← Chapters

အခန်း (၂၇၂)

Vol. 24 Ch. 272

အခန်း (၂၇၂)

Vol. 24 Ch. 272

ကျန်းဖုကွမ်းမှာ ထိုလူကို စိုက်ကြည့်ပြီးနောက်တွင် လီချန်ချင်းအား ပြန်ကြည့်လိုက်၏။ လီချန်ချင်းမှာ မိုးရွာတာကိုသာ ငေးမောနေရင်း တိတ်တဆိတ်သာ ရှိနေပါသည်။

လီချန်ချင်းက ဘာမှ မပြောသောကြောင့် ကျန်းဖုကွမ်းမှာလည်း ဝင်မစွက်ဖက်ပါချေ။

“ဒီနေရာကို လာတဲ့လူတိုင်းက ဧည့်သည်တွေကြီးပါပဲ။ သူတို့ကို နှင်ထုတ်စရာ မလိုပါဘူး” လီချန်ချင်းက ကျန်းဖုကွမ်းအား ပြောလိုက်ပါသည်။

သူပြောပြီးပြီးချင်းမှာပင် လမ်းကြားလေးထဲသို့ ဝင်လာသော ခြေသံများစွာတို့ကို ကြားလိုက်ရပါတော့သည်။

သေရည်ဆိုင်ထဲသို့ ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့် မိုးကာများကို ဝတ်ဆင်ထားသည့် စစ်သားငါးယောက်ဝင်လာခဲ့ပါသည်။ သူတို့၏ အကြည့်များမှာ သေရည်ဆိုင်၏ ထောင့်များပင် မကျန်အောင်ကို စေ့စေ့ကြည့်နေကြပါသည်။

သူတို့က ဤလမ်းကြားထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည့် မုဒိမ်းကောင်နောက်သို့ လိုက်ဖမ်းနေကြခြင်းဖြစ်ပါသည်။

“ကြိုဆိုပါတယ်”

လီချန်ချင်းက အပြုံးနှင့် ပြောလိုက်သည်။

“မင်းပဲလား”

တပ်မှုးမှာ လီချန်ချင်းနှင့် ကျန်းဖုကွမ်းကို မြင်ပြီးနောက် အော်ဟစ်လိုက်သည်။

“ဒါက မင်းရဲ့ ဆိုင်လား”

ထိုတပ်မှုးမှာ လွန်ခဲ့တဲ့ရက်နည်းနည်းက လီချန်ချင်းတို့အား လူသတ်မှုနှင့် ဖမ်းရန် စွပ်စွဲတိုင်ကြားခြင်းကို ခံရသည့် တပ်မှုးပင် ဖြစ်ပါသည်။

“တိုက်ဆိုင်လိုက်တာများ”

လီချန်ချင်းက ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်။ ဒါက ကျုပ်ရဲ့ဆိုင်ပဲ”

“ဟင်း”

တပ်မှုးက ခေါင်းညိတ်ပြသည်။

“ထောင်ထောင်မောင်းမောင်းနဲ့ လူတယောက် ပြေးဝင်လာတာကို တွေ့လိုက်လား”

“သူက စားပွဲခုံအောက်မှာ ပုန်းနေတာလေ”

လီချန်ချင်းက ထိုသူပုန်းနေသည့် နေရာသို့ မေးဆတ်ပြလိုက်သည်။

ထိုကိုယ်ကာယကြံ့ခိုင်သောလူ ပန်းနင်သည် ဒေါသတကြီးနှင့် ဟစ်ကြွေးကာ လီချန်ချင်းကို သတ်ဖြတ်ချင်သည့်အကြည့်နှင့် ကြည့်လိုက်ပါ၏။

“သေချင်နေတာပဲ”

“ပန်းနင် မင်းမလွတ်ပါဘူး”

တပ်မှုးက အော်လိုက်သည်။

ပန်းနင်က လျင်မြန်စွာ ရွေ့လျားကာ လီချန်ချင်းအား ဓားနှင့်လည်မျိုကို ထောက်ကာ ဓားစာခံယူရန် လုပ်လိုက်ပါသည်။

“နောက်ဆုတ်ကြစမ်း၊ ဒီလူ့ကို သတ်ပစ်လိုက်မယ်”

စစ်သားများက ရပ်တန့်သွားကြသည်။ သူ့အား ထပ်မံ၍ ရန်မစရဲကြတော့ချေ။ မြို့၏ ငြိမ်းချမ်းရေးမှာ သူတို့၏ တာဝန်ဖြစ်ပြီး မြို့ခံလူကို ဓားစာခံလုပ်ထားသောကြောင့် သူတို့ကလည်း အရမ်းကာရော မလှုပ်ရှားရဲကြပါချေ။

လေထုထဲတွင် တင်းမာမှုများနှင့် ပြည့်နှက်လာခဲ့ပါသည်။

ကျန်းဖုကွမ်းမှာ ပျင်းရိစွာဖြင့် တချက်သမ်းဝေလိုက်ပါသည်။

“နံရံကို ကြည့်ပါ”

လီချန်ချင်းက လက်ညှိုးညွှန်ပြလိုက်သည်။

ပန်းနင်က သူလက်ညှိုးညွှန်ပြရာနေရာသို့ ကြည့်လိုက်ရာ စာရွက်များကပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုစာရွက်များပေါ်တွင် စည်းကမ်းချက်အချို့ရေးထားသည်ကို မြင်တွေ့ရပါ၏။

ပထမစည်းကမ်း - ချန်ချင်းအရက်ဆိုင်တွင် ဆူညံမှုများ၊ သောင်းကျန်းမှုများကို ခွင့်မပြု။ ကျူးလွန်သူကို ဆိုင်မှ ရာသက်ပန်ပိတ်ပင်သည်

ပန်းနင်က လှောင်ပြောင်ကာ သရော်လိုက်၏။

“မင်းရူးသွားပြီလား။ မင်းအခု ဘယ်အခြေအနေကို ရောက်နေတာလဲဆိုတာကိုကော သိရဲ့လား”

ပန်းနင်စကားပြောမပြီးခင်မှာပင် သူ့လည်မျိုကို ထောက်ထားသော ဓားသွားကို လီချန်ချင်းက နှစ်ပိုင်းချိုးလိုက်သည်။ ဓားသွားကျိုးသည့်အသံမှာ ဟိန်းထွက်သွားခဲ့ပြီး ဓားကျိုးမှာ အပြင်သို့ပျံထွက်ကာ လမ်းတဖက်ရှိ သစ်သားနံရံတွင် စိုက်ဝင်သွားခဲ့ပါသည်။

ပန်းနင်မှာ ထိတ်လန့်သွားခဲ့ပါသည်။

နောက်တခဏတွင် အင်အားတရပ်မှာ သူ့အပေါ်သို့ လွှမ်းခြုံသွားခဲ့ပါ၏။

ပန်းနင်မှာ မိုးရေထဲသို့ ပစ်ကျသွားခဲ့ပါသည်။ သူ၏ လက်မောင်းနှစ်ဖက်လုံးမှာ ကျိုးပျက်နေပြီး နာကျင်လှလွန်းသောကြောင့် အသံကုန် ဟစ်ကြွေးနေခဲ့ပါတော့၏။

စစ်သားများမှာလည်း တူညီစွာဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြပါသည်။ ပန်နင်းလိုမျိုး ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိပြီး နာမည်ကြီးမုဒိန်းကောင်မှာ လီချန်ချင်း၏ လက်ချက်နဲ့ အခုလို လွယ်လွယ်လေး အကိုင်ပေါက်ခံလိုက်ရတယ်လား

“သူ့ကိုဖမ်း”

တပ်မှုးက အမိန့်ပေးလိုက်ပါသည်။

တပ်သားများမှာ ခပ်မြန်မြန်ပင် လှုပ်ရှားလိုက်ကြပါ၏။

“နောက်ဆုံးမှာတော့ မိပြီ”

တပ်မှုးက သက်ပြင်းမောကို မှုတ်ထုတ်ပြီးနောက်တွင် လီချန်ချင်းကို ကျေးဇူးတင်လိုက်၏။

“စီနီယာရဲ့ ကျေးဇူးကြောင့်ပဲ ဒီလူကို ဖမ်းမိတာ။ ဒီလူကြောင့် မြို့ထဲက လူငယ်တိုင်းက နစ်နာခဲ့ကြရတာ။ လူငယ်လေးတွေကိုပဲ ရွေးပြီးမုဒိန်းကျင့်တဲ့ မုဒိန်းကောင်က စီနီယာဖမ်းပေးလို့ပဲ နောက်ဆုံးတော့ မိခဲ့ပြီ။ သူ့ကို ဖမ်းဖို့အတွက် ကျွန်တော်တို့က တော်တော်လေးကို အားစိုက်ခဲ့ရတာပါ”

“အင်း ပြသနာမရှိပါဘူး… နေဦး” လီချန်ချင်းက တခဏမျှ တန့်သွားပြီးနောက်

“နစ်နာသွားတဲ့လူငယ်လေးတွေ?”

“လူငယ်တွေ၊ ဟုတ်တယ်” တပ်မှုးက ထောက်ခံသည်။ “သူက ယောကျ်ားတွေကိုပဲ ရွေးပြီး မုဒိန်းကျင့်တာ”

လီချန်ချင်းက တဆတ်ဆတ် တုန်ရီသွားပြီး ပန်းနန်ကို ကြည့်သော အကြည့်များပင် ပြောင်းလဲသွားခဲ့ပါသည်။

ပန်းနင်က လီချန်ချင်းကို စိုက်ကြည့်ရင်း “ဒီနေ့ မင်းလက်ထဲမှာ ငါရှုံးနိမ့်ခဲ့တယ်။ ငါပြန်လွတ်တဲ့နေ့ကျရင် မင်းကို ငါမုဒိန်းကျင့်ပစ်မယ်”

လီချန်ချင်းမှာ စိတ်ထဲမှာ ကျိန်ဆဲလိုက်လေ၏။ ထိုသူ့အား အခုပင် ရိုက်သတ်ပစ်လိုက်သင့်သည်ဟု သူတွေးနေခဲ့မိသည်။

နံဘေးက ကြည့်နေသည့် ကျန်းဖုကွမ်းမှာမူ တဟဲဟဲနှင့် သဘောကျနေခဲ့ပါ၏

“မင်းက ဘာတွေကို ရယ်နေတာလဲ။ အဲ့ကောင်ကို မုဒိန်းကျင့်ပြီးရင် ရယ်နေတဲ့မင်းကိုပါ ထပ်ကျင့်မှာကွာ”

ပန်းနန်က ကျန်းဖုကွမ်းကို ထပ်ခြိမ်းခြောက်လိုက်သည်။

ကျန်းဖုကွမ်းမှာ ဆွံ့အသွားခဲ့သည်။

ဘာလို့ ငါ့ကိုပါ ဆွဲထည့်တာလဲ

“ပါးစပ်ပိတ်”

တပ်မှုးက တချက်ထိုးလိုက်၏။

“ဒီက တပ်မှုးနာမည်က”

လီချန်ချင်းက မေးလိုက်ပါသည်။

“ကျွန်တော်က ရှောင်လျိုပါ” တပ်မှုးက မိတ်ဆက်သည်။

“လီချန်ချင်း” လီချန်ချင်းကလည်း ပြန်လည်မိတ်ဆက်လိုက်ပါသည်။

“ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်။ ခွင့်ပြုပါဦး” ရှောင်လျိုက ကျေးဇူးတင်စကားပြောကာ သူ၏ လူများကို ဦးဆောင်ပြီး ပြန်ထွက်သွားခဲ့၏။

လီချန်ချင်းက ပန်းနင်အဖမ်းခံရသည်ကို စိုက်ကြည့်နေခဲ့ပါသည်။

“ဖုကွမ်း”

“သခင်ကြီး”

“ဒီည အဲ့ကောင်ကို ရှင်းပစ်လိုက်၊ သူ့ကို ထောင်ထဲမှာပဲ သေသွားပါစေ”

“အဲ့လိုလုပ်ဖို့ပဲ ကျွန်တော်တွေးထားတယ်”

နှစ်ယောက်မှာ သဘောတူညီမှုရသွားခဲ့သည်။

ထိုကဲ့သို့ လူ၏ ပြစ်မှတ်အဖြစ်ခံရခြင်းမှာ သွေးအရိပ်ဂိုဏ်း၏ ပြစ်မှတ်ဖြစ်ခြင်းထက် ပိုဆိုးလှပေသည်။

ပန်းနန်၏ ကျင့်ကြံခြင်းမှာ လီချန်ချင်းထက်ကော ကျန်းဖုကွမ်းထက်ပါ နိမ့်သည်တိုင် ထိုကဲ့သို့ လိင်တူချစ်သူမုဒိန်းကောင်၏ ပြစ်မှတ်ထားခြင်းကိုခံရသည့် အတွေးတခုနှင့်ပင် လီချန်ချင်းတို့မှာ အော့အန်ချင်နေကြပြီ

ထိုညတွင် ကျန်းဖုကွမ်းက ထောင်ထဲမှ ပန်းနန်ကို သတ်ရန်အတွက် တိတ်တဆိတ်ထွက်သွားခဲ့ပါတော့သည်။

နောက်တနေ့ နေ့လည်ခင်းတွင် ရာသီဥတုမှာ မနေ့ကထက်စာရင်တိုးတက်လာသည်ဟု ပြော၍ရသော အခြေအနေဖြစ်ပေသည်။

ရှောင်လျိုနှင့် သူလူများက လီချန်ချင်း၏ အရက်ဆိုင်သို့ တဖန်ပြန်ရောက်လာခဲ့ကြ၏။

“စီနီယာချန်ချင်း” ရှောင်လျိုက ရိုသေစွာ နှုတ်ဆက်လိုက်သည်။

“ကျုပ်ကို လူကြီးမင်းလီလို့သာ ခေါ်ပါ။ ကျုပ်က အရက်ဆိုင်ပိုင်ရှင်လေးပါပဲ”

လီချန်ချင်းက ဂုဏ်ပုဒ်များကို အသားမကျသေးပေ။

“ဒါဆိုလည်း လူကြီးမင်းလီပေါ့” ရှောင်လျိုက ပြောသည်။

“မနေ့ကတုန်းက အမြန်သွားလိုက်ရလို့ပါ။ လူကြီးမင်းရဲ့ သေရည်ဆိုင်က အချိန်ဖြုန်းလို့ကောင်းမယ်ထင်လို့ ညီအစ်ကိုတွေကိုပါ ခေါ်လာခဲ့တာပါ”

“ကျေးဇူးပြုပြီး ကြွပါ”

လီချန်ချင်းက သူတို့အဖွဲ့အား အတွင်းသို့ ဦးဆောင်ခဲ့လိုက်ပါသည်။

“လူကြီးမင်းလီတော့ သိမှာမဟုတ်ဘူး။ မနေ့က ဖမ်းမိတဲ့ မုဒိန်းကောင်က အကျဉ်းထောင်ထဲမှာပဲ ဆုံးသွားပြီ”

ရှောင်လျိုက သူ့ကို သတင်းပေးလိုက်ပါ၏။

“အို အဲ့သလိုလား” လီချန်ချင်းက အံ့အားသင့်ချင်ဟန်ဆောင်လိုက်ပါသည်။

“လူသတ်သမားက ဘာသဲလွန်စမှကို မချန်သွားခဲ့ဘူး။ လူကြီးမင်းချန်ချင်း တခုခုသိထားတာရှိရင် ကျွန်တော်တို့ကို အကြောင်းကြားပေးဖို့ မျှော်လင့်ပါတယ်”

ထိုလူသတ်မှုမှာ လီချန်ချင်းနှင့် ပတ်သက်နေလိမ့်မည်ဟု ရှောင်လျိုက ခံစားနေခဲ့ရပါသည်။ သို့သော် လီချန်ချင်းကို ကောင်းကောင်းမသိသည့်အပြင် သက်သေလည်း ရှိမနေပါသောကြောင့် သူက ဘာမှကို လက်ဆုပ်လက်ကိုင် ပြနိုင်ခြင်း မရှိနေခဲ့ပါချေ။

“ဒါပေါ့ ကျုပ်က တခုခုသိရင် တပ်မှုးရှောင်ကို အကြောင်းကြားပေးမှာပေါ့”

လီချန်ချင်းက ပြုံးလိုက်ပါသည်။

“ဘာများသောက်ချင်ပါသလဲ။ ကျုပ်တို့မှာ မက်မွန်ပန်းဝိုင်ရယ် အရက်ပြင်းရယ်ရှိတယ်ဗျာ”

“တပ်မှုး အရက်ပြင်းပဲချရအောင်ဗျာ။ မက်မွန်ပန်းဝိုင်က အမျိုးသမီးတွေအတွက်နဲ့ တူတယ်ဗျ”

မုတ်ဆိတ်မွှေးများရှိသော စစ်သားတယောက်က ဝင်ပြောသည်။

“အရက်ပြင်းက နာမည်ထဲကအတိုင်း တကယ်ရှယ်ကို ပြင်းတာနော်”

လီချန်ချင်းက သတိပေးလိုက်ပါသည်။

“ဟားဟား အဲ့လိုပဲဖြစ်ရမယ်လေ။ မပြင်းရင် အရက်သောက်တာက ဘာအဓိပ္ပာယ်ရှိလိမ့်မတုန်း”

ထိုသူက အားပါးတရ ရယ်မောကာ ပြော၏။

“အမြည်းက လေးမျိုးပဲရှိတာလား။ အဲ့ဒါဆိုရင်လည်း လေးမျိုးလုံးချပေးဗျာ”

အနည်းငယ်ပိန်ပါးသည့်လူက ဝင်ပြောလိုက်ပြန်သည်။

“ခဏလောက်စောင့်ပေးပါ”

လီချန်ချင်းက အတွင်းသို့ ဝင်ကာ အမြည်းပြင်ဆင်လိုက်ပါသည်။

ကျန်းဖုကွမ်းမှာမူ အရက်ငှဲ့ပေးသည့် တာဝန်ကိုယူထားရပါ၏။

မကြာမီ သောက်စရာများက အဆင်သင့်ဖြစ်လာတော့သည်။ လီချန်ချင်းက အရက်ခွက်အစား ပန်းကန်လုံးများကိုသာ ချပေးထားခဲ့ပါသည်။ ထိုကဲ့သို့သော အမျိုးအစားသေရည်များမှာ ကြီးမားကျယ်ပြန့်သည့် ပန်းကန်လုံးများနှင့်သာ အားပါးတရသောက်ကောင်းသည့်အရက်များဖြစ်သောကြောင့်ပင်။

“ဖြည့် ဖြည့်ပါဟ”

မုတ်ဆိတ်နှင့်လူမှာ စိတ်မရှည်တော့ပဲ လောဆောနေပါသည်။ သူက အရက်ကို အလွန်ကြိုက်နှစ်သက်သည့်ဟန်ပင်။

ကျန်းဖုကွမ်းက လူတိုင်း၏ ခွက်ထဲသို့ အရက်များလိုက်ငှဲ့ပေးနေသည်။

ချက်ချင်းပင် အရက်၏ ပြင်းရှရှရနံ့က လူတိုင်း၏ နှာဝသို့ ရိုက်ခတ်သွားခဲ့ပါသည်။

အနံ့ရရုံနဲ့တင် အရက်ပြင်းဆိုသည်ကို အတက်ပြောနိုင်ပါ၏။

မုတ်ဆိတ်မှာ မစောင့်ဆိုင်းနိုင်တော့ပဲ ဂလုဂလုနှင့် မော့ချလိုက်၏။

သူက ပြန်ထွေးထုတ်လုမတက်ပင်

အရက်ပြင်းမှာ မြင်းရိုင်းတကောင်လို သူ့လည်ချောင်းထဲသို့ ဒုန်းစိုင်းပြေးဆင်းသွားခဲ့သည်။ စစ်တပ်ကြီးတတပ်လုံးက လည်မျိုထဲ ပြေးဆင်းသွားသလိုပင်။

ထိုခံစားချက်မှာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည့်အလားပင်။

သူ အရင့်အရင်က သောက်ခဲ့ဖူးသော အရက်များနှင့် လားလားမျှပင် မဆိုင်ပါချေ။

ချက်ချင်းပင် သူ့မျက်နှာမှာ အနီရောင်သို့ ပြောင်းသွားခဲ့ပါသည်။

ကျန်သောသူများမှာလည်း တူညီစွာ လန့်သွားကြ၏။ သို့သော် သူတို့၏ မျက်နှာထားမှာမူ ကျေနပ်နေခဲ့ကြပါသည်။

“ကောင်းလိုက်တဲ့သေရည်”

မုတ်ဆိတ်က အားပါးတရ အော်ဟစ်လိုက်သည်။

“ယောကျ်ားအစစ်တွေက ဒါမျိုးကို သောက်သင့်တာကွ” နောက်ထပ် စစ်သားတယောက်ကလည်း ဖြည့်စွက်ကာ ပြောလိုက်ပါသည်။

အရက်က သာမန်မဟုတ်သဖြင့် ရှောင်လျိုပင်လျှင် မယုံကြည်နိုင်အောင် ဖြစ်သွားပါ၏။

အမြည်းမရောက်သေးခင်မှာပင် သေရည်တအိုးကုန်နေခဲ့ပြီ

မကြာမီ နောက်ထပ် တအိုးထပ်မှာကြပါသည်။

စစချင်းတုန်းက တအိုးကို ငွေစငါးစက ဈေးများသည်ဟု တွေးခဲ့ကြသော်လည်း မြည်းစမ်းကြည့်ပြီးသည့်အခါတွင်တော့ တန်လွန်းသည်ဟု တညီတညွတ်တည်း သဘောတူညီခဲ့ကြပါသည်။

All Chapters