← Chapters

မီးတောက်ပင်လယ်အောက်က သဘောတူညီမှု(ဂ)

Vol. 57 Ch. 890

မီးတောက်ပင်လယ်အောက်က သဘောတူညီမှု(ဂ)

Vol. 57 Ch. 890

ရွှီချင်းသည် စိတ်ရှည်ရှည်ဖြင့် အနီးနားတွင် ဆက်လက်ရှာဖွေသည်။

သူက တံခါးဖြတ်ကူးသူဒါဇင်ခန့်ကို မေးမြန်းပြီးသောအခါ ပို၍ သေးငယ်သော သစ်သားတံခါးတစ်ချပ်၏ အရှေ့သို့ ရောက်ရှိသွားသည်။

ထိုတံခါးသည် ငါးပေခန့်သာ ရှည်လျားပြီး အနည်းငယ် ယိုယွင်းပျက်စီးနေပုံပေါ်သည်။ ရွှီချင်းက အနားကပ်သွားသည့်အခါ တံခါးဘောင်သည် ရုတ်တရက် ပုံပျက်တွန့်လိမ်လာသည်။ ယင်းက မြွေတစ်ကောင်သဖွယ် လူးလွန့်လှုပ်ရှားသွားပြီးနောက် မျက်နှာတစ်ခုသည် တံခါးပေါ်မှာ ထွက်ပေါ်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ တာအိုရောင်းရင်း… ကျုပ်ကို တောင်ပိုင်းဒေသဆီ တည်နေရာပြောင်းရွှေ့ပေးနိုင်မလား ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

တံခါးပေါ်မှ မျက်နှာသည် ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“ ဝိညာဉ်ကျောက်တုံးတစ်သိန်း ”

ရွှီချင်းသည် တံခါးပေါ်မှ မျက်နှာကို ကြည့်လိုက်သည်။ ထိုဈေးသည် အင်မတန် များလွန်းလှသည်။ ထို့ပြင် သူ၏ ဝိညာဉ်ကျောက်တုံးအများစုကို သွမ့်မူကျန်းအား ပေးအပ်ခဲ့သောကြောင့် သူ့မှာ အများကြီး မကျန်ရှိတော့ပေ။

“ ဈေးအရမ်းကြီးတယ်လို့ မတွေးလိုက်နဲ့… အခုချိန်က တံခါးဖြတ်ကူးသူတွေအတွက် စီးပွားရေးလုပ်ဖို့ အကောင်းဆုံးအချိန်ပဲ… မျိုးနွယ်စုအားလုံးက ဆက်ကြေးပေးဖို့ ဒီကို အသွားအလာလုပ်ရလိမ့်မယ်… တကယ်လို့ ငါ့မှာ တောင်ပိုင်းဒေသဆီသွားဖို့ အလုပ်ကိစ္စမရှိဘူးဆိုရင် မင်းငါ့ကို ဝိညာဉ်ကျောက်တုံး တစ်သန်းပေးရင်တောင် ငါဆန္ဒမရှိဘူး… ဒီကနေ တောင်ပိုင်းဒေသကိုသွားဖို့က အရမ်းဝေးလွန်းတယ် ”

တံခါးပေါ်မှ မျက်နှာသည် တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ ကောင်းကင်မီးသလင်းကျောက်နဲ့ တွက်ပေးပါ ”

“ ကိစ္စမရှိဘူး… အဖြူရောင်မီးသလင်းကျောက်ဆို အခုတစ်ထောင်ပေးရမယ်… အနီရောင်မီးသလင်းကျောက်ဆို တစ်ခုပေးရုံနဲ့ လုံလောက်တယ် ”

ရွှီချင်း၏ စကားကို ကြားသောအခါ တံခါးမျက်နှာပေါ်မှ မျက်လုံးသည် ဝင်းလက်သွားသည်။ သူက ဝိညာဉ်ကျောက်တုံးထက် မီးသလင်းကျောက်များကို ပိုပြီးနှစ်သက်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ၎င်းနှင့် ဆက်သွယ်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူသည် အခုချက်ချင်း မထွက်သွားနိုင်ပေ။ ၎င်းဆီမှာ တည်နေရာပြောင်းရွှေ့ပေးရန် မပြီးဆုံးသေးသော ဖောက်သည်တချို့ ကျန်ရှိနေသေးပေသည်။ သို့ဖြစ်၍ ၎င်းက ညအချိန်မှ တည်နေရာပြောင်းရွှေ့ပေးနိုင်မည်ဟု ပြောသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက အခုချက်ချင်း ထွက်ခွာချင်သည်။ သို့ဖြစ်၍ သူက ထွက်သွားပြီး တခြားတံခါးဖြတ်ကူးသူများဆီသို့ လျှောက်သွားသည်။ တစ်ခဏကြာ စုံစမ်းမေးမြန်းပြီးနောက် အမြန်ဆုံး တည်နေရာပြောင်းရွှေ့နိုင်မည့်အချိန်သည် သုံးရက်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သူရှာတွေ့သွားသည်။ သို့ဖြစ်၍ အစောနက သစ်သားတံခါးသည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

နောက်ဆုံးမှာတော့ ရွှီချင်းသည် ငါးပေခန့်ရှည်လျားသော သစ်သားတံခါးကို ရွေးချယ်လိုက်သည်။

ညနေခင်းအချိန်သို့မရောက်မီ ခြောက်နာရီလိုသေးပေသည်။ သို့ဖြစ်၍ ရွှီချင်းသည် ကြုံရာကျပန်း လျှောက်သွားမနေတော့ပေ။ သူက ထောင့်တစ်နေရာကို ရှာဖွေလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။

များမကြာမီ အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။ အချိန်က သုံးနာရီကျော် ကုန်ဆုံးသွားသောအခါ ရွှီချင်းသည် သွမ့်မူကျန်း၏ ပုံရိပ်ကို လူအုပ်ကြားထဲမှာ မြင်သွားသည်။

ရွှီချင်းကို သတိပြုမိသွားသောအခါ သွမ့်မူကျန်းသည် သူ့ဆီသို့ လျှောက်သွားသည်။

“ မင်းနဲ့သင်တော့်မယ့် တံခါးဖြတ်ကူးသူကို ရှာမတွေ့သေးဘူးလား ”

သွမ့်မူကျန်းက မေးသည်။

“ ငါရှာတွေ့ပါတယ်… မကြာခင် ငါတို့ထွက်ခွာလိမ့်မယ် ”

ရွှီချင်းက သွမ့်မူကျန်းကို ကြည့်လိုက်သည့်အခါ ခရီးသွားယာဉ်တန်းက မရှိတော့ကြောင်း မြင်သွားသည်။

ရွှီချင်း၏ အကြည့်ကို သတိထားမိသောအခါ သွမ့်မူကျန်းသည် ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြုံးလိုက်သည်။

“ ငါ သူတို့ကို ဘုရားကျောင်းဆီ ပို့ပြီးသွားပြီ ”

“ အဲ့ဒီကိစ္စက ဖြေရှင်းပြီးသွားပြီ… မင်းစိတ်ပူစရာ မလိုတော့ဘူး… စိတ်အေးလက်အေး ထွက်သွားလို့ရတယ် ”

သွမ့်မူကျန်း၏ အမူအရာသည် ပုံမှန်အတိုင်းပင်။ သူ၏ မျက်နှာပေါ်မှာ မည်သည့်ထူးခြားသော အရိပ်အယောင်မှ မရှိပေ။

သို့သော်လည်း အမှန်မှာတော့ သူ၏ နှလုံးသားထဲမှာ စိုးရိမ်စိတ်ဖြင့် ပြည့်နှက်နေသည်။ ယင်းက မျိုးနွယ်စုနှစ်စု သုတ်သင်ရှင်းလင်းခံလိုက်ရသောကြောင့် မဟုတ်ပေ။ အဓိကအကြောင်းမှာ အနီရောင်လဗိမာန်က ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့အား မည်သည့်မေးမြန်းခြင်းကိုမှ မပြုလုပ်ခဲ့ပေ။

သူ့အား စိတ်ပူစေသည်မှာ ဘုရားကျောင်းက ပေးအပ်လိုက်သော တောင်းဆိုမှုဖြစ်သည်။

သူတို့က သူ့အား နောက်ထပ် သက်ရှိအစာငါးသိန်းကို သတ်မှတ်ထားသော အချိန်အတွင်း ဆက်ကြေးပေးရန် စေခိုင်းခဲ့သည်။

ထိုကိစ္စသည် သွမ့်မူကျန်းအတွက် အတော်လေး ခက်ခဲသည်။ သို့သော်လည်း ထိုအကြောင်းကို ရွှီချင်းအား ပြောပြရန် သူ့မှာ အစီအစဉ်မရှိပေ။

ရွှီချင်းသည် သူတို့အတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်သည်။ အနာဂတ်ကိစ္စများကို သူတို့ဘာသာ ဖြေရှင်းနိုင်ရန် ကြိုးစားရမည်။

ရွှီချင်းသည် သွမ့်မူကျန်း၏ မျက်လုံးကို ကြည့်လိုက်သည်။

သွမ့်မူကျန်းသည် ပြုံးလိုက်သည်။ နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့သော သူ၏ အတွေ့အကြုံများနှင့် ဤနှစ်များတွင် သိနားလည်ခဲ့သော လိမ္မာပါးနပ်မှုကြောင့် သူ၏ အတွေးများကို ရွှီချင်းက အလွယ်တကူ ထွင်းဖောက်မမြင်နိုင်ပေ။

အထူးသဖြင့် သူက ယင်းတို့ကို ရည်ရွယ်ချက်ရှိစွာ ဖုံးကွယ်ထားသည့်အခါတွင် ဖြစ်သည်။ သူက မည်သည့်အရိပ်အမြွက်မှ မပေါ်စေရန် သေချာဖုံးဖိထားသည်။

“ ဘာလဲ… မင်းက ငါ့ကို မယုံဘူးလား ”

သွမ့်မူကျန်းက ပြုံးလိုက်သည်။

“ မင်းက အရမ်းသံသယများတာပဲ… မင်းတည်နေရာပြောင်းရွှေ့ပြီးတာနဲ့ ငါပြန်မှာပါ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူသည် မည်သည့်သဲလွန်စကိုမှ အမှန်တကယ် ရှာမတွေ့ပေ။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်အတန့်မှာ ကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင်လာပြီး နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာသည်။ ရွှီချင်းသည် မတ်တတ်ထရပ်လိုက်ပြီး သွမ့်မူကျန်းကို နှုတ်ဆက်စကားဆိုလိုက်သည်။

“ တကယ်လို့ အနာဂတ်မှာ မင်းအချိန်ရရင် ငါတို့ဆီလာလည်ဖို့ မမေ့နဲ့နော် ”

သွမ့်မူကျန်း၏ အမူအရာမှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။

“ ဒါပေါ့ ”

ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

“ သေချာပေါက်လာခဲ့မယ် ”

လင်းအာသည်လည်း သူ၏ ကော်လံအောက်မှ တွားသွားထွက်လာပြီး ကျယ်လောင်စွာ ပြောသည်။

သွမ့်မူကျန်း၏ မျက်လုံးထဲမှာ ကောင်းချီးပေးမှုဖြင့် ပြည့်နှက်နေသည်။ ခေါင်းညိတ်လိုက်ပြီးနောက် ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး အနီးနားမှ သစ်သားတံခါးဆီသို့ လျှောက်သွားသည်။

သူက သစ်သားတံခါးအနားသို့ ရောက်သွားသည့်အခါ ကောင်းကင်မီးသလင်းကျောက်များကို ထုတ်ယူလိုက်သည်။

မျက်နှာသည် သစ်သားတံခါးပေါ်မှာ ထွက်ပေါ်လာပြီး ကောင်းကင်မီးသလင်းကျောက်များကို တစ်လုပ်တည်း ဝါးမျိုပစ်လိုက်သည်။ ထို့နောက် တံခါးသည် တည်နေရာပြောင်းရွှေ့ခြင်းအလင်းဖြင့် တောက်ပလာပြီး ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဝဲကတော့ထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ နက်ရှိုင်းသော အသံသည် သူ၏ အနောက်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

“ တံခါးပိတ်လိုက်စမ်း ”

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးရန် ပြင်လိုက်စဉ် သစ်သားတံခါးသည် ချက်ချင်း ပိတ်သွားသည်။ အထဲမှ တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ၎င်းက သာမန်တံခါးတစ်ချပ်သဖွယ် ဖြစ်လာသည်။

ရွှီချင်း၏ အမူအရာသည် အရုပ်ဆိုးသွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်က အဝေးမှ သူ့ဆီသို့ လျှောက်လှမ်းလာနေသော ပုံရိပ်ပေါ်သို့ ကျရောက်သွားသောအခါ သူ၏ သူငယ်အိမ်သည် ကျုံ့ဝင်သွားသည်။

သူက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်သိုက်အဆင့် အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။ ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးသည် သူ့ကို မမြင်တွေ့ဟန် ရသည်။ သွမ့်မူကျန်းသည်ပင် သူ့ကို သတိမပြုမိချေ။

ဤသည်မှာ သူတို့၏ အသိအမြင်က ပြောင်းလဲသွားသည့်အလား သူတို့မြင်တွေ့နေရသော လောကသည် ရွှီချင်းမြင်တွေ့နေရသော လောကနှင့် ခြားနားနေဟန် ရ၏။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး လက်သီးပေါ်လက်ဝါးအုပ်၍ ထိုလူကို အရိုအသေပေးလိုက်သည်။

“ မင်္ဂလာပါ… စီနီယာ ”

တစ်ဖက်လူသည် ခေါင်းတလားထဲမှ ချောက်နက်ထဲသို့ သူကိုယ်တိုင်ဆွဲချသွားခဲ့သော အနီရောင်လဗိမာန်၏ နတ်အစေခံဖြစ်ကြောင်း ရွှီချင်း မှတ်မိသည်။ သေဆုံးသွားပြီဖြစ်သော ထိုနတ်အစေခံက သူ၏ အရှေ့မှာ ပြန်ပေါ်လာသဖြင့် အခြေအနေကို အလွယ်တကူ သူမှန်းဆနိုင်သွားသည်။

အထူးသဖြင့် လူတိုင်း၏ အသိအမြင်က ပြောင်းလဲသွားကြောင်း သူမြင်လိုက်ရသည့်အခါတွင် ဖြစ်၏။ ယင်းက ထိုပုဂ္ဂိုလ်၏ သရုပ်ကို သူ့အား ပိုပြီးသေချာသွားစေသည်။

တခြားလူများနှင့် နတ်တမန်တော်သည်ပင် အဘယ့်ကြောင့် ၎င်းကို အာရုံမခံမိရခြင်းမှာ ရှင်းပြရန် ပိုပြီးလွယ်ကူသည်။

ခေါင်းတလားထဲမှ ကြောက်မက်ဖွယ်ရာ တည်ရှိမှုသည် တစ်စုံတစ်ယောက်၏ အသိအမြင်ကို ပြောင်းလဲပစ်နိုင်သည်။ သို့ဖြစ်၍ ၎င်းသည် နတ်တမန်တော်၏ အသိအမြင်ကိုလည်း ပြောင်းလဲပစ်နိုင်ပေသည်။ အကယ်၍ ၎င်းက နည်းလမ်းတချို့ကို အသုံးပြုပြီး ကိုယ်ပွားတစ်ခုကို ဖန်တီးထားလျှင် အရာအားလုံးသည် အဓိပ္ပာယ်ရှိသွားလိမ့်မည်။

ထိုသို့စဉ်းစားမိသွားသောအခါ ရွှီချင်းသည် ရိုသေလေးစားသော အမူအရာကို ထုတ်ဖော်ပြလိုက်သည်။

ဝတ်စုံနီအမျိုးသမီးသည် ဟန်လုပ်ပြုံးလိုက်သည်။

ရွှီချင်း၏ နှလုံးသားထဲမှာ ကြီးမားသော ဖိအားက ထွက်ပေါ်လာနေစဉ် သူက တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး နောက်ဆုံးမှာ ရွှီချင်း၏ အရှေ့တွင် ရပ်လိုက်သည်။

ရွှီချင်း၏ သဘောထားကိုမြင်သောအခါ ဝတ်စုံနီအမျိုးသမီးသည် ပြုံးလိုက်သည်။ ရွှီချင်းက သူ့အား မှတ်မိသည့်အပေါ် သူက မအံ့ဩပေ။

“ ကောင်လေး… မင်းက ငါ့အပေါ် အမြဲတမ်း ရိုသေလေးစားတယ်… အဲ့ဒီတော့ ငါမင်းအပေါ် ထိခိုက်အောင်လုပ်ဖို့ ဘယ်လိုမှမတွေးနိုင်ဘူး ”

“ စီနီယာရဲ့ အဆင့်အတန်းက မြင့်မြတ်ပါတယ်… ဒါကြောင့် ကျွန်တော်က ရိုရိုသေသေ ဆက်ဆံတာပါ… အဲ့လိုလုပ်ရမယ်လို့လည်း ဆရာက ကျွန်တော့်ကို သင်ကြားပေးထားပါတယ် ”

ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်သည်။

“ မင်းရဲ့ဆရာအကြောင်းကို ထပ်ပြောပြန်ပြီလား ”

ဝတ်စုံနီအမျိုးသမီးသည် လေးနက်သော အဓိပ္ပာယ်ဖြင့် ပြုံးလိုက်သည်။

ရွှီချင်းသည် မပြောင်းလဲသော အမူအရာဖြင့် ထပ်မံ အရိုအသေပေးလိုက်သည်။

“ ဆရာ့အကြောင်းပြောတာကို စီနီယာက မကြိုက်ဘူးဆိုမှတော့ ကျွန်တော် နောက်တစ်ခါ ထပ်မပြောတော့ပါဘူး ”

All Chapters