← Chapters

အခန်း (၂၆၂)

Vol. 24 Ch. 262

အခန်း (၂၆၂)

Vol. 24 Ch. 262

“အားနာပါတယ်” လီဟမ်ရှန်းက ဒူးထောက်နေရာမှ ကို့ရိုးကားယားနှင့် ထရပ်လိုက်ပါ၏။

သူက လီချန်ချင်းကို တွေ့ချင်ဇောအားကြီးသွားလွန်းသောကြောင့် ကျန်းဖုကွမ်းကို ဖခင်အမှတ်နှင့် မှားယွင်းခဲ့ခြင်းပင် ဖြစ်သည်။

သူက စိတ်လောနေခြင်းပင်။

အနောက်တွင် ရပ်နေသည့် ဝူစန်းထောင်မှာ လီဟမ်ရှန်းအစား ရှက်ရွံ့လွန်းသောကြောင့် မျက်နှာတခုလုံးမှာ ရဲတွတ်နေခဲ့ပါသည်။

သူက ရယ်ချင်သော်လည်း ကြိတ်မှိတ်ကာ သည်းညည်းခံနေခဲ့ရပါသည်။

သူ၏ စီနီယာအကိုမှာ အတော်လေးကို ချစ်ဖို့ကောင်းလှပါသည်။

(ညီအကိုတွေလို ချစ်ဖို့ကောင်းတယ်လို့ ပြောတာနော် ship မယ် မကြံကြနဲ့ Fujoshi နဲ့ BLဖန်တွေရေ)

လီဟမ်ရှန်းမှာ မီးဖိုချောင်ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ရာ ချက်ပြုတ်နေသည့် အိုးခွက်ပန်းကန်သံများကို ကြားလိုက်ရပါသည်။

ပုံမှန်ဆိုလျှင် လီချန်ချင်းတို့သည် အိမ်တော်ရှိစားဖိုမှုးများချက်ပြုတ်ကျွေးမွေးသည့် အစားအသောက်များကို စားသောက်သည့်တိုင် ယနေ့တွင်တော့ လီဟမ်ရှန်း ပြန်ရောက်လာမည့် သတင်းကို ကြားသိလိုက်ရသဖြင့် လီချန်ချင်းကိုယ်တိုင် မီးဖိုချောင်သို့ ဝင်ကာ လက်စွမ်းပြနေခြင်း ဖြစ်သည်။

သူ၏ လက်ရာကို သားဖြစ်သူအား ကျွေးချင်သောကြောင့်ပင်။

လီဟမ်ရှန်းက မီးဖိုချောင်အဝသို့ လမ်းလျှောက်သွားခဲ့၏။ မီးဖိုချောင်အဝတွင် မတ်တပ်ရပ်နေရင်းနှင့် သင်းပျံ့သော ရနံ့များးကို အဆုတ်အပြည့် ရှုရှိုက်လိုက်ပါသည်။

ချက်ပြုတ်ရင်းနှင့် အလုပ်ရှုပ်နေသည့် လီချန်ချင်းကို သူတွေ့လိုက်ရပါသည်။

သူ့ဖခင်…

သူမြင်တွေ့နေရသည့် လူ၏ ပုံရိပ်မှာ သူ့မှတ်ဉာဏ်ထဲတွင် ရှိသည့်လူနှင့် တထေရာတည်းပင် ဖြစ်သည်။

လီချန်ချင်းသည် မီးဖိုပေါ်ရှိအိုးကြီးတအိုးအား ဇွန်းကြီးနှင့် မွှေနေခဲ့ပါ၏။ ပြင်းထန်လှသော မီးအပူရှိန်ကြောင့် လီချန်ချင်းမှာ ချွေးဒီးဒီးကျနေခဲ့ပြီး သူ၏ ဝတ်ရုံလက်နှင့် နဖူးမှ ချွေးများကို သုတ်နေခဲ့ပါသည်။ သူ့ဖခင်၏ ပင်ပန်းနေသည့်ဟန်ပန်ကို မြင်လိုက်ရသည့် လီဟမ်ရှန်းမှာ မျက်ရည်များဝဲတက်လာမှုကို မထိန်းချုပ်နိုင်ခဲ့ပါချေ။

“အဖေ”

လီဟမ်ရှန်းက မီးဖိုချောင်ထဲသို့ ဝင်လာပြီး လီချန်ချင်း၏ အနောက်မှ လှမ်းခေါ်လိုက်ပါသည်။

ထိုကဲ့သို့ ‘အဖေ’ ဟူသော ဝေါဟာရကို လီဟမ်ရှန်းက သူ၏ အိပ်မက်ထဲတွင် အကြိမ်ကြိမ်ခေါ်ခဲ့မိနေသည့် စကားလုံးလည်း ဖြစ်ပါသည်။

ထိုခေါ်လိုက်သည့်အသံကြောင့် အလုပ်ရှုပ်နေသည့် လီချန်ချင်းမှာ တဆတ်ဆတ်တုန်ရီသွားခဲ့ပါသည်။ လီဟမ်ရှန်း ပြန်ရောက်နေသည်ကို သူကောင်းစွာသိသည့်တိုင် လီဟမ်ရှန်း၏ နှုတ်မှ ထို ‘အဖေ’ ဆိုသည့် ခေါ်သံက သူ့တကိုယ်လုံရှိ စီးဆင်းနေသောသွေးများကို လှုပ်ခါသွားစေခဲ့ပါသည်။

အဖေနှင့်သားနှစ်ယောက်ကြားရှိ သံယောဇဉ်မှာ နှောင်ဖွဲ့ကာ ဖြစ်တည်လာခဲ့ပါ၏။

လီချန်ချင်းက လှည့်ကြည့်လိုက်ရာ သားဖြစ်သူမှာ သူ့အရှေ့တွင် ရပ်နေကြောင်းကို မြင်လိုက်သောကြောင့် စိတ်လှုပ်ရှားစွာနှင့် အသံပြုလိုက်သည်။

“အာ”

“ငါ့သား ပြန်လာပြီဟေ့”

“မင်းအဖေက ဟင်းကောင်းတွေအများကြီးကို ချက်ထားတာဟေ့၊ မင်းပြန်လာတာနဲ့ ကွက်တိပဲ။ ဒီည ငါတို့သားအဖနှစ်ယောက် အမူးသောက်ကြတာပေါ့”

လီချန်ချင်းက ပြုံးရွှင်စွာ ပြောလိုက်ပါသည်။

“သောက်ကြမယ်လေ”

လီဟမ်ရှန်းကလည်း စိတ်အားတက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။ ယခုအချိန်တွင် လီဟမ်ရှန်း၏ နှလုံးသားရှိ အရိပ်မည်းကြီးမှာ လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။

သားအဖနှစ်ယောက်ကြားတွင် တင်းမာမှုများ မရှိတော့သည်ကို ခံစားရသည့် လီချန်ချင်းကလည်း ကျေနပ်စွာပြုံးလိုက်ပြီးနောက်တွင် လီဟမ်ရှန်းအား ပြောလိုက်ပါသည်။

“သား အဖေ့ကို ပန်းကန်တချပ်ပေးကွာ”

“ဒီတချပ်လား”

“အတွင်းဘက်က ပန်းကန်၊ အနက်ရောင်”

“ရပြီ။ မီးဖိုချောင်က ကျဉ်းတယ် ပြီးတော့ မီးခိုးတွေနဲ့ စကားကောင်းကောင်းလည်း ပြောလို့အဆင်မပြေဘူး။ သား မင်းအပြင်ကနေစောင့်နေ၊ လက်ဆေးထားပြီးတော့ ထမင်းဝိုင်းပါ တခါတည်းပြင်ထားလိုက်ကွာ”

လီချန်ချင်းက ပြုံးရင်းနှင့် ဆိုလိုက်ပါသည်။

“အဖေ သားဝိုင်းကူပေးပါရစေ။ သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာနေတုန်းက သားဘာသာသားပဲ ချက်စားခဲ့တာပါ”

လီဟမ်ရှန်းက အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ကူညီရန်အတွက် အသင့်ပြင်ဆင်လိုက်ပါသည်။

“မလိုဘူး မလိုဘူး။ မင်းရဲ့ ဂိုဏ်းဝင်အဝတ်အစားတွေကို မညစ်ပတ်စေနဲ့။ သူတို့ရဲ့ ချည်သားက တန်ဖိုးကြီးလွန်းတယ် ညစ်ပတ်လို့မဖြစ်ဘူး။ အပြင်ကနေပဲ စောင့်နေချေ။ ဟင်းပွဲနှစ်ပွဲနဲ့ ဟင်းချိုတပန်းကန်ပဲ ကျန်တော့တာ။ ဒီလောက်ကတော့ မင်းရဲ့လူအိုကြီးက ကောင်းကောင်း ကိုင်တွယ်နိုင်တယ်”

လီချန်ချင်း၏ ရွှင်ပျနေသည့်မျက်နှာထားကြောင့် လီဟမ်ရှန်းကလည်း ဆက်လက်၍ မနေတော့ပေ။

“ဟုတ်ကဲ့”

ထို့နောက်တွင် လီဟမ်ရှန်းက မီးဖိုချောင်မှ ထွက်သွားတော့ပါသည်။

“ဒီကောင်စုတ်လေးကတော့”

လီချန်ချင်းကလည်း ရယ်လိုက်၏။

သူ၏ တုန်နေသောနှလုံးမှာ ထိုအချိန်မှစည်းချက်ကျသွားတော့သည်။

သားလိမ္မာတစ်ယောက်ရှိတဲ့ခံစားချက်က ဘယ်လောက်တောင်မှ ကောင်းလိုက်သလဲ

သိပ်မကြာခင်မှာပင် လီချန်ချင်း၏ ဟင်းလျာများမှာ အဆင်သင့်ဖြစ်သွားတော့ပါသည်။

သူက ဟင်းပွဲများကို ကိုင်ကာ အပြင်သို့ ထွက်လိုက်ပါ၏။

လီဟမ်ရှန်းက ကျောက်စားပွဲတွင် အဆင်သင့်နေရာယူထားပြီးသား ဖြစ်ပါသည်။ သူ့နံဘေးတွင်တော့ ဝူစန်းထောင်က မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေလေခဲ့ပါသည်။

လီချန်ချင်းက ဟင်းပွဲများကို လင်ဗန်းကြီးတချပ်တွင် ထည့်ကာ သယ်လာသည်ကို မြင်လိုက်သောကြောင့် လူငယ်နှစ်ယောက်စလုံးမှာ ကမန်းကတန်းထကာ သွားကူပေးလိုက်ကြပါ၏။

“ဟင်းချိုတပွဲကျန်သေးတယ်။ အဲ့ဒါသွားယူပြီးရင် ငါတို့တွေ စားလို့ရပြီ”

“ဖုကွမ်းရေ ဝိုင်သွားယူခဲ့ချေ”

“ကောင်းပါပြီခင်ဗျာ”

ကျန်းဖုကွမ်းက ဝိုင်ပုလင်းကို သွားရှာဖွေနေခဲ့တော့သည်။

လီချန်ချင်းက ဟင်းချိုကို သွားယူရန်အတွက် မီးဖိုချောင်ရှိရာသို့ ပြေးသွားခဲ့ပါတော့၏။

အလုပ်ရှုပ်နေသည့် လီချန်ချင်းကို ကြည့်ပြီးနောက်တွင် ဝူစန်းထောင်က လီဟမ်ရှန်းအား တီးတိုးပြောလိုက်ပါသည်။

“စီနီယာအစ်ကိုရဲ့ အဖေက ဟင်းချက်တတ်တော့ ကောင်းလိုက်တာဗျာ။ ကြည့်ပါဦး အရသာရှိတဲ့ဟင်းပွဲတွေမှာအများကြီးပဲ။ အခုလို အိမ်ချက်ဟင်းပွဲတွေကို ကျွန်တော်မစားရတာ နှစ်တော်တော်ကိုကြာနေပြီဗျ”

“ငါ့အိမ်က မင်းအိမ်ပဲ။ ထမင်းစားတဲ့အခါကျရင် အားနာမနေပဲ များများသာစား”

လီဟမ်ရှန်းက ပြောလိုက်ပါသည်။

“ဦးလေးလီက တကယ့်ကို လူကောင်းတယောက်ပဲနော်”

ဝူစန်းထောင်က သက်ပြင်းချကာ ပြော၏။

ထိုစကားကြောင့် လီဟမ်ရှန်းမှာ တခဏကြာအောင် တိတ်ဆိတ်သွားခဲ့ပါသည်။ သူ၏ ငယ်ဘဝကို ပြန်တွေးတောမိပြီးနောက်တွင် တချက်ပြုံးလိုက်၏။

“ဟုတ်တယ် ငါ့အဖေက လူကောင်းတယောက်ပဲ”

“သူက ပန်းချီဆရာတစ်ယောက်လေ။ သူက ပန်းချီကားတကားကိုတောင် ဖြစ်ဖြစ်မြောက်မြောက်မဆွဲနိုင်ပေမယ့် သူ့ရဲ့ရည်မှန်းချက်ကို လုံးဝကို လက်မလျှော့ခဲ့ဘူး”

လီဟမ်ရှန်းက အတိတ်ကို စိမ်ပြေနပြေ ပြန်တွေးကာ ဖြေနေခဲ့သည်။

“စန်းယွမ်တိုက်ကြီးတခုလုံးနဲ့ယှဉ်လိုက်ရင်တော့ ငါ့အဖေက မပြောပလောက်တဲ့ လူသေးသေးလေးတယောက်ပါပဲ။ ဒါပေမယ့် ငါ့အတွက်တော့ ငါ့အဖေက တကယ့်ကို ကြီးမြတ်ကောင်းမွန်တဲ့ လူကောင်းတယောက်ပါပဲ”

“ဖခင်တိုင်းက ကြီးမြတ်ပါတယ်”

ဝူစန်းထောင်ကလည်း သူ၏ ဖခင်ကို တွေးရင်းနှင့်ပင် လေးနက်စွာ ရေရွတ်လိုက်ပါသည်။

မိသားစုကို ထောက်ပံ့ရန်အတွက် သိုင်းသင်တန်းကျောင်းဖွင့်ထားသည့် ဒုက္ခိတတဦး၊ သူ၏ ကျိုးပျက်နေသည့် ခန္ဓာကိုယ်ကို သယ်ဆောင်ကာ အခြားသူများအား တိုက်ခိုက်နိုင်ရန်သင်ပေးနေသူ၊ သူ့တွင် ရှိသော သိုင်းပညာရပ်မှာ သာမန်ပန်းချီကားနှစ်ချပ်သာ ဖြစ်ပါသည်။

“ညစာအဆင်သင့်ဖြစ်ပြီ”

နောက်ဆုံးကျန်သော ဟင်းချိုအား လီချန်ချင်းက ယူလာခဲ့ပါသည်။

ဟင်းပွဲဆယ်ပွဲရှိပြီး လီချန်ချင်းက ချက်ပြုတ်ထားခြင်းများပင် ဖြစ်ပါသည်။

ထိုဟင်းများကို လီချန်ချင်းက သေချာကို ဂရုတစိုက်နှင့် ချက်ပြုတ်ထားခြင်းပင် ဖြစ်ပါသည်။

“ကဲ စားကြမယ်”

ကျန်းဖုကွမ်းမှာ စားပွဲတွင် ဝင်မစားလိုသော်လည်း လီချန်ချင်း၏ အတင်းအားဓမ္မဆွဲခေါ်မှုကြောင့် ကျန်းစစ်ယောင်နှင့်အတူ ဝင်ရောက်စားသောက်ကြပါတော့၏။

ထိုလူနှစ်ယောက်ကြောင့် လီဟမ်ရှန်းက စိတ်ပျက်သွားခြင်းမျိုးလည်း မရှိပါချေ။

“အရသာ ရှိလိုက်တာ”

ဝူစန်းထောင်က ဟင်းကို တကိုက်သာကိုက်လိုက်ပြီး မျက်လုံးများပြူးကျယ်သွားပါတော့၏။

လီချန်ချင်း၏ အစားအသောက်များမှာ ဂိုဏ်းအခမ်းအနားတွင် ကျွေးမွေးသည့်အသင့်စားစားသောက်ဖွယ်ရာများထက်ပင် အရသာရှိနေပါသေးသည်။

လီဟမ်ရှန်းကလည်း တကိုက်ကိုက်ကြည့်လိုက်ရာ အရသာအလွန်ရှိသည်ကို သိလိုက်ရပါ၏။

ဖခင်ဖြစ်သူနှင့် နှစ်တော်တော်ကြာအောင် မတွေ့ရသည့်အချိန်အတောအတွင်းတွင် သူ့ဖခင်၏ ဟင်းချက်စွမ်းရည်မှာ ယခုလိုမျိုး တိုးတက်လာလိမ့်မည်ဟု သူမထင်ထားခဲ့မိပါချေ။

ညစာမှာ လွန်စွာမျှတကာ အရသာရှိပေ၏။ သားအဖနှစ်ယောက်မှာ ဝိုင်များကို စိတ်လွတ်လက်လွတ်ကို သောက်သုံးနေကြပါတော့သည်။

လီဟမ်ရှန်းမှာ တခွက်ပြီးတခွက်ငှဲ့ကာ သောက်နေတော့သည်။ လီချန်ချင်းမှာလည်း အကျောမခံပဲ အပြိုင်လိုက်သောက်ရာ နောက်ဆုံး၌ သူတို့နှစ်ယောက်စလုံး အနည်းငယ်ရီဝေလာခဲ့ကြတော့၏။

ထိုသို့ဆိုရင်တောင်မှ ယခုလက်ရှိအခြေအနေကို လီဟမ်ရှန်းက လွန်စွာမှကို ကျေနပ်လှပါသည်။ လီချန်ချင်းလည်း အတူတူသာဖြစ်သည်။ သူ၏ ယခင်ဘဝတုန်းက သားဖြစ်သူနှင့်အတူတူ ထိုကဲ့သို့ သောက်စားလိုသော်လည်း သူ၏ သားမှာ ဆိုးသွမ်းနေကာ ပြသနာအမြဲရှာသည့်အပြင် အိမ်လည်း မကပ်ပါချေ။ ယခုလိုမျိုး အဖေနဲ့သား အတူတူသောက်စားတာမျိုးက လုံးဝကို မရှိခဲ့ပါချေ။

စားသောက်ပြီးစီးသည့်အခါတွင် ကျန်းဖုကွမ်းမှာ ကျန်းစစ်ယောင်အား စာလုပ်ရန်အတွက် အခန်းသို့ ပြန်ခေါ်သွားခဲ့ပါသည်။

ဝူစန်းထောင်မှာလည်း အလိုက်သိစွာ ရှောင်ထွက်သွားခဲ့လေ၏။

လီချန်ချင်းနှင့် လီဟမ်ရှန်းသာ စားပွဲတွင် ကျန်ရစ်ခဲ့ပါသည်။

သားအဖနှစ်ယောက်မှာ ပျော်ရွှင်စွာဖြင့် စကားစမြည်းပြောနေကြတော့သည်။ လီဟမ်ရှန်းက လီချန်ချင်းအား အကြောင်းအရာများစွာတို့ကို ပြောပြလေ၏။ လီချန်ချင်းကလည်း နားထောင်ရင်း လိမ္မာပါးနပ်စွာ တုံ့ပြန်နေလေသည်။ လီဟမ်ရှန်းပြောသည့် အတိတ်က အကြောင်းအရာများကိုလည်း လီချန်ချင်းက ကြိုးစားပြီးပြောခဲ့ပါသည်။ သူအတွက် မရှင်းလင်းသည့်အကြောင်းအရာများကိုတော့ သူက မမှတ်မိပါဟုသာ ပြောခဲ့၏။

လီဟမ်ရှန်းကလည်း သံသယမဝင်ခဲ့ပါချေ။

သူတို့စကားပြောနေရင်းနှင့် လီဟမ်ရှန်း၏ အမူအရာက တဖြေးဖြေးနှင့် ပျက်ယွင်းလာခဲ့ပါတော့သည်။

“အဖေ ကျွန်တော် နည်းနည်းပင်ပန်းနေပြီ”

လီဟမ်ရှန်း၏ အသံမှာ လေးလံနေခဲ့ပါသည်။

“ပင်ပန်းနေရင် အခန်းပြန်ပြီး အိပ်လိုက်လေ” လီချန်ချင်းက လီဟမ်ရှန်း၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်ပါသည်။

သို့သော် လီချန်ချင်း၏ လက်ဖဝါးက လီဟမ်ရှန်း၏ ပုခုံးကို ထိလိုက်သည့်အခိုက်တွင် လီဟမ်ရှန်း၏ ပုခုံးများမှာ တုန်ရီနေသည်ကို သူသိလိုက်ရပါသည်။

သိမ်မွေ့သော ရှိုက်သံတခုထွက်ပေါ်လာခဲ့ပါ၏။

သူ့သားက ငိုကြွေးနေပါတယ်

All Chapters