အခန်း (၂၇၃)
Vol. 24 Ch. 273
မကြာမီတွင် လီချန်ချင်းက အမြည်းများကို ယူလာခဲ့ပါသည်။
အခြားသော အမြည်းများမှာ အဆင်ပြေကြသည်။ သို့သော် ကြက်ဥမြေပဲများမှာမူ သူတို့ တခါဖူးမျှ မမြည်းစမ်းဖူးသော အရာများလည်း ဖြစ်ပါသည်။ မြည်းစမ်းကြည့်ပြီးသောအခါ ထိုအရာ၏ ထူးဆန်းကာ တုနှိုင်းမဲ့သည့်အရသာကို လုံးဝကို ကြိုက်နှစ်သက်သွားခဲ့ကြပါ၏။ ထိုအမြည်းမှာ ကျားသားရေငြုတ်ကောင်းမှုန့်၏ စပ်သောအရသာနှင့် အစပ်အဟပ်မှာ ပြင်းသောသေရည်နှင့် လိုက်ဖက်နေခြင်းကြောင့် ဖြစ်သည်။
သူတို့က ဖုံးကွယ်နေသောစိန်တုံးကဲ့သို့ သိုဝှက်ထားသည့်သေရည်ဆိုင်ကောင်းကို ရှာတွေ့ခဲ့သလို ခံစားခဲ့ရသည်။
သေရည်အိုးသုံးအိုးကို သောက်သုံးပြီးသည့်နောက်တွင် လူတိုင်းက စတင်၍ မူးလာကြပြီ ဖြစ်၏။
မုတ်ဆိတ်က မယုံနိုင်အောင်ဖြစ်နေပါသည်။ သူက ပုံမှန်ဆိုရင် သေရည်၇အိုးခန့် အပြုံးမပျက်သောက်နိုင်သော်လည်း ယခု သုံးအိုးခန့်နှင့်ပင် လည်ထွက်နေခဲ့ချေပြီ။
“ကောင်းလိုက်တဲ့သေရည်ကွာ”
မုတ်ဆိတ်က ပျော်ရွှင်စွာနှင့် ရေရွတ်လိုက်ပါသည်။
“ဆိုင်ရှင် ကျုပ်ကို နှစ်အိုးပေးပါဦး”
လီချန်ချင်းက သက်ပြင်းချလိုက်သည်။ သူက ခေါင်းကိုခါထားပြီးနောက်တွင် နံရံထက်ရှိ ဆိုင်းဘုတ်ကို လက်ညှိုးညွှန်ပြလိုက်ပါသည်။
“ကျုပ်တို့ချန်ချင်းသေရည်ဆိုင်မှာ စည်းကမ်းရှိတယ်။ ဒီမှာပဲ သောက်လို့ရတယ်။ ယူသွားလို့မရဘူး”
“ဘာ?”
“ဆိုင်ရှင်လူကြီးမင်းရယ် ကျုပ်ကို နှစ်အိုးလောက်တော့ ထုတ်ပေးလိုက်ပါဗျာ” မုတ်ဆိတ်က မတရားခံရသလို အောက်ကျို့ကာ ပြောလိုက်ပါ၏။
“စည်းကမ်းက စည်းကမ်းပဲ။ ဖောက်ဖျက်လို့မရဘူး။ သောက်ချင်ရင် ဒီလာသောက်” လီချန်ချင်းက ပြတ်သားစွာဖြင့် ပြောလိုက်ပါသည်။
သူ၏ အရက်များမှာ လူကြိုက်များမည်ဆိုသည်ကို လီချန်ချင်းက သေချာသိသောကြောင့် ပါဆယ်ယူသွားခွင့်မပြုခြင်းဖြစ်ပါသည်။ ပါဆယ်ယူသွားပါက လူများစွာက သောက်ကြပြီး ဝယ်ယူသူများပြားလာကာ အရက်ကို ဝယ်လိုအားနှင့် ညီမျှအောင် အများအပြားချက်လုပ်နေရပေမည်။ သူက ဤအရက်ဆိုင်ကို ငွေရအောင် ဖွင့်လှစ်ခြင်းမဟုတ်သောကြောင့် ပါဆယ်ဆွဲခြင်းကို ပြင်းထန်စွာ တားမြစ်ထားခဲ့ပါသည်။
“ဆိုင်ရှင်မှာ သူ့စည်းမျဉ်းနဲ့ရှိတယ်။ မင်းက စည်းကမ်းကို ဖောက်ဖျက်ရင် အပြင်ကို ကိုင်ပေါက်ခံရလိမ့်မယ်”
ရှောင်လျိုက ဟာသလုပ်၏။
မုတ်ဆိတ်က ထိုသတိပေးစကားကြောင့် တုန်ရီသွားပါသည်။
ပန်းနင်ကို ကိုင်ပေါက်လိုက်သည့် လီချန်ချင်း၏ ပုံရိပ်မှာ သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့ပါသည်။
ပန်းနင်က ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်တွင်ဖြစ်သည်။
ထိုဆန်းကြယ်သော သေရည်ဆိုင်ရှင်မှာ မူလအဆင့်ဖြစ်တန်ရာ၏။
နောက်ရက်များမှာ စ၍ ရှောင်လျိုနှင့် သူ့အဖွဲ့သားများမှာ လီချန်ချင်း၏အရက်ဆိုင်သို့ ခဏခဏရောက်လာကြပါ၏။
သူတို့တင်မဟုတ် သူတို့၏ အပေါင်းအသင်းများပင်လျှင် တခါရောက်လာပြီးလျှင် ဆက်တိုက်ကိုလာသည့် ပုံမှန်ဧည့်သည်များ ဖြစ်လာကြပါ၏။
သေရည်ဆိုင်၏ စီးပွားရေးမှာ ကောင်းမွန်လာခဲ့ပါတော့သည်။
သူတို့ထံမှ သတင်းအချက်အလက်မျိုးစုံကို လီချန်ချင်းက ကြားသိခဲ့ရပါသည်။
မျက်တောင်တခတ်အတွင်းမှာပင် ဆယ်ရက်ခန့် ကုန်ဆုံးသွားခဲ့ချေပြီ
လီချန်ချင်း၏ တွက်ချက်မှုအရ လီဟမ်ရှန်းက ကျန်းကောစံအိမ်ကို ရောက်ဖို့ မကြာတော့ပါချေ။
“မင်းတို့ကြားပြီးပြီလား။ မြွေဖြူလမ်းကြောင်းက စစ်ဆေးရေးမှုးတွေကို ကျားနက်ရေကန်ကို ပြောင်းရွှေ့လိုက်ပြီတဲ့”
ဆိုင်ထဲရှိတစုံတယောက်က ပြောလိုက်သည့် စကားမှာ လီချန်ချင်း၏ အာရုံကို ရရှိသွားပါတော့၏။
“မြွေဖြူလမ်းကြောင်း?”
တခြားသောလူက အံ့အားသင့်စွာရေရွတ်လိုက်ပါသည်။
“အဲ့နေရာက အရမ်းရှုပ်ထွေးတဲ့နေရာ မဟုတ်ဘူးလား။ အရင်တုန်းက အဲ့နေရာက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာလေ။ ငါကြားတာကတော့ ကျားနက်ရေကန်က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ စောင့်ကြပ်မှုအောက်မှာ ရှိတာဆို။ ကျားနက်ရေကန်က လူထုအမိန့်ကိုဆောင်ရွက်တာ ကောင်းတယ်လို့လဲကြားခဲ့တယ်။ ဘာလို့ ရုတ်တရက် စစ်ဆေးရေးမှုး ထပြောင်းတာလဲ”
“အဲ့ဒါပုံမှန်ပဲလေ။ ကျန်းကောစံအိမ်ရဲ့ မြို့ဝန်က မြောက်ပိုင်းအေးခဲနိုင်ငံကပဲလေ။ မြွေဖြူလမ်းကြောင်းရဲ့ အရင်စစ်ဆေးရေးမှုးက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ တတိယအဆင့် အရာထမ်းရဲ့ သားလေ။ အခုလိုမျိုး အနောက်တံခါးကနေ ကြိုးကိုင်လိုက်တော့ ပိုကောင်းတဲ့နေရာကို ပြောင်းနိုင်တာပေါ့။ အဲ့တော့ အရင်တုန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ စစ်ဆေးရေးမှုးဟောင်းကတော့ အခြေအနေဆိုးတဲ့ မြွေဖြူလမ်းကြောင်းကို ပြောင်းရကော”
တယောက်က ရှင်းပြသည်။
“အဲ့ဒါကတော့ ဆိုးတာပဲ။ မြွေဖြူလမ်းကြောင်းက တော်တော်လေးကို အစီအစဉ်မကျပဲ ဆိုးရွားနေတာ။ အရင်တုန်းကတော့ စစ်ဆေးရေးမှုးက မြောက်ပိုင်းအေးခဲနိုင်ငံက ဖြစ်နေတာကြောင့် နယ်ခံအင်အားစုတွေက မျက်နှာနည်းနည်းထောက်သေးတယ်။ အခု ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက တပည့်သာဆိုရင်တော့ သူတို့က မျက်နှာမထောက်ပဲ မီးကုန်ယမ်းကုန် သောင်းကျန်ပစ်ကြမှာပဲ။ ဒါပေမယ့် သူ့ရဲ့ကျင့်ကြံဆင့်က မတရားမြင့်နေရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်တယ်”
“ငါကြားတာတော့ အသစ်ရောက်တဲ့လူရဲ့ ကျင့်ကြံဆင့်က ပြန်လည်မွေးဖွားခြင်းအဆင့်လို့ ပြောတယ်။ သနားစရာပါကွာ။ ဂိုဏ်းမှာ ဘာအမှားလုပ်ခဲ့မိလို့ ဒီနေရာကို အပြောင်းခံလိုက်ရတာလဲမသိဘူး။ အခုကြည့်ရသလောက်ကတော့ သူကတော့ သေတော့မှာပါကွာ”