ကောင်းကင်ကို ဖြိုခွဲမယ့် စေတန်ဂြိုလ်(ဃ)
Vol. 57 Ch. 879
အဆိပ်မြူခိုးသည် ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှုအလားပင်။
တားမြစ်အဆိပ်စွမ်းအားမှ ဖြစ်တည်လာသော သဲမုန်တိုင်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကို သယ်ဆောင်ထားသည့်အပြင် အစွမ်းထက်အဆိပ်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဒြပ်နှောများလည်း ပါရှိသည်။ ၎င်းက ရွှီချင်း၏ ပုံရိပ်ကို ဝါးမျိုသွားပြီး သူ့ကို ဖြတ်ကျော်ရွေ့လျားသွားသည်။
ရွှီချင်းဆီသို့ ပြေးလာနေကြသော ကျင့်ကြံသူများသည် ၎င်း၏ အပြစ်ဒဏ်ကို အရင်ဦးစွာ ခံစားသွားကြရသည်။ သူတို့၏ နာကျင်ဖွယ် အော်ဟစ်သံများသည် သဲမုန်တိုင်း၏ ဒေါသတကြီး ဟိန်းသံများဖြင့် အစားထိုးခံလိုက်ရသည်။
တားမြစ်အဆိပ်မုန်တိုင်း၏ ကြမ်းကြုတ်မှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်သည် စတင်ပုပ်သိုးဆွေးမြေ့လာပြီး အများစုသည် အော်ဟစ်သံပင် မထုတ်ဖော်နိုင်ကြဘဲ ချက်ချင်း သေဆုံးသွားကြသည်။ တားမြစ်အဆိပ်မုန်တိုင်းသည် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် မြင့်မြတ်မြို့တော်ဆီသို့ ဆက်လက် ရွေ့လျားသွားသည်။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ကမ္ဘာသည် ယိုယွင်းပျက်စီးသွားလိမ့်မည်။
ပထမဆုံး ယိုယွင်းပျက်စီးသွားသည်မှာ မြို့နံရံဖြစ်သည်။ ထို့နောက်တွင် မြို့တော်ထဲမှ မရေမတွက်နိုင်သော အဆောက်အဦးများနှင့် မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်များအားလုံး ယိုယွင်းပျက်စီးသွားကြသည်။
ဒြပ်နှောများသည် နေရာတိုင်းမှ ပေါက်ကွဲထွက်လာသည်။ ဤအခိုက်အတန့်မှာ မြင့်မြတ်မြို့တော်တစ်ခုလုံးသည် သဲမုန်တိုင်း၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်။
အဝေးမှကြည့်လျှင် ထိုမြင်ကွင်းသည် နတ်ဘုရားအပြစ်ဒဏ်ခတ်ခြင်းနှင့် တူညီသည်။
ကောင်းကင်ပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည်တော့ သူ၏ နတ်ဘုရားအစွမ်းဖြင့် ဒေါသစိတ်ကို ဖြေလျော့နေသော နတ်ဘုရားတစ်ပါးဖြစ်ဟန် တူသည်။
တစ်မြို့လုံးသည် တားမြစ်အဆိပ်မြူခိုး၏ လွှမ်းခြုံခြင်းခံလိုက်ရသည်။ သေခြင်းတရားသည် နေရာတိုင်းနီးပါးမှ ပေါ်လျှိုးလာသည်။
ထိုမြူခိုးထဲတွင် တစ်စုံတစ်ယောက်အတွက် အော်ဟစ်ညည်းတွားရန် ခက်ခဲလှပေသည်။ သို့သော်လည်း အော်ဟစ်သံများက နေရာတိုင်းမှ စုပြုံထွက်ပေါ်လာသည့်အခါ မြူခိုးသည်လည်း တားဆီးမပိတ်ဆို့နိုင်တော့ပေ။
နှလုံးကွဲကြေသော အော်ဟစ်ညည်းတွားသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
မျိုးနွယ်စုနှစ်စုအတွက်တော့ ယင်းက ကောင်းကင်ကဒ်ဘေးဒုက္ခ ကျရောက်လာခြင်း ဖြစ်သည်။
သို့သော်လည်း မျိုးနွယ်စုနှစ်စုထဲတွင် ကျင့်ကြံသူအများအပြား ရှိသည်။ တချို့သည် သူတို့၏ ခန္ဓာကိုယ်က ပုပ်သိုးဆွေးမြေ့နေသည့်တိုင် အဆိပ်မြူခိုးထဲမှ ပြေးထွက်လာကြပြီး ရွှီချင်းဆီသို့ ဦးတည်သွားကြသည်။
သူတို့၏ အမူအရာတွင် ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ပြည့်နှက်နေပြီး ဒေါသက သူတို့၏ နှလုံးသားကို ကြီးစိုးထားသည်။ သူတို့၏ မျက်လုံးထဲတွင် ရွှီချင်းသည် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင် ဖြစ်သည်။
ထို့အတူပင် ရွှီချင်း၏ မျက်လုံးထဲမှာလည်း သူတို့က ထိုအတိုင်း ဖြစ်သည်။
ချက်ချင်းဆိုသလို နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
သူက ညာလက်ကို မြှောက်လိုက်လေရာ ဓားမြှောင်တစ်လက် ထွက်ပေါ်လာသည်။ ခြေတစ်လှမ်းဖြင့် သူက တစ်စုံတစ်ယောက်အနားသို့ ချဉ်းကပ်သွားပြီး တစ်ဖက်လူ၏ မန္တန်များကို လျစ်လျူရှုလိုက်သည်။
သူက ဓားမြှောင်ဖြင့် လှီးဖြတ်လိုက်သည်။
သွေးသည် ပန်းထွက်လာသည်။ ဦးခေါင်းပြတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ ရောင်ခြည်စက်ဝန်းငါးခုသည် ရွှီချင်း၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်းတို့က အတူတကွ ယှက်ထွေသွားပြီး ခရမ်းရောင်ပလ္လင်တစ်ခု ဖြစ်ပေါ်လာသည်။
ဤသည်မှာ ရွှီချင်း၏ သွေးမျိုးစက်မှဖြစ်ပေါ်လာသော သက်စောင့်မီးအိမ်၏ အစစ်အမှန် အသွင်အပြင် ဖြစ်သည်။
ရာဇပုလ္လင်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်ယံမှ တိမ်တိုက်များသည် တလိပ်လိပ် ရွေ့လျားသွားသည်။ သွေးမျိုးစက်အားလှိုင်းသည် ဖိနှိပ်အားတစ်ခုကို ဖြစ်ပေါ်စေပြီး ရွှီချင်း၏ ဘေးပတ်ဝန်းကျင်ကို ပုံပျက်တွန့်လိမ်သွားစေသည်။
ရွှီချင်း၏ အလျင်နှင့် တိုက်ပွဲစွမ်းအားသည် တိုးမြှင့်သွားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများသည် စာရွက်ဖြူပမာ အလွယ်တကူ ပိုင်းဖြတ်ခံလိုက်ရကြသည်။
အလောင်းများသည် ကောင်းကင်ပေါ်မှ တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျလာကြသည်။ အော်ဟစ်ညည်းတွားသံများသည် တစ်မြို့လုံး၌ ဆက်လက် ပဲ့တင်ထပ်နေသည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် ကြွင်းကျန်ပုံရိပ်တစ်ခုကို ချန်ထားခဲ့ပြီး ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်တစ်ယောက်၏ အရှေ့မှာ ပြန်ပေါ်လာသည်။ သူ၏ လက်ထဲမှ ဓားမြှောင်သည် အေးတိအေးစက်အလင်း ပေါ်လျှိုးလာပြီး တစ်ဖက်လူ၏ လည်ပင်းကို လှီးဖြတ်ရန် ကြိုးစားသည်။
သို့သော်လည်း ထိုကျင့်ကြံသူသည် သာမန်မဟုတ်ချေ။ သူက တကယ်ကြီး မသေဆုံးသွားခဲ့ချေ။ သူက ရွှီချင်းကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ဘေးပတ်ပတ်လည်မှ တခြားကျင့်ကြံသူများက ထိုအခွင့်အရေးကို အသုံးချ၍ တိုက်ခိုက်ရန် ကြိုးစားကြသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ ဦးခေါင်းပေါ်မှ ရောင်ခြည်စက်ဝန်းများသည် ချက်ချင်း အောက်သို့ ဆင်းသက်လာကြပြီး ရာဇပလ္လင်၏ အရိပ်သည် ဘေးပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။
ကျယ်လောင်သော ထစ်ချုန်းသံများကြားမှာ ရောင်ခြည်စက်ဝန်းငါးခုသည် ဝေဝါးလာပြီး ထက်ရှသော ဆူးချွန်ငါးခုသို့ ပြောင်းလဲသွားကာ ဘေးပတ်ဝန်းကျင်သို့ အလျှင်အမြန် ထိုးစိုက်သွားသည်။ အော်ဟစ်ညည်းတွားသံများက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်နှင့် ဆူးချွန်ငါးခုသည် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားပြီး ရွှီချင်း၏ ဘေးမှာ ပုလ္လင်တစ်ခု ဖြစ်ပေါ်လာသည်။
ရွှီချင်းသည် ဓားမြှောင်ဖြင့် လွှဲခုတ်လိုက်ပြီး ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်၏ လည်ပင်းကို လုံးဝလှီးဖြတ်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ပုံရိပ်သုံးခုသည် ရုတ်တရက် သူ့ဆီသို့ ချဉ်းကပ်လာနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ထုတ်လွှတ်နေသော စွမ်းအင်အတတ်အကျလှိုင်းသည် ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့် ဖြစ်သည်။
သူတို့၏ စုပေါင်းတိုက်ခိုက်မှုများသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ စုပြုံကျရောက်လာပြီး သူ့အား အပြင်းအထန် သွေးအန်စေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းအင်္ဂါများသည် လှုပ်ခါလာကြသည်။ ကံကောင်းစွာဖြင့် သူ၏ ခန္ဓာကိုယ်သည် အလွန်သန်မာသည်။ သူက ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်၏ ပြိုင်ဘက်မဟုတ်သော်လည်း ထိုတိုက်ခိုက်မှုမျှဖြင့် ပြိုလဲမသွားနိုင်ပေ။
သူတို့သုံးယောက်က သူ့နောက်သို့ လိုက်ဖမ်းတော့မည့်အချိန် ရွှီချင်း၏ ခန္ဓာကိုယ်သည် တစ်ချက်လှုပ်ယမ်းသွားပြီး ကြည်လင်လာသည်။ သူက မြင့်မြတ်မြို့တော်ကို လွှမ်းခြုံထားသော အဆိပ်မြူခိုးအတွင်းသို့ ဝင်ရောက်သွားသည်။
ထိုသို့အခြေအနေမျိုးမှာ သူ၏ အရှိန်အဝါသည် လုံးဝဖုံးကွယ်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာ မျက်နှာဖုံးတစ်ခုသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုသွေးနီမျက်နှာဖုံးသည် ရွှီချင်း၏ ဖုံးကွယ်ခြင်းစွမ်းရည်ကို အထွတ်အထိပ်အခြေအနေသို့ရောက်အောင် တိုးမြှင့်ပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဒြပ်ထည်မရှိသော တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားဟန် ရ၏။ သူ၏ လက်ထဲမှ ဓားမြှောင်နှင့်အတူ သူက အဆိပ်မြူခိုးအတွင်းတွင် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ပမာ ရွေ့လျားသွားသည်။
သူက မြူခိုးထဲတွင် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများကို တွေ့သည်နှင့် တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ သူတို့၏ လည်ပင်းကို လှီးဖြတ်ပစ်သည်။
လည်ပင်းကို လှီးဖြတ်ရန် အဆင်မပြေလျှင် သူက နှလုံးနှင့် တခြားသေကွင်းသေကွက်နေရာများကို တိုက်ခိုက်လိမ့်မည်။
ထိုသို့တိုက်ခိုက်နေစဉ်အတွင်း ပညာရှင်ကျင့်ကြံသူတချို့နှင့် သူကြုံတွေ့ရလိမ့်မည်မှာ မလွဲဧကန်ပင်။ အကယ်၍ သူတို့ကို သူသတ်နိုင်လျှင် သတ်မည်။ အကယ်၍ သူမသတ်နိုင်လျှင် ရွှီချင်းသည် ဒဏ်ရာတချို့ဖြင့်ရင်း၍ ထွက်ပြေးလိမ့်မည်။
တစ်ချိန်တည်းမှာ အသတ်ခံလိုက်ရသော ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများအတွက်တော့ သူတို့၏ ဝိညာဉ်နတ်သူငယ်များသည် ရွှီချင်းအတွက် အာဟာရဖြည့်တင်းပေးလိမ့်မည်။
သူသည် ဝိညာဉ်နတ်သူငယ်များကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နိုင်ပြီး ခြေမွဖျက်ဆီးပစ်ကာ သူ၏ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းရန် ကောင်းကင်အာဏာစက်များကို စုပ်ယူမည်။
သူက ဤမြူခိုးထဲတွင် မျိုးနွယ်စုနှစ်စုမှ ပညာရှင်ကျင့်ကြံသူများကို စိတ်အနှောင့်အယှက်ပေးရန် ကောင်းကင်မိစ္ဆာကိုယ်ပွားအားလုံးကို စေလွှတ်လိုက်သည်။ ထိုနည်းဖြင့် သူသည် မြူခိုးထဲမှာ မြင်မြင်သမျှ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်သည်။
အလောင်းများသည် ကောင်းကင်ပေါ်မှ အဆက်မပြတ် ပြုတ်ကျလာပြီး အလျှင်အမြန် ပုပ်သိုးဆွေးမြေ့လာသည်။ အော်ဟစ်ညည်းတွားသံများသည် မြူခိုးထဲမှာ ဆက်လက် ပဲ့တင်ထပ်လာသည်။
မြူခိုးအပြင်ဘက်ရှိ မျိုးနွယ်စုနှစ်စုမှ ပညာရှင်ကျင့်ကြံသူများသည် လွန်စွာမှ ဒေါသထွက်သွားကြသည်။ သူတို့သည် ရွေးချယ်စရာမရှိတော့သည့်အဆုံး မြူခိုးထဲသို့ ပြေးဝင်သွားကြသည်။
ထို့ပြင် လူတစ်စုသည် သူတို့၏ ဘိုးဘေးများကို ကယ်ဆယ်ရန် ကောင်းကင်ဘုံတာအိုမိုဆာဆောဆီသို့ ဦးတည်သွားနေကြပြီး တရစပ် တိုက်ခိုက်နေကြသည်။
ကီလိုမီတာငါးဆယ် ကျယ်ပြောသော တားမြစ်အဆိပ်သဲမုန်တိုင်းကို ပျက်ပြယ်စေရန် လေထဲသို့ ပျံတတ်သွားကြပြီး မန္တန်များကို ရွတ်ဖတ်နေကြသော လူတစ်စုလည်း ရှိသည်။ သို့သော်လည်း သူတို့၏ စွမ်းရည်များဖြင့် အချိန်တိုလေးအတွင်း ယင်းကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ပေ။
ရွှီချင်း၏ ပုံရိပ်သည် သေခြင်းတရားကို ကိုယ်စားပြုသည်။ မြူခိုးထဲတွင် သူက နေရာတိုင်းမှ ထွက်ပေါ်လာနိုင်ပြီး အသက်များကို ဇီဝိန်ခြွေပစ်နိုင်သည်။
ဤသည်မှာ လမ်းတစ်လျှောက်တွင် သူစဉ်းစားထားသော အကြံအစည်ဖြစ်ပြီး သူ့ကိုယ်သူအတွက် ပြင်ဆင်ထားသော စစ်မြေပြင် ဖြစ်သည်။
သူ့ထက် အားနည်းသော ကျင့်ကြံသူများသည် သူ၏ အကြင်နာမဲ့စွာ သတ်ဖြတ်ခြင်းခံရလိမ့်မည်။ သူ့ထက် ပိုပြီးသန်မာသော ကျင့်ကြံသူများကိုတော့ သူတို့နှင့် မရင်ဆိုင်မိစေရန် အကောင်းဆုံး သူရှောင်တိမ်းလိမ့်မည်ဖြစ်ပြီး တားမြစ်အဆိပ်အသက်ဝင်လာမည့်အချိန်ကို စောင့်ဆိုင်း၍ သူတို့ကို သတ်ဖြတ်ပစ်မည် ဖြစ်သည်။
‘ တကယ်လို့ မင်းတို့မလာရဲရင် သေမျိုးတွေကို ငါသတ်ပစ်မယ် ’
အချိန်တိုအတွင်းမှာ လူတိုင်းအတွက် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် အဆိပ်မြူခိုးသည် အလွန်ကြောက်စရာကောင်းသည်။ ယင်းကို နည်းနည်းလေးမျှ ထိမိသွားလျှင်ပင် သေခြင်းအငွေ့အသက်က ပေါ်လျှိုးလာလိမ့်မည်။
အချိန်တိုအတွင်းမှာ ဤနေရာမှ လူတိုင်းသည် သူ၏ ပစ်မှတ်ဖြစ်သည်။
ဤသည်မှာ သူတစ်ဦးတည်းသာ ပိုင်ဆိုင်သော စစ်မြေပြင်ဖြစ်သည်။ ရွှီချင်းသည် သေမင်းတမန်အလား မြူခိုးထဲတွင် ဘွားခနဲ ပေါ်ထွက်လာပြီး အသက်ဇီဝိန်ခြွေပြီးနောက် မည်သည့်သဲလွန်စမှ မကျန်ရစ်ဘဲ ပြန်ပျောက်သွားလေ့ ရှိသည်။
သူ၏ အကြင်နာမဲ့မှုနှင့် ဖုံးကွယ်နိုင်သော စွမ်းရည်သည် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများ၏ နှလုံးကို အပြင်းအထန် တုန်ယင်စေသည်။
ဤသည်မှာ ရွှီချင်း၏ လက်စားချေမှုဖြစ်သည်။