတိုက်ပွဲမြေမှာ ဖန်သားနန်းတော်ကို သုတ်သင်ချေမှုန်းခဲ့တဲ့သူ.. နှစ်ထပ်ကွမ်းအမြုတေနယ်မြေနဲ့.. ဆူဇီမို.. မင်းကို ဘယ်သူက မသိဘဲ နေမှာလဲ”
“ဟုတ်ပြီလေ”
ဆူဇီမိုက သူ့အပြုံးကို ပြန်ရုတ်သိမ်းပြီး အေးစက်စက်အမူအယာဖြင့် ပြောလိုက်၏။
“မင်းသိတာတွေ အရမ်းများနေမှတော့.. ငါမင်းကို လွှတ်ပေးလို့ မရတော့ဘူးပေါ့”
“ဟေ့ ဟေး”
ထိုစကားကို ကြားသောအခါ မီးခိုးရောင်ကျင့်ကြံသူသည် ထိတ်လန့်တကြား ဖြစ်သွား၏။
“မင်းက ဘာတွေ လာပြောနေတာလဲ.. ငါတို့ကြားမှာ ဘာရန်ငြိုးရန်စလဲ ရှိကြတာ မဟုတ်ဘူး.. ငါက ဒီတိုင်း အမှတ်တမဲ့ လျှောက်သွားကြည့်ရုံပဲကို.. ဒီအုတ်ဂူထဲ ဘာပစ္စည်းကိုမှ ငါ့လက်နဲ့ ထိခဲ့တာလဲ မဟုတ်ဘူး.. မင်းက ဘာလို့ ငါ့ကို သတ်ချင်နေရတာလဲ”
ဤပင်မအုတ်ဂူက အရမ်းကို ကြီးမားလွန်းလှ၏။ အဲ့ဒါက ဧရာမ နန်းတော်ကြီးတစ်ခုလိုပင်။
ဤနေရာတွင် ဖုန်များက အပြည့်နှင့် များစွာသော ပစ္စည်းဥစ္စာများက သေသပ်စွာ အစီအစဉ်တကျ ရှိနေဆဲဖြစ်၏။ တစ်ကယ်လည်း သူက ဘာကိုမှ မတို့ထိခဲ့ပုံပင်။
ဖက်တီးလေးက တွေဝေတုံ့ဆိုင်းနေ၏။
သူက ဤအုတ်ဂူထဲမှာ လှည့်ပတ်လျှောက်သွားမိရုံနှင့် ဤလူကို သူ မသတ်ရက်နိုင်ပေ။
ဆူဇီမိုက မှင်သေသေဖြင့် ရှိနေပြီး သူ့မျက်လုံးများက အေးစက်စက် သတ်ဖြတ်လိုဖြင့် ပြည့်နှက်နေဆဲဖြစ်၏။
“တခြားဘာနည်းလမ်းမှ မရှိတော့ဘူး.. မင်းသိတာတွေ အရမ်းများနေမှတော့ ငါ မင်းကို သတ်ရမှာပဲ”
“ချီး...”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ကျိန်ဆဲလုနီးပါး ဖြစ်သွား၏။
မီးခိုးရောင်ဝတ်လူက ဘယ်လိုမျိုး စိတ်သောကများနေပုံကို မြင်သောအခါ ဆူဇီမိုက ကျေနပ်သဘောကျသွားပြီး ပြုံးစစဖြင့် နှုတ်ဆက်လိုက်၏။
“မတွေ့ရတာ ကြာခဲ့ပါရော့လား လင်းရွှမ်ကျီရေ”
“ဟင်”
အစက တိုက်ခိုက်တော့မည် တကဲကဲ ဟန်ပြင်နေကြသော မျောက်နှင့် အခြားသူများသည်လည်း ထိုစကားသံကို ကြားသောအခါ အားလုံး မှင်တက်သွားကြ၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးများထဲမှာ အထိတ်တလန့်ဟန်က ပေါ်လာပြီး သူက ဘေးပတ်လည်ကို လှည့်ကြည့်ကာ ကြောင်အချင်ယောင် ဟန်ဆောင်လိုက်၏။
“တာအိုရောင်းရင်း ခင်ဗျား ဘယ်သူ့ကို ပြောနေတာလဲ”
ဆူဇီမိုက အေးစက်စွာ ပြုံးလိုက်၏။
“လင်းရွှမ်ကျီ.. သရုပ်ဆောင်မနေနဲ့တော့”
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ပြောင်းလဲသွား၏။ ခဏနေပြီးနောက် သူက လက်တစ်ဖက်ကို မြှောက်ပြီး သူ့မျက်နှာပေါ်မှ အလွန်တရာ ပါးလွှာသော မျက်နှာဖုံးတစ်ခုကို ခွာချလိုက်၏။
ပေါ်လာသော မျက်နှာက ဖြူဖတ်ဖြူရော်နှင့် အမွေးအမှင် မရှိဘဲ ကြော့ရှင်းနေ၏။ သူကတော့ နဂါးအရိုးတောင်ကြားမှာ ဆူဇီမိုနှင့် ဆုံတွေ့ခဲ့ဖူးသော လင်းရွှမ်ကျီပင် ဖြစ်လေသည်။
လင်းရွှမ်ကျီက ဆူဇီမိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
“လခွမ်းထဲမှ.. ငါ ဒီလောက် ရုပ်ဖျက်ထားတာတောင် မင်းက ဘယ်လို မှတ်မိသွားတာလဲဟ”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“မင်းက ပြာကျသွားရင်တောင် မင်းကို ငါမှတ်မိတယ်”
တစ်ကယ်ဆို အုတ်ဂူထဲသို့ သူတို့ဝင်ရောက်လာစဉ်ကတည်းက ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ခုက ပေါ်လာခဲ့သေး၏။
သို့သော်လည်း သူက အဲ့ဒါကို သိပ်ပြီး အရေးမလုပ်ခဲ့ပေ။
လင်းရွှမ်ကျီလို လူမျိုးကသာလျှင် ရှေးဟောင်းနှင်းခဲမိချောင်းနှင့် သွေးဆာငွေငါးတို့၏ အာရုံကနေ ရှောင်ကွင်းပြီး အုတ်ဂူထဲသို့ ခိုးဝင်နိုင်ပေလိမ့်မည်။
နဂါးအရိုးတောင်ကြား၏ အပြင်ဘက်တောအုပ်မှာတုန်းကလည်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုနေရာမှာ မြှုပ်နှံခံခဲ့ရ၏။
သို့သော် လင်းရွှမ်ကျီကတော့ ပကတိ အဆင်ပြေလေသည်။
ကြမ်းကြုတ်တောကောင်များက သူ့ကို လုံးဝ မမြင်ရသည့်အတိုင်းပင်။
ဤလူ၏ နည်းလမ်းများနှင့် နောက်ခံက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး ဆူဇီမိုသည် အစက သူ့အကြောင်း ဘာမှ မသိခဲ့ပေ။
နောက်ပိုင်း.. ထျန်ဟွမ်ကုန်းမြေတိုက်၏ ထိပ်သီးဂိုဏ်းကြီးများအကြောင်း သူလေ့လာ မှတ်သားရစဉ်မှာတော့.. ဤလူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ လျှို့ဝှက်ဆန်းကြယ်ဆုံး အဖွဲ့အစည်းဖြစ်သည့် ပဟေဠိနန်းတော်မှ ဖြစ်ဖို့များကြောင်း သူနားလည်လာခဲ့၏။
စောစောက လင်းရွှမ်ကျီနှင့် တိုက်ခိုက်လိုက်သည့် ခဏမှာပင် ဆူဇီမိုက ထိုသူ၏ သရုပ်မှန်ကို အတည်ပြုလိုက်နိုင်၏။
နဂါးအရိုးတောင်ကြားမှာ သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့စဉ်က လင်းရွှမ်ကျီသည် သူ၏ ခေါက်ယပ်တောင်ဖြင့် မျှော်လင့်ချက်မျောက်ဝံလက်သီးချိတ်စည်းကို ပယ်ဖျက်နိုင်ခဲ့၏။
စောစောကလည်း တူညီသော ထိုနည်းစနစ်ကိုပင် သူက အသုံးပြုခဲ့လေသည်။
ဆူဇီမို၏ မျက်လုံးများထဲတွင် ကျီစယ်လိုသောပုံက ပေါ်လာပြီး သူက လှောင်ပြောင်ထေ့ငေါ့လိုက်၏။
“မင်းကတော့ တစ်ကယ့်ကောင်ပဲ.. ပဟေဠိနန်းတော်ရဲ့ အရိုက်အရာဆက်ခံသူကြီးက အခြားတစ်ယောက်ရဲ့ အုတ်ဂူက ပစ္စည်းတွေကို လုယူဖို့ ရောက်လာခဲ့တယ်ပေါ့လေ”
“ဟမ့်.. မင်းကြောင့်သာ မဟုတ်ရင် ဘယ်သူ့မှ ငါ့ကို မှတ်မိကြမှာ မဟုတ်ဘူး”
လင်းရွှမ်းကျီက မကျေမနပ်ဖြင့် ညည်းတွားလိုက်၏။
သူသည် ဤခရီးစဉ်အတွက် အတော်လေးအားစိုက်ကာ ပြင်ဆင်လာခဲ့၏။
သူသည် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲခဲ့ရုံသာမက.. သူကိုင်နေကျ ခေါက်ယပ်တောင်ကိုပင် သိမ်းကာ သံပေတံကို အစားထိုး သုံးခဲ့၏။
သို့သော် ဆူဇီမိုနှင့်မှ တည့်တည့်သွားတိုးပြီး ချက်ချင်းဆိုသလိုပင် သူ့သရုပ်က ဖော်ထုတ်ခံလိုက်ရလေပြီ။