မီးတောက်ပင်လယ်အောက်က သဘောတူညီမှု(က)
Vol. 57 Ch. 888
တအင့်အင့်ငိုရှိုက်သံကို သယ်ဆောင်လျက် လဝတ်ပြုဒေသကြီး၏ လွင်တီးခေါင်မြေကို ဖြတ်သန်းတိုက်ခတ်နေသော လေသည် ဝမ်းနည်းဖွယ်ကောင်းသော တေးသံသို့ ပြောင်းလဲသွားကာ အတိတ်က အဖြစ်အပျက်ကို ပြောပြနေသည့်ဟန် ရ၏။
သဲမုန်တိုင်းသည် မြှောက်တတ်လာပြီး လောကကြီးထဲသို့ စိမ့်ဝင်လာကာ မှောင်ရီနေသော ကောင်းကင်နှင့် ရောထွေးသွားသည်။ ထိုနှစ်ခုကို သဲသဲကွဲကွဲ ခွဲခြားရန် ခက်ခဲလှပေသည်။ မှောင်ရီနေချိန် ဖြည်းဖြည်းမှန်မှန် ရွေ့လျားသွားနေသော ခရီးသွားယာဉ်တန်းရှည်ကိုသာ မသဲမကွဲ မြင်နိုင်ပေသည်။
ခရီးသွားယာဉ်တန်းသည် ကြီးမားသော သံမဏိလှောင်ချိုင့်များဖြင့် ပြည့်နှက်နေသည်။ လှောင်ချိုင့်များထဲတွင် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်နှင့် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်မှ မရေမတွက်နိုင်သော မျိုးနွယ်ဝင်များ ရှိသည်။ သူတို့အားလုံးသည် မျှော်လင့်ချက်မဲ့နေကြသည်။
ခရီးသွားယာဉ်တန်း၏ အရှေ့တွင် လူနှစ်ယောက်ထိုင်နေကြသည်။ သို့သော် သူတို့၏ အသက်အရွယ်သည် မျိုးဆက်တစ်ဆက်ခြားသည်။
အဖိုးအိုသည် မျက်နှာဖုံးဝတ်ထားပြီး လူငယ်သည်လည်း မျက်နှာဖုံးဝတ်ထားသည်။
မျက်နှာဖုံးပေါ်မှ အမူအရာသည် ကြည်ညိုရိုသေမှုကို လွန်ကြူးစွာ ဖော်ပြနေသည်။ ဤသည်မှာ အစဉ်မပြတ် ကိုးကွယ်ပူဇော်နေသည့် မျက်နှာပုံစံ ဖြစ်သည်။
“ အနီရောင်လဗိမာန်ဆီ ဆက်ကြေးပို့ဆောင်မယ့် မျိုးနွယ်စုတွေက ဒီမျက်နှာဖုံးကို ဝတ်ရလိမ့်မယ်… အဲ့ဒါက ဘုရားကျောင်းက ချမှတ်ထားတဲ့ ဓလေ့ထုံးတမ်းဖြစ်တယ်… ပြီးတော့ မျက်နှာဖုံးရှိတဲ့လူတွေပဲ ဆက်ကြေးပို့ဆောင်ဖို့ အရည်အချင်းပြည့်မီတယ်… ကံကောင်းစွာနဲ့ ငါ့အရင်နှစ်တွေတုန်းက ဆက်ကြေးပို့ဆောင်ဖူးလို့ ဒီသရုပ်ကို ရရှိခဲ့တယ် ”
“ မျိုးနွယ်စုနှစ်စုမဟာမိတ်ရဲ့ ဖျက်ဆီးခံရမှုကတော့ လဝတ်ပြုဒေသကြီးမှာ ထူးခြားတဲ့ကိစ္စမဟုတ်ဘူး… သူတို့က သေးငယ်တဲ့ မျိုးနွယ်စုနှစ်စုပါပဲ… အနီရောင်လဗိမာန်က အဆင့်အတန်းမြင့်မားပြီး အစွမ်းကြီးမားတယ်… ပုံမှန်အခြေအနေမှာဆိုရင် သူတို့က ဒီလိုအသေးအဖွဲကိစ္စကို ဂရုစိုက်နေမှာ မဟုတ်ဘူး ”
“ အထူးသဖြင့် အနီရောင်လ ရောက်လာခါနီးအချိန်မှာ နှစ်ပေါင်းမြောက်များစွာအတွက် ဆက်ကြေးတွေကို လိုက်စုဆောင်းရလိမ့်မယ်… အခုအချိန်က တကယ်တော့ မျိုးနွယ်စုတိုင်းအတွက် သွေးရူးသွေးတန်းအဖြစ်ဆုံး အချိန်ပဲ ”
“ ဒါပေမဲ့ ငါ့မှာ ပြင်ဆင်စရာကိစ္စတချို့ ရှိသေးတယ်… ဒီကိစ္စကို ငါကိုင်တွယ်လိုက်မယ် ”
သဲမုန်တိုင်းထဲတွင် သွမ့်မူကျန်း၏ တည်ငြိမ်သော အသံသည် ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသည်။
ရွှီချင်းသည် ခေါင်းမညိတ်ခင် လက်မြှောက်လိုက်ပြီး သူ၏ မျက်နှာပေါ်မှ မျက်နှာဖုံးကို ထိလိုက်သည်။
လဝတ်ပြုဒေသကြီးမှ သက်ရှိအားလုံးအပေါ် အနီရောင်လဗိမာန်၏ သဘောထားကို ခေါင်းဆောင်က သူ့အား ရှင်းပြထားပြီး ဖြစ်သည်။
ယနေ့သည် မြင့်မြတ်မြို့တော်မှ သူတို့ထွက်ခွာလာသည့် ကိုးရက်မြောက်နေ့ ဖြစ်သည်။
အနီရောင်လဗိမာန်က သတ်မှတ်ထားသော ဧရိယာဆီသို့ရောက်ရန် လဝက်နီးပါး သူတို့ခရီးဆက်ရဦးပေမည်။ ဤရက်များတွင် ရွှီချင်းသည် လွန်ခဲ့သောရက်များတုန်းက သွမ့်မူကျန်းပြောခဲ့သော စကားနှင့်ပတ်သက်ပြီး တွေးတောနေခဲ့သည်။
“ သက်ရှိအားလုံးရဲ့ ဝိညာဉ်တွေက ဘုရားကျောင်းဆီ ရောက်ရှိသွားတဲ့ကိစ္စကို မင်းတွေးနေသေးတာလား ”
သွမ့်မူကျန်းသည် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက အဝေးမှ မှောင်မည်းနေသော ကောင်းကင်ဆီသို့ ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ရှေးခေတ်အချိန်ကတည်းက အနီရောင်လရဲ့ ကျိန်စာနဲ့ လဝတ်ပြုဒေသကြီးရဲ့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကနေ တစ်စုံတစ်ယောက်ကများ လွတ်မြောက်သွားခဲ့ဖူးလား ”
သွမ့်မူကျန်းသည် ခေါင်းခါလိုက်သည်။
“ မရှိဘူး ”
ရွှီချင်းသည် ခေါင်းဆောင်၏ အရင်ဘဝကို စဉ်းစားမိသွားသည်။
သူက လေးနက်စွာ တွေးတောတော့မည့်အချိန် သွမ့်မူကျန်းက ရုတ်တရက် ပြောသည်။
“ ဒါပေမဲ့ လွတ်မြောက်ဖို့ အရမ်းအလုပ်ကြိုးစားနေတဲ့ လူတချို့တော့ ရှိတယ် ”
ထိုသို့ပြောသည့်အခါ သွမ့်မူကျန်းသည် ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲမှာ စူးစမ်းလိုသော အရိပ်အမြွက်ပါရှိပြီး သူက တိုးညင်းစွာ ပြောသည်။
“ အနီရောင်လက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ဘူး ”
ရွှီချင်းနှင့် သွမ့်မူကျန်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။ ထိုစကားသည် လျှို့ဝှက်စကားတစ်ခုဖြစ်ကြောင်း သူပြောနိုင်သည်။ သို့သော် နောက်ဆက်ပြောရမည့်စကားသည် မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။
သွမ့်မူကျန်းသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေသည်။ မကြာမီ သူက မမေးမြန်းဘဲ မနေနိုင်ပေ။
“ မင်းတစ်ခုခုမပြောတော့ဘူးလား ”
“ အနီရောင်လက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ဘူး ”
ရွှီချင်းသည် တိုးညင်းစွာ ပြောသည်။
သွမ့်မူကျန်းသည် နှုတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်ပြီး မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။ သူက နဖူးကို ပွတ်သပ်လိုက်ပြီး ပြောသည်။
“ ရွှီချင်း… လပုန်ကန်ခန်းမအကြောင်းကို မင်းကြားဖူးလား ”
ရွှီချင်း၏ အမူအရာသည် အေးခဲသွားသည်။ ထိုအဖွဲ့အစည်းအကြောင်းကို သူသည် တစ်ခါမှမကြားဖူးပေ။ ခေါင်းဆောင် သူ့အား ပြောပြခဲ့သော သတင်းအချက်အလက်များထဲမှာ ထိုအကြောင်းမပါပေ။
ထို့ကြောင့် သူက ခေါင်းခါလိုက်သည်။
သွမ့်မူကျန်းသည် ‘ လပုန်ကန်ခန်းမ ’ဟူသော စကားလုံးကို ထုတ်ပြောလိုက်ကတည်းက ရွှီချင်း၏ မျက်လုံးကို သေချာသတိထား၍ စောင့်ကြည့်နေသည်။ ဤသည်မှာ သူက တစ်စုံတစ်ရာကို အတည်ပြုချင်သည့်အလားပင်။ ရွှီချင်း၏ တုံ့ပြန်ပုံကိုမြင်သောအခါ သူက နောက်ထပ်ဆက်မပြောတော့ပေ။
ရွှီချင်းသည်လည်း ဆက်မမေးမြန်းပေ။ လပုန်ကန်ခန်းမသည် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သူခန့်မှန်းနိုင်သည်။ အကယ်၍ သူက အလျင်စလို စူးစမ်းမေးမြန်းမည်ဆိုလျှင် တစ်ဖက်လူက နားလည်မှုလွဲသွားနိုင်သည်။
ခရီးသွားယာဉ်တန်းသည် အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
ထိုသို့ဖြင့် နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသွားသည်။ သူတို့သည် လွင်တီးခေါင်မြေပြန့်များ၊ တောင်တန်းဒေသများကို ဖြတ်ကျော်လာပြီးနောက် အရှေ့ပိုင်းဒေသ၏ အလယ်ဗဟိုနှင့် နီးသထက် နီးကပ်လာသည်။
တောင်ထိပ်တစ်ခုပေါ်တွင် သွမ့်မူကျန်းသည် သေရည်တစ်ငုံသောက်လိုက်ပြီးနောက် သူ၏ စိတ်ထဲမှာ အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
“ ရွှီချင်း… မင်းက အနီရောင်လဗိမာန်က မဟုတ်ဘူးလို့ ငါယုံကြည်တယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက သွမ့်မူကျန်းကို လှည့်ကြည့်လိုက်သည်။
“ လပုန်ကန်ခန်းမဆိုတာ လဝတ်ပြုဒေသကြီးမှာ နှစ်ပေါင်းအတော်ကြာ တည်ရှိနေခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းပဲ… အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းက အနီရောင်လဗိမာန်လိုပဲ ရှေးကျတယ် ”
“ အဲ့ဒီအဖွဲ့အစည်းရဲ့ ဇစ်မြစ်က မသိရဘူး… အဖွဲ့အစည်းက အကြိမ်ပေါင်းမြောက်များစွာ ဖျက်ဆီးခံခဲ့ရတယ်… ဒါပေမဲ့ နီလာနတ်သမီး ဆင်းသက်လာပြီးတဲ့အခါတိုင်း ခြောက်သွေ့သွားတဲ့ သက်ရှိအားလုံးက ပြန်လည်ရှင်သန်လာတဲ့အခါတိုင်း အဲ့ဒီအဖွဲ့အစည်းက ပြန်ပေါ်လာလေ့ရှိတယ် ”
ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
လပုန်ကန်ခန်းမသည် အနီရောင်လဗိမာန်ကဲ့သို့ သက်တမ်းကြာရှည်စွာ တည်ရှိခဲ့သည်။ ထိုတစ်ချက်တည်းဖြင့်ပင် လပုန်ကန်ခန်းမက သာမန်အဖွဲ့အစည်းမဟုတ်ကြောင်း ဖော်ပြနေလေသည်။
ပိုပြီးအံ့ဩစရာကောင်းသည်မှာ ထိုအဖွဲ့အစည်းသည် အနီရောင်လ၏ စိတ်ဝိညာဉ်ခြံဝန်းထဲမှာ အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရသော်လည်း ထပ်မံပေါ်ထွက်လာနိုင်ဆဲ ဖြစ်၏။
နီလာနတ်သမီးသည် ယခု နှစ်ချိုက်စွာ အိပ်မောကျနေလောက်၏။ သို့သော်လည်း အတိတ်တုန်းက ထိုသို့မဟုတ်ပေ။
သွမ့်မူကျန်း၏ အသံသည် နောက်တဖန် ထွက်ပေါ်လာသည်။
“ လပုန်ကန်ခန်းမမှာ လဝတ်ပြုဒေသကြီးရဲ့ ကံကြမ္မာဆိုးကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်ချင်တဲ့လူတွေ ခုခံတွန်းလှန်ချင်တဲ့လူတွေနဲ့ ပြည့်နှက်နေတယ်… သူတို့ရဲ့ အိမ်မက်က တစ်နေ့မှာ ဒီရှေးဟောင်းကျိန်စာကို ဖြေနိုင်ပြီး အရာအားလုံးကို ပြောင်းပြန်လှန်နိုင်ဖို့ ဖြစ်တယ် ”
“ အဲ့ဒီအိမ်မက်က စိတ်ကူးယဉ်ဆန်တယ်ဆိုပေမဲ့ မျှော်လင့်ချက်တော့ ရှိပါသေးတယ် ”
“ သူတို့က အဲ့ဒီအတွက် အရမ်းအလုပ်ကြိုးစားကြတယ်… လက်တွေ့မှာ အဖွဲ့ဝင်တွေက တစ်ယောက်နဲ့တစ်ယောက် မကူညီနိုင်ကြဘူးဆိုပေမဲ့ သူတို့အားလုံးက ကျိန်စာဖြေနိုင်ဖို့ နည်းလမ်းကို စူးစမ်းလေ့လာနေကြတယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ လှိုင်းတချို့သည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူသည်လည်း မိုင်းတွင်းထဲမှာရှိနေခဲ့စဉ် ကျိန်စာကို လေ့လာခဲ့သည်။ သို့သော်လည်း သူသည် ကျိန်စာကို ထဲထဲဝင်ဝင် မလေ့လာနိုင်ခဲ့ပေ။ ထိုသို့လုပ်ဆောင်ရန် များပြားလှသော သုတေသနစမ်းသပ်မှုများကို လိုအပ်သည်။
စိတ်ခံစားချက်များ ပါဝင်ဟန်ရသော သွမ့်မူကျန်း၏ အသံသည် ရွှီချင်း၏ စိတ်ထဲသို့ ဆက်လက် ပဲ့တင်ထပ်လာသည်။
“ လပုန်ကန်ခန်းမက အဖွဲ့ဝင်တွေရဲ့ သရုပ်တွေကို လျှို့ဝှက်ထားတယ်… အဖွဲ့ဝင်တွေက တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး… မင်းကိုယ်မင်း မထုတ်ဖော်မိဖို့က လပုန်ကန်ခန်းမရဲ့ ပထမဆုံး အခြေခံစည်းမျဉ်းပဲ ”
“ ဘာလို့လဲဆိုတော့ လပုန်ကန်ခန်းမရဲ့ အဖွဲ့ဝင်တွေကို အနီရောင်လဗိမာန်က အမြဲတမ်း လိုက်လံသုတ်သင်ပစ်နေလို့ပဲ… တကယ်တော့ တချို့အဖွဲ့ဝင်တွေဆိုရင် အနီရောင်လဗိမာန်ထဲ လျှို့ဝှက်ဝင်ရောက်နေကြတယ် ”
သွမ့်မူကျန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ အနီရောင်လက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ဘူး… မျှော်လင့်ချက်က အမြဲထာဝရ တည်ရှိနေမယ် ”
“ ရွှီချင်း… မင်းက လပုန်ကန်ခန်းမက အဖွဲ့ဝင်တစ်ယောက် မဖြစ်နိုင်လောက်ဘူး… ဒါပေမဲ့ အနာဂတ်မှာ မင်းက သူတို့နဲ့ သေချာပေါက် ဆက်သွယ်ရလာနိုင်တယ်လို့ ငါခံစားမိတယ်… တကယ်လို့ လပုန်ကန်ခန်းမကို မင်းဝင်ချင်တယ်ဆိုရင် ဘဝဆိုးတောင်ကုန်းဆီ သွားပါ ”
စကားဆုံးသွားသည့်အခါ သွမ့်မူကျန်းသည် နှုတ်ဆိတ်သွားပြီး မျက်လုံးမှိတ်လိုက်သည်။ သူက အရှေ့သို့ ဆက်လက် ခရီးဆက်သွားသည်။