← Chapters

အခန်း (၂၆၆)

Vol. 24 Ch. 266

အခန်း (၂၆၆)

Vol. 24 Ch. 266

မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား

နောက်ထပ်သူလျိုတယောက်သာ ထပ်ရှိနေရင်တော့ တော်တော်ကို ရယ်ဖို့ကောင်းနေပြီလေ။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းလို့ ခေါ်နေမယ့်အစား ထာဝရရှင်သန်ခြင်းဂိုဏ်းခွဲလို့သာ ခေါ်လိုက်ပါတော့

“စီနီယာလီချန်ချင်း အကိုလီက ကျန်းကောတောင်ကို သွားနေပြီ။ သူ့အတွက် အန္တရာယ်အရမ်းများတယ်။ သူ့ကို မသွားအောင်ဝိုင်းပြောပေးပါဦး”

လုချောင်းချောင်းမှာ တော်တော်လေး စိတ်ဖိစီးနေဟန်ရှိပါသည်။

လီချန်ချင်းက စကားတခွန်းမှ မဆိုပဲ လုချောင်းချောင်းကိုသာ ကြည့်နေခဲ့ပါသည်။ သူမ၏ မျက်လုံးထဲရှိ အလျင်လိုနေသော ခံစားချက်မှာ ဟန်ဆောင်၍ ရသည့်အရာမျိုး မဟုတ်ပေ။

ထို့ထက် ထူးဆန်းသည်မှာ ယခုအချိန်၌ လုချောင်းချောင်း၏ ပုံရိပ်မှာ အရမ်းကို နူးညံ့သိမ်မွေ့နေခဲ့ပါသည်။

ထိုဖြစ်ရပ်မှာ လီချန်ချင်းက ထူးဆန်းနေသည်ဟု ခံစားနေခဲ့ရပါသည်။ ပုံမှန်ဆိုရင် နံနက်ခင်းသို့ရောက်မှသာ လုချောင်းချောင်း၏ ပုံရိပ်မှာ စတင်၍ လွင့်ပျယ်ခဲ့ခြင်းဖြစ်ပါသည်။ ဒီနေ့ကျတော့ အခုချိန်ကတည်းကနေ ဘာလို့ သူမရဲ့ ပုံရိပ်က ဝေဝါးစပြုလာရတာလဲ

“မင်းက တကယ်ပဲ ဘယ်သူလဲ”

လီချန်ချင်းက အေးစက်သည့်လေသံနှင့် မေးလိုက်ပါသည်။

လီချန်ချင်း၏ မေးခွန်းကြောင့် လုချောင်းချောင်းမှာ ထိတ်လန့်သွားသည့်အမူအရာတခုက သူမ၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့ပါ၏။ လုချောင်းချောင်းက တခဏကြာအောင် တုန့်ဆိုင်းနေခဲ့ပါသည်။

သူမက ရှင်းပြတော့မည့်အချိန်မှာပင် သူမ၏ အမူအရာမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါတော့၏။

“မကောင်းတော့ဘူး။ သူမ နိုးလာတော့မယ်”

“စီနီယာလီက ကျွန်မကို မယုံတော့ဘူးဆိုတာကို သိပါတယ်။ ဒါပေမယ့် အကိုလီ့ကို မဖြစ်မနေပြောပြရမှာ နှစ်ခုရှိတယ်”

လုချောင်းချောင်းမှာ လွန်စွာစိတ်ဖိစီးနေကာ သူမ၏ မျက်နှာမှာ ငိုကြွေးတော့မည့်အလားပင် ဖြစ်နေခဲ့ပါသည်။

“ပြောကြည့်လေ”

လီချန်ချင်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်ပါသည်။

“ပထမတခုက အကိုလီက ကျန်းကောတောင်မှာ ကျွန်မကို မြင်ခဲ့ရင် ကျွန်မပြောသမျှ စကားတခွန်းကိုမှ မယုံကြည်ဖို့ပါ။ အထူးသဖြင့် ကျွန်မက အနီရောင်ဝတ်ရုံကို ဝတ်ထားရင် ကျွန်မနဲ့ ဝေးဝေးကိုသာ ထွက်ပြေးဖို့ အကိုလီကို ပြောပေးပါ”

“ဒုတိယတခုက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ် လောရှောင်ချွမ်ကို မယုံပါနဲ့ သူက….”

သူမ၏ စကားမဆုံးသေးခင်မှာပင် သူမ၏ ပုံရိပ်မှာ တွန့်လိမ်ကာ ပျောက်ကွယ်သွားခဲ့ပါတော့သည်။

နတ်ဘုရားစိတ်ဝိဉာဉ်ရေကန်မှာ တစထက်တစ တည်ငြိမ်စွာ ကျန်ရစ်နေခဲ့ပါ၏

လုချောင်းချောင်း၏ အသံမှာလည်း တိတ်ဆိတ်သွားခဲ့လေသည်။

အိပ်ယာပေါ်တွင် လှဲနေသည့် လီချန်ချင်း၏ မျက်ဝန်းများမှာလည်း ရုတ်တရက် ပွင့်လာခဲ့၏။

လုချောင်းချောင်း၏ စကားများမှာ လီချန်ချင်းကို ဆက်လက်၍ အိပ်မပျော်စေနိုင်တော့ပါချေ။

တကယ်ပဲ ဘာတွေ ဖြစ်နေခဲ့တာလဲ။

ယနေ့လုချောင်းချောင်းမှာ ယခင်က သူတွေ့နေကျလုချောင်းချောင်းနှင့် မတူညီနေခဲ့ပါချေ။ ပြောင်းလဲမှုများမှာ သိပ်မသိသာသည့်တိုင် လီချန်ချင်းက ဖောက်မြင်နိုင်ခဲ့ပါ၏။

လုချောင်းချောင်းရဲ့ သတိပေးစကားနှစ်ခုကကော ဘာအဓိပ္ပာယ်လဲ

ကျန်းကောတောင်မှာ သူ့ကိုတွေ့ရင် မယုံပါနဲ့

ကျန်းကောတောင်မှာ အနီရောင်ဝတ်စုံနဲ့ သူ့ကိုတွေ့ရင် ဝေးဝေးကို ပြေးပါ

ဒုတိယသတိပေးချက်မှာ လီချန်ချင်းအတွက် တိုက်ရိုက်သတိပေးချက် ဖြစ်သည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ် လောရှောင်ချွမ်ကို မယုံကြည်ပါနှင့်

စကားကိုဆုံးအောင် မပြောနိုင်ခင်မှာပင် လုချောင်းချောင်းက ပျောက်ကွယ်သွားခဲ့ပါသည်။

လုချောင်းချောင်းက ဘာတွေ ဖြစ်နေခဲ့ရတာလဲ

ထိုဖြစ်ရပ်မှာ လီချန်ချင်း၏ အာရုံအပြည့်အဝကို ရယူသွားစေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သားဖြစ်သူအား မည်သည့်အကြောင်းပြချက်မှ မပေးပဲနှင့် ကျန်းကောတောင်သို့ စေလွှတ်ခဲ့သူမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ်ပင် မဟုတ်ပါလား။

ရုတ်တရက်ပင် သူ၏ စိတ်ထဲတွင် ဖော်ပြ၍ မရနိုင်သော ခံစားချက်ဆိုးများ ပေါ်ထွက်လာခဲ့ပါတော့သည်။

လီချန်ချင်း၏ စိတ်ထဲ၌ မလွယ်ကူသော ခံစားချက်များကို ဖြစ်နေခဲ့ပါသည်။

ကျန်းကောတောင်သို့ သွားရသော သားဖြစ်သူ၏ ခရီးစဉ်မှာ အမှန်တကယ်ကိုပင် ထောင်ချောက်ဖြစ်နေခဲ့ပါသည်။

လောရှောင်ချွမ်က တကယ်ပဲ ထာဝရရှင်သန်ခြင်းဂိုဏ်းခွဲရဲ့ ခေါင်းဆောင်များလား

ထိုအတွေးများစွာတို့ ဝင်လာသည့်အချိန်တွင် လီချန်ချင်းမှာ ဘယ်လိုမှ ဒီတိုင်းမနေနိုင်ခဲ့တော့ပါချေ။

သူ့သား၏ အနောက်သို့ သူလိုက်ရမှ ဖြစ်ပေမည်။

သူ့သား၏ လုံခြုံရေးကို အချိန်ပြည့်ကာကွယ်နေမှ ဖြစ်လိမ့်မည်။

လီချန်ချင်းက မအိပ်တော့ရန် ဆုံးဖြတ်လိုက်၏။ သူက အပြင်သို့ လမ်းလျှောက်ထွက်သွားပါသည်။

“လာကြစမ်း”

လီချန်ချင်းက အပြင်ဘက်ရှိ အစေခံများကို ခေါ်လိုက်သည်။

“မဟာအကြီးအကဲ”

ချက်ချင်းပင် ယန်မိသားစု၏ အစောင့်များက ရောက်ရှိလာကြပါသည်။

“မဟာအကြီးအကဲ အမိန့်ပေးပါ”

“ပိုင်မိသားစုဆီကို သွားပြီးတော့ ပိုင်ကျင့်ဖေးကို ခေါ်ပေးစမ်း”

အစောင့်နှစ်ဦး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

ညသန်းခေါင်ဖြစ်နေသည်မဟုတ်ပါလား

ဒီအချိန်ကြီးကို ပိုင်မိသားစုက ပိုင်ကျင့်ဖေးကို သွားခေါ်ရမှာလား။

အဲ့လူက အခုလောက်ဆိုရင် အသေကောင်လိုမျိုး အိပ်မောကျနေမှာ မဟုတ်ဘူးလား

ညသန်းခေါင်အိပ်လို့ကောင်းနေတဲ့အချိန်မှာ ပိုင်ကျင့်ဖေးကို သူ့အိပ်ယာကနေ နှိုးဖို့ ဘယ်သူကမှ ဒီချန်ထင်မြို့မှာ အမိန့်ပေးရဲမှာ မဟုတ်ဘူး

“အမိန့်အတိုင်းပါ”

အစောင့်နှစ်ဦးမှာ လျင်မြန်စွာ ပြန်ဖြေခဲ့၏။

ထို့နောက်တွင် သူတို့မှာ ပိုင်မိသားစု အိမ်တော်သို့ ကမန်းကတန်းထွက်သွားခဲ့ပါသည်။

မျှော်မှန်းထားသည့်အတိုင်းသာဖြစ်သည်။ ပိုင်ကျင့်ဖေးမှာ သိုးနေအောင်ကို အိပ်မောကျနေခဲ့ပါသည်။

သူ့အားနိုးသွားစေသည်မှာ လွန်စွာမှကို အရေးကြီးကာ စိုးရိမ်နေသည့်အသံများကြောင့်သာ ဖြစ်ပါသည်။

“သခင်ကြီး သခင်ကြီး”

စိတ်ဖိစီးနေကာ ကြောက်ရွံ့နေသည့်အသံတသံက အခန်းအပြင်မှ ထွက်လာခဲ့ပါသည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ပိုင်ကျင့်ဖေးမှာ လန့်နိုးလာခဲ့ပါသည်။ သူက မျက်မှောင်ကြုံ့ပြီး ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ၊ မနက်အထိတောင် မစောင့်နိုင်ဘူးလား”

“သခင်ကြီးကို လျှောက်တင်ပါတယ်။ လူကြီးမင်းချန်ချင်းက သခင်ကြီးကို ချက်ချင်းဆင့်ခေါ်လို့ပါ၊ ယန်မိသားစုကို ချက်ချင်းလာခဲ့ဖို့ အမိန့်ပေးခဲ့ပါတယ်”

အပြင်ဘက်မှ အိမ်တော်ထိန်းက ခပ်မြန်မြန်ပင် အသိပေးခဲ့ပါသည်။

သူ့အား ဆင့်ခေါ်သူမှာ လီချန်ချင်းမှန်း သိသွားသဖြင့် ပိုင်ကျင့်ဖေးမှာ အိပ်ချင်စိတ်များ ချက်ချင်းကုန်ခမ်းသွားခဲ့ပါတော့သည်။ ထို့ကြောင့်သူက အိပ်ယာထဲမှ ကုန်ရုန်းထကာ ဘောင်းဘီဝတ်ပြီး ယန်အိမ်တော်သို့ ပြေးခဲ့လေသည်။

ယန်မိသားစုမှ အစောင့်နှစ်ဦးမှာလည်း ထိတ်လန့်သွားခဲ့ပါသည်။ ကြည့်ရသလောက်တော့ ချန်ထင်မြို့မှာ မဟာအကြီးအကဲတဦးတည်းကပဲ ပိုင်သခင်ကြီးကို အိပ်မက်ကမ္ဘာမှ ဆွဲထုတ်နိုင်စွမ်းရှိသူ ဖြစ်သည်။

“လူကြီးမင်းချန်ချင်း ကျွန်တော့်ကို ဘာများအမိန့်ပေးချင်ပါသလဲ”

ပိုင်ကျင့်ဖေးက ယန်အိမ်တော်ကို ရောက်သည်နှင့် ခြံထဲတွင် ထိုင်နေသည့် လီချန်ချင်းကို မြင်တွေ့လိုက်ရပါသည်။ သူ့အား ညသန်းခေါင်တွင် အိပ်ယာထဲမှ ဆွဲထုတ်ရလောက်သည်အထိ မည်သည့်အရာက အရေးကြီးနေမှန်းကို သူ မသိပါချေ။

“ကျန်းကောစံအိမ်နဲ့ ပတ်သက်ပြီးတော့ မင်းမှာ ဘာအချက်အလက်တွေရှိလဲ”

လီချန်ချင်းက ပိုင်ကျင့်ဖေးအား ကြည့်ရင်း ပြောလိုက်ပါသည်။

“ရှိတယ်ဆိုရင် ကျန်းကောစံအိမ်ရဲ့ အခြေအနေကို အကုန် ငါသိချင်တယ်”

“ကျန်းကောစံအိမ်?”

ညသန်းခေါင်တွင် အိပ်နေသည့် သူ့အား လှမ်းခေါ်ကာ ကျန်းကောစံအိမ်အကြောင်းကို လီချန်ချင်းက မေးလိမ့်မည်ဟု ပိုင်ကျင့်ဖေးက လုံးဝကို မမျှော်လင့်ထားခဲ့မိပါချေ။

“ဟုတ်ကဲ့ပါ”

ပိုင်ကျင့်ဖေးက အလျင်အမြန်ပင် ပြောလိုက်ပါသည်။

“ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ အချက်အလက်ဌာနက အခုမှ စပြီး ရုပ်လုံးပေါ်ရုံသာ ရှိသေးပေမယ့် အချက်အလက်ဌာနခွဲတွေကို မဟာယွမ်မင်းဆက်၊ မြောက်ပိုင်းအေးခဲနိုင်ငံနဲ့ လုကျင်းမြို့တို့မှာ တည်ထောင်ထားပြီးပါပြီ။ အဲ့ဒီ့နေရာတွေက ကျွန်တော့်ရဲ့ အဓိကကျတဲ့ အချက်အလက်အရင်းအမြစ်တွေပါ။ အဲ့ထက် ကျုပ်တို့လုပ်ငန်းစုက အရမ်းချမ်းသာလာတာမို့လို့ အချက်အလက်ဌာနကို ငွေတော်တော်လေးသုံးထားပါတယ်။ မူလအဆင့်ရှိတဲ့ကျင့်ကြံသူတွေကိုလည်း အချက်အလက်ဌာနအတွက် လူစုဆောင်းထားတာတွေ ရှိပါတယ်”

“ကျန်းကောစံအိမ်က မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ပိုင်နက်ထဲမှာ ရှိပေမယ့် စီမံခန့်ခွဲမှုပိုင်းကတော့ အတော်ကို အားနည်းပါတယ်။ အဲ့ဒီ့နေရာမှာ မြစ်ပေါင်းများစွာတို့က လိမ်ယှက်နေပြီးတော့ တစ္ဆေမျိုးနွယ်ကော လူသားမျိုးနွယ်ပါ ရောယှက်နေတဲ့ နေရာလိုမျိုး ဖြစ်နေခဲ့လို့ပါ”

“အဲ့နေရာက လူသားမျိုးနွယ်ရဲ့ နယ်ခြားမျည်းနဲ့ နီးကပ်နေတာကြောင့် မြောက်ပိုင်းအေးခဲနိုင်ငံတခုထဲရဲ့ အစွမ်းနဲ့ ကာကွယ်တာက လူသားမျိုးနွယ်အတွက် လုံခြုံရေးကို သေချာ အာမမခံပေးနိုင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့လည်း မြောက်ပိုင်းအေးခဲနိုင်ငံက စီမံခန့်ခွဲမှု အပိုင်းကိုပဲ အဓိကထားပြီး ကိုင်တွယ်ပါတယ်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၊ မဟာယွမ်မင်းဆက်နဲ့ ရှောင်မိသားစုက လူတွေကပါ ပူးပေါင်းပြီးတော့ တပည့်တွေကို စစ်ဆေးရေးမှုး အဖြစ်နဲ့ စေလွှတ်ပြီး အတူတူ စီမံခန့်ခွဲနေကြပါတယ်”

ကျန်းကောစံအိမ်၏ အခြေခံအချက်အလက်များကို သိလိုက်ရသဖြင့် လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမယ့် စစ်ဆေးရေးမှုးတွေက မူလအဆင့်ကျင့်ကြံခြင်းရှိတဲ့ ဂိုဏ်းတပည့်တွေပါ”

ပိုင်ကျင့်ဖေးက ဆက်လက်၍ ပြောသည်။

“အဲ့လိုနေရာမှာ ဒေသခံစွမ်းအားရှင်တွေကလည်း မူလအဆင့်မှာ ရှိနေတာမို့လို့ပါ။ လုံလောက်တဲ့ကျင့်ကြံမှုသာ မရှိရင် စစ်ဆေးရေးမှုးတွေကို ဘယ်လိုလုပ်ပြီးတော့ လူလေးစားပါ့မလဲ”

လီချန်ချင်း၏ မျက်ခုံးများမှာ လုံးဝကို တွန့်ကွေးသွားခဲ့ပါသည်။

သူ့သားက အခုမှ ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ရှိသေးသည်မဟုတ်ပါလား။ အဲ့ဒါကိုတောင်မှ လောရှောင်ချွမ်က စစ်ဆေးရေးမှုးအဖြစ် အဲ့နေရာကို တာဝန်ပေးလိုက်သေးတာလား

အဲ့လုပ်ရပ်က သူ့သားကို သွားသေခိုင်းလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား

လောရှောင်ချွမ်က လူကောင်းမဟုတ်ဘူးပဲ

သူသာ အနောက်ကလိုက်သွားပါက ကျန်းကောစံအိမ်တွင် လုံးဝနေ၍ရလိမ့်မည် မဟုတ်ပေ။

သူ့သားကသာ သူ့ကို မြင်သွားပါက သူ့သား၏ ရင်ထဲက နောက်ဆုံးမျှော်လင့်ချက်လေးကို ရိုက်ချိုးသလိုမျိုး မဖြစ်သွားပေဘူးလား

အဲ့ဒါက လုံးဝကို အဆုံးသတ်သွားနိုင်တယ်

ထို့ကြောင့် လီချန်ချင်းက ဆက်လက်၍ မေးမြန်းလိုက်ပါသည်။

“ကျန်းကောစံအိမ်ရှိတဲ့ အနီးတဝိုက်က မြို့က ဘာမြို့လဲ”

“အနီးဆုံးက…”

ပိုင်ကျင့်ဖေးက တခဏကြာအောင် တွေးနေခဲ့သည်။ ထို့နောက်မှ ပြောလိုက်ပါသည်။

“ကျန်းကောစံအိမ်နဲ့ နီးတာတွေကတော့ ရှေ့တန်းမြို့တွေပဲ၊ အဲ့မြို့တွေကလည်း မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ လက်အောက်မှာ ရှိတယ်။ ကျိဝူမြို့နဲ့ ချန်းလုံမြို့”

“ကျိဝူမြို့မှာ မြို့စောင့်တပ်ရှိတယ်၊ ဟဲကူးသစ်တောနားမှာပေါ့”

“ဟဲကူးသစ်တောက မိုင်ထောင်နဲ့ချီအောင် ရှည်လျားကျယ်ဝန်းတယ်။ အဲ့နေရာမှာ စိတ်ဝိဉာဉ်သားရဲတွေ ရှိနေရုံတင်မကဘူး။ တစ္ဆေမျိုးနွယ်တွေကလည်း အဲ့သစ်တောကနေ လူသားမြို့တွေထဲကို ခိုးဝင်လာတတ်ကြတယ်။ အဲ့ဒါကြောင့် မြို့စောင့်တပ်က အဲ့မှာနေရာယူပြီး မြောက်ပိုင်းအေးခဲနိုင်ငံမှာ တစ္ဆေမျိုးနွယ်တွေ ပြသနာရှာမှာကို စောင့်ကြပ်နေခဲ့တာပါ”

“ချန်းလုံမြို့ကတော့ လူတွေပြောတာကတော့ စည်ကားဖွံ့ဖြိုးတဲ့မြို့တဲ့။ တကယ့်တကယ်တန်းကတော့ အရမ်းကို ဆင်းရဲတဲ့မြို့ပါ”

ပိုင်ကျင့်ဖေးက အပြုံးတခုနှင့် ပြောလိုက်ပါသည်။

“ငါနားလည်ပြီလို့ ထင်တယ်”

လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သည်။

“မင်းပြန်လို့ရပြီ”

လီချန်ချင်းက သူ၏ လက်ကိုဝှေ့ယမ်းပြကာ ပြောလိုက်ပါသည်။

“ဟုတ်”

ပိုင်ကျင့်ဖေးက လက်ဟန်ပြုကာ အရိုအသေပေးလိုက်ပါသည်။

နောက်တနေ့တွင်

လီချန်ချင်းက ဝန်ရှုမျှော်စင်ကိုသွားကာ မြေပုံတခုကို ရှာတွေ့ခဲ့၏။

ကျန်းကောစံအိမ်ကို ထိုမြေပုံပေါ်၌ အမှတ်အသားပြုလိုက်ပါသည်။

ကျန်းကောစံအိမ်က မြေနေရာအကြီးကြီးကို ဖုံးလွှမ်းထားပါသည်။

မြို့နှစ်မြို့၏ အနေအထားကို ကြည့်နေရင်းနှင့် သားဖြစ်သူကို ကာကွယ်လိုပါက လီချန်ချင်းအတွက် ကျိဝူမြို့ကို ရွေးချယ်ခြင်းက အကောင်းဆုံးဖြစ်သည်ကို သိလိုက်ရပါသည်။

၎င်းက ကျန်းကောစံအိမ်နှင့် မြစ်တစင်းသာ ခြားပါသည်။

သားဖြစ်သူက အန္တရာယ်တစုံတခုကျရောက်ပါက သူက ဓားကိုစီးနှင်းပြီး မြစ်ကိုဖြတ်ကျော်ကာ သားဖြစ်သူကို ကယ်ဆယ်မည်ဖြစ်သည်။

လီချန်ချင်းက ထိုအစီအစဉ်ကို တွေးပြီးနောက်တွင် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါ၏။

ဝန်ရှုမျှော်စင်မှ သူ၏ ခြံဝင်းလေးထဲသို့ လီချန်ချင်းက ပြန်လာသည့်အခိုက်တွင် အလုပ်ရှုပ်နေသည့် ကျန်းဖုကွမ်းကို မြင်လိုက်ရပါသည်။

သူက အဝေးသို့ ခရီးထွက်မည့်အကြောင်းကို ကျန်းဖုကွမ်းအား ပြောပြလိုက်သည်။

“ဘယ်လောက်ကြာမှာလဲ”

ကျန်းဖုကွမ်းက ပြန်မေးခဲ့ပါသည်။

“ငါလည်း မသေချာဘူး”

လီချန်ချင်းက သူဘယ်တော့မှ ပြန်လာနိုင်မလဲဆိုတာကို သေချာမသိပါချေ။

“အဲ့ဒါဆိုရင် လူကြီးမင်းကို ကျွန်တော်လိုက်ပြီး စောင့်ရှောက်ပေးပါရစေ”

ကျန်းဖုကွမ်းကပြောလိုက်သည်။

“လူကြီးမင်းမရှိတုန်းမှာ ဝေယျာဝစ္စတွေလုပ်ဖို့အတွက် လူလိုအပ်နေပါလိမ့်မယ်”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခရီးက အရမ်းကို ရှည်လျားကြမ်းတမ်းလိမ့်မယ်။ ပိုပြီးအရေးကြီးတာက စစ်ယောင်လေးကို ဘယ်လိုလုပ်မလဲ။ သူက ဒီမှာ ကျောင်းတတ်နေတုန်းလေ”

လီချန်ချင်းက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်ပါသည်။

“စာသင်တာက တခြားနေရာတွေမှာ သင်ယူလို့လည်းရပါတယ်။ လူကြီးမင်းက ထွက်သွားမှာတော့ ကျုပ်တို့သားအဖက ယန်မိသားစုမှာ ဘယ်လိုမျက်နှာနဲ့ ဆက်နေထိုင်နိုင်ဦးမှာလဲ”

ကျန်းဖုကွမ်းက လျင်မြန်စွာ ပြောလိုက်ပါသည်။

“မင်းတို့နှစ်ယောက်နေခဲ့လို့ ဘာမှမဖြစ်ပါဘူး”

လီချန်ချင်းက ပြုံးရင်းဆိုလိုက်သည်။

“မင်းတို့က ငါ့လူတွေပဲ။ ယန်မိသားစုက ငြိုငြင်မှာမဟုတ်ဘူး”

“လူကြီးမင်းချန်ချင်းထွက်သွားမယ်ဆိုရင် ကျုပ်တို့သားအဖကလည်းပဲ ထွက်သွားမှာပဲ”

ကျန်းဖုကွမ်းက အခိုင်အမာကို ဆိုနေခဲ့ပါ၏။

ကျန်းဖုကွမ်း၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို ကြည့်ပြီး လီချန်ချင်းက တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်ပါသည်။

“ကောင်းပြီ ဒါပေမယ့် အခြေအနေတွေက ဒီမှာလောက်အေးဆေးချင်မှ အေးဆေးလိမ့်မယ်။ နေထိုင်ရတာကအစ ခက်ခဲလိမ့်မယ်”

ထိုစကားကိုကြားသော် ကျန်းဖုကွမ်းက ပြုံးက ပြောလိုက်ပါသည်။

“ကျုပ်တို့ သားအဖနှစ်ယောက်က ဒီထက်မက ဆိုးရွားလွန်းတဲ့ အခက်အခဲတွေကို ကြုံတွေ့လာခဲ့ရတာပါ။ ဒီလောက်ကတော့ မကြောက်ရွံ့ပါဘူး”

“ဒါဆိုလည်း ပစ္စည်းတွေကို သိမ်းလိုက်ပါတော့”

လီချန်ချင်းက ပြောပြီးသည့်နောက်တွင် ယန်ပါးထောင်ကို ရှာရန်အတွက် ထွက်သွားခဲ့ပါသည်။

သူတယောက်တည်းသာ သွားမည်ဆိုလျှင်တော့ ဖေးကို တက်စီးသွားရုံသာ ဖြစ်သည်။ ယခုတွင် ကျန်းဖုကွမ်းတို့ သားအဖပါ လိုက်ပါမည် ဖြစ်သော်ကြောင့် စန်းယွမ်ပို့ဆောင်ရေးဌာနမှ ပျံသန်းသားရဲများကို အသုံးပြုပြီး ခရီးထွက်မှ ဖြစ်ပေလိမ့်မည်။ ထိုပျံသန်းသားရဲများနှင့်သာဆိုလျှင် ကျိဝူမြို့ကို နှစ်ရက်အတွင်း ရောက်ရှိသွားလိမ့်မည် ဖြစ်၏။

လီချန်ချင်းထွက်သွားတော့မည့်သတင်းကြောင့် ယန်ပါးထောင်မှာ လန့်ဖြန့်သွားခဲ့ပါသည်။

လီချန်ချင်းက မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ သွားမည်ဖြစ်ကြောင်းကို သိလိုက်ရမှ လီချန်ချင်းက ချန်ချင်းကုမ္ပဏီမှ ထွက်ခွာခြင်းမဟုတ်ပဲ ခရီးထွက်ရုံဆိုသည်ကို သိသွားမှသာ စိတ်အေးသွားခဲ့ပါသည်။

လီချန်ချင်းက သူနေထိုင်ရာခြံဝင်းလေးထဲမှ ယူလို့ရသမျှအရာအားလုံးကို ထုပ်ပိုးခဲ့ပါသည်။ အထူးသဖြင့် နောက်ဖေး၌ သူထုလုပ်ထားခဲ့သည့် ပန်းပုရုပ်ထုများပင် ဖြစ်သည်။ ၎င်းတို့အားလုံးကို တခုမကျန် သူယူဆောင်လာခဲ့ပါ၏။

လီချန်ချင်းထွက်သွားပြီးသည့်နောက်တွင် ရှီယန်မျှော်စင်တွင် ပုံပြင်ဇာတ်လမ်းအသစ်များ မရှိတော့ပါချေ။

အားလုံးပြင်ဆင်ပြီးချိန်တွင် ကျန်းဖုကွမ်းက ကျန်းစစ်ယောင်ကို ကျောင်းမှကြိုလာပြီးနောက် နေရာအသစ်ကို ပြောင်းရွှေ့တော့မည့်အကြောင်းကို ပြောပြခဲ့ပါသည်။

အခြေအနေများမျာ ယခုလောက်တော့ ကောင်းမွန်တော့မည် မဟုတ်ပါချေ။

သို့သော် ကျန်းစစ်ယောင်လေးက ပျော်ရွှင်စွာနှင့် ပြောလိုက်သည်က

“ဖေဖေနဲ့ ဦးဦးချန်ချင်းရှိရင် ယောင်ယောင်အတွက် ရပြီ”

အခြေအနေများကို ရှင်းပြပြီးသည့်နောက်တွင် လီချန်ချင်းတို့မှာ ချန်ထင်မြို့မှ စန်းယွမ်ပို့ဆောင်ရေးဌာန၏ ကျီးကန်းနက်ကြီး ပေါ်သို့ တက်ကာ မြောက်ပိုင်းအေးခဲနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြပါသည်။

All Chapters