ဝမ်ကူးကုန်းမြေ၏ လျှို့ဝှက်ချက်(ခ)
Vol. 57 Ch. 893
သို့သော်လည်း ဝတ်စုံနီအမျိုးသမီး၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်း၏ သူငယ်အိမ်သည် ကျုံ့ဝင်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူက မည်သည့်အရာကိုမှ မကြားနိုင်သောကြောင့် ဖြစ်သည်။
ဘေးပတ်ဝန်းကျင်မှ အသံအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော်လည်း ဝတ်စုံနီအမျိုးသမီး၏ စကားကို လုံးဝသူမကြားနိုင်ပေ။
ဝတ်စုံနီအမျိုးသမီးသည်လည်း ယင်းကို အာရုံခံမိသွားပြီး ဆက်မပြောတော့ပေ။
တစ်နာရီကြာပြီးနောက်မှ ရွှီချင်းသည် ကြောက်ရွံ့စိတ်ဖြင့်အတူ သူ၏ အကြားအာရုံကို ပြန်လည်ရရှိလာသည်။
ထိုသို့ဖြင့် ရက်အတော်ကြာ ကုန်ဆုံးသွားသည်။ အနီရောင်လဗိမာန်သည် မြောက်ပိုင်းဒေသဆီသို့ အံ့မခန်းအလျင်ဖြင့် ဦးတည်သွားနေသည်။
ထိုအတောအတွင်း ရွှီချင်းသည် ဝတ်စုံနီအမျိုးသမီးကို မေးခွန်းများစွာ မေးမြန်းခဲ့သည်။ အရေးကြီးသော အပိုင်းများကို ကြားရခါနီးတွင် သူ၏ အကြားအာရုံက ချို့ယွင်းသွားသော်လည်း ထိုသို့စူးစမ်းမှုကြောင့် သူသည် လျှို့ဝှက်ချက်တချို့ကို အနည်းနှင့်အများ သင်ယူမှတ်သားနိုင်ခဲ့သည်။
ထိုထဲတွင် ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထက်အဆင့်လည်း ပါဝင်သည်။
“ နတ်ဘုရားမီးတောက်… ”
ရွှီချင်းသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူသည် နာမည်ကိုသာ သိသည်။ ထိုအဆင့်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကိုတော့ သူမကြားနိုင်ပေ။
တစ်လကြာပြီးနောက် သူတို့က အရှေ့သို့ ဆက်လက်ရွေ့လျားသွားသည့်အခါ မြေပြင်သည် အဖြူရောင်သို့ ပြောင်းလဲသွားပြီး တိုက်ခတ်နေသော လေသည် ချမ်းအေးလာသည်။
မြောက်ပိုင်းဒေသ၏ ရေခဲမြစ်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထင်ပေါ်လာသည်။
မြောက်ပိုင်းဒေသတစ်ခုလုံး၏ မြေပြင်သည် ရေခဲမြစ်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤနေရာတွင် မြေကြီးမရှိပေ။ ထူထဲသော ရေခဲအလွှာတစ်ခုကသာ အရာအားလုံးကို ဖုံးလွှမ်းထားသည်။
တောင်ကုန်းတောင်ထွတ်များကိုလည်း ရေခဲဖြင့်သာ ဖွဲ့စည်းထားသည်။ ယင်းက ဤနေရာကို လူသူကင်းမဲ့သော အရပ်ဒေသအဖြစ် ခံစားရစေသည်။
ဤနေရာတွင် သက်ရှိတစ်ဦးကို မြင်နိုင်ရန် အလွန်ခက်ခဲသည်။
“ ငါတို့ရောက်ပြီ… ကောင်လေး… ငါ့နောက်လိုက်ခဲ့ပါ ”
မြောက်ပိုင်းရေခဲမြစ်များ၏ ကောင်းကင်ယံ၌ ဝတ်စုံနီအမျိုးသမီး၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွေးခြင်းဖြင့် ပြည့်နှက်နေသည်။ သူက အက်ရှရှအသံဖြင့် ပြောပြီးနောက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ရွှီချင်းသည် သူ့အနောက်မှ လိုက်သွားသည်။
အနီရောင်လဗိမာန်သည် ဤနေရာမှာ ကျန်ရစ်မနေပေ။ ၎င်းက ဦးတည်ရာပြောင်းလဲလိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။
“ အထဲမှာ အနီရောင်လဗိမာန်က မိတ်ဆွေဟောင်းတစ်ယောက်အတွက် လက်ဆောင်ရှိတယ်… အဲ့ဒီအတွက် အဲ့ဒါက တာဝန်ယူလိမ့်မယ် ”
ဝတ်စုံနီအမျိုးသမီးသည် တည်ငြိမ်စွာ ပြောပြီးနောက် ရေခဲမြစ်ပြင်ပေါ် လျှောက်သွားသည်။ သူက အရှေ့သို့ ရွေ့လျားသွားသည်နှင့် သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလားပင်။
ရွှီချင်းသည် အနောက်မှ တိတ်တဆိတ် လိုက်သွားသည်။
သူတို့နှစ်ယောက်သည် ချမ်းစိမ့်စိမ့်လေထဲမှာ ရက်အတော်ကြာ လမ်းလျှောက်နေခဲ့သည်။
နောက်ဆုံးမှာတော့ ရွှီချင်းသည် ရေခဲမြစ်ပြင်ပေါ်မှာ နေထိုင်နေသော ဂိုဏ်းတစ်ဂိုဏ်းကို မြင်သွားသည်။ ထိုဂိုဏ်း၏ အကျယ်အဝန်းသည် မသေးငယ်ပေ။ တပည့်အမြောက်အများသည် ဝင်ထွက်သွားလာနေကြောင်း သူမြင်နေရသည်။
“ အဲ့ဒါက မြေအောက်မျိုးနွယ်ပဲ… သူတို့က အနီရောင်လဗိမာန်ကို မှီခိုနေရတဲ့လူတွေပဲ… တစ်ခါတုန်းက သူတို့မျိုးနွယ်စုက နီလာနတ်သမီးဆီ အကျိုးဆောင်မှုတွေ ပြုလုပ်ပေးခဲ့တယ်… ဒါကြောင့် နောင်မျိုးဆက်တိုင်း သူတို့ရဲ့မျိုးနွယ်ဝင်တွေကို အစောင့်အကြပ်အဖြစ် ဘုရားကျောင်းဆီ စေလွှတ်ဖို့ အခွင့်အရေး ရရှိထားကြတယ် ”
ဝတ်စုံနီအမျိုးသမီး၏ မျက်နှာပေါ်မှာ သရော်လှောင်ပြောင်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက နောက်ထပ် ဆက်မပြောတော့ဘဲ ရွှီချင်းကို ခေါ်ဆောင်၍ ဂိုဏ်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ထိုဂိုဏ်းသည် သူတို့ရောက်ရှိလာကြောင်း လုံးဝသတိမထားမိပေ။ သူတို့၏ အသိအမြင်သည် သက်ရောက်ခံလိုက်ရသည်။ သူတို့၏ မျက်လုံးထဲမှာ ရွှီချင်းနှင့် ဝတ်စုံနီအမျိုးသမီးသည် လုံးဝတည်ရှိမနေပေ။
သူက မြေအောက်ဂိုဏ်းထဲသို့ လျှောက်ဝင်သွားသောအခါ သံသယသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ဤဂိုဏ်းက မျိုးနွယ်တစ်ခုဖြစ်သည်ဟု အဘယ့်ကြောင့် ဝတ်စုံနီအမျိုးသမီးက ပြောရကြောင်း သူနားမလည်နိုင်ပေ။
သူမြင်တွေ့ရသည်မှာ ဂိုဏ်းထဲတွင် မျိုးနွယ်အသီးသီးမှ တပည့်များ ရှိသည်။ သူတို့သည် မျိုးနွယ်တစ်ခုတည်းမှ ဟုတ်ပုံမရချေ။
သို့သော်လည်း ဝတ်စုံနီအမျိုးသမီးသည် သူ့ကို ရှင်းမပြပေ။ ရွှီချင်းသည်လည်း မေးမြန်းခြင်း မပြုပေ။
သူတို့နှစ်ယောက်သည် ဂိုဏ်း၏ အတွင်းပိုင်းထဲသို့ လျှောက်ဝင်သွားသည်။ ထိုနေရာ၏ ရေခဲမြစ်ပေါ်မှာ ကြီးမားသော အက်ကွဲကြောင်းတစ်ခု ရှိသည်။
ဝတ်စုံနီအမျိုးသမီးသည် မျက်လုံးမှိတ်လိုက်ပြီး အက်ကွဲကြောင်းကို အာရုံခံလိုက်သည်။
“ ဒီနေရာပဲ ”
အက်ကွဲကြောင်းထဲသို့ ခုန်ဆင်းသွားသောအခါ သူ၏ အမူအရာသည် အနည်းငယ် ဝမ်းနည်းလာသည်။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး အက်ကွဲကြောင်းကို တစ်ချက်ကြည့်လိုက်သည်။ တစ်ခဏကြာတွေးတောပြီးနောက် သူသည်လည်း အထဲသို့ ဆင်းသက်လိုက်သည်။
ချမ်းစိမ့်စိမ့်လေသည် အက်ကွဲကြောင်းအောက်မှ တိုက်ခတ်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို အေးခဲသွားစေရုံသာမက သူ၏ ဝိညာဉ်အပေါ်ကိုလည်း သက်ရောက်မှု ရှိသည်။ သူက အထဲသို့ ပိုပြီးနက်ရှိုင်းစွာ ဝင်ရောက်သွားလေ ဤနေရာမှ ချမ်းစိမ့်စိမ့်လေသည် ပိုပြင်းအေးစက်လာလေ ဖြစ်သည်။
သူတို့နှစ်ယောက်သည် အကွာအဝေးမသိရဘဲ အောက်သို့ ကျဆင်းသွားသည်။ ရွှီချင်း၏ ဆံပင်နှင့် မျက်ခုံးမွှေးက အဖြူရောင်သို့ ပြောင်းလဲသွားသည့်အခါမှ သူတို့သည် အောက်ခြေသို့ ရောက်ရှိသွားကြသည်။
ဤသည်မှာ ကမ္ဘာငယ်တစ်ခုသဖွယ် တည်ရှိနေသော ရေခဲလှိုင်ဂူကြီးဖြစ်သည်။ ကောင်းကင်သည် ရေခဲဖြင့် အစားထိုးခံထားရပြီး ကုန်းမြေသည် အဆုံးမရှိပေ။
အဝေးမှနေ၍ ရွှီချင်းသည် မြေအောက်ရေကန်တစ်ခုကို မြင်သွားသည်။
ထိုရေကန်မှ ရေသည် တမူထူးခြားသည်မှာ ရှင်းလင်းသည်။ ရေသည် ဤနေရာမှာ အေးခဲမနေပေ။ ထို့ပြင် ယင်းက မြူခိုးအငွေ့များကို ထုတ်လွှတ်နေလေရာ ဘေးပတ်ဝန်းကျင်ကို ဝေဝါးစေသည်။
ဝေဝါးနေသော မြူခိုးပတ်ဝန်းကျင်၌ မြေအောက်ဂိုဏ်းမှ တပည့်များကို ရွှီချင်း မြင်သွားသည်။
ထိုတပည့်များသည် သလင်းကျောက်ခေါင်းတလားများဖြင့် အပေါ်မှ ဆင်းသက်လာကြပြီး ယင်းတို့ကို ရေကန်၏ ဘေးတွင် ချထားကြသည်။
အကြည့်တစ်ချက်ဖြင့်ပင် ရေကန်၏ ဘေးပတ်ဝန်းကျင်၌ ခေါင်းတလား ရာပေါင်းများစွာရှိကြောင်း အကြမ်းဖျဉ်း သူခန့်မှန်းနိုင်သည်။
ခေါင်းတလားများကို ထိုနေရာတွင် ချထားပြီးနောက် ထိုတပည့်များသည် ချက်ချင်း ပြန်ထွက်သွားကြသည်။
ခေါင်းတလား၏ အတွင်းထဲတွင်တော့ ရွှီချင်း၏ အကြည့်က အဝေးမှ ရောက်ရှိလာသောကြောင့် အထဲတွင် လဲလျောင်းနေသော ပုံရိပ်များကို မသဲမကွဲသာ သူမြင်နိုင်သည်။ သို့သော်လည်း သူတို့၏ အဝတ်အစားများအရ ထိုလူများသည်လည်း မြေအောက်ဂိုဏ်းမှ တပည့်များဖြစ်ကြသည်။
ထိုမြင်ကွင်းသည် ရွှီချင်းကို အနည်းငယ် အံ့ဩသွားစေသည်။ သူက သေချာစူးစမ်းလေ့လာတော့မည့်အချိန် ရေကန်သည် ရုတ်တရက် ဆူပွက်လှုပ်ရှားလာသည်။ သက်တံ့အလင်းရောင်ကို ထုတ်လွှတ်နေသော ပုံရိပ်ယောင်အလင်းဖဲကြိုးများသည် ရေဘဝဲလက်တံများနှယ် ရေကန်အတွင်းမှ ပေါ်ထွက်လာကြပြီး ဘေးပတ်ဝန်းကျင်မှ ခေါင်းတလားများထံသို့ ဦးတည်ပျံသန်းသွားကြသည်။
ရောင်စုံလက်တံတစ်ဖက်စီသည် ခေါင်းတလားတစ်ခုစီကို ရစ်ပတ်သွားကြပြီး ယင်းကို ရေကန်ထဲသို့ ဆွဲခေါ်သွားသည်။
မကြာမီ ခေါင်းတလားအားလုံးသည် ရေကန်ထဲသို့ နစ်မြုပ်သွားပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
ထို့နောက် ရေကန်သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားသည်။
“ အပေါ်ယံကကြည့်မယ်ဆိုရင် မြေအောက်မျိုးနွယ်က ဂိုဏ်းတစ်ခုလို့ထင်ရတယ်… ဂိုဏ်းထဲမှာ မျိုးနွယ်စုအသီးသီးက မျိုးနွယ်ဝင်တွေ ရှိတယ်… ဒါပေမဲ့ တကယ်တော့ သူတို့ရဲ့မျိုးနွယ်ဝင်ဖြစ်လာတဲ့အခါမှ ဘုရားကျောင်းရဲ့ အစောင့်အကြပ်ဖြစ်ခွင့်ရှိတယ် ”
“ သူတို့မျိုးနွယ်ဝင်ဖြစ်မလာတဲ့ လူတွေကတော့… အစာဖြစ်လာလိမ့်မယ် ”
“ တကယ်လို့ မင်းက သူတို့မျိုးနွယ်ဝင်ဖြစ်ချင်တယ်ဆိုရင် ရိုးရာဓလေ့ကို ဆောင်ရွက်ရလိမ့်မယ်… မင်း စောစောက မြင်လိုက်တာက ရိုးရာဓလေ့ပဲ… အဲ့ဒီတပည့်တွေက ထူးခြားတဲ့နေရာတစ်ခုကို ပို့ဆောင်ခံရလိမ့်မယ်… သူတို့က အဲ့ဒီကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှပဲ ရိုးရာဓလေ့က အောင်မြင်တယ်လို့ သတ်မှတ်နိုင်တယ် ”
“ ဘာလို့လဲဆိုတော့ ပြန်ထွက်လာနိုင်တဲ့လူတွေက အရင်က သူတို့မဟုတ်တော့ဘူး ”
ဝတ်စုံနီအမျိုးသမီးသည် တည်ငြိမ်စွာ ပြောသည်။
“ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းလား ”
ရွှီချင်းသည် အတွေးနက်သွားသည်။
“ မြေအောက်ဂိုဏ်းရဲ့ ဘိုးဘေးက တစ်ချိန်က ငါ့ဖခင်ရဲ့ လက်အောက်ငယ်သားတစ်ယောက် ဖြစ်ခဲ့တယ်… အတိတ်မှာ နီလာနတ်သမီးဆင်းသက်လာတဲ့အခါ သူက ငါတို့ကို သစ္စာဖောက်သွားပြီး ငါ့ဖခင်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်… သူပျိုးထောင်ထားတဲ့ မဟာလောကတွေက ပြိုလဲပျက်စီးသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားခဲ့တယ်… အများစုက ဖျက်ဆီးခံလိုက်ရပြီး မဟာလောကထဲက သက်ရှိအားလုံးက သေကြေပျက်စီးသွားကြတယ် ”
“ အဲ့ဒီထဲက အစိတ်အပိုင်းတစ်ခုက ဒီနေရာကို ကျဆင်းလာခဲ့တယ် ”
“ နီလာနတ်သမီးက သူ့ရဲ့အကျိုးဆောင်မှုနဲ့ ဒီလောကအပိုင်းအစထဲက သေဆုံးသွားကြတဲ့ မျိုးနွယ်ဝင်တွေကို ထောက်ထားပြီးတော့ သူတို့ရဲ့ အကြွင်းအကျန်ဝိညာဉ်တွေကို ထိန်းသိမ်းထားဖို့ ခွင့်ပြုပေးခဲ့တယ်… အဲ့ဒါကြောင့် မြေအောက်မျိုးနွယ်ဆိုပြီး ဖြစ်ပေါ်လာခဲ့တယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းလှည့်လိုက်ပြီး ရေကန်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ရှေးဟောင်းအုပ်ချုပ်သူတစ်ယောက်၏ ကိုယ်တိုင်သတ်ဖြတ်ခြင်းကို ခံရခြင်းနှင့် မဟာလောကများ၏ ပြိုလဲပျက်စီးခြင်းသည် အတိတ်တွင် ထိုမြေအောက်မျိုးနွယ်ဘိုးဘေး၏ ကျင့်ကြံခြင်းက ဝိညာဉ်စုစည်းခြင်းအဆင့်မှာရှိကြောင်း ဆိုလိုပေသည်။