မီးတောက်ပင်လယ်အောက်က သဘောတူညီမှု(ဃ)
Vol. 57 Ch. 891
ဤသည်ကို ဝတ်စုံနီအမျိုးသမီးကြားသောအခါ သူက ရွှီချင်းကို အချိန်အနည်းငယ်ကြာ စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ရှုလိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး ပြုံးလိုက်သည်။
“ မင်းရဲ့နောက်ခံက သာမန်မဟုတ်ဘူးဆိုတာ ငါသိတယ်… မင်းရဲ့ဆရာကလည်း အစွမ်းထက် ပညာရှင်တစ်ယောက်ဖြစ်လိမ့်မယ်… ဒါပေမဲ့ ဒီနေရာက လဝတ်ပြုဒေသကြီးဆိုတာ မင်းမမေ့နဲ့ဦး ”
ဝတ်စုံနီအမျိုးသမီးက စကားပြောလိုက်သည်နှင့် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် အမျိုးသမီးထံမှ စကားသံ ထပ်မံပျံ့လွင့်လာသည်။
“ ကောင်လေး… မီးတောက်ပင်လယ်အောက်က ငါတို့ရဲ့ သဘောတူညီမှုကို မင်းမှတ်မိသေးလား ”
“ ဂျူနီယာက မှတ်မိပါတယ် ”
ရွှီချင်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ ဒါဆို လဝတ်ပြုဒေသကြီးရဲ့ မြောက်ပိုင်းဒေသ ရေခဲလွင်ပြင်ဆီ ငါနဲ့အတူလိုက်ခဲ့ပါ… ငါ့အမက အဲ့ဒီမှာ ဖိနှိပ်ခံထားရတယ်… ရေခဲမြစ်အောက်မှာ မြှုပ်နှံခံထားရတဲ့ ငါ့ရဲ့မောင်လေးလည်း ရှိသေးတယ် ”
ဝတ်စုံနီအမျိုးသမီး၏ အသံထဲမှာ အတိတ်ကို လွမ်းဆွေးတမ်းတခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။
တစ်ဖက်လူက အမှန်ကိုပြောနေခြင်းဟုတ်မဟုတ် သူမသိပေ။ သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ အကယ်၍ သူသာ မြောက်ပိုင်းဒေသသို့ သွားမည်ဆိုလျှင် တွေ့ကြုံရမည့်အန္တရာယ်သည် အလွန်အမင်း ကြီးမားလိမ့်မည်မှာ သေချာ၏။
သူ၏ လက်ရှိစွမ်းရည်ဖြင့် ထိုသို့အန္တရာယ်များသော ကိစ္စရပ်ထဲ ဝင်ပါခြင်းသည် လွန်စွာမှ မိုက်မဲသောကိစ္စ ဖြစ်သည်။
ထို့ပြင် အကျိုးအမြတ်သည် ကောင်းကင်အာဏာစက်များသာ ဖြစ်၏။ ကောင်းကင်အာဏာစက်တစ်ခုတည်းအတွက်ဖြင့် ထိုသို့စွန့်စားခြင်းသည် သူ့အတွက် တွက်ခြေမကိုက်ပေ။
ရွှီချင်းသည် ထိုအတွေးများကို ဖုံးကွယ်မထားပေ။ သူ၏ တုံ့ဆိုင်းသော အမူအရာကို တစ်ဖက်လူမြင်သာအောင် ထုတ်ဖော်ပြထားသည်။
ထိုအစွမ်းထက်ပုဂ္ဂိုလ်သည် သူ၏ အမူအရာကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ အတွေးများကို နားလည်နိုင်လိမ့်မည်ဖြစ်ကြောင်း သူသေချာသည်။
ဤသည်မှာ အားနည်းသည့်လူများက အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရသည့်အခါ အခြေအနေကို တောင်းဆိုနိုင်သော နည်းလမ်းဖြစ်သည်။
ယင်းက သိပ်မထိရောက်နိုင်သော်လည်း အနည်းဆုံးတော့ သူကြိုးစားကြည့်သင့်သည်။
“ ဒီလိုလုပ်ဖို့ကိုရော မင်းရဲ့ဆရာက သင်ပေးထားတာလား ”
ဝတ်စုံနီအမျိုးသမီးသည် ရွှီချင်းကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံသည် တည်ငြိမ်ပြီး ဟိတ်ဟန်ပါရှိသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် အတိတ်၌ သူက ထိုသို့အမူအရာထုတ်ပြထားပြီး စကားပြောလိုက်သည့်အခါ လူအများစုသည် တုန်ယင်လာကြပြီး သူ၏ တောင်းဆိုမှုအားလုံးကို သဘောတူလာကြသည်။
ရွှီချင်းသည် ကိုးရိုးကားရား အမူအရာကို ပြန်ထုတ်ဖော်လိုက်သည်။ သူက ထိုသို့ပြုမူလိုက်သည့်အခါ တင်းမာနေသော လေထုသည် မသိလိုက်မသိဘာသာ ငြိမ်သက်သွားသည်။
ဤသည်ကိုမြင်သောအခါ ထူးဆန်းသော အလင်းရောင်သည် ဝတ်စုံနီအမျိုးသမီး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်ခဏတွေးတောပြီးနောက် ပြောသည်။
“ ဒါက အရောင်းအဝယ်လုပ်တာပဲ… မင်းက ငါ့တောင်းဆိုမှုအတိုင်း စိတ်ပါလက်ပါ လုပ်ဆောင်ပေးဖို့ လိုအပ်တယ် ”
“ အဲ့ဒီအတွက် မင်းက အကျိုးအမြတ်သုံးခု ပြန်ရလိမ့်မယ် ”
“ ပထမဆုံးအနေနဲ့ မင်းက ကောင်းကင်အာဏာစက်တွေကို ရရှိမယ် ”
“ ဒုတိယအနေနဲ့ ကောင်းကင်ဘုံမီးတောက်ပင်လယ်ဧရိယာက လူသားတွေက ဘုရာကျောင်းကနေ တံဆိပ်တော်တစ်ခုကို ရရှိမယ်… အဲ့ဒါက အပိုဆက်ကြေးပေးဆောင်ရမှာကို ကင်းလွတ်ခွင့်ရှိတဲ့အပြင် နောက်တစ်ကြိမ် ဆက်ကြေးပေးရမယ့်အချိန်ကို မရောက်ခင်အထိ တံဆိပ်တော်က သူတို့ကို ကာကွယ်ပေးလိမ့်မယ် ”
“ တတိယအနေနဲ့ မင်းက ငါ့တောင်းဆိုမှုတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးသွားတဲ့အခါတိုင်း ဆန်းကြယ်တဲ့လက်ဆောင်တစ်ခု ငါမင်းကို ပေးမယ် ”
“ ကဲ အခု မင်းရဲ့ရွေးချယ်မှုကို ငါ့ကိုပြောပါ ”
ဝတ်စုံနီအမျိုးသမီးသည် ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး သွမ့်မူကျန်းကို လှည့်ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ သွမ့်မူကျန်းသည် ပြန်သွားနေပြီ ဖြစ်သည်။ သူ၏ အသိအမြင်တွင် ရွှီချင်းသည် တောင်ပိုင်းဒေသသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ သို့ဖြစ်၍ သူ၏ နောက်ကျောတွင် စိတ်ထိုင်းမှိုင်းသော အမူအရာ မသိမသာ ထွက်ပေါ်နေလေသည်။
သိသာစွာပင် ရွှီချင်းထွက်ခွာသွားပြီးသောအခါ သူ၏ နှလုံးသားထဲမှာ မြှုပ်နှံထားသော စိုးရိမ်စိတ်သည် တဖန်ပြန်ပေါ်လျှိုးလာပြီး သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
“ ကျွန်တော် သဘောတူပါတယ် ”
ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဝတ်စုံနီအမျိုးသမီးကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
သဘောမတူခြင်း၏ နောက်ဆက်တွဲအကျိုးဆက်သည် ရှင်းလင်းသည်။ သဘောတူပြီးနောက် ရရှိလာမည့် အကျိုးအမြတ်သည် အန္တရာယ်နှင့် အချိုးအစားညီမျှသည်။
သို့ဖြစ်၍ ရွှီချင်းသည် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
ဝတ်စုံနီအမျိုးသမီးသည် ပြုံးလိုက်သည်။ သူက ထက်မြက်ပြီး ယဉ်ကျေးသော လူများကို သဘောကျသည်။ ထို့ကြောင့် သူက ရွှီချင်းကို အတော်လေး ချီးကျူးသည်။ တစ်ဖက်လူက သူနှင့် ဆန္ဒရှိစွာ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ သို့မှသာ သူက အကြမ်းနည်းသုံးရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။
“ ငါက ကတိကို အရမ်းတန်ဖိုးထားတဲ့သူပါ… ကောင်လေး မင်းစိတ်ချထားပြီး ငါ့နောက်လိုက်ခဲ့ပါ ”
ဝတ်စုံနီအမျိုးသမီးသည် စကားပြောပြီးနောက် ကောင်းကင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားပြီး ဧရာမနှလုံးပေါ်မှာ ခြေချလိုက်သည်။ မကြာမီ သူက ဘုရားကျောင်းရှေ့မှာ မတ်တတ်ရပ်လိုက်သည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဘုရားကျောင်းဆီသို့ ဦးတည်ခုန်လိုက်သည်။
မကြာမီ သူက ဧရာမနှလုံးပေါ်သို့ ရောက်ရှိသွားသည်။ သူက ဘုရားကျောင်းရှေ့သို့ ရောက်ရှိသွားသည့်အခိုက် ပထမဆုံး မြင်လိုက်ရသည့်အရာသည် နီလာနတ်သမီး၏ ရုပ်တုဖြစ်သည်။
ထိုရုပ်တုသည် သူ့အား အလွန်အမင်း စိုးရိမ်စိတ်ဖြစ်စေသည်။
“ မင်းရဲ့ဆရာဆီမှာ ဝှက်ဖဲတချို့ သေချာပေါက်ရှိရမယ်… သူက နီလာနတ်သမီးကို နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားအောင်လို့ အဆင့်မြင့်နတ်ဘုရားတစ်ပါးကို တကယ်ပဲ ရှာနိုင်ခဲ့တယ် ”
ဝတ်စုံနီအမျိုးသမီး၏ အကြည့်သည် ကြည်လင်သော်လည်း သူ၏ မျက်နှာပေါ်မှာ မူမမှန်သော အပြုံးတစ်ခု ရှိသည်။ သူက အရာအားလုံးကို သိပြီးသွားပြီမှာ ရှင်းလင်းသည်။
ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ သူက မည်သည့်စကားမှ ပြန်မပြောပေ။ ယင်းအစား သူက ဘုရားကျောင်းကို ကြည့်လိုက်ပြီး ပွင့်နေသော တံခါးမှတဆင့် အထဲသို့ လျှောက်ဝင်သွားသည်။ ထို့နောက် အထဲမှာ ကျောက်ရုပ်သဖွယ် မလှုပ်မယှက်ရှိနေသော လူများကို သူမြင်သွားသည်။
“ သူတို့ရဲ့အရသာက မဆိုးပါဘူး ”
ဝတ်စုံနီအမျိုးသမီးသည် နှုတ်ခမ်းသပ်လိုက်ပြီး ပြောသည်။
“ မင်း အေးဆေးအနားယူနိုင်တယ်… ဇာတ်လမ်းကို ပြီးဆုံးတဲ့အထိ ဆက်ကရလိမ့်မယ်… ဆက်ကြေးပေးအပ်တဲ့ လုပ်ငန်းစဉ်က နောက်သုံးရက်နေရင် ပြီးသွားလိမ့်မယ်… အဲ့ဒီအခါ ငါတို့ထွက်ခွာကြမယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက တိတ်ဆိတ်သွားသည်။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး အဝေးမှ စိတ်ဓာတ်ကျနေသော သွမ့်မူကျန်းကို ကြည့်လိုက်သည်။
ဝတ်စုံနီအမျိုးသမီးသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနီရောင်အလင်းတန်းတစ်ခုသည် တံဆိပ်တော်တစ်ခုသို့ ပြောင်းလဲသွားပြီး သွမ့်မူကျန်းဆီသို့ ဦးတည်ပျံသန်းသွားသည်။
မြေပြင်ပေါ်တွင် စိုးရိမ်သောကများနေသော သွမ့်မူကျန်းသည် ရုတ်တရက် ရောက်ချလာသော တံဆိပ်တော်ကြောင့် ဆွံ့အသွားသည်။ သူက တံဆိပ်တော်ကို ဖမ်းယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည့်အခါ ယင်းက အကာအကွယ်တံဆိပ်တော်ဖြစ်ပြီး ဆက်ကြေးပေးဆောင်ရခြင်းမှ ကင်းလွတ်နိုင်သော အခွင့်အာဏာရှိကြောင်း အာရုံခံမိသွားသည်။
ထို့ကြောင့် သူက ဘုရားကျောင်း၏ ဦးတည်ရာဆီသို့ အံ့အားသင့်သော အမူအရာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် မည်သူမှ မရှိပေ။
အချိန်အတော်ကြာပြီးနောက် သွမ့်မူကျန်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး နေရာမှ တိတ်တဆိတ် ထွက်ခွာသွားသည်။ သူက စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒါ သူပဲ… ”
“ သူ့ရဲ့ တကယ့်သရုပ်မှန်က ဘာလဲ ”
ရွှီချင်းသည် ထွက်ခွာသွားသော သွမ့်မူကျန်းကို ကြည့်လိုက်သည်။
“ မင်း ငြိမ်းချမ်းပါစေလို့ ငါဆုတောင်းပေးတယ် ”