← Chapters

အခန်း (၂၆၉)

Vol. 24 Ch. 269

အခန်း (၂၆၉)

Vol. 24 Ch. 269

မြို့စောင့်တပ်မှုးမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးပြီးသည့်နောက် သံသယဖြစ်ဖွယ်မည်သည့်အရာမှကို မတွေ့သောကြောင့် ဆိုင်ရှင်အား ပြသနာထပ်မရှာရန် သတိပေးကာ ပြန်ထွက်သွားခဲ့ပါသည်။

ဝိုင်းအုံကြည့်ရှုနေသည့် လူအများထွက်သွားပြီးသည့်နောက်တွင် ရထားလုံးဆိုင်ရှင်မှာ အားတုံ့အားနာစွာ ပြုံးပြလိုက်ပြီးနောက်

“ကျုပ် တကယ်ပဲ တောင်းပန်ပါတယ်ဗျာ နေ့လည်က သေရည်သောက်တာများပြီး ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တာနေမယ်။ ကျေးဇူးပြုပြီး စိတ်မရှိကြပါနဲ့”

“ဒီကိုလာတာက ရထားလုံးဝယ်ယူချင်လို့မဟုတ်လား။ ကြိုက်တာသာ ရွေးပါ။ အကောင်းဆုံးဈေးနှုန်းနဲ့ ဆုံးဖြတ်ပေးပါ်မယ်” သူက ခပ်မြန်မြန်ပင် ထပ်ပြောလိုက်ပါသည်။

ထိုလူနှစ်ယောက်က အလောင်းကို မည်ကဲ့သို့ ဖျောက်လိုက်မှန်းမသိသည့်တိုင် ထိုသူတို့ကသာ ဆန္ဒရှိပါက သူ့ကိုပင်လျှင် ဤလောကကြီးမှ ဖျောက်ပစ်နိုင်စွမ်းရှိသည်ဟု သူက သေချာကို ခံစားသိရှိနေခဲ့ရလေ၏။

ထို့ကြောင့်သူက ထိုသူများနှင့် ခပ်မြန်မြန်ပင် ဆက်ဆံရေးကောင်းအောင် ကြိုးစားလိုက်ပါသည်။

“စိတ်မပူပါနဲ့၊ ကျုပ်တို့က လူကောင်းတွေမဟုတ်ဘူး” လီချန်ချင်းက အပြုံးတခုနှင့် ဆိုလိုက်ပါသည်။

“ဘာကိုပြောတာပါလဲ”

ဆိုင်ရှင်က ရုတ်တရက်ဆိုတော့ ကြောင်အသွားခဲ့ပါ၏။

“အိုး မဟုတ်ပါဘူး။ ကျုပ်တို့က လူဆိုးတွေမဟုတ်ပါဘူးလို့ ပြောတာပါ” လီချန်ချင်းက ခပ်ဖျော့ဖျော့ပြုံးရင်းနှင့် စကားအမှားကို ပြင်ဆင်လိုက်ပါသည်။

“စိတ်မကောင်းပါဘူးဗျာ။ ကျုပ်ပါးစပ်က မတော်တဆ အမှန်တရားကို ထုတ်ပြောလိုက်မိတယ်”

“ကြိုက်တဲ့ ရထားလုံးကိုသာ ရွေးလိုက်ပါ။ တဝက်ဈေးနဲ့ ရမယ်နော်”

ဆိုင်ရှင်မှာ တုန်ရီစွာဖြင့်ပြောလိုက်ပါသည်။

“တကယ်လား၊ သေချာလား”

လီချန်ချင်းမှာလည်း အံ့အားသင့်သွားခဲ့ပါ၏။

“သေချာတာပေါ့ဗျာ” ဆိုင်ရှင်က ခိုင်မာနေသည့်အမူအရာနှင့် ပြောလိုက်ပါသည်။

“မိတ်ဆွေဖွဲ့ရအောင်”

“ဒီလိုမျိုး ရက်ရောမှုကိုတော့ ကျုပ်က မငြင်းဆန်တော့ပါဘူး”

နောက်ဆုံးတော့ လီချန်ချင်းမှာ ငွေစနှစ်ရာတန်သည့် ခမ်းနားသည့်ရထားလုံးကို ဝယ်ယူခဲ့ပါသည်။ ဆိုင်ရှင်က ငွေစခုနစ်ဆယ်သာ ပေးရန်အတွက် အတင်းအကြပ် ပြောဆိုခဲ့ပါသည်။

ထို့နောက်တွင် မြင်းနှင့် အစေခံများကိုလည်း ဝယ်ယူခဲ့ကြပြန်ပါ၏။ တနေကုန် ဈေးဝယ်နေသောကြောင့် အလုပ်များရှုပ်နေကြရပြီး သူတို့၏ အိမ်အသစ်ကို ရောက်သည့်အခိုက်တွင် အတော်လေးကို မှောင်မဲနေခဲ့ပြီ။

တရက်လုံး ပစ္စည်းများဝယ်ယူနေသည့်အချိန်တွင် ကျန်းဖုကွမ်းမှာ ပုံမှန်ထက် စကားပိုနည်းနေခဲ့ပါ၏။ လီချန်ချင်းကလည်း မစပ်စုခဲ့ပါချေ။ သို့သော် လီချန်ချင်းအား သူ၏ ဇာတ်ကြောင်းကို ပြောပြရန်အတွက် လိုအပ်သည်ဟု ခံစားနေခဲ့ရပါသည်။

အစေခံခြောက်ဦးမှာ အလုပ်ကြမ်းများနှင့် ဗာဟီရကိစ္စများကို တာဝန်ယူရမည်ဖြစ်သည်။

အမျိုးသမီးအစေခံလေးဦးမှာမူ နေ့စဉ်လိုအပ်သည့်အရာများကို ဆောင်ရွက်ရန်နှင့် ကျန်းစစ်ယောင်ကို ဂရုစိုက်ပေးရန်အတွက် ထားရှိထားပါ၏။

အရာအားလုံးမှာ အဆင်သင့်ဖြစ်နေခဲ့ပြီး ညနေသို့ ရောက်သည့်အခိုက်တွင်တော့ ကုန်သည်များအစည်းအရုံးထံမှ မှာယူထားသည့် ပရိဘောဂများလည်း ရောက်လာခဲ့တော့ပါသည်။ ပစ္စည်းအစုံအလင်နှင့် နေရာချပြီးသည့်အခါမှသာ အိမ်နှင့် တူသွားခဲ့ပါ၏။

လီချန်ချင်းက အိမ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေခဲ့မိပါသည်။ သူ၏ အတိတ်ဘဝတုန်းက သူတို့မိသားစုသုံးဦးသည် ၄၀ကုဗစတုရန်းမီတာ အကျယ်ရှိသည့် သေးငယ်သော တိုက်ခန်းငယ်လေးတွင်သာ နေထိုင်ခဲ့ရပါသည်။ ယခုတွင်တော့ သူက ယခင်ဘဝနှင့်ခြားနားစွာဖြင့် ကျယ်ဝန်းလှသည့် အိမ်ကြီးအိမ်ကောင်းတွင် နေနေခဲ့ရပြီ ဖြစ်သည်။

အိမ်တလုံးနှင့် တန်ဖိုးကြီးရထားတစင်းကို ထိုကဲ့သို့ လွယ်လွယ်ကူကူနှင့် ဝယ်ယူနိုင်ခြင်းသည် သူ၏ အိပ်မက်ထဲတွင်ပင် ထည့်၍ မမက်ဖူးသော အဖြစ်အပျက်များပင် ဖြစ်ပါသည်။

“သခင်ကြီးလီ” ကျန်းဖုကွမ်းက အနားသို့ကပ်လာ၏။

“ထိုင်ပါ” ကျန်းဖုကွမ်းက ဘာကြောင့်ရောက်လာသည်ကို သိသဖြင့် လီချန်ချင်းက ထိုင်ခိုင်းလိုက်သည်။

သူက မထိုင်ပဲနှင့် တိတ်ဆိတ်စွာဖြင့်သာ အရိုအသေပေးလိုက်ပါသည်။

“ကျွန်တော်က ဒီကနေ ထွက်သွားဖို့ လာပြောတာပါ။ လူကြီးမင်းရဲ့ အသက်ကယ်တဲ့ ကျေးဇူးကို မဆပ်နိုင်သေးပေမယ့်…”

“မင်း ပေးပြီးသားပဲ မဟုတ်လား”

လီချန်ချင်းက သူ့အား စိုက်ကြည့်လိုက်သည်။

“ဟိုင်မိသားစုက ဟိုင်စုန့်ထောင်ကလည်း မင်းလက်ထဲမှာပဲ သေသွားခဲ့တာမဟုတ်လား။ ပြီးတော့ ဆုမိသားစုက ငါ့ကို ပြသနာရှာချင်ပေမဲ့ သူတို့လုံးဝကို ရောက်မလာခဲ့ကြဘူး။ နောက်ပိုင်းကျတော့ အမည်ပျက်စာရင်းထဲမှာ ရှိတဲ့ မူလအဆင့်ကျွမ်းကျင်သူနှစ်ဦးက ချန်ထင်မြို့မှာ သေဆုံးသွားတယ်လို့ ပိုင်ကျင့်ဖေးက ငါ့ကို ပြောခဲ့တယ်။ ငါသာ မမှားဘူးဆိုရင် ဒါတွေအကုန်လုံးက မင်းရဲ့လက်ချက်ပဲ မဟုတ်လား”

ကျန်းဖုကွမ်း၏ လှုပ်ရှားမှုကို မျက်မြင်ကိုယ်တွေ့မြင်ပြီးသည့်နောက်တွင် လီချန်ချင်းက အကုန်လုံးကို နားလည်သွားခဲ့ပါတော့သည်။

“အသက်နည်းနည်းက သခင်ကြီးရဲ့ ကြင်နာမှုကို မပေးဆပ်နိုင်ပါဘူး”

ကျန်းဖုကွမ်းက ခိုင်မာသည့်အမူအရာနှင့် ပြောဆိုခဲ့ပါသည်။

“ပေါက်စီနည်းနည်းလေးပါကွာ။ ဘာမှ ပြသနာမရှိဘူး”

လီချန်ချင်းက သူ့ခေါင်းကို ခါလိုက်သည်။

“သခင်ကြီးအတွက်တော့ ဟုတ်မှာပါ။ ကျွန်တော့်အတွက်တော့ အဲ့ဒါက အရာအားလုံးပါပဲ”

ကျန်းဖုကွမ်းက ဆက်ပြောသည်။

“သခင်ကြီးရဲ့အနားမှာ ကျွန်တော်က ဆက်နေချင်ပေမယ့် အခု ကျွန်တော့်ရဲ့ သရုပ်မှန်က ပေါက်ကြားသွားပြီမို့လို့ နောက်ထပ် အန္တရာယ်တွေ ထပ်မဖြစ်အောင် ကျွန်တော် ထွက်သွားမှပဲ ဖြစ်လိမ့်မယ်”

“ကျွန်တော် အကူအညီတခုပဲ တောင်းချင်ပါတယ်”

သူက တုန့်ဆိုင်းစွာဖြင့် ပြောလိုက်ပါသည်။

“စစ်ယောင်လေးကို စောင့်ရှောက်ခိုင်းစေချင်တာမို့လား”

လီချန်ချင်းက သူ့အတွေးကို ရိပ်မိခဲ့ပါသည်။

ကျန်းဖုကွမ်းက လေးနက်စွာဖြင့် ခေါင်းညိတ်ပြခဲ့ပါသည်။

သူ့ သမီးလေးမှာ အန္တရာယ်ထဲသို့ ကျရောက်နေမည်ဖြစ်ပြီး သူက သမီးဖြစ်သူကို ယုံကြည်စွာ အပ်နှံခဲ့ရမည့်လူ မရှိနေခဲ့ပါချေ။ လီချန်ချင်း၏ ပုံစံမှာ ကျန်းစစ်ယောင်ကို အမှန်တကယ်ပင် ဂရုစိုက်သည့်ဟန်ပန်ရှိလေ၏။

“ကိုယ့်သမီးကို ကိုယ့်ဘာသာကိုယ်ပဲ စောင့်ရှောက်ပါ” လီချန်ချင်းက တွေဝေခြင်းမရှိပဲ ငြင်းဆန်လိုက်ခဲ့သည်။

ကျန်းဖုကွမ်းမှာ ထိုစကားက သူမထင်မှတ်ထားသည့် စကားဖြစ်နေသောကြောင့် အံ့အားသင့်သွားခဲ့ပါသည်။ ထို့နောက်တွင် နားလည်သည့်အလားပင် ခေါင်းညိတ်ပြလိုက်ပါ၏။

“ငါနဲ့သာ အတူနေ”

လီချန်ချင်းက တည်ငြိမ်စွာပြောလိုက်သည်။

“ဘာများလဲလို့ကွာ။ မင်းကို တယောက်ယောက်က သတ်ချင်ရင် ငါတို့အတူတူ အဖြေရှာပြီး ရှင်းပစ်လိုက်မယ်လေ။ လွယ်နေပြီးသားအရာကို ရှုပ်ထွေးအောင် မလုပ်ချင်စမ်းပါနဲ့”

“ဒါပေမယ့်…”

ကျန်းဖုကွမ်းမှာ အသက်ကို ပြင်းပြင်းရှုရှိုက်လိုက်ပါသည်။

“ကျုပ်ဘယ်သူလဲဆိုတာကိုကော သိလို့လား”

လီချန်ချင်းက ဘာစကားမှမဆိုပဲနှင့် ခပ်ကြာကြာ စိုက်ကြည့်လိုက်ပါသည်။

“သွေးအရိပ်ဂိုဏ်းလား”

ထိုဂိုဏ်းအကြောင်းကို သူကြားဖူးပါသည်။ ခြေသံလုံစွာ သတ်ဖြတ်နိုင်ခြင်းကြောင့် ကုန်းမြေတိုက်ကြီးတခုလုံးတွင် ကျော်ကြားမှုရှိသည့်ဂိုဏ်းပင်ဖြစ်သည်။

၎င်းတို့၏ လုပ်ကြံသတ်ဖြတ်သူများမှာ တာဝန်ပြင်ပအချိန်တွင် သာမန်လူများကဲ့သို့သာနေထိုင်ကြပါသည်။ လူမှုအဖွဲ့အစည်းနှင့်တသားတည်းဖြစ်အောင်ကို ရောနှောကာ နေထိုင်ကြသူများလည်း ဖြစ်၏။ တာဝန်တခုကို ရရှိပြီးသည်နှင့် သူတို့က သေစေနိုင်သောလက်နက်များကဲ့သို့ ဖြစ်သွားကြပါ၏။ သွေးအရိပ်ဂိုဏ်းမှာမြေလျှောက်အင်မော်တယ်တပါးကို လုပ်ကြံသတ်ဖြတ်ရာ၌ အောင်မြင်လုနီးပါးဖြစ်ခဲ့ပါသည်။ ထိုစကားက အနည်းငယ်ပိုလွန်းသည်ဟု ထင်ရသည့်တိုင် မြေလျှောက်အင်မော်တယ်မှာ သေလုနီးပါးဒဏ်ရာအပြင်းအထန်ရခဲ့သောကြောင့် ထိုဂိုဏ်းမှာ လေးစားခံရသည့် ဂိုဏ်းတခုအဖြစ် ရပ်တည်နေခဲ့ပါ၏။

ကျန်းဖုကွမ်းကို ပစ်မှတ်ထားသည့်လုပ်ကြံသူမှာ ထိုဂိုဏ်းမှဖြစ်ပြီး အိမ်ခြံမြေ ပွဲစားဟန်ဆောင်ထားသူလည်း ဖြစ်၏။

“သွေးအရိပ်ဂိုဏ်းရဲ့ သံမဏိစည်းမျည်းကို ကျုပ်က ချိုးဖောက်ခဲ့မိတယ်။ အဲ့ဒါကြောင့်မို့လို့ ကျုပ်မသေမချင်းကို သူတို့က လိုက်သတ်ကြလိမ့်မယ်”

ကျန်းဖုကွမ်းက ရှင်းပြခဲ့သည်။

“ဂိုဏ်းဝင်ဘယ်သူမဆို ကျုပ်ကို မြင်တာနဲ့ သူတို့က ချက်ချင်းကို သတ်ဖို့ကြိုးစားကြလိမ့်မယ်။ သခင်ကြီးနဲ့အတူနေတာက သခင်ကြီးကို အန္တရာယ်ဖြစ်စေလိမ့်မယ်”

“အရေးမကြီးဘူး”

လီချန်ချင်းက ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

“ငါပြောခဲ့ပြီးပြီပဲ။ သူတို့သာ လာရဲရင် ငါရှင်းပစ်မယ်။ ကိုယ့်ကို သတ်ဖို့ကြိုးစားတဲ့လူကို အရင်သတ်ပစ်”

ကျန်းဖုကွမ်းမှာ တစုံတခုကို ပြောလိုသည့်အလား ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြစ်နေခဲ့ပါသည်။

“စိတ်ထဲရှိတာကိုသာ ပြောပါ”

လီချန်ချင်းက လောဆော်လိုက်သည်။

“သခင်ကြီးက သွေးအရိပ်ဂိုဏ်းရဲ့ စွမ်းအားကို လျော့တွက်ထားတာ ဒါမှမဟုတ် ကောင်းကောင်းနားမလည်တာပဲ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ လုပ်ကြံမှုက ကာကွယ်နိုင်ဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်ဘူး။ ဒီနေ့ လူသတ်သမားက ဂိုဏ်းထဲမှာဆိုရင် တော်တော့်ကို သာမန်ဆန်ပြီး ညံ့လွန်းတဲ့အနေအထားမှာ ရှိတယ်။ ကျုပ်တို့မှာ လုံးဝကို ကျွမ်းကျင်ပြီး ခြေသံလုံတဲ့ အဆင့်မြင့်ပညာရှင်တွေ အများကြီး ရှိသေးတယ်”

“သူတို့ရဲ့ တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းလို့ သတိဝင်လာတဲ့အချိန်မှာဆိုရင် သေနေပြီ။ ကျုပ်တို့ဂိုဏ်းက ပြစ်မှတ်ထားခံလိုက်ရပြီဆိုရင် အထားခံလိုက်ရတဲ့လူက ကြောက်လွန်းလို့ တုန်ရီနေတာကိုတောင် မြင်ဖူးတယ်”

“အတိုက်ခိုက်ခံရတာကို သိလိုက်တဲ့အချိန်မှာ ကိုယ့်လည်ပင်းက အလှီးခံလိုက်ရပြီးပြီ”

လီချန်ချင်းက သွေးအရိပ်ဂိုဏ်းကို လျှော့မတွက်စေရန်အလို့ငှာ ကျန်းဖုကွမ်းမှာ အာပေါက်မတက်ကို ရှင်းပြနေခဲ့ပါသည်။

All Chapters