အခန်း (၂၆၇)
Vol. 24 Ch. 267
ကျီးကန်နက်ကြီးမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့ပါသည်။ လီချန်ချင်းက အနောက်သို့ လှည့်ကြည့်လိုက်ရာ တစထက်တစ သေးငယ်လာသော ချန်ထင်မြို့လေးကိုသာ မြင်တွေ့ခဲ့ရပါတော့သည်။ ဘယ်တော့များမှ ပြန်လာနိုင်မယ်မှန်း မသိသောကြောင့် စိတ်ထဲတွင် လွမ်းမောသော ခံစားချက်များဖြစ်နေခဲ့ရပါသည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း
နေ့လည်ခင်းကျော်နေပြီ
စာပို့ခိုတကောင်က ပျံသန်းဝင်လာပြီးနောက် ရွှယ်ချမ်းပိုင်၏ ရှေ့တည့်တည့်သို့ ရောက်လာခဲ့ပါသည်။
ရွှယ်ချမ်းပိုင်က စာကိုဖွင့်ဖတ်လိုက်ပြီး တိတ်တဆိတ်နှင့် ကြိတ်ရယ်မောလိုက်ပါ၏။
စာမှာ လီချန်ချင်းထံမှ ဖြစ်ပါသည်။
သူက မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ ခရီးထွက်မည့်အကြောင်းကို လှမ်းသတင်းပေးခြင်းဖြစ်ပါသည်။
ထိုသတင်းနှင့် ပတ်သက်ပြီတော့ ရွှယ်ချမ်းပိုင်မှာ လုံးဝကို မအံ့ဩပါချေ။ လီချန်ချင်းမှာ သားဖြစ်သူနှင့် ပတ်သက်လျှင် မျက်မမြင်တယောက်လိုပင် ဖြစ်သည်။
လီဟမ်ရှန်းမှာ ကျန်းကောစံအိမ်ကို သွားကာ စစ်ဆေးရေးမှုးလုပ်မည်ဖြစ်သောကြောင့် လီချန်ချင်းမလိုက်သွားမှသာ ထူးဆန်းနေပေဦးမည်။
စာထဲတွင်တော့ အများကြီးမရေးထားပါချေ။
တချိန်တည်းမှာပင် ရေတံခွန်အနောက်ဖက်ရှိ လှိုဏ်ဂူထဲတွင်တော့ လောရှောင်ချွမ်က မြစ်ကမ်းစပ်၌ထိုင်ကာ အေးအေးဆေးဆေး ငါးမျှားနေခဲ့ပါ၏။
ထိုအခိုက်တွင် ပုံရိပ်တခုမှာ လောရှောင်ချွမ်၏ အနောက်ဖက်မှ ရုတ်တရက်ထွက်ပေါ်လာကာ ချက်ချင်းဒူးထောက်ချလိုက်ပါသည်။
ထိုပုံရိပ်မှာ လွန်စွာ ရိုကျိုးသည့်လေသံနှင့် ပြောလိုက်ပါသည်။
“ဂိုဏ်းချုပ် ချန်ထင်မြို့က လီချန်ချင်းက တကယ်ပဲ ထွက်သွားခဲ့ပါပြီ။ ဂိုဏ်းချုပ်က တကယ်ပဲ နတ်ဘုရားမျက်လုံးရှိတာပါပဲ”
“အံ့ဩစရာမရှိပါဘူး”
လောရှောင်ချွမ်က စိတ်မဝင်စားသည့်ဟန်နှင့် ပြောလိုက်ပါသည်။
“လီချန်ချင်းက သူ့သားကို သိပ်ချစ်တာလေ၊ ဒါပေါ့.. ကျန်းကောစံအိမ်လိုနေရာမျိုးမှာ သူ့သားက စစ်ဆေးရေးမှုးလုပ်မှာကို ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူးလေ”
“ဂိုဏ်းချုပ် ဆုမိသားစုက ကွမ်လန်နန်းတော်ကို ရောက်နေပါပြီ”
သူ့အနောက်မှ ပုံရိပ်က ထပ်ပြောသည်။
“ရောက်ပါစေ၊ ကွမ်လန်နန်းတော်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ ဘာမှရှိမနေဘူး”
လောရှောင်ချွမ်က တည်ငြိမ်စွာပြောလိုက်သည်။
“ကွမ်ကျူးက ပမွှားလေးပါ။ သူက ငါ့အစီအစဉ်တွေကို မနှောင့်နှေးစေနိုင်ပါဘူး”
“အာ ဒါပေါ့”
ထိုကဲ့သို့ ကြောက်ဖို့ကောင်းသောစကားများကြောင့် ပုံရိပ်မှာ စိတ်ထဲတွင် တော်တော်လေးကို တုန်လှုပ်သွားခဲ့ပါ၏။
ကွမ်ကျူးမှာ စန်းယွမ်နယ်မြေသခင်နှင့်တောင် တချိန်က ယှဉ်တိုက်ခဲ့သူဖြစ်၏။ ထိုကဲ့သို့သော ကြီးမြတ်သောလူက သူတို့ဂိုဏ်းချုပ်၏ အမြင်တွင် ပမွှားလေးဆိုပါလား
လောရှောင်ချွမ်၏ ကျောပြင်ကို ငေးကြည့်ရင်း သူ၏ နားလည်နိုင်စွမ်းများမှာ တစထက်တစ လျော့ကျလာခဲ့ပါသည်။
ဖြစ်နိုင်တာက ဂိုဏ်းချုပ်က အဲ့ဒီ့ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီလား
သူက ဂိုဏ်းချုပ်ကို ထွင်းဖောက်၍ မမြင်နိုင်တော့ပါ။ သို့သော် ဂိုဏ်းချုပ်က ကောင်းကင်နှင့်မြေကြီးတို့၏ စွမ်းအားများပါဝင်သော ကြီးမားလှသည့် ကျားကစားပွဲကြီးတခုကို ကစားနေသည်ကိုတော့ သူခံစားနေခဲ့ရပါ၏။
ထိုကစားပွဲမှာ လွန်စွာ ကြီးမားကာ ကျယ်ပြန့်လွန်းသောကြောင့် မိမိကိုယ်ကို မိမိ နတ်ဘုရားသတ်မှတ်ထားသည့် ကံကြမ္မာဟု ခေါ်ဆိုကာ ဂုဏ်ယူကြသည့် ထာဝရရှင်သန်ခြင်းဂိုဏ်းပင်လျှင် ဂိုဏ်းချုပ်အတွက်တော့ နယ်ရုပ်တရုပ်ထက် မပိုခဲ့ပေ။
နှစ်ရက်ကြာပြီးနောက်…
ကျီးကန်းနက်ကြီးမှာ မြို့ပြင်၌ ဆင်းသက်ကာ ရပ်နားလိုက်ပါသည်။
လီချန်ချင်းမှာ မသေးငယ်သည့် မြို့ကို တချက်အကဲခတ်လိုက်သည်။ မြို့မှာ ကြီးမားကျယ်ပြန့်သည့် တော်ဝင်လမ်းမကြီးပင် ရှိနေခဲ့ပါ၏။
အပြင်ဘက်တွင် စခန်းချကာ နေရာယူထားသည့် စစ်သားများမှာ မြောက်ပိုင်းအေးခဲနိုင်ငံ၏ စစ်တပ်မှ ဖြစ်သည်။
“မြို့ထဲကို ဝင်ကြရအောင်၊ အခုကနေစပြီး ငါတို့ ဒီနေရာမှာပဲ နေကြတော့မယ်”
လီချန်ချင်းက ကျန်းဖုကွမ်းနှင့် ကျန်းစစ်ယောင်အား လှမ်းပြောလိုက်ပါသည်။
ကုန်သည်များစွာတို့မှာလည်း မြို့အတွင်းသို့ဝင်ရောက်နေခဲ့ကြပါသည်။ မြို့စောင့်တပ်သားများမှာလည်း သိမ်းငှက်တကောင်၏ မျက်လုံးလို လူတိုင်းကို စေ့စေ့စပ်စပ် ကြည့်နေကြပါသည်။
မြို့မှာ လူပြည့်ကျပ်စည်ကားမနေသည့်တိုင် လူများစွာတို့တော့ ရှိပါသည်။
ယခုအချိန်သည် နံနက်ခင်းဖြစ်သည်။ ဆင်းရဲသောလူများစွာလည်းရှိသလို၊ ဈေးကြီးသောပိုးထည်များကို ဝတ်ဆင်ထားသည့် လူချမ်းသာများကိုလည်း မြင်တွေ့ရသည်။ ဆိုင်မျိုးစုံတို့မှာလည်း ဖွင့်ထားခဲ့သည်ကို တွေ့ရသေးသည်။ လှပသောမိန်းမပျိုလေးများစွာတို့လည်း လမ်းမထက်တွင် တွေ့ရပါသည်။
“အရင်ဆုံးနားဖို့အတွက် နေရာရှာကြတာပေါ့”
လီချန်ချင်းက ပိုင်ဝေအိမ်ခြံမြေဟူသော ဆိုင်းဘုတ်တပ်ထားသော အဆောက်အဦးထဲသို့ ဝင်ရောက်လိုက်သည်။
လီချန်ချင်းက ကျန်နှစ်ယောက်ကို ဦးဆောင်ကာ ဝင်လာခြင်းဖြစ်သည်။
လီချန်ချင်းကို မြင်သော အဆောက်အဦးထဲရှိလူသုံးလေးငါးယောက်က ပြေးထွက်လာကာ အလုအယက်နှုတ်ဆက်ကြပါတော့၏။
ခေတ်စကားနှင့်ဆိုရလျှင် သူတို့က အိမ်ခြံမြေပွဲစားများပင် ဖြစ်သည်။
၎င်းတို့ထံမှ တဆင့် အိမ်တလုံးဝယ်ယူခြင်းမှာ အလွန်ရိုးရှင်းလှပေသည်။
“ဧည့်သည်တော်ကြီး အိမ်ရှာနေပါသလား။ ဝယ်ချင်တာလား၊ ငှားချင်တာလား”
နာမည်ကတ်ကို ချိတ်ဆွဲထားသည့် လူတယောက်က အနားသို့တိုးလာခဲ့၏။
ထိုသူ၏ အမည်မှာ လောင်ဟိုင် ဟုရေးထားသည်။
“ခြံဝင်းလေးပါတဲ့ အိမ်တလုံးလိုချင်တယ်။ အိမ်နောက်ဖေးဥယာဉ်ကတော့ ကျယ်ရမယ်။ အိမ်ရှေ့ကလည်း စီးပွားရေးလေးလုပ်ဖို့အတွက် နေရာအကျယ်ရှိရမယ်။ အတွင်းပိုင်းနေထိုင်တဲ့နေရာကလည်း သက်တောင့်သက်သာရှိမယ့် အကျယ်အဝန်းကို လိုချင်တယ်”
လီချန်ချင်းက သူလိုချင်သည့်အခြေအနေများကို တခါတည်း ပြောလိုက်ပါသည်။
ဤနေရာသို့လာပြီး သူက ဘာမှမလုပ်ပဲနှင့် တနေကုန်တော့ ထိုင်မနေနိုင်ပါချေ။ လီချန်ချင်းက စီးပွားရေးလုပ်ပြီး အချိန်ဖြုန်းလိုခဲ့သည်။ တချိန်တည်းမှာပင် နယ်ခံများထံမှ သတင်းအချက်အလက်များကို စုဆောင်းနိုင်လျှင် ပို၍ပင် အဆင်ပြေမည်မဟုတ်လား
“ကောင်းပြီ ကျွန်တော် ရှာပေးပါ့မယ်”
လောင်ဟိုင်က အလျင်အမြန်ပင် သင့်တော်မည့်အိမ်တလုံးကိုရှာပေးပါသည်။
ထိုအခိုက်တွင် ထောင့်တထောင်တွင် ထိုင်နေသည့် ပွဲစားတယောက်က ပေါက်စီတလုံးကို စားနေခဲ့သည်။ သူ့အကြည့်မှာမူ ကျန်းဖုကွမ်းနှင့် ကျန်းစစ်ယောင်ကို စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ့အကြည့်မှာ မသိသာလှပေ။ သူက နောက်ဆုံးတကိုက်စာ ပေါက်စီကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ဟင်းချိုကို တဇွန်းခပ်သောက်ပြီးနောက် ထထွက်သွားခဲ့လေ၏။