အခန်း (၂၆၃)
Vol. 24 Ch. 263
သားဖြစ်သူမှာ ရှိုက်ကြီးတငင်ကို ငိုကြွေးနေသည့်အတွက်ကြောင့် လီချန်ချင်းမှာ အတော်လေးကို ထိတ်လန့်သွားခဲ့ပါသည်။
ပုခုံးပေါ်သို့တင်ထားသည့် လီချန်ချင်း၏ လက်မှာ လီဟမ်ရှန်း၏ ကျောဖက်သို့ ရောက်ရှိသွားခဲ့ပါ၏။ အကြောင်းအရာအကြမ်းဖျဉ်းကို ရွှယ်ချမ်းပိုင်၏ သတင်းပို့စာထဲတွင် လီချန်ချင်းက ဖတ်ရှုကာ သိရှိပြီးသား ဖြစ်ပါသည်။
ကျိုးကျွင်းက ထာဝရရှင်သန်ခြင်းဂိုဏ်းကလွှတ်ထားတဲ့ သူလျိုတယောက်တဲ့
တချိန်တည်းမှာပင် ကျိုးကျွင်းက လီဟမ်ရှန်းအပေါ်တွင် လွန်စွာမှကို ဂရုစိုက်ခဲ့လေသည်။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် လီဟမ်ရှန်းနှင့် ကျိုးကျွင်းတို့၏ ဆက်ဆံရေးမှာ လွန်စွာမှကို ရင်းနှီးနေခဲ့ပြီးနောက်တွင် ညီရင်းအကိုပမာဆက်ဆံရေးဖြစ်သည်ကို လီချန်ချင်းက သတိထားမိခဲ့ပါသည်။
အခုတော့ ကြေကွဲစရာတွေ ဖြစ်ခဲ့ရပြီ
လီချန်ချင်းမှာ လီဟမ်ရှန်း၏ ခံစားချက်များကို ကောင်းစွာနားလည်ပါ၏။
သူ့သားမှာ ယခုမှ ဆယ်ကျော်သက်သာ ရှိသေးသည်မဟုတ်ပါလား
သူ့ဘဝမှာ ငယ်ရွယ်သည့်အသက်နှင့် မလိုက်အောင် ကြုံတွေ့ခဲ့သည်က များလွန်းလှပါသည်။
တစ္ဆေနတ်ဆိုးစမ်းသပ်မှုတုန်းကဆိုလျှင် လီဟမ်ရှန်းမှာ လုရှီယန်အား ကျောပိုးကာ တစ္ဆေပင်လယ်ထဲမှ သွေးရေချိုးကာ ဖောက်ထွက်ခဲ့ရသည်။ ထိုအချိန်တုန်းက ဒဏ်ရာဗလပွနှင့် ဖြစ်နေသည့်တိုင် မျက်ရည်တစက်မှ မထွက်ခဲ့ပေ။
ယခုတွင်တော့ သားဖြစ်သူမှာ ရှိုက်ကြီးတငင်ကို ငိုကြွေးနေခဲ့၏။
ယောကျ်ားမှန်ရင် မျက်ရည်မကျရဘူးဆိုတဲ့ ဆိုရိုးစကားရှိပေမယ့်လည်း ယောကျ်ားတယောက်က မငိုသေးတာက သူ့နှလုံးသားကွဲကြေလောက်တဲ့အထိ အဆင့်ကို မရောက်သေးလို့ပဲ။ နှလုံးသားကွဲကြေလောက်ရတဲ့အထိ ခံစားမှုနဲ့ကြုံရရင် မာပါတယ်ဆိုတဲ့ ယောကျ်ားရင့်မာကြီးနဲ့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်မှာပဲ။ ဒီစာကို ဖတ်နေတဲ့ စာဖတ်သူက အမျိုးသားတစ်ယောက်ဆိုရင် ကိစ္စတွေခက်ခဲနေတဲ့အချိန်မှာ ငိုလို့ရပါတယ်၊ တယောက်တည်းရှိတဲ့အချိန် ဒါမှမဟုတ် ယုံကြည်ရတဲ့ အမျိုးသားမိတ်ဆွေတွေအရှေ့မှာငိုပေါ့။ မိန်းမနဲ့ ကလေးတွေကိုတော့ ကိုယ့်ရဲ့ခက်ခဲမှုတွေ ပေးမသိဖို့ အကြံပေးလိုက်ပါတယ်။
“ငါ့သား ပင်ပန်းနေတာကို အဖေသိပါတယ်ကွာ”
လီချန်ချင်းက နှစ်သိမ့်စကားကို များများစားစား မပြောခဲ့ပေ။ သူက လီဟမ်ရှန်းအနားသို့ တိုးကပ်ကာ တချက်ရယ်လိုက်သည်။ ထို့နောက်မှ
“ဘဝမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရဦးမယ် ငါ့သား။ ဖြစ်လာတာတွေကို မင်းရွေးချယ်တာတွေပဲ ဖြစ်လာအောင် လုပ်လို့မရနေဘူး။ တချို့အရာတွေက ကိုယ်ဘာမှ မလုပ်နိုင်နေရင် လက်ခံလိုက်ရတယ်။ တဖြေးဖြေးနဲ့ ဖြစ်ပျက်ခဲ့တာတွေကို လက်လွှတ်လိုက်နိုင်လာလိမ့်မယ်။ ရွေးချယ်ဖို့တောင် အခွင့်အရေးမရှိတဲ့လူတွေနဲ့ယှဉ်ရင် မင်းက ရွေးချယ်လို့ရပါသေးတယ်ကွာ”
“သား အရမ်းပင်ပန်းလို့ ဆက်မလုပ်နိုင်တော့ဘူးဆိုရင် အိမ်သာပြန်လာခဲ့၊ အရင်က အဖေပြောခဲ့တယ် အခုလည်းထပ်ပြောမယ် မင်းရဲ့အဖေလူအိုကြီးက မင်းကို ကျွေးမွေးနိုင်ပါသေးတယ်ကွာ”
လီချန်ချင်းက လီဟမ်ရှန်း၏ ပုခုံးကို ငြင်သာစွာဖြင့် ပုတ်လိုက်ပါသည်။
လီဟမ်ရှန်းက ဘာမှမပြောသည့်တိုင် သူ၏ ရှိုက်သံများမှာမူ တစထက်တစ တိတ်ဆိတ်လာခဲ့ပါ၏။
သူ၏ကိုယ်ကိုလှည့်လိုက်ပြီး လီဟမ်ရှန်းမှာ လီချန်ချင်း၏ လက်မောင်းကြားထဲသို့ အားငယ်နေသည့်ကလေးတယောက်ပမာ တိုးဝင်လိုက်ပါ၏။
လီချန်ချင်းက လီဟမ်ရှန်း၏ခေါင်းကို ဖြေးဖြေးချင်းပွတ်သပ်ပေးနေခဲ့ပါသည်။ သူက စကားကို ရိုးရိုးကြီးပြောခဲ့သည့်တိုင် လီချန်ချင်း၏နှလုံးသားမှာ လွန်စွာမှကို နာကျင်နေခဲ့ပါသည်။
အသက်ဆယ့်ငါးနှစ်သာရှိသေးသော ကလေးတယောက်
သူ၏ အရင်ဘဝတွင် ထိုအရွယ်ရှိသောကလေးများမှာ အထက်တန်းကျောင်းသား၊ကျောင်းသူများအရွယ်ဖြစ်သည်။
မိဘများ၏ အုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာကြီးပြင်းရသည့်အရွယ်၊ မုန့်ဖိုးလက်ဖြန့်တောင်းသည့်အရွယ်၊ သူစားချင်သောမုန့်များကို သူဝယ်စားမည်။ ကျောင်းတွင် ဖြစ်ပျက်သော ပြသနာမျိုးစုံကို မိဘများက လိုက်ရှင်းပေးရသည့်အရွယ်ပင် ဖြစ်သည်။
ဒီလောကတွင်တော့ သူ၏ အသက်ဆယ့်ငါးနှစ်အရွယ်သာရှိသော သားဖြစ်သူမှာ သေခြင်းရှင်ခြင်း၊ အထီးကျန်ခြင်း၊ သစ္စာဖောက်ခံရခြင်းနှင့် ခွဲခွာရခြင်းတို့ကို ခါးသီးစွာဖြင့်ခံစားနေခဲ့ရချေပြီ
“မကြောက်နဲ့ ငါ့သား… ကောင်းကင်ကြီးပြိုကျမယ်ဆိုရင်တောင် အဖေက ထမ်းပိုးထားမယ်”
လီချန်ချင်းက လွန်စွာသိမ်မွေ့သည့် လေသံနှင့်ပြောလိုက်ပါသည်။
ထိုအခိုက်အတန့်တွင် လွန်စွာမှကို နွေးထွေးလှသည့်ခံစားချက်ကို လီဟမ်ရှန်းက ခံစားလိုက်ခဲ့ရပါသည်။
သူငယ်ရွယ်စဉ်ကာလတုန်းက စိတ်အဆင်မပြေသည့်အချိန်မျိုးများတွင် ယခုလိုမျိုး ဖခင်ဖြစ်သူ၏ လက်မောင်းအုံထဲသို့ ပြေးဝင်လိုက်ချင်ခဲ့သော်လည်း ထိုအတွေးမှာ အတွေးသက်သက်သာ ဖြစ်ပါသည်။
အခုတော့ ထိုခံစားချက်မှာ ဘယ်လောက်ကောင်းသလဲဆိုတာကို သူကောင်းကောင်းကို သိခဲ့ရချေပြီ
သူ့ဖခင်၏ ကြီးမားသည့် လက်ဖဝါးကြီးမှာ လီဟမ်ရှန်း၏ ဦးခေါင်းကို ပွတ်သပ်ပေးနေခဲ့ပါသည်။ လီဟမ်ရှန်းမှာ ကလေးလေးပြန်ဖြစ်သွားသလို ခံစားနေခဲ့ရပါ၏။
တဖြေးဖြေးနှင့် လီဟမ်ရှန်းမှာ မသိလိုက်မသိဘာသာနှင့်ပင် အိပ်မောကျသွားခဲ့ပါ၏။
အိပ်မက်မမက်သည့်ည
ထိုည၏ အိပ်စက်မှုမှာ ကုန်ဆုံးခဲ့သည့်နှစ်များအတွင်းတွင် အကောင်းဆုံးသော အိပ်စက်မှုပင် ဖြစ်သည်ဟု လီဟမ်ရှန်းက ခံစားခဲ့ရပါသည်။
သူနိုးထလာသည့်အခါတွင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ မရင်းနှီးနေသည့်တိုင် နွေးထွေးမှုများနှင့် ပြည့်နှက်နေခဲ့ပါသည်။
အခန်းအပြင်သို့ထွက်လိုက်သည့်အချိန်တွင် သူက လီချန်ချင်း၏ ခြံလေးထဲ၌ ရှိနေဆဲဆိုသည်ကို တွေ့လိုက်ရပါသည်။
ထိုအချိန်တွင်တော့ ဇာတ်လိုက်ကျော်ကြီး လီချန်ချင်းကတော့ နံနက်စာပြင်ဆင်နေပြီး ဖြစ်သည်။
သူက ဆန်ပြုတ်တအိုးပြုတ်ထားသည်။ အီကြာကွေးလည်း ကြော်ထားသည့်အပြင် သခွားသီးများကို ဈေးမှဝယ်ယူလာပြီး အဝိုင်းလေးများဖြစ်အောင်း လှီးဖြတ်နေခဲ့သည်။
“အနံ့က သိပ်ကောင်းတာပဲ”
လီဟမ်ရှန်းက အရှေ့သို့တိုးလာပြီးနောက်တွင် ရှက်ရွံ့စွာ ဆိုလိုက်ပါသည်။
“အဖေ ညက ကျွန်တော် သေရည်သောက်တာများသွားလို့ အစောကြီးအိပ်ပျော်သွားတယ်။ ကျွန်တော်မူးပြီး ပေါက်ကရတွေ ပြောနေခဲ့သေးလား”
“မင်းအဖေအရှေ့မှာ ဘာများရှက်ဖို့ကောင်းတာရှိလဲ”
လီချန်ချင်းက ရယ်မောလိုက်သည်။
“အမူးပြေဟင်းရည်လုပ်ပေးထားတယ် နည်းနည်းသောက်လိုက်ရင် နေလို့ကောင်းသွားမယ်”
“ဟုတ်ပြီ အဲ့ဒါဆိုရင် ကျွန်တော်က နှစ်ပန်းကန်သောက်မယ်လေ”
လီဟမ်ရှန်က ပြုံးပြုံးရွှင်ရွှင်နှင့် ထိုင်ချလိုက်ပါသည်။
“နှစ်ပန်းကန်က နည်းလွန်းတယ်၊ မင်းငယ်ငယ်လေးတုန်းက ဖျားပြီး နာလန်ပြန်ထတုန်းက ခြောက်ပွဲတောင်သောက်နိုင်ခဲ့တာ။ ဒီနေ့ အဲ့တုန်းက စိတ်ဓာတ်ကို ပြန်ထုတ်လိုက်ကွာ။ မင်းအဖေလူအိုကြီးက အများကြီးချက်ထားခဲ့တာ”
ထိုစကားကို ပြောပြီးသည့်နောက်တွင် လီချန်ချင်းက မီးဖိုချောင်ထဲသို့ပြန်ဝင်ကာ ဟင်းပွဲများကို ထုတ်ယူရန် ပြင်ဆင်နေခဲ့သည်။
သို့သော် လီဟမ်ရှန်း… လီဟမ်ရှန်းမှာ ထိုစကားကြောင့် ထိတ်လန့်သွားခဲ့လေ၏။
ခြောက်ပွဲ?
လီဟမ်ရှန်းမှာ မီးဖိုချောင်ကို ကြည့်နေခဲ့သည်။
သူ့မျက်လုံးထဲမှ အကြည့်မှာ တစထက်တစကို အေးစက်လာခဲ့ပါတော့သည်။
အတိတ်တုန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် သူ၊ လုချောင်းချောင်းနှင့် ရှယွဲ့ယွဲ့တို့မှာ အတူတကွ နံနက်စာကို စားသောက်နေခဲ့ပါသည်။ ထိုအချိန်တုန်းက ဆန်ပြုတ်နှစ်ပွဲပဲ စားနိုင်သဖြင့် လုချောင်းချောင်းနှင့် ရှယွဲ့ယွဲ့မှာ သူ့ကို လှောင်ပြောင်နေကြချိန်လည်း ဖြစ်ပါသည်။
ထိုအချိန်တုန်းက ရှယွဲ့ယွဲ့က သူ့ကို နောက်ပြောင်ခဲ့သည်။
“အကိုလီက အဆင်မပြေဘူးနော်။ ဝေ့ကိုကြည့်ဦး သူ ဆိုရင် လေးပွဲရှိပြီ၊ ဒါတောင်ထပ်ထည့်တုန်း။ အဲ့ဒါကြောင့်သူက အရမ်းသန်မာတာလေ။ အခုလိုမျိုး အစားနည်းတဲ့ပုံစံနဲ့ဆိုရင် အကိုလီက ညီမလေးလုကိုတောင် နိုင်အောင်ချနိုင်မှာ မဟုတ်တော့ဘူးနော်”
ထိုစကားကိုကြားသည့်အခါတွင် လုချောင်းချောင်းကလည်း မနေနိုင်ပဲ ရယ်မောလိုက်ပါသည်။
လုချောင်းချောင်းက အထင်သေးသွားမည်ကို စိုးရိမ်လှသောကြောင့် လီဟမ်ရှန်းမှာ ကမန်းကတန်းပင် ဇာတ်လမ်းထွင်ပြောလိုက်ပါသည်။
“လျှောက်ပြောမနေနဲ့၊ ဒီနေ့ ငါဗိုက်သိပ်မဆာလို့။ ငယ်ငယ်တုန်းက ဖျားတာကနေ နေပြန်ကောင်းကာစတုန်းကဆိုရင် ဗိုက်တအားဆာလွန်းလို့ ဆန်ပြုတ်ကို တထိုင်တည်းနဲ့ ခြောက်ပန်းကန်တောင် သောက်ခဲ့ဖူးတယ်”
“တကယ်ကြီး ခြောက်ပွဲကို သောက်ခဲ့တာလား”
ရှယွဲ့ယွဲ့ကော လုချောင်းချောင်းပါ မယုံကြည်နိုင်သည့် အမူအရာနှင့် ပြောလိုက်ပါသည်။
“ဒါပေါ့ အဲ့ဒါက အမှန်တရားပဲလေ”
လီဟမ်ရှန်းက ခေါင်းမာစွာနှင့် လိမ်ညာခဲ့ပါသည်။
လီချန်ချင်း၏ နှုတ်မှ ထွက်လာသည့် စကားကြောင့် လီဟမ်ရှန်းမှာ သူလုပ်ကြံထားသည့် ဇာတ်လမ်းကို လုချောင်းချောင်းတို့အား ပြောပြခဲ့သည်ကို သတိရမိသွားတော့လေသည်။ ထိုဇာတ်လမ်းကို လုချောင်းချောင်းနှင့် ရှယွဲ့ယွဲ့တို့သာ သိကြရလိမ့်မည် ဖြစ်သည်။
ဘာလို့ သူ့အဖေရဲ့နှုတ်က ဒီစကားက ထွက်လာခဲ့ရတာလဲ
လီဟမ်ရှန်း၏ စိတ်ထဲတွင် အေးစက်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်လာခဲ့ပါတော့သည်။
တခုခုကတော့ လွဲမှားနေခဲ့ချေပြီ။