ထျန်းလန်အလယ်ပိုင်းဒေသတွင် စတင်ခင်းကျင်း။
Vol. 17 Ch. 225
ဘုန်း!
အချိန်မည်မျှ ကြာမြင့်သွားခဲ့သည်မသိပေ.. ဝမ်ဖုန်းနှင့်အခြားသူများထံမှ အင်အားကြီးမားသည့်အဟုန်တစ်ခု ဖြာထွက်လာခဲ့ကြပြီး ကမ္ဘာလောကတစ်ခုလုံးကို တုန်ခါသွားစေလေရာ အရူးညီအစ်ကိုနှစ်ဦးမှာ ကြောင်အသွားကြလေသည်။
ထိုအချိန်တွင် ဝမ်ဖုန်းနှင့် အခြားသူများထံမှာ ရှူထုတ်သည့်အသက်ရှူငွေ့သည် တာ့အိုအရှင်သခင်အစောပိုင်းအဆင့်သို့ ရောက်ရှိကြပြီဖြစ်သည်။ ထီလက်မှတ်၂၀သည် ဝမ်ဖုန်းတို့အား အဆင့်နှစ်ခုကိုဖြတ်ကျော်၍ တာ့အိုနန်းတော်အဆင့်မှ တာ့အိုအရှင်သခင်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။
ကုချိုးတို့သည် အနည်းငယ်စိတ်လွတ်နေကြသော်ငြား ဤထျန်းလန်မြောက်ပိုင်းဒေသတွင် တာ့အိုနန်းတော်မှ တာ့အိုအရှင်သခင်အဆင့်ထိ အဆင့်နှစ်ခုအား ဤမျှအချိန်တိုအတွင်း ကျော်ဖြတ်နိုင်သူ မည်သူမျှမရှိကြောင်းကိုမူ သိထားပါ၏။
“ညီလေး ငါတို့အစတုန်းက စဉ်းစားထားတဲ့ဟာေလ.. အဲဒါ ငါတို့လုယက်ပေးတာလေးက ဂိုဏ်းချုပ်ကို စိတ်ကျေနပ်စေနိုင်ပါ့မလား?”
ကုကန်းချိုးသည် ကူချိုးဘက်သို့ ခေါင်းလှည့်လာ၍ တွေဝေမိန်းမောလျက်ပြော၏။
“အစ်ကို အရမ်းမစိုးရိမ်ပါနဲ့။ အားလုံးပြီးနေပြီပဲလေ။ ငါတို့ကအခု ဂိုဏ်းချုပ်ရဲ့လူတွေ ဖြစ်နေပြီးပြီ”
ကုချိုးမှ တည်ငြိမ်အေးဆေးစွာဖြင့်ပြော၏။
“ဟူးး”
ထိုအခိုက်တွင် ဝမ်ဖုန်းနှင့်အခြားသူများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ထုတ်လွှတ်လိုက်ကြသည်။ မျက်လုံးများကိုဖွင့်လိုက်ရာ သူတို့၏မျက်လုံးများတွင် လေဟာပြင်ကို ထိုးဖောက်မည့်အလား အလင်းတစ်စ ဖြတ်ပြေးသွားလေသည်။
ခန္ဓာကိုယ်တွင်းမှ ကြီးကျယ်ခမ်းနားသည့်စွမ်းအင်တို့ကို ခံစားမိလေရာ ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တာ့အိုအရှင်သခင်အစောပိုင်းအဆင့်ဖြင့် ဝမ်ဖုန်းမှာ ထျန်းလန်အလယ်ပိုင်းဒေသတွင် ထိပ်တန်းကျင့်ကြံသူတစ်ဦးဟု သတ်မှတ်၍ မရနိုင်ပေ။ သို့သော် အနည်းဆုံးတော့ ထျန်းလန်မြောက်ပိုင်းဒေသတွင်တော့ ဝမ်ဖုန်းမှာ ပြိုင်ဘက်ကင်းကျင့်ကြံသူဟု သတ်မှတ်နိုင်ပါ၏။
“အကြီးအကဲတို့ ဂိုဏ်းခန်းမဆောင်တွေ ဆက်ပြီးစီစဥ်နေပါ။ ဒီထျန်းလန်ဒေသမှာ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့နေရာကို ဖြစ်နိုင်သမျှမြန်မြန် တည်ထောင်ရမယ်”
ဝမ်းမြောက်နေကြသည့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကိုကြည့်၍ ဝမ်ဖုန်းပြောလိုက်သည်။
“ဟုတ်!”
အကြီးအကဲများမှ ခေါင်းညိတ်၍ စတင်လုပ်ဆောင်ကြသည်။
“ဝှစ်း!”
ဝမ်ဖုန်း၏ရှေ့ရှိ လေဟာပြင်သည် ရုတ်တရက်တုန်ခါလာခဲ့ပြီးနောက်တွင် ပုံရိပ်နှစ်ခုထွက်ပေါ်လာခဲ့သည်။
တစ်ဦးမှာ အဖြူရောင်ဝတ်ရုံဖြင့် ချောမောခန့်ညားသည့် လူတစ်ယောက်ဖြစ်ပြီး ကိုယ်နေဟန်ထားမှာ ဖြောင့်မတ်၏။ ချောမော၍အပြစ်အနာအဆာကင်းစင်သော မျက်နှာထက်တွင် နက်ရှိင်းသည့်သမုဒ္ဒရာနက်ရှိ တောက်ပသောရတနာများထက်ပင် ပို၍တောက်ပသောမျက်လုံးအစုံတို့ တည်ရှိပေသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ဤလူမှာ မိမိဆင့်ခေါ်ခဲ့သည့် လောကအလှပဆုံးအမျိုးသားဟု ကျော်ကြားသည့် လီရော့ဟိုင်ဖြစ်ကြောင်းကို ဝမ်ဖုန်း သိလိုက်ပါ၏။
နောက်တစ်ဦးမှာ ၇ပေမြင့်သောအရပ်နှင့် ခမ်းနားထည်ဝါပေသည်။ ဆံပင်ရှည်တို့ကို ပခုံးထက် ဖြန့်ချထားပြီး ဝတ်ရုံနက်ကို ဝတ်ဆင်၏။ သူ၏မျက်လုံးများမှာ မီးလျှံအလားဖြင့် မျက်နှာမှာ မုတ်ဆိတ်မွှေးတို့ပြည့်နှက်နေပေသည်။
ထိုလူမှာ ရှေးအချိန်များစွာတည်းကပင်
လောကတစ်ခွင်၌ သိုင်းပညာရပ်များအကြောင်းကို ဗဟုသုတအနှံ့စပ်ဆုံးသော ပါရမီရှင်အဖြစ် ကျော်ကြားသည့် ချီကျွမ်းရှင်းဖြစ်သည်။
“ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်”
လီရော့ဟိုင်နှင့် ချီကျွမ်းရှင်းတို့သည် ဝမ်ဖုန်းကို တစ်ညီတည်း ဂါရဝပြု၏။
သူတို့ထံမှ စကားသံထွက်ပေါ်လာသောအခါမှ ကနဦးတွင် စိုးရိမ်ပူပန်သွားကြသော ကျန်းစန်ဖုန်းနှင့်အခြားသူများသည် စိတ်သက်သာရာရသွားကာ ရှန်ရှန့်ကျုံဂိုဏ်းအဆောက်အဦးအတွက် ဆက်လက်စီစဥ်နိုင်ကြတော့သည်။
“အရမ်းယဉ်ကျေးဖို့မလိုပါဘူး”
ဝမ်ဖုန်း ရယ်မာ၍ခေါင်းညိတ်၏။
လီရော့ဟိုင်နှင့် ချီကျွမ်းရှင်းတို့အား ကြည့်နေသော ဝမ်ဖုန်း၏မျက်လုံးများမှာ တောက်ပနေ၏။ ယခုတွင် မိမိနှင့် ကျန်းစန်ဖုန်း၊အခြားသူများမှာ တာ့အိုအရှင်သခင်အစောပိုင်းအဆင့်သို့ အောင်မြင်စွာရောက်ရှိကြပြီးဖြစ်သည်။ ထျန်းလန်မြောက်ပိုင်းဒေသ၏ မည်သည့်အင်အားစုသော်မျှ ရှန်ရှန့်ကျုံဂိုဏ်းအား ခြိမ်းခြောက်ခြင်း မပြုနိုင်ပေ။
သို့ဖြစ်ရာ ဝမ်ဖုန်းမှာ ထျန်းလန်ဒေသတစ်ခုလုံးကို ကြည့်ရှုရန်အချိန်ကျရောက်ခဲ့လေပြီ။ အထူးသဖြင့် ထျန်းလန်ဒေသတစ်ခုလုံး၏ စစ်မှန်သော စွမ်းအားမြင့်ကျင့်ကြံသူများစွာ စုဝေးနေသည့် ထျန်းလန်အလယ်ပိုင်းဒေသကို ဖြစ်သည်။
“ရှန်းဝမ်စန်း၊ တုကူကျန်း၊ ယန်ကွမ်းထူ၊ ကောကျင့်၊ ချီမိန်ချွှေရွှယ်၊ ယန်ရှစ်စန်း၊ ကျူးယုယန် ဒီကိုလာခဲ့ကြ”
ဝမ်ဖုန်း ပြောလိုက်သည်။
ဝမ်ဖုန်း၏အသံပို့ဆောင်မှုကိုကြားသောအခါ ရှန်းဝမ်စန်းနှင့်အခြားသူများသဗေည် လှုပ်ရှားမှုများကို အလျင်အမြန်ရပ်တန့်၍ ခန္ဒာကိုယ်တို့မှာလျှပ်စီးအလား ဝမ်ဖုန်း၏ရှေ့တွင် ရုတ်ချည်းပေါ်ထွက်လာကြ၏။
“ဂိုဏ်းချုပ်!”
“ရှန်းဝမ်စန်း ငါဂိုဏ်းချုပ်က မင်းကို ချီမိန်ချွှေရွှယ်နဲ့အခြားသူတွေကိုခေါ်သွားပြီး ထျန်းလန်အလယ်ပိုင်းဒေသမှာ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်စေချင်တယ်။ အပြင်ပန်းကတော့ စီးပွားရေးလုပ်ငန်းပေါ့ ဒါပေမဲ့ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ကျင့်ကြံရေးပစ္စည်းတွေကို လျှို့ဝှက်စုဆောင်းရမှာ.. ပြီးတော့ လင်းယွင်ဂိုဏ်းရဲ့တည်ရှိမှုကိုလည်း စုံစမ်းစစ်ဆေးရမယ်”
ဝမ်ဖုန်း၏မျက်လုံးများ၌ အလင်းတစ်စဖြတ်ပြေးသွားလျက် ရှန်းဝမ်စန်းကို တည်ကြည်လေးနက်စွာပြော၏။
ဤထျန်းလန်ဒေသတွင် ကျင့်ကြံရေးပစ္စည်းများမရှိဘဲနှင့် လုပ်ဆောင်နိုင်သည့်အရာမရှိချေ။ ဝမ်ဖုန်းတွင် စနစ်ရှိနေသည်ဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသားများသည်လည်း အရည်အချင်းအရာ၌ စိုးရိမ်ပူပန်ဖွယ်မရှိသည်ကို ဝမ်ဖုန်းသိပါ၏။ သို့သော်ငြား ချမ်းသာကြွယ်ဝမှုကိုမူ ရှန်ရှန့်ကျုံဂိုဏ်းသားများအတွက် ဝမ်ဖုန်း အလွယ်တကူ မပေးစွမ်းနိုင်ချေ။
သို့ဖြစ်ရာ အမြတ်တွက်ချက်တတ်သူရှန်းဝမ်စန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအတွက် ကျင့်ကြံရေးပစ္စည်းများရရှိရန် ဝမ်ဖုန်းကို ကူညီနိုင်ပေလိမ့်မည်။ ရှန်းဝမ်စန်းသည် ယန်ကျယ့်မြစ်တောင်ပိုင်းတွင် အချမ်းသာဆုံးသူဖြစ်ခဲ့ဖူးပြီး သူ၏ချမ်းသာကြွယ်ဝမှုသည် ရန်သူတိုင်းပြည်နှင့်ပင် ယှဉ်နိုင်ခဲ့သည်။ ယခု၌ ရှန်းဝမ်စန်းသည် အခြားကမ္ဘာတစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်ရာ ရှန်းဝမ်စန်းအား ဤလျှို့ဝှက်ဆန်းကြယ်ကမ္ဘာတွင် အချမ်းသာဆုံးလူအဖြစ် ဝမ်ဖုန်း ဖန်တီးပေးလိုသည်။
ဝမ်ဖုန်း၏စကားများကြောင့် ရှန်းဝမ်စန်းသည် အံ့အားသင့်သွားခဲ့ပြီး မျက်နှာမှာ စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်လာခဲ့သည်။ စီးပွားရေးလုပ်ငန်းဟူသည် သူ၏အားသာချက်ပင် မဟုတ်ပါလော။
“ဝမ်စန်း ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”
ရှန်းဝမ်စန်းသည် လေးစားစွာဖြင့် အရိုအသေပြု၍ တည်ကြည်လေးနက်စွာဖြင့် ပြော၏။
“ဒါက တစ္ဆေဂိုဏ်းရဲ့ပိုင်ဆိုင်မှုအကုန်နဲ့ ဒီဂိုဏ်းချုပ်ရဲ့ပိုင်ဆိုင်မှု အများစုပဲ။ မင်းယူသွားလိုက်ပါ။ ပြီးတော့ မင်းနဲ့အတူ လီရော့ဟိုင်ကို ထည့်ပေးလိုက်မယ်။ သူက တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူပဲ။ ပြဿနာတစ်စုံတစ်ရာရှိလာရင် သူကိုင်တွယ်နိုင်ပါလိမ့်မယ်”
ဝမ်ဖုန်းသည် ရှန်းဝမ်စန်းအား သိုလှောင်လက်စွပ်တစ်ကွင်းပေးခဲ့သည်။
ထျန်းလန်အလယ်ပိုင်းဒေသ၏ စွမ်းအားမြင့်ကျင့်ကြံသူများသည် လင်းယွင်ဂိုဏ်းများကဲ့သို့ပင်ဖြစ်သည်။ တာ့အိုအရှင်သခင်အစောပိုင်းအဆင့်ဖြစ်သည့် ချီမိန်ချွှေရွှယ်သည် တိုက်ခိုက်ချေမှုန်းစွမ်းရည်၌ သာလွန်ထူးကဲ၏။ ရှန်းဝမ်စန်းသည်လည်း ကောင်းမွန်စွာတိုးတက်လာပါလျှင် သေးနုပ်သည့်ချောင်းမြောင်းကြည့်ရှုသူများကို အလွယ်တကူ ဆွဲဆောင်နိုင်ပေလိမ့်မည်။
တာ့အိုဧကရာဇ်အထွန်အထိပ်အဆင့်ဖြစ်သည့် လီရော့ဟိုင်သည်လည်း သေးနုပ်သည့်ပမွှားကောင်များအား အလျင်စလို မပြုမူဝံ့စေဘဲ ဖြစ်စေလိမ့်မည်။ တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်သည် ထျန်းလန်အလယ်ပိုင်းဒေသတွင် ထိပ်တန်းအဖြစ် သတ်မှတ်၍မရနိုင်သော်ငြား အားနည်းသည်တော့ မဟုတ်ပါချေ။
“ဟုတ်!”
ရှန်းဝမ်စန်းသည် လက်နှစ်ဖက်ဖြင့် လက်ခံယူ၍ ထပ်ခါတလဲလဲခေါင်းညိတ်၏။
“သိုသိုသိပ်သိပ်နေပြီး လင်းယွင်ဂိုဏ်းရဲ့အစီအစဉ်တွေကို လျှို့ဝှက်စုံစမ်းဖို့ကို သေချာမှတ်သားထားပါ။ ဒီဂိုဏ်းချုပ်က ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီးရင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေကို ခေါ်ဆောင်လာပြီး မင်းနဲ့လာပူးပေါင်းမယ်”
ဝမ်ဖုန်းမှ ရှန်းဝမ်စန်းအား လေးနက်စွာဖြင့်ပြောသည်။
ယခု၌ ထျန်းလန်မြောက်ပိုင်းဒေသတွင် ရန်သူလေးဦးကျန်ရှိ၏။
ထျန်းလန်မြောက်ပိုင်းဒေသ၏ အုပ်ချုပ်ခွင့်ကို ရယူပြီးနောက်တွင်မှ ထျန်းလန်အလယ်ပိုင်းဒေသသို့ သွားရောက်ခြင်းသည် ပြီးပြည့်စုံသောနည်းလမ်းဖြစ်ပေသည်။
“ဟုတ်! ဝမ်စန်း ဂိုဏ်းချုပ်ရဲ့အမိန့်ကိုနာခံပါတယ်”
ရှန်းဝမ်စန်း အလျင်အမြန် လက်နှစ်ဖက်ယှက် အရိုအသေပြုလိုက်သည်။
“အခက်အခဲတစ်ခုခုကြုံတွေ့ခဲ့ရင် ကောကျင့်ကို မေးမြန်းလို့ရတယ်။ ကောကျင့်က တည်ငြိမ်တဲ့သူဖြစ်တဲ့အလျောက် သူ့ဆီက အကြံဉာဏ်တောင်းခံလို့ရနိုင်တယ်”
ဝမ်ဖုန်း ခေါင်းညိတ်၏။
“ဟုတ်!”
ရှန်းဝမ်စန်းမှ ကောကျင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်၏။
“ဒီလောက်ဆို မင်း ထျန်းလန်အလယ်ပိုင်းဒေသကို သွားလို့ရပြီ။ ရော့ဟိုင် သူတို့နောက်လိုက်သွား.. မလိုအပ်ဘဲ မလှုပ်ရှားနဲ့”
ဝမ်ဖုန်း လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
“ဟုတ်!”
ရှန်းဝမ်စန်း၊ လီရော့ဟိုင်နှင့် အခြားသူများသည် လက်ကိုယှက်၍ အရိုအသေပေးပြီးနောက် ချက်ချင်းပင် တစ္ဆေတောင်မှ ပျောက်ကွယ်သွားကြလေသည်။
ရှန်းဝမ်စန်းတို့ ထွက်သွားကြသည်ကို စောင့်ကြည့်နေသည့် ဝမ်ဖုန်း၏မျက်လုံးများတွင် အလင်းတစ်စ တောက်ပလာခဲ့ကာ ဝမ်ဖုန်း စိတ်ထဲမှပြောလိုက်သည်။
“စနစ် စနစ်အဆင့်ကို အဆင့်၇မြှင့်တင်ဖို့ ဘာတွေလိုအပ်လဲ”
“ဒင်! ယောင်ရီဂိုဏ်းကဲ့သို့ ရန်သူတွေကို ဖျက်ဆီးချေမှုန်းပြီး ကံကောင်းမှုချီတွေကို ရယူရပါမယ်။ ရှန်ရှန့်ကျုံဂိုဏ်းကို ထျန်းလန်မြောက်ပိုင်းဒေသရဲ့ စစ်မှန်တဲ့အုပ်ချုပ်မှုအာဏာတည်စေပြီး ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးရဲ့ ကံကောင်းမှုချီတွေကို လက်ဝါးကြီးအုပ်ရပါမယ်။ ဂိုဏ်းအမှတ်၁၀သန်းကို အသုံးပြုပြီး စနစ်အဆင့်၇ကို မြှင့်တင်နိုင်ပါတယ်”
စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း မျက်လုံးများ အနည်းငယ်မှေးကျဉ်းလိုက်၏။ စနစ်ကတော့ စနစ်ပါပဲ။ အမြဲလိုလို သူ၏အတွေးများနှင့် တိုက်ဆိုင်နေသည်ပင်။
“ဂိုဏ်းချုပ် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ခန်းမဆောင်အတွက် စီစဉ်ပြီးပါပြီ”
ကျန်းစန်ဖုန်းနှင့်အခြားသူများ ဝမ်ဖုန်း၏ရှေ့တွင် ပေါ်ထွက်လာ၍ အရိုအသေပြု၏။
သူတို့၏အသံသည် ဝမ်ဖုန်းအား အတွေးများနေခြင်းမှ နိုးထသွားစေခဲ့သည်။ ဝမ်ဖုန်း မော့ကြည့်လိုက်ပြီးနောက် မျက်နှာအမူအရာမှာ စိတ်ကျေနပ်မှုတို့ ထင်ဟပ်သွားခဲ့သည်။
လက်ရှိကာလ၏တစ္ဆေတောင်သည် ယခင်ကဲ့သို့ မှုန်မှိုင်းသည့်လေထုကြီး မဟုတ်ေတာ့ပေ။ ထိုအစား အနက်ရောင်အပြည့်ဖြင့် တည်ကြည်လေးနက်သော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။ ထို့နောက်တွင် ခမ်းနားသည့်ခန်းမဆောင်များ တစ်ခုပြီးတစ်ခု ထွက်ပါ်လာခဲ့ပြီး ထူးကဲခမ်းနားလှစွာသော ဆေးဝါးခန်းမ၊ အစီအရင်ခန်းမ၊ အသုံးအဆောင်ပစ္စည်းခန်းမ စသည်တို့ ပေါ်ထွက်လာခဲ့သည်။