← Chapters

မီးတောက်ပင်လယ်အောက်က သဘောတူညီမှု(ခ)

Vol. 57 Ch. 889

မီးတောက်ပင်လယ်အောက်က သဘောတူညီမှု(ခ)

Vol. 57 Ch. 889

ဤသည်ကိုမြင်သောအခါ တစ်ဖက်လူက ဤအကြောင်းကို ဆက်မပြောချင်မှန်း ရွှီချင်းသိလိုက်သည်။ ထို့ကြောင့် သူက မမေးမြန်းပေ။

သွမ့်မူကျန်းသည် လပုန်ကန်ခန်းမ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်နိုင်ကြောင်း သူနားလည်လိုက်သည်။ ထိုအကြောင်းများကို သူ့အား ပြောပြလာခြင်းသည် သွမ့်မူကျန်းက သူ့အပေါ် ယုံကြည်ကြောင်း သက်သေပြရန် လုံလောက်၏။

သို့ဖြစ်၍ ရွှီချင်းသည် သွမ့်မူကျန်းပြောသွားခဲ့သော စကားများကို ထပ်ခါတလဲလဲ ပြန်စဉ်းစားလိုက်သည်။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။

ရှစ်ရက်ကြာပြီးသောအခါ သူတို့၏ ခရီးသွားယာဉ်တန်းသည် နောက်ဆုံးမှာတော့ အရှေ့ပိုင်းဒေသ၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။ အဝေးမှနေ၍ အလွန်ကြီးမားသော ချိုင့်ဝှမ်းသည် ရွှီချင်း၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။

ချိုင့်ဝှမ်း၏ ဘေးပတ်ပတ်လည်တွင်ရှိသော တောင်တန်းဒေသများသည် အလွန်အံ့ဩဖွယ်ကောင်းပြီး အတိတ်တွင် ရွှီချင်းမြင်ခဲ့သော တောင်တန်းအားလုံးထက် သာလွန်သည်။ အချွန်အတတ်များရှိသော ထူးထူးဆန်းဆန်း ကျောက်တုံးများသည် တောင်များ၏ မျက်နှာပြင်ပေါ်မှာ ရှိသည်။ ကောင်းကင်၏ မှေးမှိန်သော အလင်းရောင်အောက်မှာ ယင်းတို့က ချောက်ချားဖွယ်ကောင်းပြီး ထူးဆန်းသော သတ္တဝါများသဖွယ် ထင်မြင်ရ၏။

ချိုင့်ဝှမ်းသည် တောင်တန်းဒေသ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ယင်းက မရဏပြည်၏ ဝင်ပေါက်နှင့် ဆင်တူသည်။ လေတိုက်ခတ်သွားသည့်အခါတိုင်း သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံများနှင့် မြည်ဟိန်းသံများ ထွက်ပေါ်လာလေ့ ရှိသည်။

ဧရာမသွေးနီနှလုံးသည် ချိုင့်ဝှမ်း၏ အပေါ်မှာ မျောလွင့်နေသည်။

နှလုံးသည် တဒုန်းဒုန်းခုန်မြည်နေလေရာ ကျယ်လောင်သော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး မှောင်ရီနေသော ချိုင့်ဝှမ်းထဲမှ လေထုကို ပိုပြီးထူးခြားဆန်းကြယ်သွားစေသည်။

ဤသည်မှာ အနီရောင်ကန့်လန့်ကာက ချိုင့်ဝှမ်းကို ဖုံးကာထားသည့်အလားပင်။

ဧရာမနှလုံးပေါ်မှ ရုပ်တုနှင့် နန်းတော်သည်တော့ အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဘေးပတ်ဝန်းကျင်တွင် မျောလွင့်နေသော ဥက္ကာပျံအများအပြားလည်း ရှိသည်။ ဥက္ကာပျံများပေါ်မှာ တင်ပျဉ်ခွေလျက် ထိုင်နေကြသော ပုံရိပ်များသည် ယခင်တစ်ခေါက်က ရွှီချင်း မြင်ခဲ့သည့်အတိုင်း မလှုပ်မယှက် ရှိနေကြဆဲပင်။

မြေပြင်ပေါ်တွင်တော့ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တံခါးများရှိပြီး ထိုနေရာတွင် မတ်တတ်ရပ်နေသော ရုပ်ဝတ္ထုများလည်း ရှိသည်။

တချို့သည် အရွယ်အစားကြီးမားပြီး တချို့သည် သေးငယ်သည်။ ၎င်းတို့သည် ဘေးပတ်ဝန်းကျင်၌ ပျံ့နှံ့နေကြပြီး တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများက ထိုတံခါးများထံမှ ပျံ့လွင့်ထွက်လာနေသည်။

မကြာခဏဆိုသလို သက်ရှိများသည် ထိုတံခါးများထဲမှ ထွက်လာလိုက် ဝင်သွားလိုက် ပြုလုပ်လေ့ရှိသည်။

ရလဒ်အနေဖြင့် အဆုံးမရှိသော လူတန်းကြီးက ချိုင့်ဝှမ်းထဲမှာ ဖြစ်ပေါ်နေသည်။ ချိုင့်ဝှမ်းထဲတွင် ထူးဆန်းသော မျိုးနွယ်စုအများအပြား စုဝေးရောက်ရှိနေသည်။ တချို့သည် ရုပ်ခန္ဓာကိုယ်ရှိပြီး တချို့သည် ပုံရိပ်ယောင်ခန္ဓာကိုယ် ရှိသည်။

သို့သော်လည်း အများစုသည် သွမ့်မူကျန်းကဲ့သို့ မျက်နှာဖုံးဝတ်ထားကြသည်။

ဤသည်မှာ လဝတ်ပြုဒေသကြီး၏ အရှေ့ပိုင်းဒေသမှ မျိုးနွယ်စုအားလုံးဖြစ်သည်။ သူတို့သည် အနီရောင်လဗိမာန်ကို ဆက်ကြေးပေးအပ်ရန်အတွက် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

“ အဲ့ဒီတံခါးတွေက တံခါးဖြတ်ကူးသူတွေပဲ ”

“ ရွှီချင်း… မင်း သူတို့ဆီသွားပြီး ဆက်သွယ်နိုင်တယ်… သူတို့အများစုက မင်းကို တောင်ပိုင်းဒေသဆီ တည်နေရာပြောင်းရွှေ့ပေးနိုင်တယ်… အဖိုးအခအနေနဲ့တော့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ကောင်းကင်မီးသလင်းကျောက်တွေကို အသုံးပြုနိုင်တယ် ”

“ ကောင်းကင်ပေါ်က ဘုရားကျောင်းကိုတော့ တိုက်ရိုက်မော့မကြည့်တာ အကောင်းဆုံးပဲ ”

ချိုင့်ဝှမ်းနှင့် သူတို့နီးကပ်လာသည့်အခါ သွမ့်မူကျန်းက တိုးညင်းစွာ ပြောသည်။

ဒေသခံတစ်ယောက်အနေဖြင့် သူသည် ဤနေရာမှ လုပ်ပုံကိုင်ပုံများကို အတော်လေး သိကျွမ်းနားလည်သည်။ ရွှီချင်းကို သတိပေးပြီးသောအခါ သူ၏ မျက်နှာပေါ်တွင် စိတ်ခံစားချက်ဖြင့် ပြည့်နှက်လာပြီး တည်ကြည်စွာ ပြောသည်။

“ ပြီးတော့ ဘေးကင်းလုံခြုံတဲ့ ခရီးဖြစ်ပါစေလို့ မင်းကို ငါဆုတောင်းပေးတယ် ”

ထိုသို့ပြောပြီးနောက် သွမ့်မူကျန်းသည် ခရီးသွားယာဉ်တန်းဖြင့်အတူ ထွက်ခွာသွားသည်။

လူအုပ်ကြားထဲသို့ ထွက်ခွာသွားသော သွမ့်မူကျန်း၏ ပုံရိပ်ကို ငေးကြည့်နေလျက် ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည်လည်း လူအုပ်ထဲသို့ လျှောက်ဝင်သွားသည်။

ဤနေရာတွင် မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူအများအပြား စုဝေးရောက်ရှိနေကြပြီး ဝင်ရောက်လာသူများ ထွက်ခွာသွားသူများဖြင့် ရှုပ်ယှက်ခတ်နေသည်။

ဘုရားကျောင်းသည် သူတို့၏ ဦးခေါင်းပေါ်တွင် မျောလွင့်နေသော်လည်း ၎င်းသည် မြေပြင်ပေါ်မှ လူများကို ဂရုမစိုက်ပေ။ တစ်စုံတစ်ယောက်က ဆက်ကြေးပေးသရွေ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရရှိလိမ့်မည်။

လူဦးရေက တဖြည်းဖြည်း များပြားလာသောအခါ ချိုင့်ဝှမ်းသည် စတင်စည်ကားသိုက်မြိုက်လာသည်။ ရံဖန်ရံခါ မျိုးနွယ်စုတချို့သည် အရောင်းအဝယ်ပြုလုပ်ကြပြီး ဆူညံသံများ ထွက်ပေါ်လာလေ့ ရှိသည်။

သူက လူအုပ်ကြားထဲသို့ ဖြတ်လျှောက်သွားသည့်အခါ ရွှီချင်းသည် အရွယ်အစားကြီးမားသော တံခါးများကို မရွေးချယ်ခဲ့ပေ။ သူ၏ ပစ်မှတ်သည် တံခါးငယ်များသာ ဖြစ်သည်။ မကြာမီ သူက ဆယ်ပေကျော်ရှည်လျားသော သစ်သားတံခါးတစ်ချပ်ကို မျက်စိကျသွားသည်။

ထိုနေရာတွင် မည်သူမှရှိမနေကြောင်း သတိပြုမိသွားသောအခါ သူက ထိုသစ်သားတံခါးဆီသို့ လျှောက်သွားသည်။

သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ ဆူညံသံများကို ကြားသောအခါ ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။

“ မင်းတို့ကောင်တွေ ကြားပြီးကြပြီလား… အနောက်ပိုင်းဒေသမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တယ် ”

“ မင်းပြောနေတာ လွန်ခဲ့တဲ့ငါးလတုန်းက အထီးကျန်နေမင်းမျိုးနွယ်မှာ ဖြစ်ပွားသွားခဲ့တဲ့ ကိစ္စမဟုတ်လား… သူတို့က ဒေသကြီးတစ်ခုလုံးမှာ ဖမ်းဝရမ်းထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ငါကြားတယ် ”

“ ငါလည်း အဲ့ဒီကိစ္စကိုကြားတယ်… ကြည့်ရတာ သူတို့ရဲ့ အထွတ်အမြတ်ရတနာတစ်ခုကို ဆုံးရှုံးသွားတဲ့ပုံပဲ ”

“ ဘာအထွတ်အမြတ်ရတနာလဲ… အဲ့ဒါက သူတို့ဖန်တီးထားတဲ့ နေလုံးပဲ ”

“ အနောက်ပိုင်းဒေသမှာ အင်အားအကြီးမားဆုံး မျိုးနွယ်စုတစ်ခုဖြစ်တဲ့ အထီးကျန်နေမင်းမျိုးနွယ်က ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက သူတို့ရဲ့ ပိုက်နက်နယ်မြေပေါ်မှာ မြှောက်တင်ထားဖို့ နေလုံးတစ်လုံးကို ဖန်တီးခဲ့တယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ငါးလတုန်းက အဲ့ဒီနေလုံးက ရုတ်တရက် အခိုးခံလိုက်ရတယ် ”

“ အထီးကျန်နေမင်းမျိုးနွယ်ရဲ့ မျက်စိအောက်မှာ နေလုံးကို ခိုးသွားတယ်တဲ့လား… ဒါက အရမ်းရူးမိုက်တာပဲ… ဘယ်မျိုးနွယ်ကများ အဲ့လိုလုပ်သွားတာပါလဲ ”

“ အဲ့ဒါတော့ ငါလည်း မသိဘူး… အထီးကျန်နေမင်းမျိုးနွယ်တောင် အဲ့ဒီကိစ္စကို ဇဝေဇဝါဖြစ်နေပုံရတယ်… ဒါပေမဲ့ ဖမ်းဝရမ်းထဲမှာတော့ ဝေ့ချင်းကျန်းယန်နာမည်ကို ဖော်ပြထားတယ်… အဲ့ဒီသူခိုးက အတော်လေး မောက်မာထောင်လွှားတယ်… သူက မထွက်သွားခင် သူ့ရဲ့နာမည်ကို မြေပြင်ပေါ်မှာ ရေးထွင်းသွားခဲ့သေးတယ်… ဒါပေမဲ့ ငါဘယ်လိုပဲစဉ်းစားပါစေ အဲ့ဒီနာမည်က အရမ်းထူးဆန်းတယ်လို့ ခံစားမိတယ် ”

“ အခု အဲ့ဒီဝေ့ချင်းကျန်းယန်က အတော်လေး နာမည်ကျော်ကြားလာပြီ ”

ထိုအသံများသည် အဝေးမှ ပျံ့လွင့်လာခြင်းဖြစ်ပြီး ထိုနောက်တွင် အံ့ဩသံများနှင့် အာမေဍိတ်သံများက လိုက်ပါလာသည်။ ယင်းက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသောအခါ ထူးဆန်းသော အမူအရာသည် သူ၏ မျက်နှာဖုံးအောက်မှာ ထွက်ပေါ်လာသည်။

ယင်းက ခေါင်းဆောင်၏ လက်ချက်ဖြစ်ကြောင်း သူ၏ မသိစိတ်မှ အလိုအလျောက် ခံစားမိသွားသည်။

“ ဝေ့ချင်းကျန်းယန် ”

ရွှီချင်းသည် သူ၏ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ ခေါင်းဆောင်နှင့် သူမခွဲခွာခင် တစ်ဖက်လူသည် သူ၏ နာမည်က မကြာခင် လဝတ်ပြုဒေသကြီးမှာ သေချာပေါက် ထင်ပေါ်ကျော်ကြားလာလိမ့်မည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောသွားခဲ့ကြောင်း သူပြန်အမှတ်ရသွားသည်။

ထိုနာမည်သည် ခေါင်းဆောင်၏ နာမည်တုဖြစ်သော ဝေ့ယန်ဇီ၊ သူ၏ ချင်းဟူသော စာလုံးအပါအဝင် ဝူကျန်းဝူနှင့် နင်ယန်၏ နာမည်များကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း သူနားလည်သွားသည်။

ထိုစာလုံးလေးလုံးသည် ခေါင်းဆောင်၏ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်မှုကို ဖော်ပြနေဟန် ရသည်။ ထိုလုပ်ဆောင်မှုတွင် ရွှီချင်းက မပါဝင်ခဲ့သော်လည်း သူ၏ နာမည်သည် ထိုထဲမှာ ပါဝင်နေဆဲပင်။

ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး သူ၏ အရှေ့မှ သစ်သားတံခါးဆီသို့ လျှောက်သွားသည်။

ထိုစဉ် ချိုင့်ဝှမ်းပေါ်မှ ကောင်းကင်ယံတွင် တဒုန်းဒုန်းခုန်မြည်နေသော ဧရာမနှလုံးပေါ်မှာ ဝတ်စုံနီအမျိုးသမီးတစ်ယောက်သည် နန်းတော်ထဲမှ ထွက်လျှောက်လာသည်။ မြေပြင်ပေါ်သို့ ခေါင်းငုံ့ကြည့်လိုက်စဉ် သူ၏ မျက်နှာပေါ်မှာ စိတ်ကျေနပ်နေသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ဆန်းကြယ်သော အပြုံးက သူ၏ နှုတ်ခမ်းပေါ်မှာ တွဲခိုနေသည်။

“ ဒီကောင်လေးရဲ့ ကိုယ်ပေါ်က သတ်ဖြတ်ခြင်းအရှိန်အဝါက အရင်ကထက်တောင် ပိုပြီးအားကောင်းလာတယ် ”

သူ၏ အနောက်တွင် နတ်တမန်တော်အပါအဝင် လူတိုင်းသည် ဘုရားကျောင်းထဲမှာ တင်ပျဉ်ခွေလျက် ထိုင်နေကြသည်။ သူတို့အားလုံးသည် ရုပ်တုများသဖွယ် မလှုပ်မယှက်ရှိနေကြသည်။

ချိုင့်ဝှမ်းထဲမှ မည်သူမှ ကောင်းကင်ပေါ်မှ အဖြစ်အပျက်ကို အာရုံမခံနိုင်ကြပေ။ ဝတ်စုံနီအမျိုးသမီး၏ ပုံရိပ်သည် ရှင်းလင်းစွာ ထွက်ပေါ်နေသော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ခေါင်းမော့လိုက်မည်ဆိုလျှင်ပင် သူ့ကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

လူတိုင်း၏ အသိအမြင်သည် ဖြည်းညင်းစွာ ပြောင်းလဲခံနေရသည်။

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ (ဃ၁၃၂)ထဲတွင် ကျိန်စာများဖြင့် ဝိုင်းရံခံထားရသော နတ်ဘုရားလက်ချောင်းသည် ရုတ်ချည်း အော့အန်နေခြင်းကို ရပ်တန့်လိုက်သည်။ ချက်ချင်းဆိုသလို ၎င်းက ထိုအရာကို မမြင်ချင်ဟန်ဆောင်လိုက်ပြီး ဆက်လက် အော့အန်နေလိုက်သည်။

ရွှီချင်းသည်လည်း ၎င်းကို သတိမထားမိချေ။ ဤအခိုက်အတန့်မှာ သူက သစ်သားတံခါးဆီသို့ လျှောက်သွားပြီး အလုပ်ကိစ္စပြောပြီးနောက် ပြန်ထွက်သွားသည်။ တစ်ဖက်လူသည် သူ့အား တောင်ပိုင်းဒေသသို့ ပို့ဆောင်ရန် ဆန္ဒမရှိပေ။

All Chapters