အခန်း (၂၆၈)
Vol. 24 Ch. 268
သိပ်မကြာခင်မှာ လောင်ဟိုင်က လက်ထဲတွင် စာရွက်စာတန်းများကို ကိုင်ကာ ပြေးလာခဲ့ပါသည်။ ထိုစာရွက်များတွင် အိမ်ပုံစံဒီဇိုင်းများစွာတို့ကို ရေးဆွဲထားသည်ကို တွေ့ရလိမ့်မည်ဖြစ်၏။
လီချန်ချင်းက တချက်ကြည့်လိုက်ပြီးနောက်တွင် သူ့စိတ်ထဲတွင် သဘောကျသည့်အိမ်ကို ရွေးလိုက်ပါသည်။
“ဒီနေရာမှာ အရောင်းအဝယ်လာလုပ်တယ်ဆိုကတည်းက ဆရာ့မှာ အမြင်ကောင်းရှိတာပဲ”
လောင်ဟိုင်က ပြောနေရင်းနှင့်ပင် သူ၏ မျက်နှာမှာ မဲနက်သွားခဲ့သည်။ သူက ခါးသက်စွာ ရယ်မောလိုက်ရင်း ပြောလိုက်ပါသည်။
“ဒီအိမ်က စီးပွားရေးလုပ်လို့မှ အဆင်မပြေတာကို၊ အိမ်ပေါက်ဝကလည်း လမ်းကြိုလမ်းကြားကြီးလေ။ ဒီနေရာမှာ စီးပွားရေးလုပ်ရင် အရင်းတောင်ကြေမှာမဟုတ်ပဲ ဆုံးရှုံးမှာနော်”
“အဲ့နေရာမှာပဲလုပ်မယ်လေ။ တိတ်ဆိတ်တာကို ကြိုက်လို့”
“ကောင်းပြီလေ”
လီချန်ချင်းက အခိုင်အမာဆိုနေသဖြင့် လောဟိုင်မှာလည်း ရွေးချယ်စရာမရှိတော့ပဲ လူအချို့ကို ခေါ်ကာ အိမ်ကို သွားကြည့်တော့၏။
တည်နေရာမှာ အဟုတ်ကို မကောင်းနေပါချေ။
လမ်းကြားလေးဖြစ်ပြီး ရထားလုံးပင် ဝင်မရပဲ သာမန်လမ်းသွားလမ်းလာများသာ လျှောက်၍ရသည့်နေရာ၊ မည့်သည့်ဆိုင်မှလည်း ရှိမနေသည့်နေရာပင် ဖြစ်သည်။ တိတ်ဆိတ်သည့်တိုင် မည်ကဲ့သို့သော စီးပွားရေးမှ စတင်၍လုပ်မရသော နေရာမျိုးဖြစ်ပါ၏။
ခြံဝင်းလေးမှာ အတော်လေးကို ကောင်းသည့်ဟန်တော့ ရှိပါသည်။ အိမ်၏ အရှေ့ဖက်ပိုင်းတွင် စားပွဲအချို့တော့ ဆန့်လိမ့်မည် ဖြစ်သည်။ အနောက်ဖက်တွင်လည်း ခြံဝင်းအကျယ်ကြီးရှိပြီး အခန်းအချို့လည်း ရှိနေပါသည်။
ထိုအိမ်ကို မြင်လိုက်သည်နှင့် လီချန်ချင်းက ချက်ချင်းကို သဘောကျသွားခဲ့ပါ၏။
ပို၍ အရေးကြီးသည်မှာ မြစ်နှင့်နီးသောနေရာတွင် တည်ရှီသောကြောင့် သားဖြစ်သူနှင့် နီးကပ်စွာနေရသည်ဟု လီချန်ချင်းက ခံစားခဲ့မိသည်။
ထိုအိမ်ကို ငွေစနှစ်ထောင် ပေးချေကာ ဝယ်ယူခဲ့ပါသည်။
ငွေချေပြီးနောက်ပိုင်းတွင် လီချန်ချင်း၊ ကျန်းဖုကွမ်းနှင့် ကျန်းစစ်ယောင်တို့မှာ ပရိဘောဂပစ္စည်းများကို ဝယ်ရန် ထွက်သွားခဲ့ပါသည်။ အခြားသော အိမ်ထောင်ပစ္စည်းများနှင့် အစေခံများကို ဝယ်ယူရန်အတွက် ပြင်ဆင်ထားကြသည်။ သူတို့မရှိတုန်း အိမ်စောင့်ရန်အတွက် ဖေးကို ထားထားခဲ့ပါသည်။
လူစည်ကားနေသည့်လမ်းတွင် လျှောက်နေရင်းနှင့် ကျန်းစစ်ယောင်လေးမှာ တော်တော်လေးကို ပျော်ရွှင်နေခဲ့ပါသည်။ သူမ၏ လက်ထဲတွင် ဘောလုံးအနီလေးကို ပိုက်ထားရင်း ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ငေးမောနေခဲ့ပါ၏။
အနီးအနားတွင် စီးပွားရေးအသင်းအဖွဲ့များစွာတို့လည်း ရှိကြပါသည်။
ဆိုင်အချို့ကို သွားလာပြီးသော် လီချန်ချင်းက ပစ္စည်းတော်တော်များများကို ဝယ်ယူပြီးသည့်နောက်တွင် အိမ်သို့ ညနေခင်းတွင် လာပို့ပေးရန်အတွက် ပြောခဲ့ပါသည်။
“ဒီနေရာမှာ စစ်သားတွေ အများကြီးရှိပါတယ် လူကြီးမင်းချန်ချင်း”
ကျန်းဖုကွမ်းက လေ့လာသောကြောင့် သိနေခဲ့၏။ မကြာခဏပင် ကင်းလှည့်နေသည့် စစ်သားများကို မြင်တွေ့ခဲ့ရပါသည်။
စီမံခန့်ခွဲမှုများမှာ လွန်စွာ တင်းကြပ်သည့်အလားအလာရှိပါသည်။
“သာမန်ပါပဲ။ ဒီနေရာက မင်ဟုန်ခရိုင်လိုမျိုးဟုတ်မနေဘူးလေ။ ဒီနေရာက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ပိုင်နက်ဖြစ်ပြီးတော့ စစ်သားတွေက စခန်းချထားတာကိုး၊ ဒါကြောင့်မို့လို့ စစ်သားတွေ များများရှိတာက သဘာဝပါပဲ”
လီချန်ချင်းက ပေါ့ပါးစွာဖြင့် ပြောလိုက်ပါသည်။
ထိုအခိုက်မှာပင် လမ်းကြားလေးအတွင်းတွင် ဖွင့်ထားသည့် ရထားလုံးဆိုင်ကို မြင်တွေ့လိုက်ရပါတော့သည်။
“ငါတို့လည်း ရထားလုံးလေး ဝယ်ထားသင့်တယ်” လီချန်ချင်းက ဝင်ကြည့်ရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။
သူ၏ ယခင်ဘဝတွင် ကားတစီးကို ဝယ်ယူရန်ပင် သူက မတတ်နိုင်ခဲ့ပါချေ။ သို့သော် ယခုဘဝတွင်တော့ သူ့မှာ ငွေကြေးများရှိသဖြင့် ရထားလုံးကောင်းကောင်းလေးတစင်းကို ဝယ်ယူချင်နေခဲ့ပါသည်။
ကျန်းဖုကွမ်းကလည်း အနောက်ကနေ လိုက်လာခဲ့၏။
ဒါပေမယ့် ထိုအချိန်မှာပင် ကျန်းဖုကွမ်း၏ နှစ်ပေါင်းများစွာကြာအောင် လုပ်ကြံသတ်ဖြတ်ခဲ့သည့် အတွေ့အကြုံအရ သူ၏ မသိစိတ်မှာ အန္တရာယ်ဟူသော ခံစားချက်ကို စူးခနဲ ရလိုက်ပါတော့သည်။
အဝင်ဝတွင် မတူညီသော ပစ္စည်းများနှင့် ပြုလုပ်ထားသည့် ရထားလုံးများကို မြင်တွေ့ရမည် ဖြစ်၏။
ကျန်းဖုကွမ်းမှာ ကျန်းစစ်ယောင်ကို လက်တဖက်က သေချာဆွဲကိုင်ထားပြီး ပတ်ဝန်းကျင်ကို သေချာအာရုံစိုက်ကာ လေ့လာနေခဲ့ပါ၏။
“ဆိုင်ထဲမှာ ဘယ်သူမှ မရှိဘူးလား”
လီချန်ချင်းက ဆိုင်အတွင်းသို့ လှမ်းကြည့်လိုက်ပါသည်။
ကျန်းဖုကွမ်းက တစုံတခုကို ပြောရန်အတွက် ပါးစပ်ဟလိုက်စဉ်မှာပင် မထင်မှတ်ထားသည့် ဖြစ်ရပ်တခုက ဖြစ်ပေါ်လာခဲ့ပါလေ၏။
ရထားလုံး၏ အောက်ဘက်မှ ပုံရိပ်တခုက ထိုးထွက်လာကာ သူ၏ ဓားမြှောင်နှင့် ကျန်းဖုကွမ်း၏ ရင်ဝကို ထိုးစိုက်လိုက်သည်။
ချက်ချင်းပင် ကျန်းဖုကွမ်းမှာ သမီးဖြစ်သူကို မ,ချီကာ ရှောင်ရှားလိုက်ပါသည်။
သူ၏ ဓားသွားမှာ လေထုတဝက်သို့ အရောက်တွင် သူ့တကိုယ်လုံးမှာ လှုပ်မရတော့သည်ကို ခြောက်ခြားစွာဖြင့် သိလိုက်ရပါတော့၏။
“စည်းတံဆိပ်ငါးချက်လား”
လုပ်ကြံသတ်ဖြတ်သူက တအံ့တဩနှင့် ရေရွတ်လိုက်ပါသည်။
ထို့နောက်တွင် လုပ်ကြံသူက သူ၏ ဦးခေါင်းအား လီချန်ချင်းဖက်သို့ လှည့်ကာ အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။ ထိုလူကို သူက သာမန်လူဟု ထင်မြင်ခဲ့ပြီး အလေးမထားခဲ့ခြင်းပင် ဖြစ်၏။
အဲ့ဒီလူက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက စည်းတံဆိပ်ငါးချက်ကို တတ်မြောက်နေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ
ယခုအချိန်တွင်တော့ သူ့အား သံချိန်းကြိုးများစွာတို့က လှုပ်ရှား၍မရနိုင်အောင် တုပ်နှောင်ထားသည့်အလား ခံစားနေခဲ့ရပါ၏
ယခုအချိန်တွင်တော့ ကျန်းဖုကွမ်းက လေအကုန်ခံမနေပါချေ။ သူ၏ လက်တဖက်နှင့် ကျန်းစစ်ယောင်၏ မျက်လုံးကိုပိတ်လိုက်ပြီး နောက်ထပ် လက်တဖက်နှင့် ခါးကြားထဲမှ ဓားကို ဆွဲထုတ်ပြီး လုပ်ကြံသူ၏ လည်မျိုကို ထိုးဖောက်လိုက်ပါတော့သည်။
သူ၏ လှုပ်ရှားမှုများမှာ ချောမွေ့နေကာ အကျိုးသက်ရောက်မှုက လျင်မြန်လှ၏။
အဘယ်ကြောင့်ဆိုသော် ထိုလုပ်ကြံသူ၏ နည်းလမ်းများမှာ သွေးအရိပ်ဂိုဏ်း၏ နည်းလမ်းကို အသုံးပြုသည်ကို သတိပြုမိလိုက်သောကြောင့်ပင် ဖြစ်သည်။
သူ့အား သတ်ဖြတ်ရန်အတွက် ထိုလူက သူ၏ တည်ရှိမှုတခုလုံးကို ရထားလုံးနှင့်ပေါင်းစပ်ခဲ့ခြင်းဖြစ်၏။
လူသတ်ပြီးသည့်အခါတွင် သူ့အားစိုက်ကြည့်နေသော လီချန်ချင်း၏ အကြည့်ကို ကျန်းဖုကွမ်းက ရင်ဆိုင်လိုက်ရပါသည်။
သူ၏ သရုပ်မှန်ကို ဖုံးကွယ်၍ မရတော့မှန်းကိ ကျန်းဖုကွမ်းက သိလိုက်ပါတော့၏။
“အား လူသတ်နေတယ်”
ထိုအခိုက်တွင် ထိတ်လန့်တကြား ဟစ်ကြွေးသံတခု ထွက်လာခဲ့သည်။
ရထားလုံးဆိုင်ရှင်မှာ အိမ်သာဝင်ပြီး ပြန်ထွက်လာခိုက်တွင် ကျန်းဖုကွမ်းက လုပ်ကြံသူကို ခေါင်းဖြတ်လိုက်သည်ကို မြင်လိုက်သောကြောင့် ကြောက်လန့်တကြား အော်ဟစ်ခဲ့ခြင်းဖြစ်ပါသည်။
သူက ကြောက်လန့်တကြားနှင့် အော်ဟစ်ကာ အနောက်သို့လှည့်ကာ ထွက်ပြေးလေတော့၏။
ကျန်းဖုကွမ်း၏ မျက်ခုံးများမှာ တွန့်ကွေးသွားပါသည်။ အစောင့်စစ်သားများသာ ရောက်လာပါက ပြသနာပိုကြီးသွားပေလိမ့်မည်။
“လူကြီးမင်းတို့ ဟိုနေရာမှာ လူသတ်မှုဖြစ်သွားတယ်”
“သူတို့ပဲ”
ရထားလုံးဆိုင်ရှင်မှာ စစ်သားများကို ခေါ်လာပြီးနောက်တွင် လီချန်ချင်းတို့အား ဝန်းရံလိုက်ပါသည်။
“ဘာများပြသနာရှိပါလဲ လူကြီးမင်းတို့” လီချန်ချင်းက အေးအေးဆေးဆေး မေးလိုက်ပါသည်။
“ရထားလုံးဆိုင်ရှင်က မင်းတို့တွေ လူသတ်တာကို မြင်တယ်ဆိုပြီး လာတိုင်ကြားတယ်။ လူသတ်တာက ပြစ်မှုအကြီးစားဆိုတာကို မင်းတို့နားလည်ကြလား”
တပ်မှုးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပါသည်။
ကျန်သော စစ်သားများမှာလည်း သူတို့၏ လက်နက်များကို တင်းကြပ်စွာ ဆုတ်ကိုင်လိုက်ကြပါ၏။
“အို”
လီချန်ချင်းက အံ့အားသင့်သွားသည့်ဟန်လုပ်လိုက်၏။
“ကျုပ်တို့က ဘယ်သူ့ကို သတ်လိုက်မိတာလဲ”
“အခုထက်ထိ ဝန်မခံရဲသေးဘူးလား”
ရထားလုံးဆိုင်ရှင်မှာ ရှေ့သို့တိုးကာ ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပါသည်။
“အလောင်းက ဒီနေရာ…”
သို့သော် သူ၏ အသံမှာ ချက်ချင်းကို ရပ်တန့်သွားခဲ့သည်။
သူက မြေပြင်ပေါ်သို့ လက်ညှိုးညွှန်ပြနေသည့်တိုင် မြေပြင်မှာ ဘာမှမရှိပဲ ဟာလာဟင်းလင်းကြီး ဖြစ်နေခဲ့သည် မဟုတ်ပါလား
စောနကလေးတင်ရှိနေခဲ့သည့် အလောင်းမှာ အစအနကို ရှာမရအောင်ကိုပင် ပျောက်ဆုံးသွားခဲ့ပါသည်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ
ဆိုင်ပိုင်ရှင်မှာ အရူးတယောက်လို ခံစားလိုက်ရပါသည်။
“အလောင်းက ဘယ်မှာလဲ”
မြို့စောင့်တပ်မှုးက ဆိုင်ရှင်၏ အရှေ့ကို ကြည့်ရင်း မေးလိုက်ပါသည်။
“ကျုပ်..”
“ကျုပ် သေချာကို မြင်လိုက်တာ”
ရထားလုံးဆိုင်ရှင်က အလျင်အမြန်ပင် နေရာအနှံ့တွင် ရှာဖွေလိုက်ပါသည်။ ရထားလုံး၏ အောက်ဘက်၊ အတွင်းဘက်နှင့် ဘေးပတ်ဝန်းကျင်က လမ်းကြားများတွင်ပင် သေချာရှာဖွေကြည့်သော်လည်း အလောင်း၏ အစအနကိုမူ လုံးဝကို ရှာဖွေ၍ မတွေ့ခဲ့ပါချေ။
“မင်းစိတ်မမှန်ပဲ မြင်ချင်ရာတွေ မြင်နေခဲ့တာများလား” တပ်မှုးက မျက်မှောင်ကြုံ့ရင်းနှင့် မေးလိုက်ခြင်းဖြစ်ပါသည်။
“ကျုပ် ကျုပ်တကယ်မြင်…”
ရထားလုံးဆိုင်ရှင်မှာ မျက်ရည်ကျလုဆဲဆဲ အခြေအနေ ဖြစ်နေခဲ့ချေပြီ
ကျန်းဖုကွမ်းက ဓားတချက်ထဲနဲ့ပင် ခေါင်းဖြတ်လိုက်သည်ကို မြင်ခဲ့သည် မဟုတ်ပါလား။ ဒါဆိုရင် အလောင်းက ဘယ်ရောက်သွားတာလဲ”
“သူက အခုလေးတင် ဓားနဲ့ လူသတ်ခဲ့တာ။ သူ့ကို ရှာကြည့်ပါ ဓားကို တွေ့လိမ့်မယ်”
ရထားလုံးဆိုင်ရှင်က ခပ်မြန်မြန်ပင် ကျန်းဖုကွမ်းအား လက်ညှိုးထိုးကာ စွပ်စွဲတော့လေသည်။
“ဓားကို ကိုင်တာက ပြစ်မှုမြောက်တာပဲလား” ကျန်းဖုကွမ်းက အေးစက်စွာနှင့် မေးလိုက်ပါသည်။