← Chapters

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(က)

Vol. 57 Ch. 884

ကံကြမ္မာဆိုး နတ်ဘုရားအခွင့်အာဏာ(က)

Vol. 57 Ch. 884

ဝဲကတော့သည် ကောင်းကင်ယံတွင် ဆက်လက် လှည့်ပတ်နေသည်။ သို့သော်လည်း ယင်းက သတ်မှတ်ထားသော အတိုင်းအတာအတွင်းမှာသာ ဖြစ်၏။ ယင်းက မြင့်မြတ်မြို့တော်ကိုသာ လွှမ်းခြုံထားခြင်းဖြစ်ပြီး ထိုထက်ကျော်လွန်၍ မပျံ့နှံ့သွားပေ။

ဝဲကတော့ထံမှ ထစ်ချုန်းသံများကြားတွင် ကဒ်ဘေးသည် နောက်တစ်ကြိမ် ပေါ်ထွက်လာလေသည်။

မြို့ထဲရှိ မျိုးနွယ်စုနှစ်စုမှ မရေမတွက်နိုင်သော မျိုးနွယ်ဝင်များသည် သူတို့၏ သွေးမျိုးစက်ထဲမှ ကျိန်စာစွမ်းအား၏ နိုးထလာမှုကို တွေ့ကြုံခဲ့ကြသည်။ ထို့ပြင် တားမြစ်အဆိပ်၏ သတ်ဖြတ်ခြင်းကိုသော်လည်းကောင်း ကောင်းကင်ဘုံမီးတောက်၏ လောင်ကျွမ်းပြာချခြင်းကိုသော်လည်းကောင်း တွေ့ကြုံခဲ့ကြသည်။ သူတို့သည် အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်နေကြသည်။

မျိုးနွယ်ဘုရင်နှင့် တခြားလူများ၏ လွတ်မြောက်လာမှုသည် သူတို့အား မျှော်လင့်ချက်အလင်းရောင်ကို တဖန်မြင်နိုင်စေသော်လည်း နောက်အခိုက်အတန့်မှာ နတ်ဘုရား၏ ဆင်းသက်လာမှုသည် ထိုမျှော်လင့်ချက်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်သည်။

စိတ်ပျက်အားလျော့မှုသည် တစ်မြို့လုံးကို ကြီးစိုးထားသည်။

ကောင်းကင်ပေါ်မှာ ကျန်ရှိနေသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူငါးယောက်သည်လည်း စိတ်ပျက်အားလျော့နေကြသည်။ သူတို့ထဲမှ သုံးယောက်သည် နတ်ဘုရားလက်ချောင်း၏ နတ်ဘုရားအစွမ်းအောက်မှာ ထိတ်လန့်သွားကြပြီး မိန်းမောတွေဝေသွားကြကာ မည်သည့်ခုခံနိုင်စွမ်းမှ မရှိကြတော့ချေ။

သူတို့၏ စိတ်ကို အကြောက်တရားက ကြီးစိုးနေသောကြောင့် မည်သည့်အရာကိုမှ မတွေးတောနိုင်ကြတော့ချေ။

သို့သော်လည်း မျိုးနွယ်စုနှစ်စုမှ ဘုရင်များသည် ပြီးပြည့်စုံသော လျှို့ဝှက်ရတနာသိုက်တစ်ခုကို ဖွဲ့စည်းထားနိုင်သူများ ဖြစ်ကြသည်။ သူတို့၏ လျှို့ဝှက်ရတနာသိုက်ထဲမှာ သူတို့၏ ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုကို မွေးဖွားထားပြီးကြပြီ ဖြစ်သည်။

ခရမ်းလ၏ စွမ်းအားအောက်မှာ ကျိန်စာသည် နိုးထလာနေသော်လည်း သူတို့သည် စိတ်ရှင်းလင်းမှုကို အနည်းငယ် ထိန်းသိမ်းနိုင်ကြသေးသည်။

ထိုသို့စိတ်ရှင်းလင်းမှုကြောင့် သူတို့၏ ချောက်ချားမှုသည် ပိုပြီးကြီးမားသော စိတ်ပျက်အားလျော့မှုသို့ အခြေချသွားသည်။

မည်သို့ဖြစ်ပါစေ သူတို့ထံမှာ လျှို့ဝှက်ရတနာသိုက်တစ်ခုသာ ရှိ၏။ အကယ်၍ သူတို့ဆီမှာ လျှို့ဝှက်ရတနာသိုက်ငါးခုရှိပြီး ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့်သို့ ရောက်ရှိနေမည်ဆိုလျှင် ဤအခိုက်အတန့်မျိုးမှာ သူတို့အတွက် အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရှိနေနိုင်သေးပေသည်။

သို့သော်လည်း သူတို့သည် ထိုအဆင့်မှာ မဟုတ်ကြပေ။ သို့ဖြစ်၍ ပေ(၃၀၀)ရှည်လျားသော လူ့ဘီလူးကြီးက ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူကို ဝါးမျိုပြီးနောက် သူတို့ထံသို့ လျှောက်လှမ်းလာနေသည်ကို အကူအညီမဲ့စွာ ကြည့်နေကြရသည်။

ဤသည်မှာ ကျားရိုင်းတစ်ကောင်က တုန်ယင်နေသော သမင်ငယ်များဆီသို့ လျှောက်လှမ်းလာနေသကဲ့သို့ပင်။

လျှပ်တစ်ပြက်အတွင်း နတ်ဘုရားလက်ချောင်း၏ ပုံရိပ်သည် ဝိညာဉ်သိုက်အဆင့် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်တစ်ယောက်၏ အရှေ့သို့ ရောက်ရှိလာသည်။ ထိုကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်သည် အသိစိတ်ဗလာဖြစ်နေပြီး ခန္ဓာကိုယ်က တုန်ရီနေသည်။ သူ့မှာ မည်သည့်ခုခံနိုင်စွမ်းမှမရှိသဖြင့် နတ်ဘုရားလက်ချောင်း၏ ဧရာမလက်ကြီးဖြင့် အလွယ်တကူ ဖမ်းဆုပ်ခံလိုက်ရသည်။

‘ သူက ရွှီချင်း… သူက ရွှီချင်း… ငါက ရွှီချင်းကို စားနေတာ ’

နတ်ဘုရားလက်ချောင်းသည် ၎င်း၏ စိတ်ထဲမှာ အော်ဟစ်နေသည်။ အံ့ဖွယ်ကောင်းသော ဆွဲငင်အားသည် ၎င်း၏ ဧရာမလက်ကြီးထံမှ ထွက်ပေါ်လာလေသည်။

လျှပ်တစ်ပြက်အတွင်း တာအိုပျိုးထောင်ခြင်းအဆင့် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်သည် ခြောက်သွေ့လာပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။

ထူထဲသော အဖြူရောင်အခိုးအငွေ့က နတ်ဘုရားလက်ချောင်း၏ အစာအိမ်ထဲသို့ ဝင်ရောက်သွားသောအခါ ၎င်းသည် ပြင်းထန်သော အော်ဂလီဆန်မှုကို ခံစားသွားမိသည်။ ယင်းက နတ်ဘုရားလက်ချောင်းကို ပိုပြီးဝမ်းနည်းလာစေပြီး ခံပြင်းဒေါသထွက်စေသည်။ ၎င်းသည် မအော့အန်ဘဲ မနေနိုင်ပေ။

ဤသည်ကို အခွင့်ကောင်းယူ၍ မျိုးနွယ်စုနှစ်စုမှ ဘုရင်များ၏ ခန္ဓာကိုယ်ပေါ်မှာ ပြင်းထန်သော အားလှိုင်းအတတ်အကျများက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

သူတို့က နတ်ဘုရားအစွမ်း၏ ဖိအားအောက်မှ ရုန်းထွက်ပြီးသောအခါ နောက်ဆုံးမှာတော့ သူတို့၏ လျှို့ဝှက်ရတနာသိုက်အသီးသီးကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့ဆီမှာ မန္တန်ရွတ်ဖတ်ရန် အချိန်မရှိပေ။ ဤအခိုက်အတန့်မှာ သူတို့သည် အထိရောက်ဆုံးနှင့် အကြမ်းတမ်းဆုံးနည်းလမ်းကိုသာ အသုံးပြုနိုင်သည်။ သို့ဖြစ်၍ သူတို့က လျှို့ဝှက်ရတနာသိုက်များကို နတ်ဘုရားလက်ချောင်းထံသို့ အကြမ်းပတမ်း ပစ်ပေါက်လိုက်သည်။

သူတို့၏ သက်ဆိုင်ရာလျှို့ဝှက်ရတနာသိုက်ထဲမှ သူတို့ကိုယ်ပိုင် ကောင်းကင်ဘုံတာအိုသည်လည်း အသီးသီးပေါ်လျှိုးလာကြပြီး နတ်ဘုရားလက်ချောင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

“ ပေါက်ကွဲစမ်း ”

မျိုးနွယ်စုနှစ်စုမှ ဘုရင်များ၏ မျက်လုံးသည် သွေးရောင်လွှမ်းလာသည်။ သူတို့က ရူးသွပ်စွာ အော်ဟစ်လိုက်ကြပြီး အနောက်ဆုတ်သွားကြသည်။ သူတို့က လွတ်မြောက်ရန် အကောင်းဆုံး ကြိုးစားကြသည်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားလက်ချောင်းထံသို့ သူတို့ပစ်လွှတ်လိုက်သော လျှို့ဝှက်ရတနာသိုက်များထံမှ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများ ထွက်ပေါ်လာသည်။ အရေအတွက်များပြားသော အက်ကွဲရာများသည် လျှို့ဝှက်ရတနာသိုက်များပေါ်မှာ ထွက်ပေါ်လာကြပြီး ယင်းတို့က ပေါက်ကွဲထွက်သွားကြသည်။

တစ်ချိန်တည်းမှာ တာအိုပျိုးထောင်ခြင်းအဆင့် ဝိညာဉ်သိုက်ကျင့်ကြံသူနှစ်ယောက်သည် မိန်းမောတွေဝေနေရာမှ သတိပြန်ဝင်လာကြသည်။ သူတို့သည်လည်း တာအိုပျိုးထောင်ခြင်းအဆင့်မှာရှိသော သူတို့၏ လျှို့ဝှက်ရတနာသိုက်များကို နတ်ဘုရားလက်ချောင်းထံသို့ ပစ်လွှတ်လိုက်ကြသည်။

ချက်ချင်းဆိုသလို ကျယ်လောင်သော ပေါက်ကွဲသံသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများနှင့်အတူ မြည်ဟိန်းထွက်လာသည်။ စစ်မှန်သော လျှို့ဝှက်ရတနာသိုက်များနှင့် အတုအယောင် လျှို့ဝှက်ရတနာသိုက်များသည် နတ်ဘုရားလက်ချောင်း၏ ဘေးပတ်ပတ်လည်တွင် တစ်ချိန်တည်းမှာ ပေါက်ကွဲသွားကြသည်။

ယင်းက ထိတ်လန့်ဖွယ်ကောင်းသော အားလှိုင်းတစ်ခုကို အစဉ်မပြတ် ထွက်ပေါ်လာစေပြီး ပေ(၃၀၀)ကျော်ရှည်လျားသော လူ့ဘီလူးကြီးကို အရပ်မျက်နှာအဘက်ဘက်မှ လွှမ်းခြုံသွားသည်။

ချက်ချင်းဆိုသလို ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူလေးယောက်သည် အဝေးသို့ ထွက်ပြေးသွားကြသည်။

သူတို့၏ စိတ်သည် လှုပ်ခါသွားကြသည်။ သူတို့သည် သူတို့မျိုးနွယ်စု၏ သေခြင်းရှင်ခြင်းကို အရေးမစိုက်နိုင်ကြတော့ချေ။ ယခု သူတို့၏ စိတ်ထဲမှာ လွတ်မြောက်ရန်ဟူသော အတွေးတစ်ခုတည်းသာလျှင် ရှိတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာ သူတို့လေးယောက်သည် သက်တံ့လေးခုသို့ ပြောင်းလဲသွားကြပြီး ကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။

ပထမဆုံး ပုံမှန်မဟုတ်သည့်သူမှာ ကောင်းကင်မျက်နှာဖုံးမျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူ ဖြစ်သည်။

တာအိုပျိုးထောင်ခြင်းအဆင့်မှာရှိသော ထိုဝိညာဉ်သိုက်ကျင့်ကြံသူသည် လျှိုဝှက်ရတနာသိုက်များ၏ ပေါက်ကွဲမှုမှ ပေတစ်သောင်းအဝေးသို့ ပျံသန်းသွားပြီးနောက် ရတနာတစ်ခုကို အလျှင်အမြန် ထုတ်ယူလိုက်သည်။

ထိုရတနာသည် သာမန်မဟုတ်ချေ။ ယင်းက သူ၏ အလျင်ကို တိုးမြှင့်ပေးနိုင်ရုံသာမက သူ့အား ရှည်လျားသော အကွာအဝေးတစ်ခုသို့ ဖြတ်ကျော်သွားနိုင်စေရန်လည်း ခွင့်ပြုပေးနိုင်သည်။

ထိုရတနာဖြင့် တည်နေရာပြောင်းရွှေ့နိုင်သော အကွာအဝေးသည် တည်နေရာပြောင်းရွှေ့အဆောင်နှင့် သူ့ကိုယ်ပိုင် တည်နေရာပြောင်းရွှေ့ခြင်းထက်ပင် ပို၍ ဝေးကွာသေး၏။

သူက ထိုရတနာကို တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ချက်ချင်း အသက်သွင်းလိုက်သည်။

သို့သော်လည်း တစ်ခါမှ မကျရှုံးဖူးသော ထိုရတနာသည် ဤတစ်ကြိမ် အသက်သွင်းလိုက်သည့်အခါ တကယ်ကြီး ကျရှုံးသွားခဲ့သည်။ ဤသည်မှာ သူက ပျာယာခတ်နေပြီး သူ၏ လျှို့ဝှက်ရတနာသိုက်က ပေါက်ကွဲသွားသဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်က ပြဿနာဖြစ်နေခြင်း ဖြစ်နိုင်ပေ၏။

အကယ်၍ ထိုသို့ဆိုလျှင် ကိစ္စမရှိပေ။ ယင်းက ထူးဆန်းသောအရာမဟုတ်ပေ။ သို့သော်လည်း သူ့ကို အံ့အားသင့်စေသည်မှာ အသက်သွင်းရန် ကျရှုံးသွားသော ထိုရတနာပေါ်မှာ အက်ကွဲရာများက အမှန်တကယ် ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ယင်းက ပေါက်ကွဲသွားသည်။

ထိုရတနာတစ်ခုတည်း ပေါက်ကွဲသွားခြင်းဆိုလျှင် အဆင်ပြေသေး၏။ သို့သော်လည်း မျိုးနွယ်စောင့်ရှောက်သူ၏ ခန္ဓာကိုယ်ပေါ်မှ ရတနာအများအပြားသည် အမှန်တကယ် သက်ရောက်ခံလိုက်ရပြီး အားလုံးက ပေါက်ကွဲထွက်သွားသည်။

အစွမ်းထက် စွမ်းအင်လှိုင်းများသည် သူ၏ ပုံရိပ်ကို တိုက်ရိုက်လွှမ်းခြုံသွားသည်။

အော်ဟစ်ညည်းတွားသံ ထွက်ပေါ်လာသောအခါ သူက ဖရိုဖရဲပုံစံဖြင့် မြေပြင်ပေါ်သို့ အကြမ်းပတမ်း ပြုတ်ကျသွားသည်။ ရတနာအားလုံး၏ ပေါက်ကွဲမှုဒဏ်ကြောင့် သူ၏ ခန္ဓာကိုယ်သည် အတော်လေး အားနည်းနေပြီ ဖြစ်သည်။ ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုအောက်မှာ သူက ရုန်းကန်ရန်သာ တတ်စွမ်းတော့၏။

ထို့ပြင် သူက အထူးဆန်းဆုံးကိစ္စကို ကြုံတွေ့ရသောသူ မဟုတ်သေးပေ။ ဤအခိုက်အတန့်မှာ အသက်ရှင်သန်ရေးအတွက် အဝေးသို့ ထွက်ပြေးနေသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ စစ်ဗိုလ်ချုပ်သည် အကြောင်းအရင်းမရှိဘဲ အနောက်လှည့်လိုက်ပြီး လျှို့ဝှက်ရတနာသိုက်များ ပေါက်ကွဲသွားသော နေရာဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ စစ်ဗိုလ်ချုပ်သည် မျိုးနွယ်စောင့်ရှောက်သူနှင့် ကျင့်ကြံခြင်းအဆင့်တူညီသဖြင့် သူ၏ အလျင်သည် အလွန်အမင်း မြန်ဆန်သည်။ သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်း သူက ပေါက်ကွဲမှုဖြစ်ပွားသော နေရာသို့ ဝင်ရောက်သွားသည်။

သို့သော်လည်း သူတို့နှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဘုရင်၏ ထူးဆန်းသော အဖြစ်အပျက်သည် လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေရန် လုံလောက်သည်။

သူက ကောင်းကင်ယံဆီသို့ အရူးအမူး ပျံသန်းသွားနေစဉ် ကောင်းကင်ဘုံမီးတောက်သည် မှောင်မည်းနေသော ကောင်းကင်ယံပေါ်မှာ ရုတ်ချည်း ထွက်ပေါ်လာလေသည်။

ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်း၏ သဘာဝလွန်ဖြစ်ရပ်သည် ပြီးဆုံးသွားသည်မှာ တစ်လကျော်ကြာမြင့်သွားပြီ ဖြစ်သည်။ ကောင်းကင်ဘုံမီးတောက်အကြွင်းအကျန်တချို့ ကျန်ရှိနေဆဲဖြစ်သော်လည်း အများစုသည် ကဒ်ဘေးဖြစ်စေနိုင်သည်အထိ မပြင်းထန်သလို အကျယ်အဝန်းသည် မကြီးမားပေ။

အထူးသဖြင့် လဝတ်ပြုဒေသကြီး၏ နယ်နိမိတ်သည် အလွန်ကြီးမားကျယ်ပြောသည်။ သို့ဖြစ်၍ သက်ရှိများနေထိုင်သော နေရာများဆီသို့ ထိုကောင်းကင်ဘုံမီးတောက် အကြွင်းအကျန်များ ကျဆင်းလာနိုင်သော ရာခိုင်နှုန်းသည် အလွန်အမင်း သေးငယ်သည်။

All Chapters