← Chapters

အခန်း (၂၇၄)

Vol. 24 Ch. 274

အခန်း (၂၇၄)

Vol. 24 Ch. 274

လီချန်ချင်းက ကြားသမျှကို သေချာလေးနားထောင်နေခဲ့ပါ၏။

သူက တဖြေးဖြေးနှင့် ဖြစ်ပျက်နေသည့် အခြေအနေကို ဖမ်းဆုပ်လာနိုင်ဟန်ရှိပါသည်။

ကျန်းကောစံအိမ်၏ နေရာအချို့တွင် မြွေဖြူလမ်းကြောင်းက ဗရမ်းဗတာအဖြစ်ဆုံးနေရာဖြစ်သည်။ ထိုနေရာကို စောင့်ကြပ်ရသူမှာ မြောက်ပိုင်းအေးခဲနိုင်ငံ၏ တတိယအဆင့် အရာရှိ၏ သားတဦးက စောင့်ရှောက်ရခြင်း ဖြစ်ဟန်တူသည်။

မြောက်ပိုင်းအေးခဲနိုင်ငံ၏ မြို့ဝန်မှာ သူ့လူအချင်းချင်း အဆင်ပြေစေရန်အတွက် ကျားနက်ရေကန်မှ စစ်ဆေးရေးမှုးနေရာနှင့် လဲလှယ်လိုက်ဟန်ရှိသည်။ ထိုနေရာကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ တပည့်က စောင့်ကြပ်ရခြင်းဖြစ်ပြီး တင်းကျပ်ကာ စည်းကမ်းကျနသော နယ်မြေလည်း ဖြစ်နေခဲ့ပါသည်။

ထို့ကြောင့် သူ့သား၏ အသစ်လက်ခံရမည့် စစ်ဆေးရေးမှုးရာထူးမှာ စတင်၍ ငရဲကျသလိုအဖြစ်မျိုးနှင့် ကြုံရလိမ့်မည် ဖြစ်ပါသည်။

သူ့သားမှာ လတ်တလောအခြေအနေမှာပင် အတော်လေးကိုပင် သနားစရာကောင်းနေခဲ့ပြီ ဖြစ်၏။ ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် သူဖော်ထုတ်ရမည့် အမှောင်လျို့ဝှက်ချက်များက ရှိနေပြန်သေးပါသည်။

နေ့တိုင်းလိုလိုပင် နယ်ခံများထံမှ သူရရှိသည့် သတင်းစကားမှာ ကျန်းကောစံအိမ်နှင့် ပတ်သက်သည့် သတင်းစကားများသာ ဖြစ်ပါသည်။ တဖြေးဖြေးနှင့်ပင် ထိုနေရာက မည်သို့သော နေရာဖြစ်ကြောင်းကို လီချန်ချင်းက နားလည်စပြုလာပါတော့သည်။

ကျန်းကောစံအိမ်၏ မြစ်တဖက်ကမ်းနှင့် တောင်တန်းများစွာတို့၏ အလွန်၌ ဥပဒေမဲ့ကာ ဗရမ်းဗတာနှင့် ထိန်းသိမ်းမနိုင်သော နယ်မြေကြီး ၊ မြို့ကြီး ရှိပါသည်။

ထိုမြို့များ၏ အလွန်တွင် ကျယ်ပြန့်ကာ နက်နဲသော တောကြီးများနှင့် ဖုန်းဆိုးမြေကြီးများလည်း ရှိပါ၏။

ထိုကဲ့သို့နေရာမျိုးတွင် တရားဥပဒေကျရောက်အောင် လုပ်ဆောင်ရသော ကျန်းကောစံအိမ်အဖို့ လွယ်ကူလိမ့်မည် မဟုတ်ပါချေ။

လူသားမျိုးနွယ်ထဲသို့ ထိုးဖောက်ဝင်လာသော တစ္ဆေမျိုးနွယ်များမှာလည်း ကျန်းကောစံအိမ်သို့ ရောက်လာကြပါသည်။

ထိုကဲ့သို့သော နေရာမျိုးမှာ စန်းယွမ်တိုက်ကြီး၏ နေရာအနှံ့အပြားတွင် ရှိပြီး ဂိုဏ်းပေါင်းစုံမှ တပည့်များစွာမှ စောင့်ကြပ်နေသည့်တိုင်အောင် တချို့သော မကောင်းကြံလိုသောစိတ်ရှိသည့်လူများသည် တစ္ဆေမျိုးနွယ်များကို ပေးဝင်ကြပါသည်။

“လူကြီးမင်းချန်ချင်း”

အမြည်းများကို ချပြီးသော် ကျန်းဖုကွမ်းက လီချန်ချင်းထံသို့ လှည့်ကြည့်ပြီး ပြောလိုက်ပါသည်။

“လူကြီးမင်းက စိတ်ပူတယ်ဆိုရင် ကျွန်တော် ကျန်းကောစံအိမ်ကို ခရီးထွက်လိုက်ပြီးတော့ သခင်လေးကို အန္တရာယ်ပေးနိုင်လောက်တဲ့လူအားလုံးကို သတ်ပစ်လိုက်မယ်လေ”

“အဲ့လောက်လွယ်နေမယ်ဆိုရင် အစောကတည်းက ငါသွားသတ်ခဲ့ပြီပေ့ါ ဖုကွမ်းရာ”

လီချန်ချင်းက ပြုံးရွှင်စွာ ပြောလိုက်ပါသည်။

လီချန်ချင်းက ကောင်တာအနောက်တွင်ထိုင်ကာ ကြက်သွန်ဖြူနွှာရင်းနှင့် ဆက်ပြောလေ၏။

“ဖြစ်နိုင်ရင် ငါ့သားကို ငါအခုလို လျှောက်သွားခိုင်းမယ့်အစား အိမ်ပြန်ခေါ်မယ်။ ပြီးတော့ စီးပွားရေးအကြောင်းတွေကို သင်ပေးပြီးတော့ ချန်ချင်းလုပ်ငန်းကို သူ့ကိုလွှဲပေးလိုက်တော့မှာပေါ့”

“ဒါဆို သခင်ကြီးက လီဟမ်ရှန်းကို စမ်းသပ်မှုနဲ့ ကြုံစေချင်နေတာများလား”

ကျန်းဖုကွမ်းက တခဏကြာအောင် တွေးတောပြီးမှသာ မေးလိုက်ပါ၏။

“ဟူး”

လီချန်ချင်းက အသံခပ်တိုးတိုး ထုတ်လိုက်ပြီးနောက် ကြက်သွန်ဖြူအခွံကို လက်သည်းနှင့်ခြစ်ချကာ ခွာလိုက်ပါသည်။

“သူက ဒီလမ်းကြောင်းကို ရွေးထားပြီးပြီဆိုတော့ ငါတွေးထားတာတွေကို လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ မင်းလည်း မြင်ခဲ့တာပဲ။ သူက ဒီလောက်အထိ သစ္စာအဖောက်ခံရတာတောင်မှ ငါ့လက်မောင်းထဲကို ဝင်ပြီး ငိုရုံပဲငိုခဲ့တာ။ လက်လျှော့မယ်လို့ မတွေးခဲ့ဘူးလေ”

“သူက ကလေးပဲ ရှိနေသေးတာကိုး”

“သူ့ကို အတွေ့အကြုံတွေ ထပ်မကြုံတွေ့ခိုင်းရင် သူက ဘဝတလျှောက်လုံး ကလေးအဖြစ်နဲ့ ဖြစ်လာမှာပဲ။ လူကြီးဖြစ်လာမှာ မဟုတ်ဘူး။ စစ်ဆေးရေးမှုးလုပ်ရတာက သူ့အတွက် အန္တရာယ်များပေမယ့် သူ့ကိုလည်း ကြီးထွားစေနိုင်တယ်။ သူက မြန်မြန်ကြီးပြင်းလာဖို့ လိုနေတယ်။ သစ္စာအဖောက်ခံရတဲ့လူတွေရဲ့ နှလုံးသားက ပိုပြီး ထိလွယ်ရှလွယ်တယ်။ ကျန်းကောစံအိမ်ရဲ့ စမ်းသပ်မှုမှာ သူက မြန်မြန် ရင့်ကျက်လာလိမ့်မယ်။ အနာဂတ်မှာ စန်းယွမ်တိုက်ကြီးကို လှည့်လည်တဲ့အခါကျရင် သူ့ရဲ့ အသက်ရှင်နိုင်စွမ်းက မြင့်မားလာလိမ့်မယ်”

“ဒီစကားက အဓိပ္ပာယ်ရှိတယ်” ကျန်းဖုကွမ်းကလည်း သဘောတူညီစွာနှင့် ခေါင်းညိတ်ပြလိုက်သည်။

“သူ့ရဲ့ ကလေးဘဝကနေ လက်ရှိ အခြေအနေအထိ ဘဝခရီးကို ကျန်းဖုကွမ်းက ပြန်စဉ်းစားနေခဲ့မိပါသည်။

သူက စွမ်းအားကြီးသော ဖခင်၏ ကာကွယ်ပေးခြင်းကို ခံရသည့် လီဟမ်ရှန်းလောက်တော့ ကံမကောင်းပါချေ။

ထိုစမ်းသပ်မှုမှာ သေရေးရှင်ရေးအတွေ့အကြုံဟု ခေါ်ဆိုနိုင်သည့်တိုင် လီချန်ချင်းကတော့ သူ့သားဖြစ်သူကို အမှန်တကယ် အသက်ဆုံးရှုံးခိုင်းလိမ့်မည်တော့ မဟုတ်ပါချေ။

အဓိကကျသော အချက်မှာ ပေါင်းသင်းဆက်ဆံရေးသာဖြစ်၏။

သေရည်ဆိုင်မှာ ခေါင်ခိုက်နေသည့်နေရာတွင် ရှိသောငြားလည်း စီးပွားရေးမှာ လွန်စွာမှကို ကောင်းမွန်နေခဲ့ပါ၏။

ကံဆိုးသည်မှာ နေရာကျဉ်းကာ စားပွဲနည်းပါးသောကြောင့် နောက်ကျမှ ရောက်လာသူများမှာ ထိုင်စရာမရှိသောကြောင့် တံခါးဝတွင်သာ တန်းစီကာ စောင့်ဆိုင်းနေခဲ့ကြရပါသည်။

သူတို့က သေရည်ကို အိမ်သို့ပါဆယ်ယူသွားချင်သော်လည်း လီချန်ချင်းက ခပ်ပြတ်ပြတ်ပင် ငြင်းဆန်ခဲ့သည်ကြီးသာ ဖြစ်ပါ၏။

သူက ဆိုင်စည်းကမ်းဟု အကြောင်းပြခဲ့ပါသည်။

တယောက်ယောက်က မကျေနပ်လို့ ပြသနာရှာရင်လည်း ရလဒ်မှာ လီချန်ချင်း၏ ကိုင်ပေါက်ခံရခြင်းသာ ဖြစ်ပါသည်။

ထို့နောက် ဆိုင်ကို လာခြင်းမှ ထာဝရပိတ်ပင်ခြင်းကို ခံရပါ၏။

တလတိတိ ခရီးကြမ်းကို ဖြတ်ကျော်ပြီးနောက်တွင်…

လီဟမ်ရှန်းနှင့် သူ၏ အဖော်နှစ်ဦးတို့မှာ ကျန်းကောစံအိမ်ရှိရာ နယ်စပ်သို့ ရောက်လာခဲ့ပါသည်။

“သခင်လေး ကျုပ်တို့တွေက ကျန်းကောစံအိမ်ရဲ့ နယ်နမိတ်ထဲကို ရောက်လာခဲ့ပါပြီ”

ရှုခွေ၏ အသံမှာ အပြင်ဖက်မှ ထွက်လာခဲ့ပါသည်။

လီဟမ်ရှန်းက လိုက်ကာကိုမတင်လိုက်ရာ ကျောက်စာချပ်တခု ထောင်ထားသည်ကို တွေ့လိုက်ရပါသည်။

ထိုကျောက်စာချပ်၌ “ကျန်းကောစံအိမ်” ဟူသော စာလုံးကို ထွင်းထားခဲ့ပါသည်။ ထိုစာအရတော့ သူတို့က ကျန်းကောစံအိမ်၏ နယ်နမိတ်ထဲသို့ ရောက်လာခဲ့ပြီ ဖြစ်၏။

ဘေးပတ်ဝန်းကျင်မှာ လွန်စွာမှကို ခေါင်ခိုက်လှပြီး စည်ကားမှုနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်ပါ၏။

“မြို့ဝန်စံအိမ်ကို သွားကြစို့”

လီဟမ်ရှန်းက ညွှန်ကြားလိုက်ပါသည်။

သူက ထိုနေရာတွင် အရင်ဆုံးသတင်းပို့ရန်လိုအပ်ပေမည်။ သတင်းပို့ပြီးမှသာ သူ၏ စီနီယာအကိုကြီး ရီချင်းချန်၏ ရာထူးကို ဆက်ခံရမည်။

ရထားလုံးရွေ့လျားလိုက်တိုင်းမှ ဖုန်များတထောင်းထောင်း ထသွားခဲ့ပါသည်။

လမ်းဟူ၍ မရှိပဲ ဖုန်များ၊ သဲများသာ ရှိပါ၏။

သို့သော် သူတို့က ကျန်းကောစံအိမ်၏ ပိုင်နက်နှင့် နီးစပ်လာလေလေ၊ ပတ်ဝန်းကျင်အခြေအနေမှာ တိုးတက်လာသည်ကို ခံစားရလာလေလေဖြစ်၏။ လမ်းများ စတင်၍ ပေါ်ထွက်လာခဲ့သည်။ဘေးပတ်ဝန်းကျင်မှာလည်း ပို၍ပို၍ စည်ကားသိုက်မြိုက်လာခဲ့ပါသည်။ ရထားလုံးမှာ မြို့တမြို့ထဲသို့ ရောက်လာသည့်အလားပင် ဖြစ်လာပါ၏။

အပြင်ဘက်လမ်းမများမှ မြင်ကွင်းကို ကြည့်ရင်းနှင့် လီဟမ်ရှန်း၏ စိတ်အခြေအနေမှာ အနည်းငယ်ခန့် တိုးတက်လာခဲ့ပါသည်။ အခြေအနေမှာ သူထင်သလောက် မဆိုးရွားပါဟူ၍ စတင်၍ တွေးတာလာခဲ့မိပါသည်။

မြို့ခံလူများက ပျော်ရွှင်သောအမူအရာနှင့် နေထိုင်နေကြသည်ကို မြင်နေရသောကြောင့် သူ၏ ဤနေရာတွင် နေထိုင်ရမည့် အခြေအနေမှာ သိပ်မခက်ခဲလှဟု တွေးလာခဲ့မိ၏။

မြို့ဝန်၏ စံအိမ်အဝင်ဝတွင် အစောင့်များစွာတို့မှာ စောင့်ဆိုင်းနေကာ အနည်းငယ်ခန့် ကြောက်ရွံ့ဖွယ်ကောင်းနေပါသည်။ ၎င်းတို့ထံမှ သူရဲကောင်းဆန်သည့် အငွေ့အသက်များ ထွက်ပေါ်နေခဲ့ပါသည်။

“စီနီယာအစ်ကို အခြေအနေက ကျုပ်တို့ထင်ထားသလောက်တော့ မဆိုးဘူးပဲဗျ” ဝူစန်းထောင်က စိတ်အေးသွားသည့်လေသံနှင့် ရထားလုံးထဲမှ ပြောလိုက်ပါသည်။

“ဟုတ်တယ်။ ကောလဟာလတွေက သိပ်ကို ချဲ့ကားလွန်းတာပဲ။ စိတ်မပူပါနဲ့၊ ငါတို့ မြင်နေရတာက အမှန်ပဲ ဖြစ်မှာပါ”

လီဟမ်ရှန်းက အပြုံးနှင့် ပြောလိုက်၏။

မြို့ဝန်စံအိမ်သို့ရောက်သည့်အခါတွင်တော့ လီဟမ်ရှန်းက ရထားလုံးမှ ဆင်းကာ အိမ်တော်ထဲသို့ ဝူစန်းထောင်နှင့် အတူတူဝင်လိုက်ပါသည်။

လီဟမ်ရှန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် အစောင့်များမှာ သူ့အား ခက်ခဲအောင်မလုပ်ခဲ့ပါချေ။

ကျန်းကောစံအိမ်၏ မြို့ဝန်ကို အကြောင်းကြားပြီးသည့်နောက်တွင်တော့ လီဟမ်ရှန်းနှင့် ဝူစန်းထောင်တို့မှာ ဧည့်ခန်းမတွင် ထိုင်စောင့်နေခဲ့ပါသည်။

နာရီဝက်ခန့်စောင့်ဆိုင်းပြီးသည့်အချိန်တွင်တော့ အားပါးတရရယ်မောသည့်အသံတသံက အပြင်ဖက်မှထွက်လာခဲ့ပြီးနောက်တွင်

“အကြာကြီးစောင့်ဆိုင်းစေမိလို့ အားနာပါတယ်”

ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ရှည်လူတစ်ယောက်၊ သူက မြောက်ပိုင်းအေးခဲနိုင်ငံ၏ ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက်လေးဆယ်အရွယ်ခန့်တော့ ရှိလိမ့်ပေမည်။ သူက လီဟမ်ရှန်းအား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပါသည်။

“ဒါက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ပါရမီရှင်တပည့် လီဟမ်ရှန်းပဲ ဖြစ်ရလိမ့်မယ်၊ ဟုတ်တယ်မဟုတ်လား”

All Chapters