← Chapters

အခန်း (၂၆၄)

Vol. 24 Ch. 264

အခန်း (၂၆၄)

Vol. 24 Ch. 264

သူ၏ အတွေးရေယာဉ်ကျောကို မထိန်းချုပ်နိုင်တော့သည်ကို လီဟမ်ရှန်းက သိလိုက်ရပါတော့၏။

သူက ဦးခေါင်းကိုငုံ့ကာ ဆန်ပြုတ်ကိုသာ တိတ်တဆိတ်စားသောက်နေခဲ့ပါသည်။

သို့သော် သူ့အတွေးများမှာတော့ ပျံ့ကျဲနေခဲ့ပါသည်။

“ဆန်ပြုတ်ပဲစားမနေနဲ့၊ တခြားစားစရာတွေလည်း ယူစားဦးလေကွာ”

ထိုအခိုက်မှာပင် လီချန်ချင်းက ပန်းကန်နှစ်ချပ်ကို သယ်လာပြီး စားပွဲပေါ်သို့ ချပေးလိုက်ပါသည်။

“အင်း”

လီဟမ်ရှန်းက အသံတခုပြုလိုက်ပြီးနောက်တွင် သူ၏ ဦးခေါင်းကို ငုံ့ကာ စကားမပြောတော့ပါချေ။

လီဟမ်ရှန်း၏ စိတ်သဘောထား၊ ခံစားချက်ပြောင်းလဲသွားသည်ကို ခံစားလိုက်မိသော် လီချန်ချင်းမှာ သူ၏ နှလုံးသားတွင် ကြောက်ရွံ့သောခံစားချက်မှာ ထိုးတက်လာခဲ့ပါသည်။

သူပြောလိုက်တာက တခုခုများ မှားသွားလို့များလား။

သူ အကုန်လုံးကို အလွတ်ကျက်ထားတာပဲ၊ အမှားပါစရာတော့မရှိပါဘူး။ အဲ့ဒါဆိုရင် ဘာဖြစ်လို့ သားဖြစ်သူရဲ့ ခံစားချက်က ရုတ်တရက် ပြောင်းလဲသွားရတာလဲ

ရုတ်တရက် လီချန်ချင်းက သူအမှားအကြီးကြီးတခုကို လုပ်လိုက်မိပြီဟုပင် တွေးလိုက်မိပါသည်။ သူက လုချောင်းချောင်း၏ သတင်းအချက်အလက်များကို တအားမှီခိုထားခဲ့သည်မဟုတ်ပါလား။ သူမ၏ သတင်းအချက်အလက်ကို လုံးဝကို သံသယဟူ၍ မဝင်ခဲ့ပါသေးချေ။

သေချာပြန်တွေးကြည့်လိုက်မှ လီဟမ်ရှန်းက လူငယ်ဆိုတော့ မိန်းကလေးတွေ အထင်ကြီးအောင် လျှောက်ပြောနိုင်သေးတာမို့လို့ လုချောင်းချောင်းထံမှ သတင်းအချက်အလက်က မျက်စိမှိတ်ပြီး ယုံကြည်၍မဖြစ်နိုင်ပါသေးချေ။

အချို့သော အချက်အလက်များမျာ အပိုလုပ်ပြောထားခြင်းများ သို့မဟုတ် မှားယွင်းနေတာများလည်း ဖြစ်နိုင်ပါသေးသည်။ လီဟမ်ရှန်းက မလိမ်ဘူးလို့ အာမမခံနိုင်ဘူးလေ

သူယခုတွေးထင်နေသည်ကသာ အမှန်ဆိုရင် ထိုအချက်အလက်များကို ကိုယ်တိုင် ထုတ်ပြောလိုက်ခြင်းက သူ လိမ်နေတာဆိုတာကို ကိုယ့်ပါးစပ်ကနေ သက်သေပြလိုက်သလိုမျိုး မဖြစ်သွားပေဘူးလား။

လီချန်ချင်း၏ နှလုံးသားမှာ သပွက်အူလို ရှုပ်ထွေးသွားကာ ကြောက်လန့်သွားတော့သည်။ ထို့ကြောင့် သူက နောက်ထပ်မည်သည့်စကားကိုမှ ထပ်မဆိုရဲပါတော့ချေ။ ထိုအစား လီဟမ်ရှန်းအား ဟင်းလိုလျှင် ဟင်းထည့်ပေးခြင်း၊ အဖော်ပြုပေးခြင်းများကိုသာ တိတ်တဆိတ်နှင့် လုပ်ပေးနေခဲ့ပါတော့၏။

လီဟမ်ရှန်းက ဆန်ပြုတ်နှစ်ပန်းကန်သာ ကုန်အောင်စားနိုင်ခဲ့ပြီးသည့်နောက်တွင် သူထပ်မံ၍မစားသောက်တော့ပါချေ။

“အဖေ၊ မနက်စာစားပြီးပြီဆိုတော့ ကျွန်တော် ဆက်သွားတော့မယ်” လီဟမ်ရှန်းက လီချန်ချင်းကို ကြည့်လိုက်သည်။

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကနေ ထွက်သွားပြီးတော့ ကျန်းကောတောင်က စစ်ဆေးရေးမှုးရာထူးကို သားယူရလိမ့်မယ်။ အဲ့ဒါကြောင့် နောက်တကြိမ်အိမ်ပြန်လာဖို့က အချိန်အတော်ကြီးကို ကြာဦးမယ်”

“စစ်ဆေးရေးမှုးရာထူးက အရမ်းကို အန္တရာယ်များတယ်မဟုတ်ဘူးလား”

လီချန်ချင်းက အမြန်မေးလိုက်ပါသည်။

“အန္တရာယ်များပေမယ့် ကျွန်တော် ဂရုစိုက်ပါမယ်။ အဖေစိတ်မပူပါနဲ့”

လီဟမ်ရှန်းက အပြုံးတခုနှင့် ပြောလိုက်ပါသည်။

ယခုအချိန်တွင်တော့ လီဟမ်ရှန်းမှာ ခုနတုန်းက ဘာမှမဖြစ်သည့်အလား စကားပြောနေခဲ့သည်။ ထိုအဖြစ်ကြောင့် လီချန်ချင်းအနေနှင့် ခုနတုန်းက ဖြစ်ရပ်နှင့် ခံစားမှုက သူစိတ်ထင်တာများလားဟုပင် တွေးတောမိသွားခဲ့ပါသည်။

လီဟမ်ရှန်း၏ ပြောဆိုမှုများမှာ ယခင်ကအတိုင်းသာရှိနေပြီး လုံးဝကို မပြောင်းလဲခဲ့ပါချေ။

အခုလေးတင်ပဲ သူက သံသယဝင်ခဲ့တယ်မဟုတ်ဘူးလား

လီချန်ချင်းက မသေချာနေခဲ့ပါချေ။

အချိန်တခဏကြာသည်အထိ၊ သားအဖနှစ်ယောက်စလုံးမှာ မိမိတို့၏ အတွေးကိုယ်စီတွင် နစ်မြောနေခြင်းကြောင့် တခြားတယောက်က ဘာတွေးနေလဲဆိုတာကို သတိမထားခဲ့မိကြပါချေ။

“ဒါဆိုလည်း သွားပါ”

လီချန်ချင်းက အသက်ဝဝရှုလိုက်ပြီးနောက်

“ယောကျ်ားတစ်ယောက်ရဲ့ ရည်မှန်းချက်က လောကအနှံ့လှည့်လည်ခြင်းအပေါ်မှာ မူတည်နေတယ်။ မင်းအနေနဲ့ ငယ်တုန်းမှာ အပြင်များများထွက်သင့်ပါတယ်။ စိတ်တိုင်းကျလုပ်ခဲ့ပါ။ မင်းအဖေက မင်းနောက်မှာရှိနေသေးသရွေ့တော့ မင်းက ဘယ်အရာကိုမှ ကြောက်လန့်နေစရာ မလိုဘူး”

“အင်း”

လီဟမ်ရှန်းက ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ရက်နည်းနည်းကြာအောင်တော့ နေပါဦးလား ငါ့သားရယ်။ ဘာတွေများ လောနေတာလဲ”

သားဖြစ်သူကို အချိန်တခဏသာတွေ့ရသေးသောကြောင့် သူ့သားနှင့် အချိန်ကောင်းကောင်းမကုန်ဆုံးရသေးဟု လီချန်ချင်းက ခံစားခဲ့ရ၏။

“မရလို့ပါ။ သားရဲ့ရာထူးကို မြန်မြန်လက်ခံဖို့လိုနေတာကြောင့်ပါ”

လီဟမ်ရှန်းက အကြောင်းပြလိုက်သည်။

“အဲ့ဒီ့ရာထူးကို မြန်မြန်လက်ခံပြီး အဲ့က ပြသနာတွေကို မြန်မြန်ဖြေရှင်းဖို့လိုနေတယ်။ ခရမ်းမိုးကြိုးကို ခေါ်သွားရမှာကြောင့် မဟုတ်ရင် စန်းယွမ်ပို့ဆောင်ရေးရဲ့ လေကြောင်းသားရဲတွေကနေတဆင့် ကျန်းကောတောင်ကို တခါတည်း ပျံသန်းသွားလိုက်ပြီ။ ခရမ်းမိုးကြိုးက ရထားကိုဆွဲမယ်ဆိုရင်တောင်မှ အဲ့နေရာကို ရောက်ဖို့ တလလောက်တောင် ကြာဦးမှာ”

“ဘာပဲဖြစ်ဖြစ် ခရီးထွက်ရတာ ကောင်းတယ်လေ။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကနေ အပြင်ကို ကျွန်တော်မထွက်ခဲ့တာ အတော်ကို ကြာခဲ့ပြီ။ အခုလိုမျိုး အပြင်ဘက်လောကကြီးကို ကြည့်ရတာ ကောင်းတော့ကောင်းတာပဲ”

လီဟမ်ရှန်းက ပြုံးရင်းနှင့်ပင် ဆိုသည်။

“အင်း”

လီချန်ချင်းကလည်း ပြောလိုက်သည်။

“ပန်းတိုင်က အရေးကြီးပေမယ့် ခရီးလမ်းကို အရသာခံတာကလည်း တူညီစွာနဲ့ပဲ အရေးကြီးပါတယ်”

“အဖေက မင်းအတွက် ပစ္စည်းတွေကို ထုပ်ပိုးပေးလိုက်မယ်”

ထိုသို့ပြောပြီးနောက်တွင် လီချန်ချင်းက လီဟမ်ရှန်းအတွက် ပစ္စည်းများကို လျင်မြန်စွာ ထုပ်ပိုးပေးနေတော့သည်။

အိမ်ကို ရောက်လာတုန်းက လီဟမ်ရှန်းတွင် အထုပ်အပိုးအနည်းငယ်သာ ပါသည့်တိုင် အိမ်မှ ပြန်ထွက်သွားသည့်အခါတွင်တော့ လီချန်ချင်းက သူ့အတွက် အထုပ်များစွာကို ထုပ်ပိုးပေးလိုက်ပါ၏။

အထုပ်များမှာ ခြောက်ထုပ်၊ ခုနစ်ထုပ်ခန့်ရှိသောကြောင့် လီဟမ်ရှန်းမှာ ဆွံ့အနေခဲ့ပါသည်။

ဒါတွေအားလုံးက ဘာအတွက်လဲ။ ဒီအထဲမှာ ဘာတွေထည့်ပေးလိုက်လို့ အဲ့သလောက်တောင်မှ များနေခဲ့ရတာလဲ

“ဒီအထုပ်မှာက အဝတ်အစားတွေ၊ ဟိုမှာက ရာသီဥတုက ဘယ်လိုတွေ ဖြစ်နေမလဲဆိုတာကို မသိလို့၊ အပါးကော အထူကော အဖေ ထည့်ပေးလိုက်တယ်။ ပူရင် အပါးဝတ်၊ အေးရင်အထူဝတ်။ ဟိုးအောက်ဖက်မှာတော့ ချန်ချင်းကုမ္ပဏီကထုတ်ထားတဲ့ အနွေးထည်ရှိတယ် အရမ်းကို နွေးတယ်”

“ဒီတထုပ်ကတော့ အပူပေးထမင်းတွေ ထည့်ပေးထားတယ်။ လမ်းခရီးမှား စားဖို့ပေါ့။ ဒီဟာတွေကတော့ အများကြီးသယ်သွားလို့ အဆင်မပြေလို့် ထည့်လို့ရသလောက်ကိုပဲ ထည့်ပေးလိုက်တယ်။ အဲ့ဒါကြောင့်မို့လို့ ဖြစ်နိုင်ရင် စားသောက်ဆိုင်နဲ့ တည်းခိုဆောင်တွေမှာပဲ စားပေါ့။ တည်းခိုဆောင်လုံးဝရှာမရလို့ တောထဲမှာပဲ စခန်းချရတော့မယ်ဆိုရင်တော့ အပူပေးထမင်းကိုသာ စားပေါ့။ အစားအသောက်ကို အေးတာတွေကို ဘယ်တော့မှ မစားနဲ့။ မင်းရဲ့ အစာအိမ်အတွက် မကောင်းလို့ပဲ”

“ဒီအထုပ်ထဲမှာတော့ အရေးပေါ်သူနာပြုပစ္စည်းတွေပါတဲ့ အပြင်၊ အနာကျက်ဆေး၊ သွေးတိတ်ဆေးတွေလည်းပါတယ်။ ဒဏ်ရာရတာနဲ့ အသုံးပြုနိုင်အောင် ထုတ်ရလွယ်တဲ့နေရာမှာ ထား”

“ဒီတခုကတော့ မွေ့ယာတွေပါတယ်။ အဲ့က ရာသီဥတုကို အဖေမသိဘူး။ အဲ့ဒါကြောင့် ဒီအခင်းမွေ့ယာနှစ်ထည်နဲ့ဆိုရင် မင်းကောင်းကောင်းအနားယူလို့ရပြီ။ ကောင်းကောင်းအိပ်မှ ကောင်းကောင်းအလုပ်လုပ်နိုင်မှာ မဟုတ်ရင် ဘယ်ကနေ အလုပ်လုပ်ဖို့ ခွန်အားက ရလိမ့်မတုန်း”

“ဒီအပြာထုတ်မှာတော့ ငွေစ၊ ငွေတုံးနဲ့ ငွေလက်မှတ်တွေပါတယ်။ ခရီးမှာ သုံးလို့ရအောင်ပေါ့။ ဒါပေမယ့် အပြင်လောကကို ရောက်တုန်းမှာ မင်းသတိထားရမှာက ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုကို တခြားလူတွေကို မပြနဲ့၊ မသိစေနဲ့။ မဟုတ်ရင် တပါးသူရဲ့ မကောင်းကြံတာကို ခံရလိမ့်မယ်။ ငွေကုန်သွားရင် အိမ်ကိုစာရေးပြီးတော့ တောင်းပါ။ မင်းအဖေက မင်းကို အများကြီးထပ်ပို့ပေးမယ်”

လီချန်ချင်းမှာ ပါးစပ်မှ ရေပက်မဝင်အောင် စကားပြောရင်း သားဖြစ်သူကို သူထည့်ပေးလိုက်သည့် အထုပ်များအကြောင်းကို ရှင်းပြနေခဲ့ပါသည်။

သူက အသက်ပင်မရှုပဲ ပြောနေခဲ့ခြင်းဖြစ်ပါ၏။

“ကြည့်လိုက်ပါဦး။ တခုခုများ ကျန်ခဲ့သေးလားလို့”

ပစ္စည်းများကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် လီချန်ချင်းက သူတခုခုမေ့ကျန်ခဲ့မည်စိုးသဖြင် လီဟမ်ရှန်းကို စိုးရိမ်စွာ မေးလိုက်ပါသည်။

သို့ပေမယ့် လီဟမ်ရှန်းကတော့ တိတ်ဆိတ်နေခဲ့ပါသည်။

“စီနီယာအကို ကျွန်တော်တို့ သွားဖို့အချိန်ရောက်ပြီ။ ဦးလေးရှုက ရထားလုံးကို ယန်အိမ်တံခါးဝမှာ နေရာချထားပြီးလို့ စောင့်နေပြီ”

ထိုအခိုက်တွင် ဝူစန်းထောင်၏ အော်သံကို ကြားလိုက်ရပါသည်။

“ကောင်းပြီလေ”

“ကျွန်တော်သွားတော့မယ် အဖေ”

လီဟမ်ရှန်းက သူ့ပစ္စည်းများကို ကောက်ယူသွား၏။

လီချန်ချင်းကလည်း နိုင်သလောက် အထုပ်များကို ဝိုင်းသယ်ပေးနေခဲ့သည်။

“ငါမင်းကို လိုက်ပို့မယ်”

“အင်း”

ဝူစန်းထောင်ကလည်း ကမန်းကတန်းပြေးလားခဲ့ပြီးနောက်တွင် လီချန်ချင်း၏ လက်ထဲမှ ပစ္စည်းများကို ဝိုင်းသယ်ပေးခဲ့ပါသည်။ ထို့နောက်တွင် လီချန်ချင်းက လီဟမ်ရှန်းကို ယန်အိမ်တံခါးဝအထိသို့ လိုက်ပို့လေ၏။

ထိုအချိန်တွင် ခရမ်းမိုးကြိုးနှင့် ရှုခွေမှာ စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။

ယန်ပါးထောင်ကတော့ လီဟမ်ရှန်းကို လိုက်မပို့ပါချေ။ သူက သားအဖနှစ်ယောက်ကို အတူတူခပ်ကြာကြာရှိစေချင်သောကြောင့်ပင်။

သူတို့တွေ့ဆုံရန်မှာ ရှားပါးလှသောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် သားအဖနှစ်ယောက်အား သူက မနှောင့်ယှက်လိုပါခဲ့ချေ။

လီဟမ်ရှန်းက အပေါက်ဝသို့ ရောက်သော် ဝူစန်းထောင်အား ပြောလိုက်ပါသည်။

“ဂျူနီယာညီလေး ဒီအထုတ်တွေကို ရထားလုံးပေါ်ကို ရွှေ့လိုက်ပါဦးကွာ”

“ကောင်းပါပြီဗျာ”

ဝူစန်းထောင်က လျင်မြန်စွာပင် ပစ္စည်းများကို ရထားလုံးပေါ်သို့ မတင်နေတော့သည်။

လီဟမ်ရှန်းက သူ၏ ဦးခေါင်းကို လီချန်ချင်းထံသို့ လှည့်ကာ ခံစားချက်မဲ့သော လေသံနှင့် ပြောလိုက်ပါသည်။

“အဖေက အခုထက်ထိ ကျွန်တော့်ကို အမေ့အကြောင်းကို မပြောပြချင်သေးဘူးလား”

ထိုစကားကြောင့် လီချန်ချင်း၏ နှလုံးသားမှာ ပြိုလဲသွားပါတော့သည်

လာပါပြီဗျာ

ငါလည်းမင်းမေးတာကို အရမ်းဖြေချင်တာပေါ့ကွ

ဒါပေမယ့် ငါမှ မသိတာ

ငါ အချိန်အကြာကြီးကြာအောင် အဲ့အကြောင်းကို စုံစမ်းနေတာပဲဟေ့။ ဒါတောင်အခုထက်ထိမသိသေးဘူး။ ဗေဒင်ဆရာလောလျိုထောင်ကတော့ သိပေမယ့် သူကလည်း ငါ့ကို မပြောပြချင်ဘူးတဲ့လေ

လီဟမ်ရှန်း၏ မေးခွန်းက လီချန်ချင်းအား လည်ပင်းညှစ်လိုက်သလိုပင် စကားလုံးများမှာ မထွက်လာနိုင်ခဲ့ပါတော့ပေ။

လီဟမ်ရှန်း၏ အကြည့်မှာ တဖြေးဖြေးနှင့် စိတ်ပျက်သွားသောအကြည့်ဖြစ်လာခဲ့သည်။

ထို့နောက်တွင် သူက တစုံတခုကို နားလည်သွားသည့်အလား ခါးသက်စွာပြုံးလိုက်လေ၏။

“အဖေ၊ အဖေက…”

လီဟမ်ရှန်းက လက်သီးကို တင်းကြပ်စွာ ဆုတ်ထားလိုက်၏။ သူ့မျက်လုံးများမှာ ရုန်းကန်မှုများကို အတိုင်းသားပင် မြင်ရလိမ့်မည် ဖြစ်သည်။ သူ့ပုံစံမှာ လွန်စွာခက်ခဲနေသည့် မေးခွန်းကို မေးလိုသည့်အလားပင်။

ထိုအချိန်တွင် လောကကြီးတခုလုံးရှိ အချိန်များမှာ ရပ်တန့်နေသည့်အလားပင်။

သူ့သားကို ရင်ဆိုင်နေရသည့် လီချန်ချင်းမှာလည်း ထိတ်လန့်မှုခံစားချက်ကို ခံစားနေခဲ့ရပါတော့သည်။

ဒါပေမယ့် အဆုံးမှာတော့ လီဟမ်ရှန်းက သူမေးချင်နေသည့်မေးခွန်းကိုမမေးခဲ့ပါချေ။

“ကျွန်တော် သွားသင့်ပြီ”

လီဟမ်ရှန်းက အနောက်သို့လှည့်ကာ စိတ်သက်သာရာရသည့် သက်ပြင်းတချက်ချလိုက်ပါသည်။

ထိုမေးခွန်းကို မမေးလိုက်ခြင်းက လီချန်ချင်းကိုတင်မက၊ သူ့ကိုယ်သူပါ သက်ညှာလိုက်ခြင်းပင် ဖြစ်ပါ၏။

“အဖေ၊ ကျွန်တော့်မှာ အဖေ့ကို အကြံပေးစရာတခုရှိတယ်”

ခြေလှမ်းအချို့လှမ်းပြီးသည့်နောက်တွင် လီဟမ်ရှန်းက ရပ်တံ့လိုက်သည်။

“ပြောပါ”

ထိုအခိုက်တွင် လီဟမ်ရှန်းက မိမိမှာ သူ့ဖခင်အစစ်မဟုတ်ကြောင်းကို သိရှိသွားပြီမှန်းကို လီချန်ချင်းက သဘောပေါက်လိုက်သည်။ သို့ပေမယ့် ထိုအခြေအနေကို သူဘာလုပ်ရမှန်းကို မသိနေခဲ့ပါချေ။

“လုချောင်းချောင်းကို ယုံရင် အဖေမှားလိမ့်မယ်”

လီချန်ချင်း၏ မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ပါတော့သည်။

ထိုစကားကို ပြောပြီးသည့်နောက်တွင် လီချန်ချင်း၏ ပြန်ဖြေမည့်စကားကိုပင် မစောင့်တော့ပဲ လီဟမ်ရှန်းက ရထားလုံးပေါ်သို့ တက်သွားခဲ့ပါသည်။

ရထားလုံးမှာ ယန်မိသားစု၏ အိမ်တော်မှ ဖြေးညှင်းစွာပင် ထွက်သွားခဲ့ပါသည်။

All Chapters