မင်းကိုပါ ထပ်ပေါင်းထည့်လိုက်ရင် လုံလောက်ပြီ(က)
Vol. 57 Ch. 880
ကီလိုမီတာငါးဆယ်ကျယ်ဝန်းသော တားမြစ်အဆိပ်သဲမုန်တိုင်းသည် မြင့်မြတ်မြို့တော်ကို လွှမ်းခြုံထားသည်။ အဝေးမှကြည့်လျှင် မျိုးနွယ်စုနှစ်စု၏ အတိတ်သမိုင်းကြောင်းကို မှတ်တမ်းသက်သေပြုပေးခဲ့သော ထိုမြို့သည် ဝေဝါးနေသည်။
ဤသည်မှာ ကမ္ဘာပျက်ကဒ်ဘေးက မြို့ပေါ်သို့ ဆင်းသက်လာသည့်အလားပင်။
ဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်မှုသည် မရေမတွက်နိုင်သော အဆောက်အဦးများကို အစိတ်စိတ်အမွှာမွှာ ပြိုကျပျက်စီးစေပြီး မရေမတွက်နိုင်သော သက်ရှိများကို ခြောက်သွေ့သွားစေသည်။ ယင်းက သန္ဓေပြောင်းလဲခြင်းထက်ပင် ပိုပြီးကြောက်စရာကောင်း၏။
သူတို့၏ ခန္ဓာကိုယ်ထဲမှ ဒြပ်နှောများက အရေးကြီးအမှတ်သို့ ကျော်လွန်သွားသည့်အခါ သူတို့သည် အသားပုံအဖြစ် ယိုယွင်းပျက်စီးသွားခြင်း သို့မဟုတ် သန္ဓေပြောင်းသားရဲများအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့မြင်မြင်သမျှ သက်ရှိတိုင်းကို သတ်ဖြတ်ပစ်လိမ့်မည်။
သေခြင်းတရားသည် နေရာတိုင်းမှာ ဖြစ်ပျက်နေသည်။
သို့သော်လည်း ယင်းနှင့်နှိုင်းယှဉ်လျှင် တားမြစ်အဆိပ်၏ အကျိုးသက်ရောက်မှုသည် အများဆုံး ပေါ်လွင်သည်။ ယင်းက သန္ဓေပြောင်းသားရဲများဖြစ်စေ ကျင့်ကြံသူများဖြစ်စေ၊ အသက်ရှင်သူဖြစ်စေ အသက်မဲ့သူဖြစ်စေ၊ အဆောက်အဦးများပင်ဖြစ်စေ တားမြစ်အဆိပ်၏ အကျိုးသက်ရောက်မှုအောက်မှ လုံးဝမလွတ်မြောက်နိုင်ပေ။
ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကြေးမုံများသည် အနက်ရောင်သို့ ပြောင်းလဲသွားပြီး ယင်း၏ အရောင်အသွေးကို ဆုံးရှုံးသွားသည်။
ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ ခန္ဓာကိုယ်သည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ အသက်ဓာတ်သည် ကုန်ခမ်းသွားသည်။
ငိုကြွေးသံများ၊ အော်ဟစ်ညည်းတွားသံများနှင့် နာကျင်ဖွယ် ဟိန်းသံများသည် ဈာပနအခမ်းအနားအတွက် တေးသီချင်းတစ်ပုဒ်အဖြစ် ပေါင်းစည်းသွားသည်။ ထိုတေးသွားသည် ရွှီချင်းကို ဝန်းရံထားသကဲ့သို့ သူ၏ ပုံရိပ်သည် တစ္ဆေလုပ်ကြံသူပမာ ဖုံးကွယ်လျက် ရွေ့လျားနေသည်။
သူတိုက်ခိုက်လိုက်သည့်အခါတိုင်း တေးသွားထဲသို့ နောက်ထပ်ဂီတသင်္ကေတတစ်ခုကို ပေါင်းထည့်လိုက်သည့်အလားပင်။
သူသတ်ဖြတ်လိုက်သည့်အခါတိုင်း နောက်ထပ်တေးသွားတစ်ခုက ဈာပနသီချင်းထဲသို့ ပေါင်းထည့်လိုက်သည့်အလားပင်။
သူ၏ လက်ထဲမှ ဓားမြှောင်သည် သွေးစွန်းမနေပေ။ အဘယ့်ကြောင့်ဆိုသော် သတ်ဖြတ်ခံလိုက်ရသူထံမှ သွေးများသည် ဓားမြှောင်မှတဆင့် ရွှီချင်း၏ လက်ပေါ်သို့ စီးဆင်းသွားပြီး သူ၏ အဝတ်အစားများကို စွန်းထင်သွားသောကြောင့် ဖြစ်သည်။
သူ၏ ဝတ်ရုံဖြူသည် သွေးနီရောင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ပေါ်မှာ ကပ်တွယ်နေသည်။
ရွှီချင်းသည် ထိုခံစားမှုဖြင့် နေသားကျနေပြီ ဖြစ်သည်။
သူက မြူခိုးထဲမှာ ဆက်လက်ရွေ့လျားနေပြီး အသက်ဓာတ်များကို တစ်ခုပြီးတစ်ခု ဇီဝိန်ခြွေပစ်နေသည်။
သူက စိတ်မချမ်းမြေ့ဖွယ်ရာ ငိုကြွေးသံများကို လျစ်လျူရှုထားသည်။ သူ့မှာ သူတို့၏ ဝေဒနာကို လျော့ပေါ့ပေးရန် ရည်ရွယ်ချက်လုံးဝမရှိသောကြောင့် သူက သနားကြင်နာမှုကို ထုတ်မပြချေ။ ရွှီချင်းသည် ထိုသို့ကရုဏာရှင် မဟုတ်ပေ။
သူ၏ စိတ်ထဲတွင် ပိုးစုန်းကြူးမြို့တော်၏ ကံကြမ္မာဆိုးပုံရိပ်များ ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းသည် သူ၏ တိုက်ခိုက်မှုအလျင်ကို ပို၍ပင် မြန်ဆန်စေဟန် ရသည်။
သူ၏ စိတ်ထဲတွင် လှောင်ချိုင့်များထဲမှ အသားပုံကြီး ထင်ပေါ်လာသည်။ ယင်းက သူ့အား ဓားမြှောင်ကို ပိုပြီးတင်းကျပ်စွာ ဆုပ်ကိုင်စေသည်။
ထိုဖြစ်စဉ်သည် ဖန်ယန်၏ မျက်နှာလေးက သူ၏ စိတ်ထဲမှာ ထွက်မပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။ ရွှီချင်းသည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်တစ်ယောက်ကို ဖြတ်ကျော်သွားသည့်အခါ ပူနွေးသော သွေးသည် သူ၏ လက်ပေါ်သို့ စီးဆင်းလာသည်။
“ မလုံလောက်သေးဘူး ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး အနောက်ဆုတ်သွားသည်။ သူက မြူခိုးထဲသို့ ပေါင်းစပ်သွားသည်နှင့်ချက်ချင်း ပုံရိပ်ခြောက်ခုသည် စောစောက သူရှိနေသော နေရာဆီသို့ အပြေးအလွှား ရောက်လာကြသည်။ ပေါက်ကွဲသံများသည် ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုပုံရိပ်ခြောက်ခုသည် စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ကောင်းကင်ကဒ်ဘေးဒုက္ခ ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူများဖြစ်ကြပြီး အစွမ်းထက်သော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေကြသည်။ သူတို့အားလုံး၏ မျက်လုံးသည် ပြင်းပြသော အမျက်ဒေါသကြောင့် နီရဲနေပြီး ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။
သူတို့သည် တစ်ချိန်လုံး ရွှီချင်းကို လိုက်ဖမ်းနေခြင်း ဖြစ်သည်။ သို့သော်လည်း တစ်မြို့လုံးတွင် တားမြစ်အဆိပ်ဖြင့် ပြည့်နှက်နေသောကြောင့် သူတို့သည် ရွှီချင်း၏ မည်သည့်သဲလွန်စကိုမှ ရှာမရချေ။
ရံဖန်ရံခါ သူတို့က ရွှီချင်း၏ စွမ်းအင်လှိုင်းအတတ်အကျကို အာရုံခံမိသွားလျှင်ပင် ယခုကဲ့သို့ သူ့ကို လိုက်လံဖမ်းဆီးရန် မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာ သူတို့သည် တားမြစ်အဆိပ်၏ ကျူးကျော်ဝင်ရောက်မှုကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားကြရလိမ့်မည်။ ကံမကောင်းစွာဖြင့် ယင်းက ယာယီမျှသာဖြစ်ပြီး သူတို့သည် အချိန်ကြာကြာ မတောင့်ခံထားနိုင်ပေ။ အနှေးနှင့်အမြန် သူတို့သည်လည်း လဲကျသွားလိမ့်မည်မှာ အသေအချာပင်။
ရွှီချင်းသည် သူတို့နှင့် မည်သည့်အခါမှ ထိပ်တိုက်မရင်ဆိုင်ခဲ့ပေ။
အစကတည်းက သူ၏ ပစ်မှတ်သည် အလွန်ရှင်းလင်းသည်။ ယင်းသည် မြို့တော်၏ နန်းတော်နှစ်ခုကြားမှ ရင်ပြင်ဖြစ်သည်။
သွမ့်မူကျန်းသည် ထိုနေရာမှာ ရှိသည်။
ကောင်းကင်နက်မျိုးနွယ်ဝင်အဖြစ် ရုပ်ဖျက်ထားသော ရွှီချင်း၏ သရုပ်နှင့် အစောနက သူတိုက်ခိုက်ခဲ့စဉ်က ပြောခဲ့သော စကားအားလုံးသည် သူ၏ မျိုးနွယ်နှင့် လာရင်းရည်ရွယ်ချက်ကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်သည်။
သို့မှသာ ရန်သူက သတိလက်လွတ်ဖြစ်နေစဉ် သွမ့်မူကျန်းကို သူက ကယ်ဆယ်နိုင်လိမ့်မည်ဖြစ်ပြီး သူတို့သည် သွမ့်မူကျန်းအား အသုံးပြု၍ သူ့အား ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။
မည်သို့ဖြစ်ပါစေ လူသားတစ်ယောက်ကို အသုံးပြု၍ ကောင်းကင်နက်မျိုးနွယ်ဝင်ကို ခြိမ်းခြောက်ခြင်းသည် လုံးဝယုတ္တိမရှိသော အတွေးဖြစ်သည်။
မှန်ပေ၏။ ထိုသို့လုပ်ဆောင်နိုင်ရန် အဓိကသော့ချက်သည် အချိန်ဖြစ်သည်။ အကယ်၍ မျိုးနွယ်စုနှစ်စုဆီမှာ တုံ့ပြန်ရန်နှင့် စစ်ဆေးရန် အချိန်ရှိမည်ဆိုလျှင် ရွှီချင်း၏ လုပ်ရပ်များမှတဆင့် အမှားတချို့ကို သူတို့သတိပြုမိသွားလိမ့်မည်။
သို့သော်လည်း ယခုအချိန်မှာ ထွင်းဖောက်မြင်နိုင်သော အမှားများက သိပ်မရှိတော့ချေ။
ရွှီချင်း၏ အလျင်သည် အလွန်မြန်ဆန်သည်။ သူက တားမြစ်အဆိပ်မြူခိုးထဲမှာ အရှိန်မြှင့်တင်လိုက်ပြီး မြို့လယ်ခေါင်မှာရှိသော ရင်ပြင်ဆီသို့ ချဉ်းကပ်သွားသည်။ တားမြစ်အဆိပ်၏ အကူအညီကြောင့် သူက သေအံ့ဆဲဆဲအခြေအနေဖြင့် ရင်ပြင်ပေါ်မှာ လဲကျနေသော သွမ့်မူကျန်းကို အာရုံခံမိသွားသည်။ သူ၏ တစ်ကိုယ်လုံးသည် တားမြစ်အဆိပ်ဖြင့် ပြည့်နှက်နေလေသည်။
တားမြစ်အဆိပ်မြူခိုးသည် လွန်စွာမှ ထူထဲသောကြောင့် ယင်းကို ကောင်းမွန်စွာ ထိန်းချုပ်ရန် ရွှီချင်းအတွက် အလွန်ခက်ခဲပေသည်။ သို့ဖြစ်၍ သူက တားမြစ်အဆိပ်ကို သွမ့်မူကျန်းအား လျစ်လျူရှုစေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။
သို့သော်လည်း သွမ့်မူကျန်းဆီမှာ အားသာချက်တစ်ခုရှိသည်။ သူသည် ယခင်က အဆိပ်မိဖူးပြီး ယင်းကို ရွှီချင်းက အဆိပ်ဖြေပေးခဲ့သည်။ သို့ဖြစ်၍ မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများဖြင့် နှိုင်းယှဉ်လျှင် သူ၏ ခန္ဓာကိုယ်သည် အဆိပ်နှင့်ပတ်သက်ပြီး အနည်းနှင့်အများ ခုခံနိုင်စွမ်း ရှိသည်။
ထိုခုခံနိုင်စွမ်းက သူ့အား အဆိပ်မိခြင်းမှ မကာကွယ်ပေးနိုင်သော်လည်း အချိန်ကြာကြာ အသက်ရှင်နိုင်စေရန် ခွင့်ပြုပေးသည်။
သို့သော်လည်း သူ၏ အစီအစဉ်က မည်မျှစေ့စပ်သေချာပါစေ အလျင်စလို လုပ်ဆောင်ရသဖြင့် အမှားလုံးဝမလုပ်မိရန် ခက်ခဲလှပေသည်။
ရွှီချင်းသည် သူ၏ သရုပ်ကို ပြောင်းလဲထားပြီး ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသော်လည်း သူ၏ ထွက်ပေါ်လာမှုသည် သွမ့်မူကျန်းသန့်စင်ခံနေရသော အချိန်နှင့် ကွက်တိကျနေသောကြောင့် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူတစ်ချို့သည် ထိုအချက်ကို သံသယရှိကြပြီး ရင်ပြင်တွင် စောင့်ဆိုင်းနေရန် ရွေးချယ်ကြသည်။
သို့သော်လည်း မမျှော်လင့်ထားသော ကိစ္စရပ်များ၏ ကြားဖြတ်နှောင့်ယှက်မှုနှင့် တားမြစ်အဆိပ်၏ ကျူးကျော်ဝင်ရောက်မှုကြောင့် ယခုအချိန်တွင် ရင်ပြင်ပေါ်မှာ ကျင့်ကြံသူအများအပြား ရှိမနေပေ။
သူ၏ အရှေ့မှ အဆိပ်မြူခိုးထဲတွင် ထွက်ပေါ်လာသော ပုံရိပ်တချို့ကို စူးစိုက်ကြည့်လိုက်သည့်အခါ အေးတိအေးစက် အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။
သူက အရှေ့သို့ ပြေးထွက်သွားသည်။
သူက ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်တစ်ယောက်၏ အနောက်သို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားသည်။
သူက တိတ်တဆိတ် ညာလက်ကို မြှောက်လိုက်ပြီး ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ နဖူးပေါ်မှ ကြေးမုံကို ဖမ်းဆုပ်လိုက်သည်။
တစ်ဖက်လူက ယင်းကို ချက်ချင်း အာရုံခံမိသွားသော်လည်း သူမရုန်းကန်နိုင်ခင်မှာ ရွှီချင်းက ကြေးမုံကို ဖမ်းဆုပ်လိုက်ပြီး ခြေမွဖျက်ဆီးပစ်လိုက်သည်။
အက်ကွဲသံနှင့်အတူ ကြေးမုံသည် အက်ကွဲသွားသည်။ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်က အော်ဟစ်တော့မည့်အချိန် ရွှီချင်းက သူ့ပါးစပ်ပေါ်သို့ လက်ဖိချလိုက်ပြီး တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်သည်။
အော်ဟစ်သံသည် တအင့်အင့်ညည်းသံသို့ ပြောင်းလဲသွားပြီး မြို့ထဲမှာ အစဉ်မပြတ် ထွက်ပေါ်နေသော ညည်းတွားသံများအောက်မှာ နစ်မြုပ်သွားသည်။
တားမြစ်အဆိပ်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပိုပြီးပြင်းထန်စွာ ပျံ့လွင့်လာပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ တစ်ဖက်လူက အသက်ဓာတ်ကို လုံးဝဆုံးရှုံးသွားပြီး မလှုပ်ရှားနိုင်တော့သည့်အခါမှ ရွှီချင်းက သူ့ကို အောက်သို့ ညင်သာစွာ ပစ်ချလိုက်ပြီး ထိုနေရာမှ ပျောက်သွားသည်။
မကြာမီ ရင်ပြင်ပေါ်မှ မြူခိုးထဲတွင် ပုံရိပ်တစ်ခု လျော့နည်းသွားသည်။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် နောက်ထပ်ပုံရိပ်တစ်ခု ပျောက်သွားပြန်သည်။
ဤအခိုက်အတန့်မှာ ရင်ပြင်ပေါ်မှ ကျန်ရှိနေသော ကျင့်ကြံသူများသည်လည်း ယင်းကို သတိထားမိသွားကြသည်။ ရွှီချင်းက နောက်တစ်ဖန် တိုက်ခိုက်လိုက်သည့်အခါ မျိုးနွယ်စုနှစ်စုမှ ပုံရိပ်ဆယ်ခုကျော်သည် သူ၏ ဘေးပတ်ပတ်လည်၌ ပေါ်လျှိုးလာကြပြီး သူ့ထံသို့ တစ်ဟုန်ထိုး ပြေးလာကြသည်။