← Chapters

မင်းကိုပါ ထပ်ပေါင်းထည့်လိုက်ရင် လုံလောက်ပြီ(ဂ)

Vol. 57 Ch. 882

မင်းကိုပါ ထပ်ပေါင်းထည့်လိုက်ရင် လုံလောက်ပြီ(ဂ)

Vol. 57 Ch. 882

သူတို့ရောက်ရှိလာရန် အချိန်သိပ်မလိုတော့ပေ။

မိုဆာဆောသည် နာကျင်စွာ စတင်အော်ဟစ်လိုက်သည်။ ၎င်းသည် တောင့်ခံနိုင်သော အကန့်အသတ်ကို ရောက်ရှိနေပြီဖြစ်ပြီး ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူခြောက်ယောက်ကို အချိန်ကြာကြာ မပိတ်လှောင်ထားနိုင်တော့ပေ။

“ ခရမ်းလနဲ့ ကောင်းကင်ဘုံတာအိုရဲ့ ပေါင်းစပ်စွမ်းအားနဲ့တောင် ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူတွေကို ဆယ့်ငါးမိနစ်ပြည့်အောင် မပိတ်လှောင်ထားနိုင်ပါလား… တော်တော် အသုံးမကျတာပဲ ”

ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

နီလာနတ်သမီးက နှစ်ချိုက်စွာ အိပ်မောကျနေသောကြောင့်သာ သူက ခရမ်းလစွမ်းအားက အကြောက်အလန့်မရှိဘဲ ထုတ်လွှတ်ဝံ့ခြင်းဖြစ်သည်။ သို့သော်လည်း အနီရောင်လဗိမာန်နှင့် သူရင်ဆိုင်ရသည့်အခါ သတိထားရန် လိုအပ်သေးပေသည်။

ကောင်းကင်ဘုံတာအိုနှင့် တားမြစ်အဆိပ်၏ ဖုံးကွယ်စွမ်းအားကြောင့် သူက တခြားလူများအရှေ့မှာ ခရမ်းလစွမ်းအားကို အသုံးမပြုသရွေ့ အရာအားလုံး အဆင်ပြေလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းသည် သွမ့်မူကျန်းကို ကြည့်လိုက်သည်။

“ သေရည်သောက်ချင်လား ”

သူက စကားပြောပြီးနောက် သေရည်ပုလင်းနှစ်လုံးကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်ပြီး ပုလင်းတစ်လုံးကို သွမ့်မူကျန်းဆီသို့ ပစ်ပေးလိုက်သည်။ သူက ကျန်ပုလင်းကို ဖွင့်လိုက်ပြီး သောက်လိုက်သည်။

သွမ့်မူကျန်းက သေရည်ကို လက်ခံယူလိုက်သည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ယံမှ မြည်ဟိန်းထွက်လာသည်။ ဒေါသတကြီး ဟိန်းဟောက်သံများက မုန်တိုင်းအလား ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။

မြို့တော်သည် တုန်ယင်သွားသည်။ ဤနေရာမှ အဆိပ်မြူခိုးသည်လည်း အပြင်းအထန် လှုပ်ရှားထကြွလာလေရာ တားမြစ်အဆိပ်က မြို့တော်၏ ပိုင်နက်ထဲမှ လွင့်ထွက်သွားတော့မည့်အလားပင်။

မိုဆာဆောသည် အော်ဟစ်ညည်းတွားလိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ်သည် ပြိုလဲပျက်စီးသွားသည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်းမှာ ပိတ်လှောင်ခံထားရသော ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူများသည် နောက်ဆုံးမှာတော့ လွတ်မြောက်သွားကြသည်။

သူတို့ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာများသည် ပြန်လည်နိုးထလာကြသည်။ သို့သော်လည်း သူတို့၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ဖြင့် ယင်းကို အတင်းအကျပ် ဖိနှိပ်ထားနိုင်ကြသည်။

မြို့၏ ပျက်စီးပြိုလဲနေသော မြင်ကွင်းနှင့် သူတို့မျိုးနွယ်ဝင်များ၏ အစုလိုက်အပြုံလိုက် သေဆုံးမှုသည် သူတို့အား အကြီးအကျယ် ဒေါသထွက်သွားစေသည်။

သူတို့တစ်ဦးချင်းစီက မန္တန်များကို ရွတ်ဖတ်လိုက်ကြသည့်အခါ နေရာတိုင်းတွင် ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

မီးတောက်ပင်လယ်သည် ဖိနှိပ်ခံလိုက်ရပြီး အဆိပ်မြူခိုးသည် မြို့အပြင်ဘက်သို့ ရွေ့လျားသွားသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အမြန်ပြန်ရောက်လာလာပြီး မျိုးနွယ်စုနှစ်စုမှ ကျန်ရှိသော မျိုးနွယ်ဝင်များသည် သူတို့၏ နှလုံးသားထဲမှာ မျှော်လင့်ချက်အလင်းရောင်ကို ခံစားမိသွားကြသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ဆုံးဖြတ်ချက်ပြတ်သားမှုသည် သွမ့်မူကျန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သေရည်ကို တစ်ကျိုက်မော့သောက်လိုက်ပြီးနောက် မတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ရွှီချင်းက သူ့ကို ပြန်ထိုင်ရန် ဆွဲချလိုက်သည်။

“ အလျင်လိုဖို့မလိုပါဘူး ”

ရွှီချင်းသည် ပြုံးလိုက်သည်။

သွမ့်မူကျန်းသည် ရွှီချင်း၏ အပြုံးနှင့် သူ၏ ခန္ဓာကိုယ်ကို ကိုက်စားနေကြသော တစ္ဆေရိုင်းများကို ကြည့်နေရင်း နှလုံးခုန်မြန်လာသည်။ သူက ရွှီချင်းကို မမေးမြန်းဘဲ မနေနိုင်ပေ။

“ မင်းကိုယ်ပေါ်က အကောင်တွေက… ”

“ ဒါက ငါ့ခန္ဓာကိုယ်မဟုတ်ပါဘူး… အဆင်ပြေပါတယ်… သူတို့စိတ်ကြိုက် ကိုက်စားပစ်ပါစေ ”

ရွှီချင်းက ပြောလိုက်သည်နှင့်ချက်ချင်း ကြီးမားသော တုန်ယင်မှုသည် သူ၏ ခန္ဓာကိုယ်ထဲရှိ (ဃ၁၃၂)ထဲမှာ ဖြစ်ပေါ်လာသည်။ သို့သော်လည်း ယင်းက မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး နူးညံ့စွာ ပြောသည်။

“ စီနီယာ… မြို့ထဲက လူအများစုကို ငါကယ်တင်နိုင်ခဲ့တယ်… ဒါပေမဲ့ တချို့လူတွေကတော့… ”

သွမ့်မူကျန်းသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။

ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ မြူခိုးသည် တလိပ်လိပ် လှုပ်ရှားထကြွလာသည်။ ကောင်းကင်ပေါ်တွင် ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူခြောက်ယောက် ပေါ်ထွက်လာသည်နှင့်ချက်ချင်း ကြမ်းတမ်းသော လေပြင်းသည် အရပ်ရှစ်မျက်နှာသို့ တိုက်ခတ်သွားသည်။ နောက်ဆုံးမှာတော့ ဤနေရာမှ အဆိပ်သဲမုန်တိုင်းသည် တရွေ့ရွေ့ လွင့်မျောသွားပြီး မြို့တော်၏ နယ်နိမိတ်ထဲမှ ထွက်ခွာသွားသည်။

ရွှေကျီးကန်းသည် ၎င်း၏ အစွမ်းကုန်ကို အသုံးပြုပြီးဖြစ်သောကြောင့် ဤအခိုက်အတန့်မှာ ပြန်ရောက်လာသည်။ မြို့တော်ထဲမှ ကောင်းကင်ဘုံမီးတောက်သည်လည်း ငြိမ်းသတ်သွားသည်။

ထို့ကြောင့် မြို့တော်၏ လက်ရှိအခြေအနေက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

မြို့တော်သည် (၃၀)ရာခိုင်နှုန်းသာ အကောင်းတိုင်း ကျန်ရှိတော့သည်။ အဆောက်အဦးအများစုသည် ပြိုလဲပျက်စီးသွားကြပြီ ဖြစ်သည်။ တချို့သည် မီးတောက်များကြောင့် လောင်ကျွမ်းပြာကျသွားပြီး တချို့သည် သန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားသည်။ အများစုသည်တော့ တားမြစ်အဆိပ်၏ တိုက်စားမှုအောက်မှာ ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။

အလောင်းများသည်တော့ အနည်းငယ်မျှသာ ရှိ၏။

အဘယ့်ကြောင့်ဆိုသော် သေဆုံးသွားသော လူအများစုသည် တားမြစ်အဆိပ်၏ တိုက်စားမှုဒဏ်မှ မလွတ်မြောက်နိုင်သောကြောင့် ဖြစ်သည်။ သူတို့၏ အလောင်းများသည် အရည်ပျော်သွားကြပြီး မြင့်မားသော အပူချိန်အောက်မှာ အငွေ့ပျံသွားကြသည်။ သို့ဖြစ်၍ ဤနေရာမှ အနံ့အသက်သည် လွန်စွာမှ ဆိုးရွား၏။

ငိုကြွေးသံများ၊ ညည်းတွားသံများနှင့် ဒေါသတကြီး ဟိန်းသံများသည် ဆက်လက် ပဲ့တင်ထပ်နေသည်။

ထိုအရာအားလုံးကို မြင်သွားသောအခါ မျိုးနွယ်စုနှစ်စုမှ ကျန်ရှိသော မျိုးနွယ်ဝင်များသည် တုန်ယင်သွားကြသည်။ သူတို့၏ အမျက်ဒေါသသည် အဆုံးမရှိသော မြစ်ကြီးတစ်စင်းနှယ် ပေါ်လျှိုးလာသည်။ ကောင်းကင်ပေါ်မှ ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူခြောက်ယောက်သည်တော့ သူတို့၏ မျက်လုံးသည် သွေးနီရောင်သို့ ပြောင်းလဲသွားကြသည်။ သူတို့အားလုံးသည် ရင်ပြင်ပေါ်မှာ သေရည်ထိုင်သောက်နေသော ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။

“ ခွေးမသား… မင်းက ဘာကောင်လဲ ”

“ ငါက နတ်တမန်တော်လေ ”

ရွှီချင်းသည် ကောင်းကင်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်သည် နှုတ်ဆိတ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာနိုးထလာမှုသည် အတုအယောင်မဟုတ်ချေ။ ရွှီချင်း၏ သရုပ်ကိုတော့ အကြမ်းဖျဉ်းအားဖြင့် သူတို့မှန်းဆမိထားကြသည်။

“ တခြားဒေသကြီးက နတ်တမန်တော် ”

ထိုအဖြေသည် သူတို့၏ မျက်နှာကို ရက်စက်ခက်ထန်လာစေသည်။ သူတို့၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပိုပြီးပြင်းထန်လာသည်။

သူတို့၏ အရှိန်အဝါများက ကောင်းကင်အပေါ် သက်ရောက်မှုရှိသောကြောင့် မိုးကြိုးများပင် ပေါ်လျှိုးလာကြသည်။ ထို့နောက် ဧရာမဝဲကတော့တစ်ခုသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာပြီး ထိုထဲမှာ မျက်နှာခြောက်ခု ထွက်ပေါ်လာကြသည်။

သူတို့သည် နတ်တမန်တော်ကို မသတ်ဝံ့ကြချေ။ သို့သော်လည်း အကယ်၍ သူတို့သာ တခြားဒေသကြီးမှ ဤနတ်တမန်တော်ကို ဖမ်းဆီးနိုင်ပြီး ဘုရားကျောင်းဆီသို့ ပို့လွှတ်နိုင်မည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သူတို့ခံစားရမည့် နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်ဒဏ်ကို လျော့ပါးစေနိုင်မည့် တန်ဖိုးကြီးမားသော ကျိန်စာပြယ်ဆေးလုံးတချို့ဖြင့် အလဲအလှယ် လုပ်နိုင်လောက်ပေ၏။

သို့ဖြစ်၍ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဘုရင်၏ အချက်ပြမှုအောက်မှာ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူသည် ရွှီချင်းဆီသို့ ကောင်းကင်ယံမှ တစ်လှမ်းချင်း လျှောက်သွားသည်။

သူ၏ အလျင်သည် မမြန်ဆန်ပေ။ သူ၏ အရှေ့မှ လူငယ်သည် ထူးဆန်းသော အတတ်ပညာမျိုးစုံကို တတ်ကျွမ်းပြီး သာမန်မဟုတ်ကြောင်း သူသိသည်။ သို့ဖြစ်၍ သူက သတိကြီးစွာထား၍ ချဉ်းကပ်သွားသည်။

ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူက သူ၏ နတ်ဘုရားအာရုံကို နတ်ဘုရားလက်ချောင်းဆီသို့ ပို့လွှတ်လိုက်သည်။

“ ဒီနေရာမှာ မျိုးနွယ်စုနှစ်စုက မျိုးနွယ်ဝင်တွေ သိပ်မကျန်တော့ဘူး… ပြီးတော့ ခရမ်းလရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့ ကောင်းကင်ဘုံတာအိုရဲ့ အစွမ်းအောက်မှာ အသားက အရင်ကလောက် အရသာ အရမ်းမဆိုးလောက်တော့ပါဘူး… တကယ်လို့ သူတို့ကို အခု မင်းမစားရင် နောင်အခါ မင်းဗိုက်ဆာလာရင် ဘာမှစားနိုင်မှာမဟုတ်ဘူးနော်… ငါက လဝတ်ပြုဒေသကြီးမှာ အချိန်အကြာကြီး နေဦးမှာ ”

“ အဲ့ဒါဆို ငါအိပ်မယ်… ငါအိပ်မောကျသွားရင် ဗိုက်ဆာတာကိုလည်း သိမှာမဟုတ်တော့ဘူး ”

နတ်ဘုရားလက်ချောင်းသည် ဗိုက်ဆာသည့်ဒဏ်ကို သည်းခံနေလျက် မောက်မာထောင်လွှားစွာ ပြောသည်။

“ မင်းက မင်းရဲ့အသက်နဲ့ ငါ့ကို ခြိမ်းခြောက်ဖို့ ကြံစည်နေတာမလား… ဒီမှာ ငါမင်းကိုပြောလိုက်မယ်… အဲ့ဒါက အလုပ်မဖြစ်ဘူး… နီလာနတ်သမီးက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေပြီ… အချိန်အတော်ကြာ နိုးလာဦးမှာမဟုတ်ဘူး… မင်းက ဒီလှည့်ကွက်ကို အကြိမ်ကြိမ် အသုံးပြုခဲ့ပြီးပြီ… မင်းလည်းပဲ သေရမှာကိုကြောက်တာ ငါသိတယ်… တကယ်လို့ မင်းက သေချင်တယ်ဆိုရင် ငါတို့အတူတူ သေကြတာပေါ့… ငါကတော့ သေရမယ်ဆိုရင်တောင့် လုံးဝမစားဘူး ”

ရွှီချင်းသည် နတ်ဘုရားလက်ချောင်း၏ ဆုံးဖြတ်ချက်ပြတ်သားသော စကားကို ကြားသော်လည်း အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ကောင်းကင်ယံမှ သူ့ထံသို့ လျှောက်လှမ်းလာနေသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ သူ့အား ပေးထားသော တည်နေရာပြောင်းရွှေ့တုံကင်ကို ထုတ်လိုက်သည်။

ထိုတုံကင်ပေါ်ထွက်လာသည်နှင့်ချက်ချင်း နတ်ဘုရားလက်ချောင်းသည် တုန်ယင်လာပြီး အမြန်ပြောသည်။

“ မင်း ဘာလုပ်မလို့လဲ ”

“ သူတို့ကို ရှေးဟောင်းဝိညာဉ်အင်ပါယာဆီ ယဇ်ပူဇော်မလို့လေ ”

ရွှီချင်းသည် တည်ငြိမ်စွာ အသံပို့လွှတ်ပြီးနောက် ကောင်းကင်ပေါ်သို့ တန်းမတ်စွာ လျှောက်သွားသည်။ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

“ ရှေးဟောင်းဝိညာဉ်အင်ပါယာက နောက်တစ်ခါဆိုရင် အကြွင်းအကျန်နတ်ဘုရားတစ်ပါးကို သူ့ဆီ ပို့ပေးရမယ်လို့ မင်းကို ပြောခဲ့တယ်မဟုတ်ဘူးလား… ဒီဝိညာဉ်သိုက်အဆင့်တွေက သူ့အတွက် အာသာပြေမှာမဟုတ်ဘူး ”

အတိတ်နိမိတ်မကောင်းသော ခံစားမှုက ၎င်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသောကြောင့် နတ်ဘုရားလက်ချောင်းသည် ငြိမ်သက်သွားသည်။

“မင်းကိုပါ ထပ်ပေါင်းထည့်လိုက်ရင် လုံလောက်ပြီလေ ”

All Chapters